← Chapters

မီးတို့ စွဲလောင်မြိုက်ခြင်း

Vol. 133 Ch. 1712

မီးတို့ စွဲလောင်မြိုက်ခြင်း

Vol. 133 Ch. 1712

ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းတွင်

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အရံနန်း‌ဆောင်၏ ဘုရင့်ခန်းမတော်အတွင်း ကြောက်စရာကောင်းလောက်အောင် သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် ထိုင်နေသည်။

သူ ထိုနေရာ၌ မလှုပ်မယှက် ထိုင်နေခဲ့သည်မှာ နှစ်ရက်ကြာခဲ့လေပြီ။ တံခါးများကိုလည်း စေ့နေအောင် ပိတ်ထားပြီး အပြင်သို့ တစ်ကြိမ်တစ်ခါမျှ မထွက်ခဲ့ပေ။ ခန်းမအရှေ့ ရင်ပြင်ထက်တွင် မရှုမလှ သေဆုံးနေကြသော ကောင်းကင်နတ်ဘုံအရာရှိတို့၏ အလောင်းများ ပုံနေသည်။

ထိုသူတို့က အကြံပေးရန် အတင်းဝင်ရောက်ခဲ့ကြသော နတ်ဘုရားအရာရှိများ ဖြစ်ပြီး ဝင်ရောက်လာသည်နှင့် သူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြသည်။

ဤနှစ်ရက်အတွင်း မည်သူမျှ အတွင်းသို့ မဝင်ရဲတော့ချေ။

ကောင်းကင်နတ်ဘုံသည် ရွှင်ပျော်ပျော်ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ကြည်းစစ်တပ်မှာ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့၏။ နတ်ဆရာသခင်တပ်ဖွဲ့နှင့် ကောင်းကင်နတ်မြစ်ရေတပ်တို့က ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်သည်တော်လက်ကျန်များအား လိုက်လံတိုက်ခိုက်ရာတွင် အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့သည်။

ရွှမ်တုစစ်တပ်နှင့် နတ်ဗျူဟာလက်ဝဲတပ်ဖွဲ့တို့က ယိုတုမိစ္ဆာနတ်ဘုရာများအား ဦးဆောင်ကာ ဗုဒ္ဓဘုံသို့ ချင်းနင်းဝင်ရောက်၍ မဟာမိုးခြိမ်းသံကျောင်းတော်မှတစ်ဆင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ကျူးကျော်လာခဲ့သည်။ ထို့နောက် အနောက်ဘက်သို့ ချီတက်ကာ ရွှမ်တုစစ်တပ်နှင့် ပူး‌ပေါင်းရန် ပြင်ဆင်နေကြလေသည်။

သို့သော် ဝေစွေ့ဖုန်း၊ ချီရှားယွီ၊ တောင်နတ်မင်းနှင့် လုံရှန်ဆန်းရန်တို့က အရပ်လေးမျက်နှာမှ ချီတက်လာခဲ့ကြသည်။ အရှေ့ဘက်တွင်လည်း ကျန်းပိုင်ကွေ့က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်ကို ဦးဆောင်ကာ နတ်ဗျူဟာလက်ဝဲတပ်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်နေ၏။

ယခုအခါ စစ်မြေပြင်အခြေအနေမှာ တရစပ် ပြောင်းလဲနေသည်။ ကောင်းကင်နတ်ဘုံက အသာစီးရထားကာ အခြေအနေကောင်းနေသကဲ့သို့ ထင်ရသော်လည်း အချိန်မရွေး ပြောင်းပြန်လန်သွားနိုင်သည်။

ဤကဲ့သို့ သေရေးရှင်ရေး အခါသမယ၌ ကောင်းကင်နတ်ဧကရာဇ်ဟောင်အနေဖြင့်် အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံမှ ထိန်းချုပ်ထားပြီး ကောင်းကင်နတ်ဘုံ အနိုင်ရရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန်သာ အမိန့်ပေးနိုင်လေသည်။

သို့သော် ဤနှစ်ရက်အတွင်း ကောင်းကင်နတ်ဧကရာဇ်ဟောင်က နန်းဆောင်ထဲမှ ထွက်မလာသေးသောကြောင့် ကောင်းကင်နတ်ဘုံ၏ အရာရှိ၊ အရာခံ၊ ဝန်ထောက်များမှာ အလွန်အမင်း စိုးရိမ်နေကြသည်။

“ရှုံးသွားပြီ…”

ဧကရာဇ်ပလ္လင်ပေါ်ရှိ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေသည်။ ရုတ်တရက် လည်ချောင်းထဲမှ ချိုမြမြ အရသာကို ခံစားလိုက်ရပြီး သွေးတစ်လုတ် အန်လိုက်ရ၏။ သူ၏အရှိန်အဝါမှာ နိမ့်ကျသွားပြီး တတွတ်တွတ် ရေရွတ်နေသည်။ “ရှုံးသွားပြီ... ဒီတိုက်ပွဲမှာ ငါ ရှုံးနိမ့်သွားခဲ့ပြီ…”

ကောင်းကင်နတ်ဘုံအနေဖြင့် ရွှင်ပျော်ပျော်ကျေးရွာကို ‌ချေမှုန်းနိုင်ခဲ့သည့်အတွက် အခြေအနေမှာ အလွန်ကောင်းမွန်ခဲ့သည်။ ယနေ့အချိန်အထိ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ရွှင်ပျော်ပျော်ကျေးရွာတို့ ရရှိခဲ့သော အောင်မြင်မှုများမှာ အသေးအမွှားမျှသာ ဖြစ်ပြီး ကောင်းကင်နတ်ဘုံကမူ ကြီးမားသော အောင်ပွဲကို ရယူနိုင်ခဲ့သည်။

ရှေ့ရေးမျှော်တွေးကြည့်လျှင် ရွှင်ပျော်ပျော်ကျေးရွာမှ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ သွားရာလမ်းမှာ ဖြောင့်ဖြူးသွားပြီဖြစ်ကေကြာင်း မြင်ရလိမ့်မည်။ ကောင်းကင်နတ်ဘုံအတွက် အောင်ပွဲခံရန် သေချာနေချေပြီ။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် မည်သို့ပင် ခုခံသည်ဖြစ်စေ ၎င်းထက် ဆယ်ဆမက ကြီးမားသော စစ်အင်အားကို ခုခံနိုင်မည် မဟုတ်ပေ။

သို့သော် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကတော့ သူ၏ ရှုံးနိမ့်မှုကိုသာ တွေ့မြင်နေရသည်။

ကောင်းကင်နတ်ဘုံသည် မရှုံးနိမ့်သည့် အပြင် ကြီးမားသော အောင်ပွဲကိုပင် ရခဲ့သော်လည်း သူကိုယ်တိုင်ကတော့ ရှုံးနိမ့်ခဲ့ပြီမဟုတ်လေလော။

ကောင်းကင်နတ်အရှင်ယွင်၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရလေပြီ။

“ငါ ရှုံးသွားပြီ…”

သူ၏ခန္ဓာကိုယ်သည် တုန်ရီနေပြီး ခေါင်းပေါ်မှ ဆံပင်ဖြူများမှာ သစ်ကိုင်းခက်ပေါ်ရှိ နှင်းမှုန်များသဖွယ် တုန်ခါနေသည်။

နှစ်ရက်အတွင်းမှာပင် သူ၏ဆံပင်များမှာ စိုးရိမ်ပူပန်မှုကြောင့် ဖြူဖွေးသွားခဲ့၏။

ကောင်းကင်နတ်ဘုံ အနိုင်ရခဲ့သော်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင် အနိုင်ရခဲ့ခြင်း မဟုတ်ပေ။

ကောင်းကင်နတ်ဘုံသည် ရွှင်ပျော်ပျော်ကျေးရွာနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့လျှင်တောင်မှ အနိုင်ရသူများမှာ ထိုက်ချူ၊ ယွမ်မု၊ ထိုက်ကျိ၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှုနှင့် အခြားသူများသာ ဖြစ်ပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင် မဟုတ်ချေ။

အကြောင်းမှာ ကောင်းကင်နတ်အရှင်ယွင်သည် သူ့အား တာအို အောင်မြင်ထားခဲ့သည့်အဆင့်မှ ဖြုတ်ချခဲ့သောကြောင့်ပင်။

ကောင်းကင်နတ်အရှင်ယွင်က သူ၏တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် မဟာခြုံလွှမ်းကောင်းကင်ဘုံတို့ကို ဖျက်ဆီးခဲ့သည်။

သူ့မှာ တာအိုသိုင်းပညာရှင်အဆင့်မှ ပြုတ်ကျသွားရုံသာမက သခင်လေးနှစ် သိမ်းပိုက်ထားသည့် ခန္ဓာကိုယ်သည်လည်း ကောင်းကင်နတ်အရှင်ယွင်ကြောင့် လုံးဝပျက်စီးသွားခဲ့သည်။

သူသည် ရှေးခေတ်မှ ယနေ့အချိန်အထိသာမက စကြ၀ဠာဆယ့်ခြောက်စင်းလုံးတွင်ပင် တာအိုအောင်မြင်မှုအများဆုံး ရနိုင်သူတစ်ဦးအဖြစ် ကျော်ကြားခဲ့၏။ ခွန်အားဖြင့် တာအိုရယူထားသည့်အပြင် အဆုံးသတ်မြို့ပျက်တာအိုကိုလည်း ကျင့်ကြံနေသူဖြစ်သည်။ နောက်ပိုင်းတွင် တတိယမြောက်နည်းလမ်း တာအိုကျင့်စဉ်စနစ်ဖြင့်ပင် တာအိုရယူနိုင်သေးသည်။

သို့သော် ယခုတွင်တော့ အရာအားလုံး ပျက်စီးသွားခဲ့လေပြီ။

မှန်ပါသည်။ ယခုအချိန်တွင် သူ့အနေဖြင့် တစ်လောကလုံးတွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသေးသော်လည်း သူ၏စွမ်းအားမှာ ထိုက်ချူနှင့် မယှဉ်နိုင်တော့ပေ။ ကောင်းကင်နတ်ဘုံ အနိုင်ရခဲ့လျှင်တောင်မှ အာဏာကို ချုပ်ကိုင်ထားသူက ထိုက်ချူ ဖြစ်လာပေလိမ့်မည်။

အကယ်၍ ထိုက်ချူသည် ရှန့်ကျွင်း၏ လက်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရခဲ့ပါက အာဏာကို လွှဲပြောင်းရယူသူမှာ ထိုက်ကျိရှေးဟောင်းနတ်ဘုရား ဖြစ်လာနိုင်ပြီး သူ့မှာမူ သည်းခံနေရုံသာ တတ်နိုင်ပေလိမ့်မည်။

“နန်းစွန့်ဧကရာဇ်နဲ့ ရှန့်ကျွင်းတို့ တိုက်ပွဲမှာ ရှန့်ကျွင်းက အားတောင် မစိုက်ခဲ့ဘူး… ရှန့်ကျွင်းက ခိုင်ဧကရာဇ်ချင်ယဲ့လိုပဲ မဟာတာအိုတစ်ခုတည်း ကျင့်ကြံတော့ အတိုက်အခိုက်စွမ်းရည် မြင့်မားတယ် …. ဒါပေမဲ့ ထိုက်ငါးပါးမဟာတာအိုကို သိပ်နားမလည်ဘူး… နန်းစွန့်ဧကရာဇ် ထိပ်တိုက် မတိုက်ခိုက်သရွေ့ ရှန့်ကျွင်း သူ့ကို မသတ်နိုင်ဘူး”

“ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကတော့ ပိုပြီး စဉ်းလဲကောက်ကျစ်တယ်…. သူတို့နှလုံးသားထဲမှာ သူတို့က လွဲပြီး တခြားသူကို မစဉ်းစားတော့ အသက်စွန့်တိုက်ခိုက်မှာ မဟုတ်ဘူး”

“ကောင်းကင်နတ်အရှင်ရှု၊ ရှေးဟောင်းနတ်ဘုရားဘုရင်…. အဟက်… သူတို့အားလုံးက ငါ့နေရာကို မျက်စိကျနေကြတာလေ…”

ကောင်းကင်နတ်ဧကရာဇ်ဟောင် တငိုငိုတရယ်ရယ် ဖြစ်လာသည်။“ရှုံးသွားပြီ… ငါ ရှုံးသွားပြီ… နောင်တော်ယွင်၊ မင်း နောက်ဆုံးတော့ ငါ့ကို အနိုင်ယူနိုင်ခဲ့ပြီ… မဟုတ်ဘူး… ဒီအာဏာကို ငါ လက်မလွှတ်နိုင်ဘူး”

သူက အံကြိတ်၍ ဧကရာဇ်ပလ္လင်ပေါ်မှ ထရပ်လိုက်ပြီး အရာရှိတို့၏ အလောင်းများရှေ့တွင် ခေါက်တုံ့‌ခေါက်ပြန် လျှောက်နေ၏။ သူ၏ခြေထောက်များတွင် သွေးများ ပေကျံနေသောကြောင့် ခန်းမ၏ ကျောက်စိမ်းကြမ်းပြင်တွင်လည်း သွေးစွန်းနေသော ခြေရာတို့ ထင်းနေတော့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်နှာမှာ ပိုပို၍ သုန်မှုန်လာ၏။ “ငါ တာအိုသိုင်းပညာရှင်အဆင့်ကနေ ပြုတ်ကျခဲ့တောင်မှ ဟင်းလင်းပြင်မှာ နောက်တစ်ခါ တံဆိပ်ခတ်နှိပ်ပြီး တာအိုပြန်ရနိုင်တယ်… ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် ငါက ကောင်းကင်နတ်ဧကရာဇ်ရာထူးမှာ မရှိနိုင်တော့ဘူး . နန်းစွန့်ဧကရာဇ်က ငါ့နေရာကို အစားထိုးလိမ့်မယ်…. ငါက သူ့ကို မယှဉ်နိုင်လောက်တော့ဘူး … သူ့ရှေ့မှာတောင် ဒူးထောက်ရလောက်မှာ… ဒါပေမဲ့ နန်းစွန့်ဧကရာဇ်က ကောင်းကင်နတ်အရှင်မူကို မယှဉ်နိုင်ဘူးလေ … ယွင်၊ မင်းက ငါ့ရဲ့ အခြေအနေကောင်းကို ဖျက်ဆီးပစ်လိုက်တာပဲ”

“ဒါပေမဲ့ ငါ့မှာ အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့် အခွင့်အရေး ရှိသေးတယ်”

“ဒီအခွင့်အရေးက ဘိုးဘေးနန်းတော် ကျေက်စိမ်းမြို့တော်‌ပဲ… မီလော့နန်းတော်ရဲ့ သခင်လေးသုံးနဲ့ သခင်လေးလေးပဲ”

သူ တုံ့ခနဲ ရပ်လိုက်သည့်အခါ သူ၏ မျက်နှာအမူအရာသည် စိတ်ရူးဖောက်သွားသကဲ့သို့ မဲ့ရွဲ့လာသည်။ ကောင်းကင်နတ်အရှင်ယွင်ကား သူ့ကို အရူးတစ်ပိုင်း ဖြစ်အောင် ဖိအားပေးခဲ့ချေပြီ။ “ငါ နန်းကျသွားရင် အားလုံးရဲ့ လှောင်စရာ ဖြစ်သွားလိမ့်မယ်.. ကောင်းကင်နတ်အရှင်မူက ငါ့ကို လှောင်လိမ့်မယ်…. နန်းစွန့်ဧကရာဇ်ကလည်း သရော်လိမ့်မယ်… ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှုနဲ့ ထိုက်ကျိရှေးဟောင်းနတ်ဘုရားတို့တွေလည်း ငါ့ကို လှောင်ရယ်နေကြမှာ.. .. နန်းတော်ထဲက အရာရှိတွေအားလုံးလည်း နောက်ကွယ်မှာ ကြိတ်ရယ်နေကြမှာ သေချာတယ်… ငါ့ကို မာန်တက်နေတဲ့ တရားမဝင်သား၊ ရှေးဟောင်းနတ်ဘုရားနဲ့ လူသား စပ်ပြီး မွေးဖွားလာတဲ့ မျိုးမစစ်သားလို့ လှောင်ပြောင်ကြလိမ့်မယ်… မင်းတို့အားလုံး ငါ့ကို ဖိအားပေးနေကြတာပဲ … အားလုံးက ငါ့ကို ဖိအားပေးနေကြတာကွ…”

“ဒါပေမဲ့ ငါသာ သခင်လေးသုံးနဲ့ သခင်လေးလေးဆီမှာ အပြီးတိုင် ခိုလှုံလိုက်ရင် ကောင်းကင်နတ်ဧကရာဇ်အဖြစ် ဆက်ရှိနေမှာပဲ”

သူက ရှုံ့တွရှုပ်ဆိုးသော မျက်နှာအမူအရာကြီးဖြင့် ဟားတိုက်ရယ်မောလိုက်သည်။ “သခင်လေးသုံးနဲ့ သခင်လေးလေးရဲ့ အကူအညီနဲ့ ဆိုရင် ငါက မင်းတို့ရဲ့ ကောင်းကင်နတ်ဧကရာဇ် ဖြစ်နေဦးမှာပဲ… မင်းတို့ ဒူးထောက်ရမယ့်သူ… ကိုးကွယ်လေးစားရမယ့်သူပဲ… မင်းတို့အားလုံး ငါ့ကို နာခံရမယ်… မင်းတို့ထဲက ဘယ်သူမှ ငါ့ကို လှောင်ပြောင်ရဲမှာ မဟုတ်ဘူး”

သူ၏ဦးခေါင်းနောက်တွင် မီလော့နန်းတော် နတ်ကောင်းကင်ခန်းမနှင့် ခရမ်းရောင်ကောင်းကင်ခန်းမတို့ ပေါ်ထွက်လာသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချာနခဲ လှည့်လိုက်ပြီး ထိုခန်းမနှစ်ခု၏ ပုံရိပ်များကို မျက်နှာချင်းဆိုင်လိုက်လေသည်။

သူက ခဏတာ တွေဝေသွားသော်လည်း အာဏတပ်မက်မှုက သူ၏မာနကို ချေမွလိုက်ပြီး သူ၏ကျောရိုးကို ရိုက်ချိုးလိုက်သကဲ့သို့ပင်။ သူ၏ဒူးများ ‌ပျော့ခွေသွားကာ ဒူးထောက်ချလိုက်သည်။

“ဒီနေ့ကစပြီး ကျွန်တော်မျိုးက မီလော့နန်းတော် နတ်ကောင်းကင်ခန်းမနဲ့ ခရမ်းရောင်ကောင်းကင်ခန်းမတို့ကို အကြွင်းမဲ့အ စေခံပါ့မယ်… ဒီနေ့ကစပြီး ကျွန်တော်မျိုးဟာ သခင်လေးတို့ရဲ့ လက်ပါးစေအဖြစ် အလုပ်အကျွေးပြုပါ့မယ်… သခင်လေးတို့ ကြွရောက်လာနိုင်ဖို့အတွက် စီစဉ်ပေးပါ့မယ်”

“ဒီနေ့ကစပြီး ကျွန်တော်မျိုးမှာ တခြားဘာရည်ရွယ်ချက်မှ မရှိတော့ပါဘူးခင်ဗျာ”

ရှေးဟောင်းခန်းမနှစ်ခု၏ အရိပ်တို့တွင် ထူးဆန်းသော စွမ်းအားများ ကိန်းဝပ်နေသည်။ နားလည်ရခက်သော တာအိုစကားသံများက ခန်းမထဲမှ ပျံ့လွင့်လာကြသည်။ သူတို့မှာ အလွန်ဝမ်းမြောက်ကျေနပ်နေဟန်တူသည်။

ဆယ့်ခုနစ်စင်းမြောာက် စကြ၀ဠာတွင် သစ္စာရှိ ကျွန်တစ်ယောက် ရှာဖွေရန် ခက်ခဲခဲ့သော်လည်း နောက်ဆုံးတွင်တော့ အောင်မြင်ခဲ့လေပြီ။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူတို့အတွက် အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ခေါင်းပွတ်ပေးခံလိုက်ရသော ခွေးတစ်ကောင်ကဲ့သို့ အမြီးနှံ့ကာ ‌တောင်းဆိုလိုက်၏။ “ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ပုန်ကန်ကြတဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသူပုန်တွေကို ရှင်းလင်းပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ… ကျွန်တော်မျိုး အစေခံကျွန်ဟောင်က ကမ္ဘာဦးဘုံကို သွေးယဇ်ပူဇော်ပြီး ‌သခင်လေးတို့ကို ကြိုဆိုဖို့ အသင့်ပါပဲ”

“ဟောင်”

နတ်ကောင်းကင်ခန်းမနှင့် ခရမ်းရောင်ကောင်းကင်ခန်းမထဲမှ သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ ကျေနပ်သော ရယ်သံများ ထွက်ပေါ်လာသည်။ “နောက်ဆုံးတော့ မင်းကို ငါတို့ လိုချင်တဲ့ပုံစံအတိုင်း ပုံသွင်းနိုင်ခဲ့ပြီ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးရွှင်နေသော မျက်နှာအမူအရာဖြင့် မော့ကြည့်လာသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွင်မှာ သေဆုံးသွားချေပြီ။ တိုက်ခိုက်လိုစိတ်နှင့် မဆုတ်မနစ်သော ဇွဲတို့ဖြင့် ပြည့်နှက်နေခဲ့သော ကောင်းကင်နတ်ဧကရာဇ်ဟောင်သည်လည်း သေဆုံးသွားခဲ့လေပြီ။

ချင်မူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ရောက်လာသောအခါ အချိန်နှင့် နေရာဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာတစ်နေရာမှ ထူးဆန်းသော ပုံပျက်လှိုင်းတစ်ခုကို အာရုံခံလိုက်မိသည်။ မျက်နှာအနည်းငယ် ပျက်သွားသော်လည်း ချက်ချင်းပင် စိတ်အေးသွားလေသည်။

ဤပုံပျက်လှိုင်းသည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ အရင်းခံပြီး နတ်ကောင်းကင်ခန်းမသာမက ကျောက်စိမ်းမြို့တော်ရှိ ခန်းမအမျိုးမျိုးမှ ဖြာထွက်လာနေခြင်းပင်။

ဤပုံပျက်လှိုင်း ကမ္ဘာဦးဘုံတစ်ခုလုံးသို့ ပျံ့နှံ့သွားသောအခါ ကောင်းကင်နတ်ဘုံဘက်တော်သား မဟုတ်သူတိုင်း သူတို့ ကြိုးစားပမ်းစား ကျင့်ကြံထားသော ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့်၊ ဧကရာဇ်ပလ္လင်အဆင့်တို့မှ ခွန်အားတို့ကို မသုံးစွဲနိုင်ကြောင်း ခံစားလိုက်ကြရသည်။

ဆိုလိုသည်မှာ ထိုအဆင့်သုံးဆင့်မှာ ရုတ်ခြည်း ပျက်စီးပြိုလဲသွားကြခြင်း ဖြစ်သည်။

ချင်မူ ဤအဖြစ်အပျက်ကို ကြိုတင်မျှော်လင့်ထားပြီးချေပြီ။

ကောင်းကင်နန်းဆောင်စနစ်သည် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နန်းဆောင်များကို တုပထားခြင်း ဖြစ်ပြီး ကောင်းကင်နတ်ဘုံစနစ်မှာမူ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို တုပထားခြင်း ဖြစ်သည်။ ဤအရာအားလုံး၏ ဇစ်မြစ်သည် မဟာဧကရာဇ်နှင့် ထိုက်ချူတို့ ကမ္ဘာဦးခေတ်တုန်းက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ သွားရောက်စူးစမ်းခဲ့ခြင်းမှ အစပြုခဲ့သည်။

ဖန်ဆင်းရှင်များ ကျဆုံးသွားပြီး ထိုက်ချူတို့ ‌ရှေးဟောင်းနတ်ဘုရားအပေါင်း အောင်ပွဲခံနိုင်သွားသည့်အခါ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် တစ်ချိန်က မြင်ခဲ့ဖူးသော ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို အခြေခံ၍ နဂါးဟန်ကောင်းကင်နတ်ဘုံကို တည်ထောင်ခဲ့သည်။

လူသားမျိုးနွယ်မှ ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်ဘုံသို့ ရောက်လာသည့်အခါ ကောင်းကင်နတ်ဘုံ၏ ခမ်းနားမှုကို မှင်သက်အံ့ဩခဲ့သည်။ ၎င်းအတွင်းတွင် ကိန်းဝပ်နေသော စွမ်းအားကို သတိပြုမိပြီးနောက် ကောင်းကင်နန်းဆောင်ကျင့်စဥ်စနစ်ကို ဖန်တီးခဲ့လေသည်။

ကောင်းကင်နတ်အရှင်ယွင်နှင့် နဂါးဟန်ခေတ်၏ ထက်မြက်သော ပုဂ္ဂိုလ်များက ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့်၊ ဧကရာဇ်ပလ္လင်စသော အဆင့်များကို ဆောက်တည်ခဲ့ကြသည်။ နောက်ထပ် နှစ်ခြောက်သိန်း ကြာပြီးသည့်အခါတွင်တော့ ကောင်းကင်နတ်အရှင်ဆယ်ပါးက ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ပြီးပြည့်စုံအောင် မွမ်းမံခဲ့ကြသည်။

ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့်၊ ဧကရာဇ်ပလ္လင်အဆင့်၊ ကောင်းကင်နတ်ဘုံ အဆင့် စသောအဆင့်များ၏ မူလဇစ်မြစ်ကား ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ပင် ဖြစ်သည်။

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ သခင်လေးများသည် ဤအချက်ကို အသုံးချ၍ ဤစကြဝဠာရှိ နတ်ဘုရားမိစ္ဆာများကို ထိန်းချုပ်ကာ သူတို့ဆီမှ စွမ်းအားများကို စိတ်တိုင်းကျ ရုတ်သိမ်းနိုင်လိမ့်မည်ဟု ချင်မူ မှန်းဆထားခဲ့ပြီးဖြစ်သည်။ သူတို့၏ ခွန်းအားများကို ငှားယူ၍ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်နှင့် သူတို့ကိုယ်တိုင်ကိုပင် အားကောင်းလာအောင် လုပ်နိုင်ကြသည်။

ထို့ကြောင့် သူသည်လည်း အရန်အစီအစဉ်ကို ကြိုတင်ပြင်ဆင်ထားသည်။

ဤအရန်အစီအစဉ်မှာ တာအိုကျင့်စဉ်စနစ်အပြင် လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ ဖန်တီးခဲ့သော ဘိုးဘေးနန်းတော်၏ ကျင့်စဉ်စနစ်အသစ်ပင်။

တာအိုကျင့်စဉ်စနစ်သည် စတင်ရန် မလွယ်သော်လည်း စတင်ကျင့်ကြံသည်နှင့် ဘိုးဘေးနန်းတော်ကျင့်စဉ်စနစ်ဖြင့် အပြန်အလှန် အထောက်အကူပြုကာ အတူတကွ တိုးတက်နိုင်မည် ဖြစ်သည်။

ဤကျင့်စဉ်နှစ်မျိုးသည် အနာဂတ်တွင် ပေါင်းစပ်သွားနိုင်ပြီး ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်အဖြစ် ပြောင်းလဲသွားနိုင်၏။

“အရင်တုန်းက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဖြစ်ဖြစ် ရွှင်ပျော်ပျော်ကျေးရွာဖြစ်ဖြစ် နှစ်ခုလုံးက ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံဖို့ ဆန္ဒနဲ့ သတ္တိ မရှိခဲ့ကြဘူး…. ကျင့်စဥ်အသစ်ကို လန်ယွီတျန်းနဲ့ ရှုရှန်းဟွာတို့က ဖန်တီးထားတာ မဟုတ်လား… သူတို့က ဖန်တီးသူတွေဆိုတော့ သူတို့အတွက် မခက်ပေမယ့် သူများတွေအတွက်တော့ အင်မတန် နက်နဲလွန်းတယ် … ဒါပေမဲ့ ဒီတစ်ခါ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က အဆင့်လေးဆင့်ကို ဖြတ်တောက်လိုက်ပြီ… ဆိုတော့ ဧကရာဇ်ယန်ဖုန်းနဲ့ ခိုင်ဧကရာဇ် တိရီယွဲ့တို့လည်း အဟောင်းတွေကို မဖြစ်မနေ စွန့်ခွာပြီး ဒီအရန်အစီအစဉ်ကို အားကုန်သုံး ကျင့်ကြံကြဖို့ တွန်းအားပေးလိုက်တာပဲ”

ချင်မူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ပျံသန်းသွားသည့်အခါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ရှေ့တန်းမှာ ဗြောင်းဆန်နေသည်။ ရွှင်ပျော်ပျော်ကျေးရွာမှ နတ်ဘုရားမိစ္ဆာများဖြစ်စေ၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ နတ်ဘုရားမိစ္ဆာများဖြစ်စေ အားလုံး အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ပြည်သူပြည်သားများမှာ စိုးရိမ်ပူပန်နေကြပြီး မျှော်လင့်ချက်ကင်းမဲ့နေကြဟန်တူသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် တိုက်ခိုက်နေသော ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်ဘုရင်လန်ဝူတို့ပင်လျှင် ဣန္ဒြေပျက်ကုန်ကြသည်။ အဆင့်သုံးဆင့် ဆက်တိုက် ဆုံးရှုံးလိုက်ရသဖြင့် သူမတို့ နှစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင် များများစားစား မကျန်တော့ပေ။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ လက်ချက်ဖြင့် သေလုမျောပါးပင် ဒဏ်ရာရခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် ကောင်းကင်နတ်အရှင်ယွဲ့၌ တာအိုကျင့်စဉ်စနစ် ရှိနေသေးသဖြင့် ချက်ချင်းပင် အန္တိမဟင်းလင်းပြင်ကို သုံး၍ လန်ဝူကို ခေါ်ကာ ထွက်ပြေးလွတ်မြောက်သွားသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က အသာစီးရနေသည်ကို အခွင့်ကောင်းယူ၍ လိုက်လံတိုက်ခိုက်သည်။ သူသည်် ရွှမ်တုစစ်တပ်ကို ဦးဆောင်ကာ အရပ်လေးမျက်နှာရှိ သတ္တဝါမှန်သမျှအား တစ်ဖက်စောင်းနင်း သတ်ဖြတ်ချင်နေ၏။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအနောက်ရှိ လန်ဖုန်းတောင်ကြားကို တစ်ခါတည်း သိမ်းပိုက်ရန် ကြိုးစားသောအခါ ကြီးမားသော အရိပ်တစ်ခုက ရွှမ်တုစစ်တပ်ဘေးမှ ဖြတ်ပြေးသွားသည်။

“ကောင်းကင်နတ်အရှင်မူ”

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ထိတ်လန့်သွားပြီး ချက်ချင်းပင် စစ်တပ်များကို စုစည်းစေ၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ထိုအချိန်တွင် ကမ္ဘာဦးဘုံယိုတုရှိ စစ်မြေပြင်တွင်လည်း အလားတူအခြေအနေများ ဖြစ်ပေါ်နေသည်။ ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့်၊ ဧကရာဇ်ပလ္လင်အဆင့်တို့ ကျင့်ကြံထားကြသော ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ သို့မဟုတ် ရွှင်ပျော်ပျော်ကျေးရွာမှ နတ်ဘုရားတိုင်းသည် စွမ်းအားများ လျင်မြန်စွာ ကျဆင်းသွားသည်ကို ခံစားနေကြရ၏။

သိုင်းအဆင့်မြင့်လေလေ၊ မှော်စွမ်းအင်ပိုင်ဆိုင်မှုသည် ထိုအဆင့်နှင့် များစွာသက်ဆိုင်လေလေ ဖြစ်၏။ အထူးသဖြင့် ဧကရာဇ်ပလ္လင်အဆင့်က သူတို့ကျင့်စဉ်စွမ်းအင်၏ ကိုးဆယ်ရာခိုင်နှုန်းကျော်ကို နေရာယူထားလေသည်။

အကယ်၍ ဧကရာဇ်ပလ္လင်အဆင့် မရှိတော့ပါက ကျင့်စဉ်စွမ်းအင်မှာ ဆယ်ပုံတစ်ပုံသာ ကျန်လိမ့်မည်။

ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးတွင် နတ်ကောင်းကင်ခန်းမနှင့် ကျောက်စိမ်းမြို့တော်အဆင့်တို့ မရှိတော့လျှင် သူ၏ ခွန်အားမှာ မူလပမာဏ၏ တစ်ထောင်ပုံတစ်ပုံသာ ကျန်တော့မည် ဖြစ်၏။

ယခုလို အခြေအနေမျိုးတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ အင်အားအပေါ် သက်ရောက်မှုသည် မည်မျှကြီးမားလှမည်နည်း။ ယင်းက ဧကရာဇ်ယန်ဖုန်းနှင့် ခိုင်ဧကရာဇ် တိရီယွဲ့တို့ ကျင့်စဉ်စနစ်သစ်ကို ချက်ချင်း မစတင်ရဲသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။

ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံကျင့်စဥ်စနစ်သည် အားလုံး၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေချေပြီ။ မဆင်မခြင် ကျင့်ကြံစေလိုက်ပါက ဗြောင်းဆန်သွားနိုင်သည်သာမက အဆင့်မြင့််သိုင်းပညာရှင်များ၏ စွမ်းအားကိုလည်း အချိန်တိုအတွင်း ကျဆင်းစေနိုင်သည်။

ထိုအချိန်တွင် ကမ္ဘာဦးဘုံစစ်ပွဲကား နီးကပ်နေခဲ့သည့်အပြင် ကျင့်ကြံခြင်းစနစ်သစ်မှာလည်း မပြီးပြည့်စုံခဲ့ပေ။ လေးလေးနက်နက် ကျင့်ကြံရန် အချိန်မရှိသောကြောင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုဒဿနတက္ကသိုလ်တွင်သာ အနည်းငယ်မျှ လေ့လာခဲ့ရသည်။

ယခုအခါတွင်မူ ကျင့်စဉ်စနစ်အသစ်ကို မကျင့်ကြံ၍ မရတော့ပေ။

မီလော့နန်းတော်မှ သခင်လေးသုံးနှင့် သခင်လေးလေးတို့ ဆုံးရှုံးသွားရမည်မှာ အနာဂတ်မျိုးဆက်သစ် သိုင်းပညာရှင်များ ဖြစ်သည်။ သူတို့သည် သမားရိုးကျ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံဘုံစနစ်ကို ကျင့်ကြံတော့မည် မဟုတ်သဖြင့် အနာဂတ်၏ စွမ်းအားအရင်းအမြစ်ကို ဆုံးရှုံးသွားကြလိမ့်မည်။

သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ ဤလုပ်ရပ်သည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ သိုင်းပညာရှင်များနှင့် နတ်ဘုရားမိစ္ဆာများကို မီးတောက်များအကြားမှ ပြန်လည်မွေးဖွားလာရန် တွန်းအားပေးလိုက်ခြင်းသာ ဆိုရမည်။

ချင်မူက အနောက်ဘက်စစ်မြေပြင်တွင် လှည့်လည်သွားလာနေသောကြောင့် ကောင်းကင်နတ်ဘုံမှ စစ်သည်တော်များကို ကြောက်ရွံ့နေစေသည်။ ကောင်းကင်နတ်ဘုံမှ စစ်သူကြီးမှာလည်း ဆက်လက်မတိုက်ခိုက်ရဲတော့‌ပေ။ စစ်အင်အားကို တစုတဝေးတည်း ထား၍ သိမ်းပိုက်ထားပြီးသော နယ်မြေများကိုသာ ထိန်းသိမ်းထားရတော့သည်။

ချင်မူ ကမ္ဘာဦးဘုံယိုတုထဲသို့ တိုးဝင်သွားသည့်အခါ ကောင်းကင်နတ်အရှင်ရှုမှာ ကောင်းကင်နတ်အရှင်ရုံကို သတ်ဖြတ်ရန် အခွင့်အရေးကောင်းကို လက်လွှတ်၍ ကောင်းကင်နတ်ဘုံတပ်ဖွဲ့သို့ ပြန်ဆုတ်ခွာစေလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုံစစ်စခန်းထဲတွင် ခန်းမနှစ်ခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး နေလုံးများ၏ အလင်းရောင်ကိုပင် ဖုံးကွယ်သွားသည့် ပြိုင်ဘက်ကင်း တာအိုအလင်းရောင်များကို ဖြန့်ကျက်နေ၏။

ထိုခန်းမများမှာ နတ်ကောင်းကင်ခန်းမနှင့် ခရမ်းရောင်ကောင်းကင်ခန်းမတို့၏ အရိပ်များသာ ရှိသေးသည်။

အရိပ်များသာ ဖြစ်သော်လည်း မဟာတာအိုမှာ အလွန်သိပ်သည်းစွာ စုစည်းနေသောကြောင့် အစစ်သဖွယ် ထင်ရသည်။ လူတိုင်းအား နှိုင်းယှဉ်၍ မရနိုင်သော စွမ်းအားနှင့် ဖိအားတို့ကို ခံစားနေရစေသည်။

ချင်မူက အဝေးသို့ လှမ်းကြည့်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင်၊ ခင်ဗျား အောင်မြင်ခဲ့ပြီ… အခု ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ကောင်းကင်နတ်ဧကရာဇ်ဟောင် မဟုတ်တော့ဘူး… ကောင်းကင်နတ်ဧကရာဇ်ဟောင်က ရုပ်သေးတစ်ရုပ် ဖြစ်သွားပြီ.. ကျွန်‌တော်တို့ရဲ့ ပြိုင်ဘက်က နောက်ဆုံးတော့ အရိပ်ထဲကနေ ပေါ်ထွက်လာခဲ့ပြီ... အခု ခင်ဗျားဘယ်မှာလဲ”

သူသည် ဘိုးဘေးနန်းတော်မှ ကမ္ဘာဦးဘုံသို့ ခရီးရှည်နှင်ခဲ့ရ၏။ သူ၏ ကျင့်စဉ်စွမ်းအင်မှာ များများစားစား မကျန်တော့သောကြောင့် ထိပ်တိုက်, မတိုက်ခိုက်ဘဲ လန်ဖုန်းတောင်ကြားသို့သာ သွားလိုက်သည်။

သူ ကောင်းကင်ရတနာနယ်ပယ်ကို ဖြန့်ကျက်လိုက်သည့်အခါ ကျယ်ပြောလှသော စကြဝဠာ၏ အံ့ဖွယ်မြင်ကွင်းများ ပေါ်ထွက်လာ၏။ ဖရိုဖရဲခန်းမသည် သူ၏ မဟာကောင်းကင်နတ်ဘုံထဲ၌ လွင့်မျောနေကာ နတ်ကောင်းကင်ခန်းမနှင့် ခရမ်းရောင်ကောင်းကင်ခန်းမတို့အား အဝေးမှ ရင်ဆိုင်နေရင်း ရွှင်ပျော်ပျော်ကျေးရွာနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ စစ်တပ်များ၏ ယုံကြည်ချက်ကို မြှင့်တင်ပေးနေသည်။

ထိုအချိန်တွင် အနောက်ဘက်မှ စစ်တပ်အသီးသီး ရောက်လာကြချေပြီ။ လန်ယွီတျန်း၏ လူရိပ်က ချင်မူ့ဘေးတွင် ပေါ်လာကာ သူ၏ ဘိုးဘေးနန်းတော်ကို ဖြန့်ခင်းလိုက်သည်။ ဤသည်မှာ ဘိုးဘေးနန်းတော် ကျင့်စဉ်စနစ်အသစ် လောကအလယ်တွင် ပထမဆုံး ထွက်ပေါ်လာခြင်း ဖြစ်၏။ ၎င်းသည်လည်း ချင်မူ့စကြဝဠာ၏ အံ့ဖွယ်မြင်ကွင်းများနှင့် အပြန်အလှန် တောက်ပနေကာ ကောင်းကင်နတ်ဘုံ၏ နတ်ကောင်းကင်ခန်းမ၊ ခရမ်းရောင်ကောင်းကင်ခန်းမတို့နှင့် ရင်ဆိုင်နေသည်။

ကောင်းကင်နတ်အရှင်ယွဲ့၊ လန်ဝူ၊ ထိုက်ရှီ၊ ကောင်းကင်နတ်အရှင်ရုံ၊ ကောင်းကင်နယ်စားမင်း မြောက်အောက်ဘုံအရှင်သခင်နှင့် ကျန်ရှိသူများလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြသည်။ သူတို့က သိမြင်နားလည်ထားသော တာအိုကျင့်စဉ်စနစ် ကောင်းကင်ဘုံအလွှာများကို ဖြန့်ကျက်လိုက်ကြ၏။ အရွယ်အစားအမျိုးမျိုး ရှိ‌သော ကောင်းကင်ဘုံများက လန်ဖုန်းတောင်ကြားအပေါ်တွင် လွင့်မျောနေပြီး တာအိုသံများ ပျံ့လွင့်နေစေကာ စစ်သည်တော်များနှင့် ပြည်သူများ၏ စိတ်ကို တည်ငြိမ်နေစေသည်။

“ကောင်းကင်နတ်အရှင်ယွင် ဘယ်မှာလဲ” ချင်မူက အားလုံးကို မေးလိုက်၏။

လန်ယွီတျန်းက သူ မြင်တွေ့ခဲ့ရသည်များကို ပြောပြသည်။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူတို့ကလည်း သူတို့ ကောင်းကင်နတ်အရှင်ယွင်အား မြင်တွေ့ခဲ့ကြောင်း ပြောပြ၏။ အန္တိမဟင်းလင်းပြင်တိုက်ပွဲ ပြီးနောက် ကောင်းကင်နတ်အရှင်ယွင် အနောက်ဘက်စစ်‌မြေပြင်မှ လာ၍ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်ရောက်သွားခဲ့သည်ကို မြင်တွေ့ခဲ့ကြသူ အတော်များများ ရှိလေသည်။

“ကောင်းကင်နတ်အရှင်ယွင် နောက်ဆုံး လာခဲ့တဲ့နေရာက ဒီနေရာပဲ”

ယန်ရှောက်ပင်က သူ့ကို ပြော၏။ “ကောင်းကင်နတ်အရှင်ယွင်က ယွင်စံအိမ်ဆီ သွားပြီး သခင်မယွင်ရှောင်နဲ့အတူ ပြန်ထွက်လာပြီး အရှေ့ဘက်ကို သွားခဲ့တယ်”

ချင်မူက ခဏတာ တိတ်ဆိတ်နေပြီးနောက် ပြုံးလျက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်ယွင်က ရှာရခက်တဲ့ နဂါးတစ်ကောင်လိုပဲ… သူက သခင်လေးနှစ်ကို ဖယ်ရှားခဲ့ပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့ရုံသာမက မီလော့နန်းတော်က သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ ခွေးဖြစ်လာအောင်လည်း တွန်းပို့ခဲ့တယ်… သူဟာ အောင်မြင်ခဲ့ပေမယ့် နာမည်မကြီးချင်တော့ဘူး… ဒါကြောင့် သခင်မယွင်ရှောင်နဲ့အတူ သီးသန့်နေနိုင်ဖို့ ထွက်သွားတာပဲ”

သူက ခေါင်းမော့၍ ကောင်းကင်ကို ကြည့်ကာ တဟားဟား ရယ်မောလိုက်သည်။ “တကယ်ကို အားကျစရာ စုံတွဲပဲဗျာ .. ကျွန်တော်လည်း ဘယ်တော့မှ သူတို့လို လွတ်လပ်ပေါ့ပါးနိုင်မှာလဲ မသိဘူး”

“ဟုတ်ပါ့နော်” ကောင်းကင်နတ်အရှင်ယွဲ့က ဝမ်းနည်းစွာဖြင့် ပြုံးလိုက်သည်။

“အင်း” လန်ဝူမှာ ခေါင်းငုံ့ထား၏။

“ဟုတ်တယ်” ကောင်းကင်နတ်အရှင်ရုံကမူ အဝေးသို့ ငေး‌ကြည့်နေသည်။

အမှန်တရားကို သိကြသော်လည်း မည်သူမျှ ချင်မူ၏ မုသားကို မပြင်ပေးကြချေ။

All Chapters