← Chapters

မီးတို့ စွဲလောင်မြိုက်ခြင်း

Vol. 133 Ch. 1713

မီးတို့ စွဲလောင်မြိုက်ခြင်း

Vol. 133 Ch. 1713

ငါးရက်အကြာတွင်

ရွှင်ပျော်ပျော်ကျေးရွာမှ လက်ကျန်စစ်သည်တော်များ လန်ဖုန်းတောင်ကြားသို့ ရောက်လာကြချေပြီ။ လမ်းတစ်လျှောက်တွင် ချုံခိုတိုက်ခိုက်မှုများ၊ သေဆုံးမှုများ ကြုံတွေ့ခဲ့ရ‌သောကြောင့် ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်မှာ သုံးဆယ်ရာခိုင်နှုန်းပင် မကျန်တော့ချေ။

ကံကောင်းထောက်မစွာဖြင့် ဝေစွေ့ဖုန်း၊ မြောက်နတ်မင်းရွှမ်းဝူ၊ တောင်နတ်မင်းကျုချွဲ၊ ဇာမဏီနတ်မင်းချီရှားယွီနှင့် အခြားသူများက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်ကို ဦးဆောင်ကာ ခိုင်ဧကရာဇ်တိရီယွဲ့တို့ဖြင့် ပူးပေါင်းနိုင်ခဲ့သောကြောင့် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားစစ်တပ်နှင့် ကောင်းကင်နတ်မြစ်‌ရေတပ်တို့မှာ မဆင်မခြင် မလှုပ်ရှားရဲကြချေ။ ထိုကြောင့်သာ သူတို့ လန်ဖုန်းတောင်ကြားသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

ဝေစွေ့ဖုန်းဖြစ်စေ၊ မြောက်နတ်မင်းလက်အောက်မှ စစ်သည်တော်များဖြစ်စေ၊ တောင်နတ်မင်း၊ ဇာမဏီနတ်မင်း သို့မဟုတ် ရွှင်ပျော်ပျော်ကျေးရွာမှ စစ်သည်တော်များဖြစ်စေ သူတို့၏စိတ်ဓာတ်မှာ အတော်လေး ကျဆင်းနေကြသည်။

အထူးသဖြင့် ဝေစွေ့ဖုန်းလက်အောက်မှ နန်းစောင့်တပ်ဖွဲ့ စစ်သည်တော်များပင်။ သူတို့အများစု၏ သိုင်းအဆင့်များမှာ နတ်ကောင်းကင်ခန်းမအဆင့်နှင့် ကျောက်စိမ်းမြို့တော်အဆင့်သို့ ရောက်ထားကြသဖြင့် ကောင်းကင်နတ်အရှင်တစ်ပါးနှင့် တိုက်ခိုက်နိုင်သည့် အင်အားကြီးစစ်တပ်တစ်တပ် ဖြစ်ခဲ့သည်။ ယခုအခါတွင်မူ အားလုံးမှာ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် သို့မဟုတ် အကျဉ်းထောင်ကိုးထပ်အဆင့်သို့ တန်းတန်းမတ်မတ် ကျဆင်းသွားသောကြောင့် ကျင်ကြံ‌ခြင်းအခြေခံတို့မှာ များစွာအားနည်းကုန်ကြချေပြီ။

ရွှင်ပျော်ပျော်ကျေးရွာမှ စစ်သည်တော် အတော်များများမှာလည်း နတ်ကောင်းကင်ခန်းမအဆင့်နှင့် ကျောက်စိမ်းမြို့တော်အဆင့်သို့ ကျင့်ကြံထားကြပြီး ဖြစ်သည်။ ယခုအခါ အားလုံးမှာ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်သို့ ကျဆင်းသွားကြ၏။

သန်မာအားကောင်းသော သိုင်းပညာဆရာသခင်ကွမ်းချာ၊ ယန်ယွင်ရှီ၊ ခိုင်ဧကရာဇ်တိရီယွဲ့၊ သိကြားဗုဒ္ဓလီရုံလန်၊ အဘိုးချင်းဟွမ်၊ တျန်းရှုနှင့် ကျန်သူများလည်း နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်သို့ ကျဆင်းကုန်ကြသည်။

အဆိုးရွားဆုံး ခံစားရသူမှာ သူတို့ မဟုတ်‌ချေ။ ဇာမဏီနတ်မင်း ချီရှားယွီပင်။

ချီရှားယွီသည် မူလက ‌ကောင်းကင်နန်းဆောင်ကိုးခုကို ကျင့်ကြံကာ ကောင်းကင်ဘုံငယ်တစ်ခုကိုပင် ဖော်ဆောင်ထားနိုင်ခဲ့၏။ ယခုတော့ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်သို့ ကျဆင်းသွားသဖြင့် အဆင့်သုံးဆင့်နှင့် တစ်၀က်တိတိ ဆုံးရှုံးခဲ့ရလေသည်။

သူတို့သည် စစ်တပ်အသီးသီး၏ ခေါင်းဆောင်များ မဟုတ်ပါလော။ သူတို့၏ တာအိုနှလုံးသားများက အလွန်တရာ ခိုင်မာ‌‌သောကြောင့် ချက်ချင်း ပြိုလဲမသွားသော်လည်း စစ်သည်များအပေါ် သက်ရောက်မှုက အံ့မခန်းလိလိ ကြီးမားလွန်းသေည်။

ရှေ့သို့ ဆက်လက် ကျင့်ကြံရန် လမ်းမရှိတော့သည့်အတွက် အမျိုးမျိုးသော စစ်တပ်အပေါင်း၏ တပ်မှူးများမှာလည်း ပြင်းထန်စွာ အားလျော့ကုန်ကြသည်။

ကောင်းကင်နတ်ဘုံ ထပ်မံတိုက်ခိုက်လာပါက မည်သို့ ခုခံနိုင်တော့မည်နည်း။

ထိုမျှသာမက နတ်ဗျူဟာလက်ဝဲတပ်ဖွဲ့က ယိုတုမိစ္ဆာစစ်တပ်ကို ဦးဆောင်ကာ လန်ဖုန်းတောင်ကြား၏ အနောက်ဘက်သို့ ကျူး‌ကျော်လာနေပြီဖြစ်သည်။ သူတို့က ကောင်းကင်နတ်ဘုံစစ်တပ်နှင့်အတူ ရှေ့နောက် ညှပ်လျက် တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။ အပေါ်တွင် ရွှမ်တုစစ်တပ်၊ အောက်တွင် ယိုတုစစ်တပ်ဖြင့် ဝိုင်းထားလေသည်။

ဤတိုက်ပွဲက အားလုံးကို မျှော်လင့်ချက်ရောင်ခြည်များ ပျောက်ကွယ်သွားစေ၏။

အတော်များများမှာ ဆက်လက်တိုက်ခိုက်ရန် သတ္တိ မရှိကြတော့ချေ။

အခြားတစ်ဖက်တွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ စစ်သည်တော်များအပေါ်တော့ သက်ရောက်မှု သိပ်မပြင်းထန်ပေ။

ပထမအချက်အ‌နေဖြင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဖြစ်တည်လာသည်မှာ မကြာသေးသောကြောင့် နတ်ကောင်းကင်ခန်းမ၊ ကျောက်စိမ်းမြို့တော်နှင့် ဧကရာဇ်ပလ္လင်အဆင့်သို့ ကျင့်ကြံနိုင်သူ မများပြားသေးပေ။ ကောင်းကင်နတ်ဘုံအဆင့်သို့ ကျင်ကြံထားနိုင်သူဟူ၍လည်း ချင်မူ တစ်ယောက်တည်းသာ ရှိ၏။

ဒုတိယအချက်အနေဖြင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာပြုပြင်ပြောင်းလဲမှုကြောင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တွင် ကောင်းကင်မုခ်၀လေးခုအဆင့်၊ ကောင်းကင်ပင်လယ်အဆင့်၊ အကျဉ်းထောင်ကိုးထပ်အဆင့်စသဖြင့် အဆင့်များ ထပ်တိုးထား၏။

နတ်ကောင်းကင်ခန်းမ၊ ကျောက်စိမ်းမြို့တော်၊ ဧကရာဇ်ပလ္လင်နှင့် ကောင်းကင်နတ်ဘုံတို့ မရှိလျှင်တောင်မှ သူတို့အပေါ် ကြီးကြီးမားမား မသက်ရောက်နိုင်ကြချေ။

သမားရိုးကျ ကောင်းကင်နန်းဆောင်ကျင့်စဥ်စနစ်ကို မလိုက်နာဘဲ တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံထားသော ချိဧကရာဇ်၊ မင်ဧကရာဇ်၊ ရှုကျွင်း၊ အဘွားစစ်၊ သားသတ်သမား၊ ရွာလူကြီးနှင့် အခြားမျိုးဆက်ဟောင်း တပ်မှူးများလည်း ရှိကြသေးသည်။

ပထမလူသားဧကရာဇ်သည် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို လျှောက်လှမ်းခဲ့သော်လည်း တာအိုကျင့်စဉ်စနစ်ကိုလည်း တစ်ပြိုင်နက် ကျင့်ကြံထား၏။

ပြန်လည်မွေးဖွားလာသော အားချိုနှင့် ကောင်းကင်နယ်စားမင်းတို့ကလည်း တာအိုကျင့်စဉ်စနစ်ကို လျှောက်လှမ်းခဲ့ကြသဖြင့် သက်ရောက်မှု မကြီးမားလှပေ။

ယွင်ကျန်းလီ၊ ကျဲ့ဟွလီ၊ ဝမ့်မူရန်၊ ချီကျုံယီနှင့် ကျန်ရှိသော မျိုးဆက်သစ်များမှာမူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တာအိုဒဿနတက္ကသိုလ်မှ မွေးထုတ်ပေးခဲ့သူများ မဟုတ်လော။ သူတို့သည် ကျင့်ကြံရာတွင် တာအိုဒဿနတက္ကသိုလ်၏ ပြုပြင်ပြောင်းလဲမှုရလဒ်များကိုသာ လိုက်နာကျင့်ကြံခဲ့ကြပြီး သမားရိုးကျကျင့်စဥ်ကို မကျင့်ကြံခဲ့ကြပေ။ ကောင်းကင်နန်းဆောင်အဆင့်သို့ ဝင်ရောက်ပြီးသည့်အချိန်တွင်လည်း လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ဆီမှ သင်ယူခဲ့ကြသောကြောင့် တစ်ဦးချင်းစီတွင် ထူးကဲသာလွန်သော အောင်မြင်မှုများ ပေါ်ထွက်လာခဲ့ကြသည်။

ဟွာရွှမ်းရှို့၊ လူငယ်ဂိုဏ်းချုပ်ဝမ့်ယွမ်နှင့် ပိုမိုငယ်ရွယ်သော မျိုးဆက်မှာမူ အခြေခံမှစတင်၍ လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့၏ ဘိုးဘေးနန်းတော်တာအိုကျင့်စဥ်စနစ်ကို သင်ယူခဲ့ကြရသောကြောင့် စိုးရိမ်စရာ မလိုချေ။

သို့သော် ဤစစ်ပွဲအပေါ်တွင်မူ သက်ရောက်မှု အလွန်ကြီးမားသည်။ သခင်လေးသုံးနှင့် သခင်လေးလေးတို့သာ ကျောက်စိမ်းမြို့တော် ထောင်ချောက်ကို အသက်သွင်း၍ အဆင့်လေးဆင့်ကို မရုတ်သိမ်းခဲ့ပါက ချင်မူ ပြန်ရောက်လာသည့် အချိန်၌ ကောင်းကင်နတ်ဘုံကို တန်ပြန်တိုက်ခိုက်နိုင်ခဲ့လိမ့်မည်။

ယခုအခါတွင်မူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ မပျက်စီးအောင် ခုခံနိုင်လျှင်ပင် ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။

ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံ၊ လန်ဝူတို့၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကြသည်။ အခြေအနေ ရုတ်တရက် ပြောင်းလဲသွားပြီးနောက် သူတို့သည် သူတို့၏ ကောင်းကင်နန်းဆောင်များထဲရှိ ကျောက်စိမ်းမြို့တော်ကို ချက်ချင်းပင် ဖျက်စီးခဲ့ရ၏။ နတ်ကောင်းကင်ခန်းမကို ဖြိုလဲကာ ကောင်းကင်နန်းဆောင်များသာ ကျန်ခဲ့စေရလေသည်။

တာအိုကျင့်စဉ်စနစ်တွင် သူတို့၏ အခြေခံက အလွန်မြင့်မားကြ၏။ အဆင့်လေးဆင့် မရှိတော့သဖြင့် ကျင့်ကြံခြင်းအခြေခံအပေါ် သက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေခဲ့သော်လည်း ခွန်အားကိုတော့ ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် အနေအထားတွင် ထိန်းထားနိုင်သေးသည်။

ဥပမာအ‌နေဖြင့် ဇာမဏီနတ်မင်း ချီရှားယွီမှာတော့ မူလခွန်အား၏ တစ်ထောင်ပုံတစ်ပုံသာ ကျန်ရှိတော့သည်။ ဤသည်မှာ ကြောက်စရာအကောင်းဆုံးပင်။

သူမနည်းတူ အားနည်းသွားကြသူများ များစွာ ရှိနေသေးသည်။

ဇာမဏီနတ်မင်းချီရှားယွီက လီရုံလန်ဆီ လှမ်းကြည့်ကာ အနည်းငယ် တွေဝေသွားသည်။ ဤပုဂ္ဂိုလ်မှာ ယခင်ကဲ့သို့ ချောမောသော ဘုန်းကြီးတစ်ပါး မဟုတ်တော့ချေ။ အကျည်းတန် အရုပ်ဆိုးသော မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်နေသည်။ သူမမှာ တခဏလောက် သူ့ကို မမှတ်မိနိုင် ဖြစ်သွား၏။

သူမက သတ္တိမွေး၍ ရှေ့သို့ တက်သွားသည်။ “အစ်ကိုတော်၊ ရှင်က ကျွန်မရဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တူတယ်”

လီရုံလန်သည် ရှက်ရွံ့စွာဖြင့် သူမကို ရှောင်သွားကာ လျစ်လျူရှုထား၏။

ချီရှားယွီက ရှေ့တိုးသွားပြန်သည်။ “ကျွန်မ ရွှင်ပျော်ပျော်ကျေးရွာက ဘုန်းကြီးတစ်ပါးကို သိတယ်… သူ့နာမည်က လီရုံလန်တဲ့… သူက အရင်တုန်းက ဗုဒ္ဓဘုံရဲ့ ကောင်းကင်နတ်မင်း ဗုဒ္ဓ ဖြစ်ခဲ့တာ”

လီယိုရုံမှာ သူမကို မရှောင်နိုင်တော့သဖြင့် တုံ့ပြန်လေသည်။ “ဒကာမ ကိုယ်တော့်ကို အခြားတစ်ယောက်နဲ့ အထင်မှားနေတာ ဖြစ်ပါလိမ့်မယ်… ဟိုဘက်မှာ လူတွေကို ကယ်တင်ဖို့ တောင်ပေါ်က ဆင်းလာတဲ့ ဗုဒ္ဓဘုံရဲ့ ဗုဒ္ဓစစ်သည်တော်တွေ ရှိပါတယ်… အဲ့က တထာဂတကျန်းခုံးက ဒကာမပြောတဲ့ ကောင်းကင်နတ်မင်းဗုဒ္ဓကို သိကောင်းသိပါလိ့မ်မယ်”

ချီရှားယွီသည် တထာဂတကျန်းခုံးကို သွားမတွေ့ဘဲ သူ့ကိုသာ စိုက်ကြည့်နေ၏။ “လီရုံလန် ဘယ်လိုပုံစံပဲ ပြောင်းသွားပါစေ ကျွန်မ သူ့ကို မှတ်မိတယ်”

လီရုံလန်က တုတ်တုတ်မလှုပ်ပေ။

“ညီလေး မင်း စပြီး သင်ကြား‌ပေးပါ”

လန်ဖုန်းတောင်ကြားအထက် ကောင်းကင်တွင် ချင်မူက အောက်ရှိ သတ္တဝါတို့အား ငုံ့ကြည့်နေသည်။ “သုံးရက်တိတိ မင်းရဲ့ ကျင့်စဥ်စနစ်ကို လန်ဖုန်းတောင်ကြားမှာ ရှိတဲ့သူတိုင်းကို ဟောပြောသင်ကြားပေးပါ”

လန်ယွီတျန်းမှာ ခေါင်းကုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။ “အစ်ကိုကြီး၊ ကျွန်တော် ပြောတာတွေက အရမ်းနက်နဲတော့ နားလည်နိုင်တဲ့သူ နည်းတယ်လို့ ရှုရှန်းဟွာ ပြောဖူးတယ်… ကျွန်တော် ဘိုးဘေးနန်းတော် တာအိုကျင့်စဥ်စနစ်အကြောင်း ဟောပြောရင် ဒီနတ်ဘုရားမိစ္ဆာတွေ သိပ်နားလည်မှာ မဟုတ်ဘူးဗျ… ပြီးတော့ ကျွန်တော်တောင် ဘိုးဘေးနန်းတော် တာအိုကျင့်စဥ်စနစ်ကို သုံးရက်အတွင်း သိမြင်နားလည်ရင်တောင်မှ မကျင့်ကြံနိုင်လောက်ဘူး”

“ကိစ္စမရှိဘူး”

ချင်မူက ပြောသည်။ “မင်းသာ ပြောပြလိုက်… ဒီသုံးရက်အတွင်းမှာ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ရဲ့ အဆင့်အမျိုးမျိုးကို နားလည်မယ့် ပါရမီရှင်တွေ ပေါ်ထွက်လာလိမ့်မယ် …. သူတို့က သမားရိုးကျ ကောင်းကင်နန်းဆောင်ကျင့်စဥ်စနစ်ရဲ့ ကျွမ်းကျင်သူတွေ ဖြစ်နေမှာလည်း သေချာတယ်… သူတို့ အောင်မြင်ရင် တခြားသူတွေကို သင်ပေးနိုင်လိမ့်မယ်… မင်း သုံးရက် ပြောပြီးရင် ဘိုးဘိုးရွာလူကြီးနဲ့ ဘွားဘွားစစ်တို့နှစ်ယောက်က တစ်ယောက်ကို သုံးရက်စီ ထပ်သင်ပေးပါ”

ရွာလူကြီးစုမူကျဲနှင့် အဘွားစစ်တို့ ခေါင်းညိတ်လိုက်ကြသည်။ အဘွားစစ်က ဇဝေဇဝါဖြင့် မေးလေသည်။ “ငါတို့နားလည်တာက လန်ယွီတျန်းတို့လို ဖန်တီးသူတွေအောက် နိမ့်ကျတယ်လေ… ငါ‌တို့ပြောတော့ရော အသုံး၀င်ပါ့မလား‌အေ့”

ရွာလူကြီးစုမူကျဲက ပြုံးသည်။ “အဘွားကြီး၊ ငါတို့က ရိုးရိုးရှင်းရှင်းပဲ ပြောပြတတ်‌တော့ ကျန်တဲ့သူတွေ နားလည်ဖို့ လွယ်တယ်လို့ မူအာက ပြောချင်တာလေ… ဟုတ်တယ်မလား မူအာ”

ချင်မူ ခေါင်းညိတ်လိုက်သည်။

အဘွားစစ်က တံတွေးထွေးလိုက်သည်။ “လန်ယွီတျန်း ပြောပြီး ငါတို့ ထပ်‌‌ပြောဖို့ဆို စုစုပေါင်း ကိုးရက် ကြာသွားမှာ… ကိုးရက်အတွင်း ကောင်းကင်နတ်ဘုံစစ်တပ်က ဒီနေရာကို ရောက်လာမှာ‌တော့်”

“သူတို့ ရန်မစရဲပါဘူး”

ချင်မူက အေးစက်စွာ ပြောလိုက်သည် “ကျွန်တော် ဒီမှာ ရှိနေတာကို ဘယ်သူ ဖိအားပေးရဲမှာလဲ… ကျန်းယွင်ကျန့်၊ ဟွာရွှမ်းရှို့၊ ဂိုဏ်းချုပ်၀မ် ဘွားဘွား ဟောပြောပြီးရင် မင်းတို့ ဘိုးဘေးနန်းတော် တာအိုကျင့်စဥ်စနစ်ကို ဆက်ဟောပြောကြ”

ကျန်းယွင်ကျန့်၊ ဟွာရွှမ်းရှို့နှင့် လူငယ်ဂိုဏ်းချုပ်ဝမ်တို့ ရှေ့သို့ တက်လာကြသည်။ ဟွာရွှမ်းရှို့က စပ်စပ်စုစု မေးလေသည်။ “ဦးရီးတော်ချင်၊ ကျွန်မတို့ကို ဟောပြောခိုင်းတာက ကျွန်မတို့ သိမြင်နားလည်မှုက ပိုပြီးတိမ်လို့လားဟင်”

ချင်မူ ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး… မင်းတို့က အခြေခံက စပြီး သင်ယူခဲ့ကြတာ… ဘွားဘွားစစ်၊ ဘိုးဘိုးရွာလူကြီးနဲ့ တခြားသူတွေက ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို မကျင့်ကြံခင်မှာ သူတို့အစွမ်းအစနဲ့သူတို့ ရှိခဲ့ကြပြီးသား… ကျင့်ကြံခြင်းလမ်းစဉ်နဲ့ ပတ်သက်လာရင် သူတို့သင်ယူထားပြီးသား အတွေးအခေါ်တွေ ရှိကြတယ်… မင်းတို့ကတော့ အဲဒီအတွေးအခေါ် မရှိဘူး… မင်းတို့ရဲ့ သိမြင်နားလည်မှုက ပိုနက်နဲပြီး အသေးစိတ်ကျတယ်… သူတို့ မစဉ်းစားမိတဲ့ အရာတွေကို စဉ်းစားမိတတ်တယ်”

လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်မှာ အတော်လေး ပျော်ရွှင်သွား၏။

ချင်မူက သူ့ကို တစ်ချက်ကြည့်၍ ပြောသည်။ “ဂိုဏ်းချုပ် အရင်ဆုံး ပြောပါ…. သူက အရင်တုန်းက သမားရိုးကျ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ကျင့်ကြံခဲ့ဖူးတော့ သင်ယူထားဖူးတဲ့ အတွေးအခေါ်တွေ ရှိနေနိုင်တယ်”

လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်၏ မျက်နှာမှာ ချက်ချင်း ညိုပုပ်သွားတော့သည်။

ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံ၊ လန်ဝူနှင့် အခြားသူများကို ဆက်ပြောသည်။ “ခင်ဗျားတို့လည်း နားထောင်ရမယ်…. သမားရိုးကျ အဆင့်လေးဆင့် မရှိတော့တဲ့နောက်မှာ ခင်ဗျားတို့အတွက် လက်ပြတ်သွားသလို ခံစားနေရမှာပါပဲ… ကျင့်စဉ်စနစ်သစ်က ခင်ဗျားတို့ကို ပိုပြီးမြင့်မားတဲ့ အောင်မြင်မှုတွေ ရစေပါလိမ့်မယ်”

ကောင်းကင်နတ်အရှင်ယွဲ့က မေးလေသည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်က အခု မီလော့နန်းတော်က သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ အကူအညီကို ရထားပြီဆိုတော့ သူ့ကို ခုခံနိုင်ပါ့မလား”

ချင်မူက ပြုံး၏။ “ကျွန်တော်က မီလော့နန်းတော်က သခင်လေးခုနစ်ပဲ…. သေချာပေါက် ခုခံနိုင်ပါတယ်.. မမကြီးတို့ စိုးရိမ်စရာ မလိုပါဘူး”

ကောင်းကင်နတ်အရှင်ရုံကလည်း ဝင်မေးသည်။ “နတ်ဗျူဟာလက်ဝဲတပ်က ယိုတုမိစ္ဆာစစ်တပ်ကို ဦးဆောင်ပြီး ရှေ့နောက်ညှပ် တိုက်လာရင် ဘယ်လို ခုခံကြမလဲ”

ချင်မူ ‌ဖြေသည်။ “ကျွန်တော့်ညီလေး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့က အရှေ့ပင်လယ်ကကိစ္စတွေကို ဖြေရှင်းပြီးသွားပြီ… သူက နတ်ဗျူဟာလက်ဝဲတပ်နဲ့ မိစ္ဆာစစ်တပ်ရဲ့ အနောက်ကနေ လိုက်လာနေပြီ.. နတ်ဗျူဟာလက်ဝဲတပ်က သူ့ပြိုင်ဘက် မဟုတ်ဘူး”

လန်ဝူကလည်း မေးပြန်သည်။ “ကျန်းပိုင်ကွေ့မှာလည်း ကျောက်စိမ်းမြို့တော်အဆင့် မရှိတော့ဘူး မဟုတ်လား.. သူက နတ်ဗျူဟာလက်ဝဲတပ်ကို ယှဉ်နိုင်တာ သေချာလို့လား”

“ဒီလောကမှာ ကျောက်စိမ်းမြို့တော် ထောင်ချောက်ရဲ့ သက်ရောက်မှု မခံရတဲ့သူ သိပ်မရှိပေမယ့် ကျန်းပိုင်ကွေ့ကတော့ သူတို့ထဲက တစ်ယောက်ပဲ”

ချင်မူက ထရပ်၍ ပြုံးလိုက်သည်။ “ခင်ဗျားတို့ ဒီမှာနေပြီး ဟောပြောသင်ကြားတာကို နားထောင်ကြပါ.. ကျွန်တော် မီလော့နန်းတော်ရဲ့ သခင်လေးသုံးနဲ့ သခင်လေးလေးတို့ကို သွားတွေ့လိုက်ဦးမယ်”

လန်ယွီတျန်း၏အသံသည် ကျယ်လောင်စွာ ပျံ့လွင့်လာချေပြီ။ သူက ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို စတင်ဟောပြောပို့ချနေသည်။ ချင်မူက လန်ဖုန်းတောင်ကြားမှ ဆင်းလာကာ ကောင်းကင်နတ်ဘုံစစ်တပ်ဆီသို့ အေးအေးဆေးဆေး လျှောက်သွားသည်။

လန်ဖုန်းတောင်ကြားထဲ၌ တပ်ချထားသော စစ်သည်တော်အများစုသည် စိတ်ဓာတ်ကျဆင်းနေကြပြီး ဝမ်းနည်းကြေကွဲနေခဲ့ကြ၏။ သို့‌သော် လန်ယွီတျန်းသည် မွေးကတည်းက တာအိုပါရမီပါလာခဲ့သူ မဟုတ်လော။ သူ၏ တာအိုအသံ ထွက်ပေါ်လာသည်နှင့် တာအိုစည်းချက်တို့ကလည်း အလိုအလျောက် ဖြာဆင်းလာချေသည်။ သူ၏ အနောက်တွင် လောကသစ်ပင်တစ်ပင်က ဖြည်းညင်းစွာ ဖွဲ့တည်လာရာ လူတိုင်းမှာ တာအို၏ အံဖွယ်အရာများ၌ နစ်မြောသွားကြတော့သည်။ လန်ယွီတျန်း၏ တာအိုအသံနှင့်အတူ စဉ်းစားဆင်ခြင်လျက် သိမြင်နားလည်နေကြသည်။

လန်ယွီတျန်းက လန်ဖုန်းတောင်ကြားရှိ မျိုးနွယ်အသီးသီးမှ နတ်ဘုရားများအား ကျင့်စဉ်စနစ်သစ်ကို ရှင်းပြနေသည်။ ပထမအဆင့်မှာ ဝိညာဉ်သန္ဓေသားအဆင့် ဖြစ်ပြီး အားလုံးက ယခင်က သင်ဖူးခဲ့သည်များနှင့် သိပ်မကွာခြားပေ။ ဒုတိယအဆင့်မှာ ကြယ်စင်မြစ် ကောင်းကင်ရတနာအဆင့်ဟု အမည်တွင်ပြီး ၎င်းကို ဖွင့်ပြီးနောက် ရွှမ်တုအဖြစ် ပြောင်းလဲတိုးတက်စေခြင်း ဖြစ်သည်။

တတိယအဆင့်မှာ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာအဆင့် ဖြစ်သည်။ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာအဆင့်ကို ဖွင့်ပြီးနောက် စတုတ္ထအဆင့်ဖြစ်သည့် ၀င်ရိုးစွန်းလေးခုအဆင့်အား ဖွင့်လှစ်ရ၏။

၀င်ရိုးစွန်းလေးခုအဆင့်တွင် လက်အောက်ခံ ကောင်းကင်ရတနာလေးခု ပါဝင်သည်။ ၀င်ရိုးစွန်းလေးခုအဆင့်အား သတ်မှတ်ပြီးနောက် ရွှမ်တု၊ ယွမ်တုနှင့် အဆုံးသတ်မြို့ပျက်ဟူ၍ အဆင့်သုံးဆင့်ကို ဖွင့်လှစ်သည်။

ထိုအဆင့်ခုနစ်ဆင့်ပြီးနောက် အရေးအကြီးဆုံးအဆင့် ရောက်လာလေပြီ။

ယင်းက အကြီးမားဆုံး ကောင်းကင်ရတနာဖြစ်သည့် ဘိုးဘေးနန်းတော်ကို ဖွင့်လှစ်ခြင်းပင် ဖြစ်သည်။

ဘိုးဘေးနန်းတော်ကို တည်ဆောက်ပြီးနောက် ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်၊ ကောင်းကင်ပင်လယ်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ အကျဉ်းထောင်ကိုးထပ်စင်မြင့် ဟူသော အဆင့်များကို တည်ထောင်ပြီး တာအိုကျင့်စဉ်စနစ်အပေါ် သိမြင်နားလည်မှုအား မြင့်တက်စေ၏။

တာအိုကျင့်စဥ်စနစ်နှင့် ဘိုးဘေးနန်းတော်ကျင့်စဥ်စနစ်တို့မှာ အကိုက်ညီဆုံး ဖြစ်သည်ဟု ချင်မူ ဆိုရခြင်းမှာ ဤအကြောင်းကြောင့်ပင်။

ကောင်းကင်မုခ်၀လေးခု၊ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်၊ ကောင်းကင်ပင်လယ်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ အကျဉ်းထောင်ကိုးထပ်စင်မြင့်တို့သည် တာအိုကျင့်စဉ်စနစ်ကို အလွန်အမင်း တိုးတက်စေ၏။ ထိုအဆင့်များကို ကျင့်ကြံလျှင် တာအိုကျင့်စဉ်စနစ်က အဆပေါင်းများစွာ မြင့်တက်လာလိမ့်မည်။

ဤသည်မှာ ကျင့်စဉ်စနစ်သစ်၏ အကြီးမားဆုံးနှင့် အားအကောင်းဆုံး အားသာချက်ပင် ဖြစ်သည်။

ထိုအဆင့်များကို ကျင့်ကြံပြီးနောက် ကျောက်စိမ်းမြို့တော်၊ နတ်ကောင်းကင်ခန်းမ၊ ဧကရာဇ်ပလ္လင်နှင့် ကောင်းကင်ဘုံအဆင့်တို့ မရှိဘဲ လန်ယွီတျန်းသည် ထိုက်ငါးပါးအဆင့်သို့ တန်းရောက်သွားခဲ့သည်။ မွေးရာပါထိုက်ငါးပါးကို သိမြင်နားလည်ကာ ဘိုးဘေးနန်းတော် ကောင်းကင်ရတနာထဲတွင် ကျောက်တုံးတွင်း ငါးတွင်းဖြစ်သည့် ထိုက်ယီ၊ ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်ကျိ၊ ထိုက်စုတို့ကို ဖော်ဆောင်နိုင်ခဲ့လေသည်။

ထိုအဆင့်ငါးဆင့်ကို ကျင့်ကြံပြီးပါက နောက်တစ်ဆင့် တက်၍ လောကသစ်ပင်ကို တည်ဆောက်နိုင်မည်။

လောကသစ်ပင်သည် ကျင့်စဉ်စနစ်သစ် ကျင့်ကြံသူတိုင်း၏ တာအိုသစ်ပင် ဖြစ်လာလိမ့်မည်။ သစ်ပင်က တာအိုကျင့်စဉ်စနစ်နှင့် တစ်သားတည်း ပေါင်းစည်းနေသည့်အတွက် တာအိုကျင့်စဥ်စနစ်၏ တစ်လွှာချင်းစီ တိုးတက်လာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ရတနာထဲတွင်လည်း ဟင်းလင်းပြင်အလွှာတစ်ခုချင်းစီ မွေးဖွားလာမည်။ ထိုအခါ တာအိုကျင့်စဉ်စနစ်၏ တာအိုချိပ်တံဆိပ်အား တံဆိပ်ခတ်နှိပ်ပြီး ဖြစ်လိမ့်မည်။ လောကသစ်ပင်မှာလည်း တဖြည်းဖြည်း ကြည်လင်ပြတ်သားကာ ကြီးထွားအရွယ်ရောက်လာပေမည်။

တာအိုကျင့်စဉ်စနစ် ကောင်းကင်ဘုံ ၃၆ ဘုံသို့ ရောက်သွားသည့်အချိန်တွင် လောကသစ်ပင်မှာ အပြည့်အ၀ ကြီးထွားလာပြီး ကျင့်ကြံသူ၏ တာအိုသစ်ပင်အဖြစ်သို့ ပြောင်းလဲလာမည်။

သို့သော် လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ ဤအဆင့်အထိသာ သိမြင်နားလည်ထားစဉ် ကောင်းကင်နတ်ဘုံက အင်အားအလုံးအရင်းဖြင့် ကျူးကျော်တိုက်ခိုက်လာသောကြောင့် လေ့လာဆန်းစစ်ခြင်းအား ရပ်တန့်ခဲ့ရ၏။

သို့သော် နောက်ပိုင်းတွင် တာအိုပန်းပွင့်၊ တာအိုသစ်သီး စသော အခြားအဆင့်များ ရှိနေဦးမည်ဟု ယူဆရသည်။

ချင်မူ လန်ယွီတျန်း၏ တာအိုသံကို နားထောင်ရင်း ကောင်းကင်နတ်ဘုံစစ်စခန်းသို့ လျှောက်သွားနေသည်။ ကောင်းကင်နတ်ဘုံစစ်တပ်မှာ တည်ငြိမ်စွာ ရှေ့သို့ ချီတက်နေပြီး ကောင်းကင်နတ်ဘုံစစ်ခခန်းမှာလည်း လိုက်ပါရွေ့လျားနေသည်။

သူတို့အရှေ့တွင် ကင်းထောက်များက အဆက်မပြတ် လမ်းရှာဖွေနေကြ၏။ ထိုကင်းထောက်များမှာ ကောင်းကင်တွင် ပျံသန်းသူက ပျံသန်း၊ မြေပြင်တွင် ပြေးလွှားသူက ပြေးလွှား၊ ရေတွင် ငုပ်လျှိုးသူက ငုပ်လျှိုး၊ မြေအောက်တွင် တူးသွားသူက တူသွားနေကြသည်။ တစ္ဆေနတ်ဘုရားများနှင့်ပင် တူနေပေသည်။

ကင်းထောက်တချို့က ချင်မူကို တွေ့လိုက်သည့်အခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့မှာ ကြောက်ရွံ့လွန်းသဖြင့် နေရာတွင်ပင် ကြက်သေသေကာ မလှုပ်ရဲတော့ပေ။

“သခင်လေးခုနစ် ချင်မူရောက်လာပြီလို့ မင်းတို့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ဆီ ပြန်သတင်းပို့လိုက်” ချင်မူက ပြုံးကာ ပြောလိုက်သည်။

ထိုကင်းထောက်မှာ ကောင်းကင်နတ်ဘုံစစ်တပ်ဆီသို့ တင်ပါးနှင့်‌ ဖနောင့် တစ်သားတည်းကျအောင် ထွက်ပြေးသွားတော့၏။

ခဏအကြာတွင် ကောင်းကင်နတ်ဘုံအရှေ့မှ စစ်တပ်များ ရုတ်တရက် ရပ်တန့်သွားပြီး အသတ်အဖြတ်၀င်္ကပါများ ခင်းကျင်းကာ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်။

စစ်တပ်တစ်တပ်ချင်းစီ၏ တပ်မှူးများမှာ နဖူးတွင် ချွေးစီးကျနေသည်။ တစ်ကိုယ်လုံး ချွေးစိုနေသော်လည်း မသုတ်ရဲကြပေ။ သူတို့က ပြူးကျယ်နေသော မျက်လုံးများဖြင့် အရှေ့သို့ စိုက်ကြည့်ရင်း စိတ်ထဲ၌ အတော်လေး လေးလံနေကြသည်။

ကောင်းကင်တွင် အသတ်အဖြတ်စိတ်ဆန္ဒများ ပြည့်နှက်လာသည့်အတွက် မိုင်ပေါင်းသောင်းချီသော အကွာအ‌ဝေးအတွင်းရှိ ငှက်များနှင့် သားရဲများ ပျောက်ကွယ်သွားကြသည်။ ကောင်းကင်တွင် နတ်မျက်လုံးများ ပေါ်ထွက်လာပြီး လေထဲတွင် ဟိုသည် လူးလိမ့်နေကြ၏။ ၎င်းတို့က နတ်အလင်းတန်းများ ထုတ်လွှတ်လျက် နေရာအားလုံးတွင် ရှာဖွေနေကြသည်။

ကောင်းကင်မှ နတ်မျက်လုံးများမှာ နေနှင့် လကဲ့သို့ ကြီးမားပြီး အသေးဆုံးကပင် ဧကအနည်းငယ် ကျယ်ဝန်းသည်။ အချို့မျက်လုံးများတွင် ၀င်္ကပါအမျိုးမျိုး ခတ်နှိပ်ထားပြီး အချို့မှာ မဟာတာအိုဖြင့် ဖော်ဆောင်ထားခြင်း ဖြစ်သည်။ အချို့မှာမူ မိစ္ဆာမျိုးနွယ်မှ မိစ္ဆာမျက်လုံးများ ဖြစ်ကြ၏။ အမျိုးအစား အလွန်များပြားသလို အသုံးဝင်မှုမှာလည်း အမျိုးမျိုး ကွဲပြားသည်။

ထိုနတ်မျက်လုံးများက ကောင်းကင်နှင့် မြေကြီးကို လှန်လျောလျက် ချင်မူ၏ တည်နေရာကို ရှာဖွေနေကြ၏။

တစ်ချိန်တည်းမှာပင် သတင်းသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အရံနန်းဆောင်သို့ ရောက်သွားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ထိုက်ချူ၊ ‌ကောင်းကင်နတ်ဧကရီနှင့် အခြားသူများဆီလည်း လျှောက်တင်ပြီး ဖြစ်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က လျစ်လျူရှုမထားရဲသဖြင့် နန်းစောင့်တပ်တို့ကို ကောင်းကင်နတ်ဧကရာဇ်၏ အရံနန်းဆောင်ပတ်ပတ်လည်‌တွင် ‌ နေရာယူကာကွယ်ရန် အမိန့်ပေးလိုက်သည်။

ထိုက်ချူ၊ ကောင်းကင်နတ်ဧကရီ၊ ထိုက်ကျိရှေးဟောင်းနတ်ဘုရားတို့က ကောင်းကင်နတ်ဧကရာဇ်ဟောင်အား ၀န်းရံကာ ခန်းမထဲမှ ထွက်လာကြသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ စိတ်ပူနေဆဲပင်။ သူ မော့ကြည့်လိုက်ရာ နတ်ကောင်းကင်ခန်းမနှင့် ခရမ်းရောင်ကောင်းကင်ခန်းမတို့က တောက်ပသထက် တောက်ပနေသည်ကို တွေ့မြင်လိုက်ရ၏။ ထိုအခါမှသာ စိတ်အေးသွားတော့သည်။

သူတို့ အရှေ့ဘက်သို့ ကြည့်လိုက်သည့်အခါ ကောင်းကင်တွင် ပြည့်နှက်နေခဲ့သော နတ်မျက်လုံးများ ရုတ်တရက် တစ်လုံးပြီးတစ်လုံး ငြိမ်းသေ မည်း‌မှောင်သွားကြသည်ကို တွေ့လိုက်ရသည်။ ရွှမ်တုစစ်တပ်မှ ဆွဲယူလာ‌သော နေလုံးကြီးများမှာလည်း ဧရာမတိမ်မည်းများဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ အလင်းရောင်တစ်စက်မှ မကျရောက်တော့‌ပေ။ ၎င်းကြောင့် ရွှမ်တုမှ နေစောင့်ရှောက်သူများသည် စစ်ရထားလှည်းများကို ရပ်လျက် နောက်ပြန်လှည့်ကြည့်ကာ သူတို့၏ နေလုံးများ ငြိမ်းသေသွားမည်ကို စိုးရိမ်နေကြ၏။

ထို့နောက် သူတို့အားလုံး စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိကြသည်။ နေလုံးကြီးများ အမှန်တကယ် ငြိမ်းသေသွားခြင်းမဟုတ်။ ထိုအစား ဧရာမသစ်ပင်ကြီးတစ်ပင် ဖြတ်သန်းသွားသောကြောင့်ပင်။ ထိုသစ်ပင်၏ သစ်ရွက်များမှာ အဆုံးမရှိစွာ ကျယ်ပြန့်လွန်းသောကြောင့် ရွှမ်တု၏ နေလုံးများကို ကွယ်ထားခြင်း ဖြစ်သည်။

နတ်ဘုရားမျက်လုံးများမှာမူ ထိုမျှကံမကောင်းကြပေ။ ထိုမျက်လုံးများမှာ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ခုတ်ဖြတ်ခံလိုက်ရသကဲ့သို့ မျက်စိကွယ်သွားကြချေပြီ။

ကောင်းကင်နတ်ဘုံစစ်စခန်းထဲတွင် နာကျင်စွာ အော်ဟစ်သံများ ဆူညံသွားသည်။ နတ်ဘုရားများသည် မျက်လုံးများကို လက်ဖြင့် အုပ်ကာလျက် ညည်းတွားနေကြ၏။ သူတို့၏ လက်ချောင်းများကြားမှ အနက်ရောင်သွေးများ စီးကျနေကြသည်။

ကောင်းကင်ကင်းထောက်စခန်းမှ နတ်ဘုရားအားလုံး တစ်ပြိုင်နက်တည်း မျက်စိကွယ်သွားကြလေသည်။

“ရှန့်ကျွင်းပဲ” ထိုက်ချူ၏ အသံမှာ အက်ကွဲနေပြီး သူ၏ ဒဏ်ရာများ ပြန်လည်နာကျင်လာသည်ကို ခံစားလိုက်ရ၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့ကို တစ်ချက်ကြည့်၍ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “ငါ့အမိန့်ကို ထုတ်ပြန်စေ…ကောင်းကင်နတ်အရှင်မူကို ၀င်ခွင့်ပေးလိုက်… မတားဆီးကြနဲ့”

ခဏအကြာတွင် ချင်မူက ကောင်းကင်နတ်ဘုံ၏ စစ်တပ်အခင်းအကျင်းများကြားမှ ဖြတ်လျှောက်လာသည်။ ပတ်ဝန်းကျင်မှ အတိုက်အခိုက်စိတ်ဆန္ဒများ မည်မျှပြင်းထန်သည်ဖြစ်စေ ဂရုစိုက်ပုံမရချေ။

သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အရံနန်းဆောင်သို့ ဝင်လာကာ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် အခြားသူများရှေ့သို့ လျှောက်လာသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က နှာခေါင်းရှုံ့လျက် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ချင်မူသည် လက်ညှိုးတစ်ချောင်း ထောင်၍ တခါခါ ခါနေရင်း အေးစက်စွာ ပြော၏။ “သခင်လေးတွေရဲ့ ခွေးက ငါနဲ့ စကားပြောဖို့ အဆင့်မမီဘူး… အစ်ကိုသုံး၊ အစ်ကိုလေး၊ ကျွန်တော် ရောက်လာပြီ… ခင်ဗျားတို့ ထွက်လာပြီး ကျွန်တော်နဲ့ စကားပြောမှာလား… ဒါမှမဟုတ် ခင်ဗျားတို့ခွေးကို ကျွန်တော် ရိုက်သတ်တာ ကြည့်နေမှာလား”

All Chapters