တစ်ကိုယ်ကောင်းဆန်သော မြေအောက်ဘုံအရှင်သခင်
Vol. 133 Ch. 1715
ကောင်းကင်နတ်အရှင်ရှု လက်မြှောက်လိုက်သည်နှင့် ယိုတုမိစ္ဆာနတ်ဘုရားစစ်တပ် ရပ်တန့်သွားသည်။ စစ်တပ်၏ အနောက်ဘက်တွင် မည်းနက်နက်မှောင်သည့် ယိုတုမိစ္ဆာနတ်ဘုရားများက မရေမတွက်နိုင်အောင် ရှိကြ၏။
ထိုမိစ္ဆာများထဲမှ အချို့မှာ အသွင်သဏ္ဍာန် ထူးခြားကြသည်။ မြေပြင်ပေါ်တွင် ဝပ်တွားနေသည့် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ မည်းနက်သော အရိုးဆူးများကို တဆတ်ဆတ် လှုပ်ခါနေကြရာ အနက်ရောင်မီးခိုးများ တလူလူ ထွက်နေကြ၏။ တချို့မိစ္ဆာများက အသွင်သဏ္ဍာန် မရှိကြပေ။ သူတို့က တစ်ခါတစ်ရံ ကောင်းကင်သို့ ပျံတက်သွားပြီး ဖွတ်ခနဲ အသံနှင့်အတူ အနက်ရောင်မီးခိုးမှုန်မျးအဖြစ်သို့ ပြောင်းလဲကြတာ တစ်ခါတစ်ရံတွင် ပြန်လည်စုစည်းသွားကြသည်။
"ခမည်းတော်"
ကောင်းကင်နတ်အရှင်ရှုက အလျင်အမြန် ရှေ့တက်လာပြီး ဒူးတစ်ဖက် ထောက်လိုက်၏။ သူမ၏ ရှေ့တည့်တည့်တွင် သန်းချီသော စက္ကူလှေများစွာ ရှိနေကြသည်။ ထိုလှေများပေါ်၌ ကောင်းကင်နတ်အရှင်ရုံ၏ အသွင်အပြင်ရှိသည့် အိုမင်းသည့် မရဏတမန်တော်များ ရပ်နေကြ၏။ မြေအောက်ဘုံအရှင်သခင်အားချိုကတော့ စက္ကူလှေများအလယ်တွင် ရပ်နေသည်။ သူ၏ ကြီးမားတောင့်တင်းသော ခန္ဓာကိုယ်ကြီးက အာရုံကို ဖမ်းစားနေသည်။
"သမီးတော် ခမည်းတော်ကို ဂါရဝပြုပါတယ်”
ကောင်းကင်နတ်အရှင်ရှုက ခေါင်းငုံ့လျက် ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။ "ခမည်းတော်၊ ကောင်းကင်နတ်အရှင်မူက ယိုတုမှာ ခမည်းတော်ကို သတ်ခဲ့တယ်လို့ သတင်းကြားပြီးနောက် သမီးတော်ရဲ့ ရင်ထဲမှာ ဆူးနဲ့ထိုးသလို နာကျင်ခံစားခဲ့ရတယ်.. ကောင်းကင်နတ်အရှင်မူကို သတ်ပြီး ခမည်းတော်အတွက် လက်စားချေဖို့ မစောင့်နိုင်ခဲ့ပါဘူး… ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက သန်မာလွန်းတဲ့အတွပ် သမီးတော် သူ့ကို မယှဉ်နိုင်ပါဘူး… အခု ခမည်းတော် ပြန်လည်ရှင်သန်လာပြီဆိုတော့ ကျွန်မတို့ သားအဖနှစ်ယောက် ပူးပေါင်းပြီး ကောင်းကင်နတ်အရှင်မူရဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို အတူတူ ရှင်းပစ်ပြီး လက်စားချေသင့်ပါတယ်"
အားချိုသည် သူမကို သုန်မှုန်စွာ ကြည့်နေ၏။ ကောင်းကင်နတ်အရှင်ရှုက ထိုနေရာတွင် ခေါင်းငုံ့လျက် အချိန်အတော်ကြာ ဒူးထောက်နေပြီး မော့ကြည့်မလာချေ။
အားချိုက စက္ကူလှေများအကြားမှ အပြင်သို့ ထွက်လာသည်။ ရုတ်တရက် လှေတစ်စင်းပြီးတစ်စင်း ပျံဝဲလာကာ သူ ရှေ့ဆက်မသွားနိုင်စေရန် တားဆီးလိုက်သည်။
"ရုံ၊ ဒီလိုလုပ်ဖို့ မလိုပါဘူး"
အားချိုက ပြုံး၍ ပြောသည်။ "ဒါ ငါ နှစ်သိန်းပေါင်းများစွာ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒပါ… ဒါကို မလုပ်နိုင်ရင် ငါ့အနေနဲ့ တာအိုအောင်မြင်နိုင်မှာ မဟုတ်ဘူး"
ကောင်းကင်နတ်အရှင်ရုံလည်း ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စက္ကူလှေမတစ်စင်းပြီးတစ်စင်းအား ဘေးသို့ ရွှေ့ပေးလိုက်ကြ၏။
အားချိုသည် ရှေ့တန်းသို့ လျှောက်လာပြီး ကောင်းကင်နတ်အရှင်ရှု၏ အရှေ့သို့ ရောက်သွား၏။ သူက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး သူ့အသံက နဂါးဟန်ခေတ်မှ ကြင်နာသော ဖခင်အတိုင်း ကြင်နာနူးညံ့နေသည်။ "ရှု၊ ငါ့ရဲ့ သမီး..."
ကောင်းကင်နတ်အရှင်ရှု၏ ဦးခေါင်းပေါ်ရှိ တစ်ချောင်းတည်းသော ဦးချိုက ရုတ်တရက် ပျံထွက်လာပြီး ဇွက်ခနဲ မြည်သံနှင့်အတူ သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားချေပြီ။
အားချိုမှာ မည်သည့်နာကျင်မှုမှ ခံစားရခြင်း မရှိသည့်အလားပင်။ သူက သူမ၏ တံတောင်ဆစ်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အကျည်းဆန် အရုပ်ဆိုးလွန်းသော အပြုံးတစ်ခုဖြင့် ပြော၏။ "ငါ့ဘဝမှာ အနောင်တရဆုံး အရာကတော့ မင်းကို… မင်းရဲ့ အစ်ကိုအစ်မတွေကို… မင်းရဲ့ အမေကို ကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့တာပါပဲ..."
ဝှီး…
ယိုတုမြစ်ကြာပွတ်သည် ကောင်းကင်နတ်အရှင်ရှု၏ ခါးမှ ပျံသန်းထွက်လာပြီး အားချို၏ ခန္ဓာကိုယ်ကို တင်းကြပ်စွာ တုပ်နှောင်လိုက်သည်။ ယိုတုမြစ်ကြာပွတ်က အားချိုခန္ဓာကိုယ်ထဲသို့ ဖောက်ခနဲ ထိုးဖောက်တိုးဝင်သွားတော့သည်။
ဤကြာပွတ်သည် သူ့ခန္ဓာကိုယ်ထဲတွင် ဝင်လိုက်ထွက်လိုက်ဖြင့် အသွေးအသားစများကို ဆွဲထုတ်နေသည်။ ကြာပွတ်တွင် အနက်ရောင်နဂါးအကြေးခွံများ ပေါက်လာကာ သူ့အသွေးအသားကို ဖြတ်တောက်နေ၏။ ယင်းက သူ၏မူလဝိညာဉ်အနားတွင် ရစ်ဝဲကာ မူလဝိညာဉ်ကို အပိုင်းပိုင်းဖြတ်နေသည်။
အားချိုသည် နှစ်သိန်းပေါင်းများစွာကြာ အချိန်ယူ၍ မရေမတွက်နိုင်သော သတ္တဝါများ၏ ကံကြမ္မာမီးများဖြင့် သန့်စင်ထားသာ ရွှေရောင်ခန္ဓာ ပိုင်ဆိုင်ထားသော်လည်း ကောင်းကင်နတ်အရှင်ရှု၏ ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကက်လက်နက်ကို ခုခံနိုင်ခြင်း မရှိချေ။
အားချို၏ မျက်နှာပေါ်တွင် အရုပ်ဆိုးသည့် အပြုံး ရှိနေဆဲပင်။ ကံကြမ္မာမီးတောက် ရွှေရောင်ခန္ဓာသည် အလိုအလျောက် ပြန်လည်သက်သာလာနေသည်။
ကံကြမ္မာမီးတောက် တောက်လောင်နေသရွေ့ သူ သေလိမ့်မည်မဟုတ်ပေ။
"သမီးလေး၊ ဒီအာဏာနဲ့ ဂုဏ်ဒြပ်တွေကို စွန့်လွှတ်လိုက်ကြရအောင်"
သူသည် ခန္ဓာကိုယ်ကို ညွှတ်လိုက်ပြီး အသံမှာ ပို၍ နူးညံ့လာသည်။ "အဖေ့ဘ၀မှာ အမျှော်လင့်ဆုံး အရာက အဖေတို့ သားအဖနှစ်ယောက် ပြန်ပေါင်းစည်းဖို့… တကယ့် လူသားတစ်ယောက် ဖြစ်ဖို့.. အာဏာရဲ့ လှိုင်းတံပိုးတွေကနေ ဝေးရာကို ရှောင်ဖို့… ဒီတိုက်ပွဲတွေနဲ့ ဝေးရာကို ရှောင်ပြီး သာမန်သားအဖ ဖြစ်ဖို့ပါပဲ..."
"ခမည်းတော်”
ကောင်းကင်နတ်အရှင်ရှုက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူမ၏ မျက်လုံးများတွင် အလွန်ပြင်းထန်သော ငရဲမီးများ တောက်လောင်နေသည်။ ဝုန်းခနဲမြည်သံနှင့်အတူ ငရဲမီးနှစ်လှိုင်းသည် သူမ၏ မျက်လုံးများမှ ထွက်လာကာ အားချို၏ ကိုယ်ပေါ်သို့ ကျရောက်သွား၏။ အားချိုမှာ လေပေါ် မြောက်တက်သွားပြီး ထိုငရဲမီးနှစ်လှိုင်းက သူ့ကိုယ်ခန္ဓာကို ထိုးဖောက်ဝင်ရောက်ကာ မြေပြင်ပေါ်၌ ထိုးစိုက်စေလိုက်သည်။
အားချို၏ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာနေဆဲပင်။ ကောင်းကင်နတ်အရှင်ရှုက ဒေါသတကြီး နှာမှုတ်လျက် ကြာပွတ်ကို လှုပ်ခါပြီး အာချိုအား ရစ်ပတ်လိုက်သည်။ ထို့နောက် လက်မြှောက်၍ လည်ပင်းကို ဆုပ်ကိုင်လိုက်၏။
"ခမည်းတော်က အရင်လို ရယ်စရာကောင်းတုန်းပဲ"
ကောင်းကင်နတ်အရှင်ရှုသည် ပြုံးနေသာ်လည်း သူမ၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နေသည်။ "ကျွန်မက ခမည်းတော်ရဲ့ သွေးဆက်ကို ဆက်ခံထားတဲ့ ရှင့်ရဲ့သမီးပဲ…. မွေးလာကတည်းက ဝိညာဉ်က သိပ်ကိုအားကောင်းပြီး ငယ်ငယ်တည်းက ဉာဏ်ကောင်းခဲ့တယ်… ခမည်းတော် ကျွန်မ ငယ်ငယ်က ကိစ္စတွေကို တကယ် မမှတ်မိဘူး ထင်နေတာလား”
ကောင်းကင်နတ်အရှင်ရုံမှာ ထိုအခြေအနေကို မြင်သောအခါ ချက်ချင်းပင် အားချိုကို ကယ်ရန် အပြေးရောက်လာသည်။ ကောင်းကင်နတ်အရှင်ရှုက လက်ကို မြှောက်လိုက်ရာ မရေမတွက်နိုင်သော ယိုတုမိစ္ဆာနတ်ဘုရားများက အနောက်ဘက်မှ ထွက်ပေါ်လာ၍ ကောင်းကင်နတ်အရှင်ရုံအား ပြေး၀င် တိုက်ခိုက်ကြတော့သည်။
အားချို၏ အသံက အက်ကွဲနေ၏။ "ရုံ၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်… ငါ့ကို စိတ်မပူနဲ့”
ကောင်းကင်နတ်အရှင်ရုံသည် မူလက သူ၏ ကိုယ်ပွားအားလုံးကို စုစည်း၍ ကောင်းကင်နတ်အရှင်ရှုကို တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ထိုစကားကို ကြားသောအခါ သူ၏ မရေမတွက်နိုင်သော ကိုယ်ပွားများကို ယိုတုမိစ္ဆာနတ်ဘုရားစစ်တပ်အား ရင်ဆိုင်ရန်သာ စေလွှတ်လိုက်သည်။
အားချိုက သားအဖသံယောဇဉ်အား အလေးထားသဖြင့် ကောင်းကင်နတ်အရှင်ရှုကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ကောင်းကင်နတ်အရှင်ရှု၏ လက်ချက်ဖြင့် အားချို သေဆုံးသွားမည်ကို ကောင်းကင်နတ်အရှင်ရုံ စိုးရိမ်လာသည်။
သူ၏ သန်းပေါင်းများစွာသော ကိုယ်ပွားများသည် မူလဝိညာဉ်မှ ခွဲထွက်လာခြင်း ဖြစ်သည့်အပြင် ကိုယ်ပွားတစ်ယောက်ချင်းစီက မိစ္ဆာနတ်ဘုရားတစ်ပါးနည်းတူ အားကောင်း၏။ ကိုယ်ပွားများ၏ စိတ်တို့ကလည်း အချင်းချင်း ဆက်နွယ်နေကြသည်။ အရေးကြီးဆုံးအချက်က သူ၏ ကိုယ်ပွားများတွင် ပင်မခန္ဓာကိုယ် မရှိသည့် အချက်ပင်။ မည်သည့်ကိုယ်ပွားမဆို ပင်မကိုယ်ခန္ဓာ ဖြစ်နိုင်သည်။
ထိုမျှသာမက ကောင်းကင်နတ်အရှင်ရုံအနေဖြင့် ကိုယ်ပွားများစွာကို အချိန်မရွေး ပေါင်းစည်းကာ ကိုယ်ပွား၏ စွမ်းအားကို တိုးမြှင့်နိုင်သေးသည်။
အကယ်၍ သန်မာအားကောင်းသော နတ်ဘုရားမိစ္ဆာတစ်ပါးနှင့် တွေ့ဆုံပါက ကိုယ်ပွားတို့ကို ပေါင်းစည်း၍ ရင်ဆိုင်တိုက်ခိုက်နိုင်ပေသည်။
ဒုက္ခိတဘိုးဘွားကျေးရွာမှ မျက်ကန်းသည် ဤသို့ထူးခြားသော သူ့ကျင့်စဉ်စနစ်၏ အသုံး၀င်မှုကို တွေ့မြင်သတိထားမိခဲ့၏။ ကောင်းကင်နတ်အရှင်ရုံသာ ၀င်္ကပါပညာတွင် ထူးချွန်နေသရွေ့ သူ၏ မရေတွက်နိုင်သော ကိုယ်ပွားများ၏ စွမ်အားကို အဆုံးအစွန်အထိ တိုးမြှင့်နိုင်ပေသည်။
ကောင်းကင်နတ်အရှင်ရုံသည် တစ်ဦးချင်း တိုက်ခိုက်ရာတွင် ရုပ်ခန္ဓာခွန်အားနိမ့်ကျမှုကြောင့် ခံစစ်အနေအထားသာ ရင်ဆိုင်ရသည်။ သို့သော် အရေအတွက်ကို ဦးစားပေးသည့် တိုက်ပွဲများကို ရင်ဆိုင်သောအခါ သူကား ပြိုင်ဘက်ကင်းချေ၏။
ဤနှစ်များအတွင်း မျက်ကန်းသည် ကောင်းကင်နတ်အရှင်ရုံအတွက် ဝင်္ကပါအမျိုးအစား စုံလင်စွာ ရေးဆွဲပေးခဲ့ကာ ကောင်းကင်နတ်အရှင်ရုံအား သင်ယူစေခဲ့၏။
အခြားသူသာဆိုလျှင် ထိုမျှ ရှုပ်ထွေးခက်ခဲသည့် ၀င်္ကပါအမျိုးအစားတို့အား ဆယ်နှစ်အတွင်း သင်ယူတတ်မြောက်နိုင်ရန် မလွယ်လှပေ။ သင်ယူနိုင်လျှင်တောင်မှ ကိုယ်ပွားသန်းပေါင်းများစွာကို တစ်ပြိုင်တည်း ထိန်းချုပ်နိုင်ရန် ခက်သလို၊ အဆက်မပြတ် ပြောင်းလဲနေသော စစ်မြေပြင်ဆီသို့ ၀င်္ကပါမျိုးစုံ ပို့လွှတ်တိုက်ခိုက်နိုင်ရန်ကလည်း မလွယ်ကူချေ။
သို့သော် ကောင်းကင်နတ်အရှင်ရုံကတော့ လူထူးဆန်းမဟုတ်လော။
သူသည် ထူးခြားသည့်အပြင် ငတုံးတစ်ယောက် မဟုတ်ပေ။ ငတုံး မဟုတ်ည့်အပြင် သာမန်ထက်ပို၍ ထက်မြက်၏။ တခြားသူများနှင့် ပြောဆိုဆက်ဆံရသည်ကိုသာ နေသားမကျသောကြောင့် ဗဟုသုတအရာတွင် လိုအပ်နေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအား လိုက်မမှီနိုင်ခြင်းပင်။
သို့သော် ရုံမှာ တစ်သီးတခြားနေတတ်သည့် စိတ်ကို မြိုသိပ်ထားကာ မျက်ကန်းနောက်သို့ လိုက်၍ အပတ်တကုတ် ကြိုးစားလေ့လာသင်ယူခဲ့သည်။ ဤသို့ဖြင့် ဖြစ်နိုင်စရာ အကြောင်းမရှိသည့် အရာကို ဖြစ်မြောက်အောင် နားလည်သဘောပေါက်ခဲ့သည်။
ဤအခိုက်အတန့်တွင် ဆယ်နှစ်တာ အားထုတ်ခဲ့ရမှုတို့သည် နောက်ဆုံးတွင်တော့ အရာထင်လာခဲ့ချေပြီ။
ကိုယ်ပွားစစ်တပ်က မိစ္ဆာနတ်ဘုရားစစ်တပ်နှင့် ဝင်တိုက်သွားသည်။ ချက်ချင်းပင် သွေးတို့က မြစ်ချောင်းများအလား စီးဆင်းလာတော့သည်။ ယိုတု၌ မိစ္ဆာနတ်ဘုရားများ မည်မျှပင် များပြားပါစေ သူ၏ စက္ကူလှေနှင့် တမန်တော်စစ်တပ်အား တိုက်ခိုက်ရသည့်အခါ တစ်ဖက်သတ် ချေမှုန်းသတ်ဖြတ်ခံရခြင်းသာ ဖြစ်လိမ့်မည်။
မရေမတွက်နိုင်သော စက္ကူလှေတို့က ရှေ့သို့ ဦးတည်ထွက်ခွာလာကြသည်။ သွေးလှိုင်းများက နေရာတိုင်းသို့ အရှိန်အဟုန်ပြင်းစွာ ပုတ်ခတ်နေ၏။ မိုင်ထောင်သောင်းပေါင်းများစွာ မြင့်မားသော သွေးလှိုင်းများအထဲတွင် မိစ္ဆာနတ်ဘုရားအလောင်းများက အရပ်လေးမျက်နှာသို့ ပေါလောမျောနေကြ၏။
စက္ကူလှေများက သွေးလှိုင်းများကို ဖြတ်သန်းလှော်ခတ်နေရင်း ပို၍များပြားသော လှိုင်းဂယက်များ ဖြစ်ပေါ်လာစေပြီး ရှေ့သို့ ဦးတည်နေကြသည်။
မိစ္ဆာနတ်ဘုရားများက ကောင်းကင်နတ်အရှင်ရုံနှင့် အားချို၏ နှစ်ဖက်လုံးမှ ပြေးဝင်လာကြ၏။ ထိုအခါ သွေးလှိုင်းလုံးကြီးနှစ်လုံး ဖြာထွက်လာကာ ယိုတုစစ်တပ်၏ အရှိန်ကို ချက်ချင်း တွန်းထုတ်ပစ်လိုက်လေသည်။
ဤကျယ်ပြန့်လှသည့် ကမ္ဘာဦးဘုံယိုတုစစ်မြေပြင်ထဲတွင် စက္ကူလှေများသည် အဆက်မပြတ် ပေါင်းစည်းလာကြ၏။ မရဏတမန်တော် အဘိုးကြီးများ တစ်ယောက်နှင့် တစ်ယောက် ထပ်သွားကြသည့်အခါ သူတို့၏ ခွန်အားက တမုဟုတ်ချင်း ကြောက်မက်ဖွယ်ရာ မြင့်တက်လာသည်။ ထို့နောက် တုန်လှုပ်ချောက်ချားဖွယ်ရာ အရှိန်အဟုန်တို့ဖြင့် ကောင်းကင်နတ်ဘုံဘက်မှ တပ်မှူးများကို သတ်ဖြတ်နေကြ၏။ ပြီးလျှင် အချင်းချင်း ပြန်ခွဲထွက်သွားပြီးနောက် စက္ကူလှေများ စီးနင်းနေသော မရဏတမန်တော်များအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ ထို့နောက် အသက်အဖြတ်၀င်္ကပါတစ်ခု ခင်းကျင်း၍ တခြားမိစ္ဆာနတ်ဘုရားများဆီသို့ ပြေးဝင်သွားကြ၏။
နဂါးဟန်ခေတ်မှာ ယခုအချိန်အထိ သေဆုံးသွားသော ဉာဏ်ကြီးရှင်များနှင့် ပါရမီရှင်တို့၏ အရေအတွက်ကို မည်သူမှ မသိနိုင်ချေ။ သူတို့ထဲတွင် ဧကရာဇ်ပလ္လင်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့်၊ ကျောက်စိမ်းမြို့တော်အဆင့် ပုဂ္ဂိုလ်များ အများအပြား ပါဝင်သည်။ ထိုသိုင်းပညာရှင်အများစုသည် ယိုတုအပိုင် ဖြစ်၏။
ကောင်းကင်နတ်အရှင်ရှု ကမ္ဘာဦးဘုံအား သိမ်းပိုက်ခဲ့သည့်အချိန်၌ သေဆုံးသွားကြသော ထိုသိုင်းပညာရှင်များသည် စစ်တပ်အသီးသီးသို့ ထည့်သွင်းခံရကာ မိစ္ဆာစစ်တပ်၏ တပ်မှူးများ ဖြစ်လာကြသည်။
သို့သော် ဤမျှ ကြောက်လန့်တုန်လှုပ်စရာ ကောင်းသည့် တိုက်ခိုက်မှုမျိုးတွင် ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်များ၏ မူလဝိညာဉ်များပင်လျှင် အလျင်အမြန် သေဆုံးသွားကြချေပြီ။
မရေမတွက်နိုင်သော စက္ကူလှေများသည် ပျံသန်းလာတတ်ပြီး ယိုတုမိစ္ဆာတပ်မှူးများကို တွေ့ရလျှင် တစ်သားတည်း ပေါင်းစည်းသွားတတ်ကြသည်။ ထိုအခါ မရဏတမန်တော်၏ စွမ်းအားသည် ရုတ်ခြည်းဆိုသလို ကောင်းကင်နန်းဆောင်အဆင့်များသို့ မြင့်တက်သွားကြ၏။ တိုက်ကွက်တစ်ကွက်တည်းကပင် သေစေနိုင်ပြီး ဒုတိယမြောက်တိုက်ကွက် ထုတ်လွှတ်စရာမလိုအပ်ပေ။
ကောင်းကင်နတ်အရှင်ရုံသာ ကောင်းကင်နတ်အရှင်ရှုကို တားဆီးတိုက်ခိုက်ပါက နှစ်ဖက်လုံး အကျအရှုံး များပေလိမ့်မည်။ မည်သူကမှ နောက်ဆုံးအနိုင်ရသူ ဖြစ်လာနိုင်သည်ဟု ယုံကြည်ချက်ရှိရှိ မပြောရဲကြပေ။
သို့သော် ကောင်းကင်နတ်အရှင်ရုံသာ စစ်မြေပြင်သို့ ဝင်ရောက်ပါက လူတစ်ယောက်တည်း၊ လှေတစ်စင်းတည်း၊ မီးအိမ်တစ်လုံးတည်းဖြင့် ယိုတုကို ချေမှုန်းပစ်နိုင်သည်။
သို့သော် အားချိုသည် ယခုအချိန်အထိ ပြန်လည်မတိုက်ခိုက်သေးသောကြောင့် ကောင်းကင်နတ်အရှင်ရုံမှာ စိတ်ပူနေမိသည်။ အားချိုက ကောင်းကင်နတ်အရှင်ရှူ၏ တိုက်ကွက်များကို ရှောင်တိမ်းခြင်းလည်း မရှိပေ။
“မြေအောက်ဘုံအရှင်သခင် ဘာလို့ ပြန်မတိုက်တာလဲ…”
စက္ကူလှေတစ်စင်း ပျံသန်းသွားသည်။ လှေပေါ်ရှိ မရဏတမန်တော်တို့က ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ သို့သော် နောက်တခဏတွင် ကောင်းကင်နတ်အရှင်ရှု၏ ကြာပွတ်ကြောင့် စိစိညက်ညက် ကြေသွားကြသည်။
“အဖေ ၊ ကျွန်မ ငယ်ငယ်တုန်းက အရာအားလုံး မှတ်မိတယ်… ကျွန်မကို ခေါ်သွားခဲ့တဲ့ ခက်ခဲခါးသီးတဲ့ နေ့ရက်တွေအားလုံးကို မှတ်မိနေတုန်းပဲ”
ကောင်းကင်နတ်အရှင်ရှု၏ လက်ထဲရှိ ယိုတုမြစ်ကြာပွတ်က မြွေတစ်ကောင်ကဲ့သို့ အားချိုအား ရစ်ပတ်ထားသည်။ ယိုတုမြစ်ကြာပွတ်က သူ၏ရင်ဘတ်နှင့် နှလုံးသားတို့ကို ထိုးဖောက်သွား၍ မြွေတစ်ကောင်ကဲ့သို့ အမောက်ထောင်လာပြီး အားချို၏ အရုပ်ဆိုးသော မျက်နှာကြီးကို လှည့်ကြည့်လာသည်။
“အမေ၊ အစ်ကိုကြီး၊ အစ်ကိုလတ်နဲ့ ကျန်တဲ့သူတွေကို ပုန်းဖို့ ခေါ်သွားတာ ကျွန်မ မှတ်မိတယ်… သူတို့က ဖွဲ့ကြမ်းနဲ့ သစ်ဥသစ်ဖုတွေပဲ စားရင်း အဖမ်းခံရမှာကြောက်လို့ ထွက်ပြေးခဲ့ကြရတာ… အမေ ဂူတစ်လုံးထဲမှာ သေသွားတာကိုလည်း ကျွန်မ မှတ်မိနေသေးတယ်…”
ကောင်းကင်နတ်အရှင်ရှု၏ မျက်လုံးများက မြွေတစ်ကောင်၏ မျက်လုံးများအလား စူးရဲနေသည်။ အားချိုကို ကြည့်နေသည့် သူမ၏မျက်လုံးတို့က အေးစက်နေလေသည်။ “အဲဒီတုန်းက ဘယ်လောက်တောင် ခါးသီးစရာကောင်းပြီး ရက်စက်ခဲ့မှန်း အသေအချာကို မှတ်မိနေသေးတယ်… ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေက နတ်ဘုရားရဲ့ သားတော်သမီးတော်တွေ… တစ်လောကလုံးမှာ အသန်မာဆုံး ရှေးဟောင်းနတ်ဘုရားရဲ့ ကလေးတွေပဲ… ဒါပေမဲ့ ကျွန်မတို့ ဘာတွေဖြစ်သွားလဲ”
အားချို တိတ်ဆိတ်နေကာ ခေါင်းငုံ့ထား၏။
သူ၏ ကံကြွေးမီးတောက် ရွှေခန္ဓာကိုယ်မှာ စွမ်းအားကြီးလွန်းသည်။ စွမ်းအားကြီးလွန်းသဖြင့် ဒဏ်ရာများ ပြန်လည်သက်သာလာရန် မည်သည့်ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းကိုမှ အသုံးပြုစရာမလိုပေ။ သူ ပြန်လည်မတိုက်ခိုက်လျှင်တောင်မှ ကောင်းကင်နတ်အရှင်ရှုအနေဖြင့် သူ့ကို မသတ်နိုင်အောင် စွမ်းအားကြီးလေသည်။
ကောင်းကင်နတ်အရှင်ရှုက ယိုတုမြစ်ကို အသက်သွင်း၍ သူ၏ဦးခေါင်းအတွင်း ဖောက်၀င်သွားစေ၏။ သူမက ခက်ထန်စွာ ဆက်ပြောသည်။ “ရှင်နဲ့အတူ ထွက်ပြေးခဲ့ရတယ်…. ရှင့်ရဲ့ လူသားဖြစ်ချင်တဲ့ သိပ်ကို ကြီးကျယ်ခမ်းနားတဲ့ စိတ်ဆန္ဒကြောင့်လေ”
ယိုတုမြစ်မှာ တောက်လောင်နေသော ကံကြွေးမီးတောက်များကြောင့် အငွေ့ပျံသွားပြီး အားချိုက ထရပ်လာပြန်သည်။
ကောင်းကင်နတ်အရှင်ရှုက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူမ၏ ချွန်ထက်လှသော ဦးချိုက အားချို၏ ကျောပြင်အား ထိုးဖောက်ကာ သူ၏နောက်စေ့သို့ ထိုးစိုက်၍ လဲကျသွားစေသည်။
ကောင်းကင်နတ်အရှင်ရှုက သူမ၏ကောင်းကင်နတ်သိုင်းများကို အသက်သွင်း၍ အားချိုအား အသည်းအသန် တိုက်ခိုက်နေ၏။ သူမက သေစေနိုင်သည့် တိုက်ကွက်တစ်ကွက်ဖြင့် ထိုးနှက်လိုက်သည်။ “ကျွန်မရဲ့ အမေ၊ တစ်လောကလုံးမှာ စွမ်းအားအကြီးဆုံး ရှေးဟောင်းနတ်ဘုရားရဲ့ မိန်းမက တစ်ရက်လေးမှ ချမ်းချမ်းသာသာ ဂုဏ်သိက္ခာရှိရှိ မနေခဲ့ရဘူး…. ဦးတည်ရာ မရှိတဲ့ ရှင့်နောက်ကို ကြောက်လန့်တကြား လိုက်ခဲ့ရပြီး နောက်ဆုံးမှာတော့ ခံနိုင်ရည်မရှိဘဲ နေမကောင်းဖြစ်ရင်း အကြောက်တရားတွေနဲ့ပဲ သေသွားခဲ့ရတယ်…”
သူမ၏ ကောင်းကင်နတ်သိုင်းစွမ်းအားတို့က ပိုပို၍ ပြင်းထန်လာသည်။ သူမသည် မြိုသိပ်ထားခဲ့သော အမုန်းတရားတို့ကို ဖွင့်ဟပြောဆိုနေပြီး အားချိုတစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေသည့်တိုင်အောင် ရိုက်နှက်၏။ ခါးခါးသီးသီး ရယ်မောနေသော သူမအသွင်မှာ ရူးသွပ်နေသည့် မိစ္ဆာတစ်ကောင်နှင့်ပင် တူနေတော့သည်။ “ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေ ဘယ်ရောက်သွားကြလဲ… သူတို့က ကျွန်မနဲ့အတူတူ စွမ်းအားအကြီးဆုံး ရှေးဟောင်းနတ်ဘုရားသွေးဆက်ကို ပိုင်ဆိုင်ထားကြတာလေ… အသက်ရှိနေဦးမယ်ဆိုရင် အောင်မြင်မှုတွေက ကျွန်မအောက် နိမ့်ကျနေမှာမဟုတ်ဘူး… သူတို့ ဘာလို့သေသွားကြတာလဲ… ရှင့်ရဲ့ လူသားဖြစ်ချင်တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အိပ်မက်ကြီးကြောင့်ပဲ သူတို့တွေ သေတဲ့အထိ ၀ဋ်ကျွေးခံသွားကြရတာလေ..”
ဝုန်း…
အားချိုမှာ သူမ၏ခြေထောက်အောက်တွင် ထုကြိတ်ခံနေရသည်။ ကောင်းကင်နတ်အရှင်ရှုက သူ့ခမည်းတော်၏ အရုပ်ဆိုးသော မျက်နှာကြီးကို ငုံ့ကြည့်ကာ အံတင်းတင်းကြိတ်၍ ပြော၏။ “ရှင့်သွေးဆက်က အားကောင်းလွန်းတယ်… ကျွန်မရဲ့ ဝိညာဉ်က အမေရဲ့သားအိမ်ထဲမှာကတည်းက နိုးထလာခဲ့တာ… ကျွန်မမှာ မှတ်ဉာဏ်တွေ ရှိတယ်… ကျွန်မမွေးလာပြီးတော့ ရှင်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို မျက်ဝါးထင်ထင် တွေ့ခဲ့ရတယ်… ကောင်းကင်နတ်ဧကရာဇ် ကျွန်မ ရှင့်ကို မုန်းလာအောင် သွေးထိုးပေးနေတယ် ထင်ခဲ့တာလား… မဟုတ်ဘူး.. ရှင် မြေအောက်ဘုံအရှင်သခင်အားချိုအဖြစ် အသွင်ပြောင်းပြီး ကောင်းကင်နတ်ဘုံဆီ ရောက်လာခဲ့တုန်းက ကျွန်မ ရှင့်ကို မုန်းတီးစက်ဆုပ်ခဲ့တယ်…”
သူမက အားချို၏ ဦးခေါင်းကို နင်းထားပြီး ဖနောင့်ဖြင့် ဖိချေနေသည်။ “ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်က ကျွန်မမျက်လုံးထဲက အမုန်းတရားတွေကို မြင်တဲ့အတွက် ကျွန်မကို ပျိုးထောင်စောင့်ရှောက်ပေးခဲ့တာပဲ… ဒါပေမဲ့ ရှင်က အဲဒါတွေကို မမြင်ခဲ့ဘူး… ကောင်းကင်နတ်ဘုံကိုပဲ ကလဲ့စားချေချင်ခဲ့တာ… အစောကတည်းက ထွက်မလာခဲ့တဲ့အတွက် ကျွန်မ ရှင့်ကို မုန်းတယ်… လူသားအဖြစ် ပြောင်းလဲသွားခဲ့တဲ့အတွက် ရှင့်ကို မုန်းတယ်… စွမ်းအားအကြီးဆုံးမျိုးနွယ် ဖြစ်နေလို့ ရှင့်ကို မုန်းတယ်… လူသားတွေ ကြောက်ရွံပူဇော်ကြတာကို ဘာလို့ အသာတကြည် မခံယူနိုင်ရတာလဲ..”
သူမ ခြေထောက်ကို မြှောက်လိုက်သည့်အခါ အားချိုက ထရပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ကောင်းကင်နတ်အရှင်ရှုသည် ခြေထောက်ဖြင့် ပြန်နင်းလိုက်၏။
“အဖေ၊ ရှင်က တစ်ကိုယ်ကောင်းဆန်တဲ့သူပဲ…. မြေအောက်ဘုံအရှင်သခင်ဖြစ်ဖြစ် အားချိုဖြစ်ဖြစ် ကိုယ့်တစ်ယောက်တည်းအတွက်ပဲ ကြည့်တာ… ရှင့်ရဲ့နှလုံးသားထဲမှာ ကျွန်မတို့ ဘယ်တုန်းကမှ မရှိခဲ့ဘူး… ရှင်တစ်ယောက်တည်းနဲ့ လူသားဖြစ်လာချင်တဲ့ ရှင့်ရဲ့ စက်ဆုပ်စရာအိပ်မက်ကပဲ နေရာယူထားခဲ့တာ… ကိုယ်ကျိုးမကြည့်တဲ့ မြေအောက်ဘုံအရှင်သခင်တဲ့လား… ရှင်နဲ့မထိုက်တန်တဲ့ နာမည်ပဲ…”
ကောင်းကင်နတ်အရှင်ရှုက နောက်တစ်ကြိမ် ဖိနင်းလိုက်ပြန်သည်။ “ရှင်က လူသားတစ်ယောက် ဖြစ်လာချင်ပေမယ့် ကျွန်မကတော့ လုံးဝဖြစ်မလာချင်ဘူး…. မရေမတွက်နိုင်တဲ့လူတွေ ကြောက်ရွံ့ပူဇော်ရတဲ့ ဖြစ်သည်မှုတစ်ခုပဲ ဖြစ်ချင်တယ် … လူသားတွေအားလုံးကို သတ်ပစ်ပြီး ရှင့်အိပ်မက်ကို ဖျက်ဆီးပစ်မယ်…”
သူမက မြေကြီးထဲ နစ်ဝေနေသည့် အားချို၏ ခြေထောက်ကို ဆွဲကာ သူ့အား တရွတ်တိုက် ဆွဲထုတ်လိုက်သည်။ ထို့နောက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ပြုံးလျက် လျှောက်သွား၏။ “အဖေ၊ လာကြည့်လှည့်ပါ… ရှင် ဂရုစိုက်တဲ့အရာမှန်သမျှကို ကျွန်မ ဖျက်ဆီးပြမယ်”