လူ့သဘာဝ၏ ငရဲမီး
Vol. 133 Ch. 1716
အားချိုမှာ ခြေထောက်တစ်ဖက်အား တရွတ်တိုက် ဆွဲယူခံသွားရသောကြောင့် ဦးခေါင်းမှာ မြေပြင်နှင့် ပွတ်တိုက်နေသည်။ ကမ္ဘာဦးဘိုတု၏ မြေပြင်ထက်က ဆူးညှောင့်ခလုတ်များသည် သူ၏ အရုပ်ဆိုးသော မျက်နှာကြီးအား ပို၍ပင် စုတ်ပြတ်လာစေတော့သည်။
သူ့တွင် မည်သည့်ဒဏ်ရာမှ မရှိပေ။ စွမ်းအားကြီးလွန်းသော ကံကြွေးမီးတောက် ရွှေခန္ဓာကိုယ်က ဒဏ်ရာများကို အပြည့်အဝ ကုသပေးထားသည်။ သူ၏ မူလဝိညာဉ်ကလည်း ပြိုင်ဘက်ကင်းစွမ်းအားကြီး၏။ တစ်လောကလုံးတွင် စွမ်းအားအကြီးဆုံး မူလဝိညာဉ်ဟုပင် ပြော၍ရနိုင်သည်။
သို့သော် သူ၏ပုံစံမှာ အပြင်းထန်ဆုံးဒဏ်ရာများကို ခံစားနေရသည့်အလားပင်။
ကောင်းကင်နတ်အရှင်ရှု၏ စကားလုံးများနှင့် အပြူအမူများသည် သူ့အတွက် အပြင်းထန်ဆုံး ကောင်းကင်နတ်သိုင်းများအလားပင်။ ၎င်းတို့က သူ၏တာအိုနှလုံးသားကို ထိုးနှက်တိုက်ခိုက်နေကြ၏။ သူ၏ တာအိုနှလုံးသားထဲတွင် လူသားတစ်ယောက် ဖြစ်လာလိုသော မျှော်လင့်ချက်နှင့် မိသားစုသံယောဇဉ်မေတ္တာတို့က ခန္ဓာကို နှိပ်စက်နေသည့် ကံကြွေးမီးတောက်တို့အဖြစ် ပြောင်းလဲသွားသည်။
ဤသည်က သူ အိပ်မက်မက်ခဲ့ရသည့် လူသားလောက၏ ကံကြွေးမီးတောက်ပင် ဖြစ်သည်။ ဤမီးတောက်သည် လူသားတစ်ဦး၏ စိတ်ခံစားချက်များကို စုစည်းထားခြင်း ဖြစ်၏။ သို့သော် ၎င်းလောင်ကျွမ်းနေသည့်အချိန်၌ အလွန်တရာ နာကျင်ပြီး အသည်းခိုက်အောင် ခံစားရလေသည်။
သူ သည်းခံကျော်လွှားနိုင်ပါက ယိုတုတာအို၏ တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေလိမ့်မည်။ ယခင်ဘဝမှ မြေအောက်ဘုံအရှင်သခင် မမျှော်လင့်နိုင်သည့် အောင်မြင်မှုများ ရရှိနိုင်ပေမည်။
သို့သော် မခံနိုင်ပါက ကံကြွေးမီးတောက်များထဲတွင် သူ၏ဝိညာဉ်နှင့်အတူ လောင်ကျွမ်း ပြာကျသွားရပေလိမ့်မည်။
ဤအခိုက်အတန့်တွင် အားချိုသည် တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်ခြင်းရှိ၊ မရှိကို အာရုံထဲ၌ပင် မရှိချေ။ သူတို့သားအဖနှစ်ယောက်အကြောင်းကိုသာ တွေးတောစဉ်းစားနေမိသည်။
သူ တွေးလိုက်တိုင်း ကံကြွေးမီးတောက်က ပို၍ အားကောင်းပြင်းထန်လာသည်။ ပြီးခဲ့သည့် နှစ်ရှစ်သိန်းအတွင်း သူသည် မရေမတွက်နိုင်သော ကံကြွေးမီးတောက်များကို ခံစားခဲ့ရ၏။ ၎င်းက သူ၏ ကံကြွေးမီးတောက် ရွှေခန္ဓာကိုယ်ကို ဖော်ဆောင်ပေးခဲ့သော စကြ၀ဠာတစ်ခုလုံးမှ ကံကြွေးမီးတောက်များ ဖြစ်ခဲ့ကြသည်။
ထိုကံကြွေးမီးတောက်တို့ သူ့ကို နှိပ်စက်နေသည့်တိုင် အောင်မြင်စေမည့် အကြောင်းရင်း ဖြစ်သည့််အတွက် ခံနိုင်ရည်ရှိခဲ့၏။
သို့သော် သူ၏ မိသားစုသံယောဇဉ်မှ ဖြစ်ပေါ်လာသော ကံကြွေးမီးတောက်တို့ကတော့ သူ့တာအိုနှလုံးသား၏ အနက်ရှိုင်းဆုံး အားနည်းချက်ကို တိုက်ခိုက်နေလေသည်။ ပြင်းထန်အားကောင်းလွန်းသောကြောင့် သူ့မှာ ခံနိုင်ရည်မရှိပေ။
အားချို၏ တာအိုနှလုံးသားထဲတွင် အားအနည်းဆုံးမှာ သားအဖသံယောဇဉ်ကြောင့် ဖြစ်တည်လာသော ကံကြွေးမီးတောက်ပင် ဖြစ်၏။ သူ့အနေဖြင့် ၎င်းကို မခုခံနိုင်ချေ။
ချင်မူသည် ကောင်းကင်နတ်အရှင်ရှုကို တိုက်ခိုက်ရန် ကောင်းကင်နတ်အရှင်ရုံကိုသာ အမြဲတမ်း တောင်းဆိုခဲ့ပြီး အားချို ကောင်းကင်နတ်အရှင်ရှုနှင့် ထိပ်တိုက်မတွေ့စေရန် ဖန်တီးခဲ့သည်မှာလည်း ဤအကြောင်းအရင်းကြောင့်သာ ဖြစ်၏။
အားချို၏ ကောင်းကင်နတ်အရှင်ရှုအပေါ် ထားရှိသည့် သံယောဇဉ်မှာ စိတ်နှလုံးမိစ္ဆာအဖြစ် ပြောင်းလဲနေခဲ့သည်ကို ချင်မူ သတိပြုမိခဲ့သည်။ သူသည် နှစ်ရှစ်သိန်းလုံး မျှော်လင့်စောင့်စား၍ သက်ရှိအားလုံး၏ ကံကြွေးမီးတောက်ဖြင့် ရွှေခန္ဓာကိုယ်ကို ဖော်ဆောင်ခဲ့ခြင်းမှာ သားအဖသံယောဇဉ်ကြောင့်သာ ဖြစ်ချေရာ သူ၏အစွဲစိတ်က မည်မျှအားကောင်းလှပါသနည်း။
အစွဲစိတ် အားကောင်းလေလေ ကံကြွေးမီးတောက်တို့က ပို၍ကြောက်စရာကောင်းလေလေ ဖြစ်သည်။ မြေအောက်ဘုံအရှင်သခင်ကိုပင် ပြာကျသွားစေနိုင်၏။
ကောင်းကင်နတ်အရှင်ရှုက အားချို၏ ခန္ဓာကိုယ်ကို ဆွဲခေါ်ကာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ လန်ဖုန်းတောင်ကြားသို့ တစ်လှမ်းချင်း လျှောက်လာသည်။ နတ်ဘုရားမြို့များက ကောင်းကင်တွင် မျောလွင့်နေပြီး မြေပြင်ကို ကာကွယ်ထားသည့် အကာအရံတစ်ခုအလား မိုင်သန်းပေါင်းများစွာ ရှည်လျားစွာဖြင့် နေရာယူထားကြသည်။
ကမ္ဘာဦးဘုံ ယိုတုမှ လှမ်းကြည့်လိုက်ပါက နတ်ဘုရားမြို့များဖြစ်စေ မုခ်၀များဖြစ်စေ ပုံရိပ်ယောင်များနှင့် တူလေသည်။ ကန့်လန့်ကာတစ်ခုအပေါ် ကျဆင်းနေသော အရိပ်များကဲ့သို့ အဆက်မပြတ် ယိမ်းနွဲ့လှုပ်ရှားနေကြ၏။
ကမ္ဘာဦးဘုံယိုတုနှင့် ကမ္ဘာဦးဘုံတို့မှာ နေရာနှစ်ခု ထပ်နေခြင်း ဖြစ်သည်။ ကောင်းကင်နတ်အရှင်ရှုသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ လန်ဖုန်းတောင်ကြား၊ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာများ၊ ရုပ်ခန္ဓာများနှင့် မူလ၀ိညာဥ်တို့ကို စောင့်ရှောက်နေကြသည့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ စစ်သည်တော်များကို တွေ့မြင်နေရ၏။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဘက်မှ ကြည့်လျှင်မူ နတ်မျက်လုံး ကျင့်ကြံထားသူများနှင့် ယိုတုလမ်းစဉ်၌ နက်ရှိုင်းသော အောင်မြင်မှုတို့ ရထားသူများသာ ယိုတုနှင့် ကောင်းကင်နတ်အရှင်ရှုတို့ကို တွေ့မြင်ရနိုင်သည်။
ယိုတုက ထိုမျှ ခမ်းနားအံ့သြဖွယ်ကောင်းလွန်း၏။
ယိုတု၏ မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးများသာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်လာလျှင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရှိ နတ်ဘုရားမိစ္ဆာများအတွက် ကိုယ်ပျောက်ရန်သူများ ဖြစ်နေပေလိမ့်မည်။ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်လိမ့်မည်မှာ အသေအချာပင်။
“ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်ဘုံရဲ့ ပင်မစစ်စခန်းမှာ… ကောင်းကင်နတ်အရှင်ရုံက ယိုတုစစ်တပ်တွေကို ခုခံနေရတယ်… ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူကလည်း အဆင့်ကျသွားပြီ… ဒီနေရာကို ခုခံပေးမယ့်သူက လန်ယွီတျန်းတစ်ယောက်ပဲ ကျန်တော့တယ်…”
ကောင်းကင်နတ်အရှင်ရှုက မြေအောက်ဘုံအရှင်သခင်ကို ဆွဲခေါ်ရင်း လန်ဖုန်းတောင်ကြားဆီသို့ လျှောက်သွားသည်။ သူမက ပြုံးလျက် ဆက်ပြောသည်။“လန်ယွီတျန်းကလည်း ကျွန်မပြိုင်ဘက်မဟုတ်ဘူး… ဒီထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ကျွန်မအတွက် ခြံစည်းရိုး ခတ်မထားတဲ့ ခြံ၀န်းလိုပဲ… အထဲဝင်သွားတာနဲ့ အားလုံးကို သတ်ဖြတ်စားသုံးလို့ရပြီ… အဖေ၊ ဒါက ကျွန်မတို့ရဲ့ စွမ်းအားပဲ… ရှင် မသုံးရဲတဲ့ စွမ်းအားပေါ့…”
သူမမှာ ဖန်အိုးကို ခွဲပစ်ချင်နေသည့် ကလေးမလေးသဖွယ် စိတ်လှုပ်ရှားနေပြီး သူမ၏မျက်လုံးထဲတွင် အမှောင်ထု ဖုံးလွှမ်းနေချေပြီ။ သူမ၏နှလုံးသားထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်ချင်သည့် စိတ်ဆန္ဒကသာ နေရာယူထားပြီး မစောင့်နိုင်တော့သည့်အထိ စိတ်လှုပ်ရှားနေ၏။
“ဒါပေမဲ့ ကျွန်မကတော့ သုံးရဲတယ်…”
ဤအခိုက်အတန့်တွင် လန်ဖုန်းတောင်ကြား၌ ရွာလူကြီးက ဟောပြောနေသည်။ လန်ယွီတျန်း ငုံ့ကြည့်လိုက်သည့်အခါ အားချို၏ ခြေထောက်ကို ကိုင်လျက် လျှောက်လာသော ကောင်းကင်နတ်အရှင်ရှုကို တွေ့လိုက်ရလေသည်။
သူက ငေါက်ခနဲ ထရပ်လိုက်သည်။ ကောင်းကင်နတ်အရှင်ရှုသာ လန်ဖုန်းတောင်ကြားထဲ ၀င်ရောက်လာပါက သူမကို တားဆီးနိုင်သူမရှိပေ။
သူသာ ကောင်းကင်နတ်အရှင်ရှုကို တိုက်ခိုက်နိုင်သည်။
သူ ကမ္ဘာဦးဘုံ၏ ယိုတုသို့ ဝင်ရောက်တော့မည့်အချိန်တွင် ရုတ်တရက် ရပ်တန့်လိုက်၏။
ကမ္ဘာဦးဘုံ၏ ယိုတုထဲတွင် ကောင်းကင်နတ်အရှင်ရှုကလည်း ရပ်လိုက်ပြီး အားချို၏ ခြေထောက်ကို လွှတ်ပေးလိုက်သည်။ အားချို၏ ခန္ဓာကိုယ်မှ ကံကြွေးမီးတောက်တို့သည် အားကောင်းပြင်းထန်လွန်းသောကြောင့် သူမ၏ လက်ကိုပင် ကူးစက်လောင်ကျွမ်းကာ မချိမဆံ့ ခံစားနေရစေ၏။
သူမ လှည့်ကြည့်လိုက်ရာတွင် အားချို၏ ကံကြွေးမီးတောက် ရွှေခန္ဓာကိုယ်မှာ မီးတောက်များကြား၌ မည်းနက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် မီးသွေးဖြင့် ဖွဲ့တည်နေသော ဘီလူးကြီးတစ်ကောင်နှင့် တူသော်လည်း မီးသွေးတို့ကပင် လောင်ကျွမ်းနေချေပြီ။
“အဖေ၊ လူသားမျိုးနွယ်ကို နှုတ်ဆက်ဖို့ တုံ့ဆိုင်းနေတုန်းလား”
ကောင်းကင်နတ်အရှင်ရှုက ကျယ်လောင်စွာလှောင်ရယ်လိုက်သည်။ “လူသား ဖြစ်လာဖို့ အမေနဲ့ ကလေးတွေကို သတ်ခဲ့ရတယ်… အခု လူသားမျိုးနွယ်အတွက် တစ်ယောက်တည်း ကျန်တော့တဲ့ သမီးကိုလည်း သတ်ချင်နေပြီမလား..”
အားချို ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကံကြွေးမီးတောက်တို့သည် ပို၍ပြင်းထန်စွာ တမြိုက်မြိုက် လောင်ကျွမ်းလာ၏။ သူ့ခန္ဓာကိုယ်တွင် ပူလောင်နေသော နာကျင်မှုက သူ့မူလ၀ိညာဉ်ရှိ နာကျင်မှုလောက် မပြင်းထန်ပေ။
သို့သော် မူလဝိညာဉ်ရှိ နာကျင်မှုက တာအိုနှလုံးသား၏ နာကျင်မှုနှင့် ယှဉ်လျှင် များစွာ အားနည်း၏။
“ကလေးတို့၊ အဖေ မင်းတို့ကို တကယ် ကာကွယ်ပေးချင်ခဲ့ပါတယ်…”
သူက ကောင်းကင်နတ်အရှင်ရှုကို ကျောပေးထားပြီး ပခုံးတို့ တသိမ့်သိမ့် တုန်နေသည်။ လက်မြှောက်၍ မျက်နှာအား ကာလိုက်ပြီး မျက်ရည်တို့က သူ၏ မျက်လုံးသုံးလုံးမှ စီးကျလာတော့သည်။
အားချိုက မြေအောက်ဘုံအရှင်သခင် မဟုတ်ချေ။
အားချိုသည် မြေအောက်ဘုံအရှင်သခင်နှင့် တူသော လူတစ်ယောက်သာ မဟုတ်ပါလော။ အားချိုဆိုသော လူသားမှာ အရုပ်ဆိုးသော်လည်း သနားကြင်နာတတ်သူတစ်ဦး ဖြစ်၏။
သူကား သက်ရှိလူသားတစ်ယောက် ဖြစ်လေသည်။
အားချိုမှာ အခြားသူများအပေါ် ကြင်နာသနားတတ်ပြီး အိမ်နီးချင်းများကို ကူညီပေးတတ်သည်။ အိမ်နီးချင်းများက သူ့ကို အင်မတန် ကြောက်ရွံကြသော်လည်း နောက်ပိုင်းတွင် လက်ခံပေးလာခဲ့ကာ အလွန် စိတ်ထားကောင်းသူတစ်ဦးဖြစ်ကြောင်း သိခဲ့ရ၏။
အားချိုမှာ အမှန်တကယ်ပင် သူ၏ ဇနီးနှင့် ကလေးများကို မနာကျင်စေချင်ခဲ့ပေ။ သူ့ဘ၀ကို စွန့်လွှတ်၍ သူ့ဇနီးသည်နှင့် ကလေးများကို ကာကွယ်ပေးချင်ခဲ့၏။ သူ၏ အမေအိုကြီး သေဆုံးသွားသည့်အချိန်၌ မြေအောက်ဘုံအရှင်သခင် ဖြစ်ချင်ခဲ့မိသည်။ သေသူကို ပြန်အသက်သွင်း၍ သူ့အမေ၏ အသက်ကို ကယ်တင်ကာ သားသမီးတာ၀န် ကျေပွန်စွာဖြင့် ပြုစုစောင့်ရှောက်ချင်ခဲ့မိသည်။
သို့သော် မလုပ်နိုင်ခဲ့ချေ။ လုံး၀ မလုပ်နိုင်ခဲ့ချေ။
သူဆိုသည်က မြေအောက်ဘုံအရှင်သခင်နှင့် အလွန်တရာ ရုပ်ချင်းဆင်သည့် သေမျိုးတစ်ယောက်သာ ဖြစ်နေသည်။
မြေအောက်ဘုံအရှင်သခင်သည် တစ်လောကလုံးတွင် စွမ်းအားအကြီးဆုံး မူလဝိညာဉ်နှင့် အကန့်အသတ်မဲ့စွမ်းအားတို့ကို ပိုင်ဆိုင်ထား၏။ သို့သော် မြေအောက်ဘုံအရှင်သခင်ဟူသည် သရုပ်ကြောင့် ယိုတုမဟာတာအိုစိတ်ဆန္ဒကို ခုခံနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် အားချိုကတော့ လူသားတစ်ယောက်သာ။
လူသားစိတ်ကို ပိုင်ဆိုင်ထားသရွေ့ မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားကို ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။
ဘဝ၏ ဆင်းရဲဒုက္ခများ၊ လောက၏ ဆိုးသွမ်းမှုများ၊ နတ်ဆိုးများ၏ ရုပ်ဆိုးအကျည်းတန်မှုနှင့် နှိပ်စက်သတ်ဖြတ်မှုများက သူ့အား လူ့ဘဝကို လက်မလျှော့စေခဲ့။ လူသားဆန်မှုကို မစွန့်လွှတ်စေခဲ့ပေ။ သူသည် လောကတွင် ရုပ်ဆိုးအကျည်းတန်ဆုံးသူ ဖြစ်သော်လည်း ရုပ်ဆိုးသော အသွင်အပြင်အောက်၌ အဖြူစင်ဆုံး နှလုံးသားကို ဖုံးကွယ်ထားသည်။ အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်နေတတ်ပြီး အနာဂတ်သည် လှပကောင်းမွန်လာမည်ဟု ယုံကြည်နေမြဲ လူသားတစ်ယောက်သာ ဖြစ်ချေ၏။
ဇနီးနှင့် သားသမီးများ တစ်ဦးပြီး တစ်ဦး စွန့်ခွာသွားသည့်အချိန်၊ နတ်ဘုရားတစ်ပိုင်းတို့ သူ၏ သားသမီးများကို ချောက်ထဲသို့ ပစ်ချခဲ့သည့်အချိန်၊ သူ၏ သားသမီးများ သူ့ရှေ့တွင် တစ်စစီ ဖြစ်သွားသည့်အချိန်တို့၌...
အားချို သေဆုံးသွားခဲ့သည်။
သူ၏ လူသားဆန်မှု သေဆုံးသွားခဲ့သည်။
သို့သော် အပြည့်အဝ မသေဆုံးခဲ့ပေ။
မြေအောက်ဘုံအရှင်သခင်သည် သူ့ခန္ဓာကိုယ်ထဲတွင် ပြန်လည်အသက်၀င်လာသော်လည်း အပြည့်အဝ မဟုတ်ခဲ့ပေ။
သူ့ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့ ဒေါသမီးများ လောင်ကျွမ်းနေခဲ့ပြီး ယိုတု၏ မိစ္ဆာသဘာ၀က သူ့ခန္ဓာကိုယ်တွင် နေရာယူလာခဲ့သည်။ သို့သော် ကလဲ့စားချေလိုခြင်းက လူ့သဘာ၀ပင် မဟုတ်လော။ ကလဲ့စားချေလိုစိတ်က သူအား စိုးမိုးသွားခဲ့သည့်အခါ ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်ကာ သူ့အား ဒုက္ခပေးခဲ့သည့် ရန်သူများကို သတ်ဖြတ်ပစ်ချင်လာခဲ့သည်။
သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် လူ့သဘာ၀တစ်ခု ရှိနေသေးသည်။ သူ၏ တစ်ဦးတည်းသော သမီးအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာပင် ဖြစ်၏။ သူကား ဒေါသမီးနှင့် သမီးအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေခဲ့သည်။ ထိုစိတ်နှစ်ခုဖြင့် တောင်ကောင်းကင်မုခ်၀သို့ ဝင်ရောက်ကာ ကျောက်စိမ်းမြို့တော်အထိ ဖျက်စီးသတ်ဖြတ်သွားခဲ့ခြင်းပင်။
ယိုတုတာအို၏ အချုပ်အနှောင်တို့က သူ့ကို ရစ်ပတ်တုပ်နှောင်ထားသော်လည်း အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့ပေ။
သို့သော် နောက်ဆုံးတွင် သူ့မှာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ တားဆီးခြင်း ခံခဲ့ရပြီး ယိုတုသို့ ပြန်လည် တွန်းထုတ်ခံခဲ့ရသည်။
သူ ယိုတုသို့ ပြုတ်ကျနေစဉ်တွင် သူ၏သမီးမှာ ထိုက်ချူကောင်းကင်နတ်ဧကရာဇ်၏ လက်ထဲသို့ ရောက်သွားသည်ကို တွေ့မြင်ခဲ့ရသည်။
ထိုအခါ ကလဲ့စားချေလိုသော ဒေါသမီးများ ပျောက်ကွယ်သွားခဲ့သည်။ မြေအောက်ဘုံအရှင်သခင် ပြန်ဖြစ်လာခဲ့သော်လည်း သူ၏ သမီးအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်မှုတို့ ကိန်းအောင်းလာခဲ့၏။ ဤသည်က သူ၏ ကျန်ရှိသည့် တစ်ခုတည်းသော လူသားသဘာ၀ ဖြစ်လေသည်။ ထိုလူသားစိတ်သည် မြေအောက်ဘုံအရှင်သခင်၏ နှလုံးသားထဲတွင် ရှင်သန်ကျန်ရစ်ကာ အမြစ်တွယ်ခဲ့၏။
ယိုတုမဟာတာအိုမှ လွတ်မြောက်၍ လူသားတစ်ယောက် ဖြစ်လာရန်မှာ မြေအောက်ဘုံအရှင်သခင်၏ အစွဲစိတ်အဖြစ်သို့ ပြောင်းလဲခဲ့၏။ ထိုအစွဲအတွက် ကြိုတင်အစီအစဉ်ချခဲ့သည်။
သူ၏သမီးအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာက ကောင်းကင်နတ်အရှင်ရှုအား တိုက်ခိုက်ခွင့် မပေးခဲ့ပေ။ အားချိုသည် သမီးဖြစ်သူ၏ အသားနာအောင် ထိပင် ထိမည်မဟုတ်။
ဤသည်မှာ သူ ကျော်ဖြတ်၍ မရသော အတားအဆီးပင် ဖြစ်သည်။
မိသားစုသံယောဇဉ်၏ ကံကြွေးမီးတောက်သည် သူ့အား တိုက်စားဝါးမြိုသွားလိမ့်မည်။ သူ၏ ရုပ်ခန္ဓာကို ဖျက်ဆီး၍ မူလဝိညာဉ် ပြာကျအောင် မီးလောင်တိုက်သွင်းကာ တာအိုနှလုံးသားကို အပြီးအတိုင် ဖျက်ဆီးပစ်ပေလိမ့်မည်။
သူသာ ဤအတားအဆီးကို ကျော်လွှားနိုင်ခဲ့ပါက ယိုတု၏ တာအိုသိုင်းပညာရှင် ဖြစ်လာကာ သေခြင်းရှင်ခြင်းမဟာတာအိုကို ထိန်းချုပ်နိုင်ပေမည်။
သို့သော် ဤအတားအဆီးကို မကျော်လွှားနိုင်ခဲ့ပေ။
အားချိုမှာ မြေအောက်ဘုံအရှင်သခင်နှင့် တူသော လူတစ်ဦးသာ ဖြစ်သည်။ မြေအောက်ဘုံအရှင်သခင်ကဲ့သို့ ရုပ်ဆိုးသော်လည်း မြေအောက်ဘုံအရှင်သခင် မဟုတ်ပေ။
သူသည် လူသားတစ်ဦးဖြစ်၏။
ဤအခိုက်အတန့်တွင် သူ ဆုံးဖြတ်ချက်ချရပေမည်။
"သမီး..."
အားချိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ကောင်းကင်သို့ ဦးတည်ဟိန်းဟောက်လိုက်သည်။ ယိုတုမဟာတာအိုက သူ့ခန္ဓာကိုယ်မှ လွတ်မြောက်လာ၏။ ယိုတု၏ စွမ်းအားများ နိုးထလာပြီး သူ့ခန္ဓာကိုယ်ထဲရှိ မြေအောက်ဘုံအရှင်သခင်က တစ်ဖန် ပြန်လည်အသက်၀င်လာတော့သည်။
သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဖောင်းကြွကြီးထွားလာနေ၏။ ရုပ်ခန္ဓာကလည်း ပြောင်းလဲလာသည်။ စစ်ပွဲများတွင် ဖျက်ဆီးခံခဲ့ရသည့် ကမ္ဘာလောကများ၊ ပျက်စီးသွားသည့် ယိုတု၊ စစ်ပွဲများတွင် သေဆုံးသွားသည့် သက်ရှိတို့၏ မကျေနပ်မှုများ၊ မိစ္ဆာသဘာ၀များ… ဘဝတစ်လျှောက်လုံးမှ အပြစ်များနှင့် မကောင်းမှုများ အားလုံးသည် ဤအခိုက်အတန့်တွင် သူ့ထံသို့ စီးဆင်းဝင်ရောက်လာကြချေပြီ။။
အားချိုခန္ဓာကိုယ်ထဲရှိ မြေအောက်ဘုံအရှင်သခင် နိုးထလာပြီး ယိုတုမဟာတာအိုက သူ့ထံသို့ တစ်ဖန် စီးဆင်းလာသည်။
သူ လှည့်ကြည့်လာသည့်အခါ သူ၏ မျက်လုံးသုံးလုံးလုံးတွင် မီးတောက်အလား နီရဲနေသည့် မျက်ရည်များဖြင့် ပြည့်နှက်နေ၏။ သူက ကောင်းကင်နတ်အရှင်ရှုကို ကြည့်ကာ လက်ဆန့်တန်းလိုက်သည်။
"သမီးလေး… အိမ်ပြန်ကြစို့… အဖေ သမီးကို အိမ်ပြန်ခေါ်သွားမယ်"
အားချိုသည် ယိုတုမဟာတာအို၏ စည်းမျဉ်းများကို ဖိနှပ်ကာ ကောင်းကင်နတ်အရှင်ရှုအား အကျည်းတန်စွာ ပြုံးပြလိုက်၏။ "အိမ်ပြန်တော့… နောက်ထပ် မသတ်ဖြတ်ပါနဲ့တော့… အဖေ ယိုတုမဟာတာအိုကို မထိန်းချုပ်နိုင်တော့ဘူး..."
ယိုတုမဟာတာအိုက ကောင်းကင်နတ်အရှင်ရှုအား ယိုတုကောင်းကင်နတ်သိုင်းများ အသုံးပြုလျက် သက်ရှိများကို စိတ်တိုင်းကျ သတ်ဖြတ်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ရှုသာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ပါက မြေအောက်ဘုံအရှင်သခင်သည် ဥပဒေအတိုင်း ဆောင်ရွက်ရလိမ့်မည်။
အားချိုမှာ ယခင်အခြေအနေကို ပြန်လည်တွေ့ကြုံနေရ၏။ သို့သော် ဤတစ်ကြိမ်တွင် ကလဲ့စားချေရန် မဟုတ်ဘဲ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရှိ သက်ရှိသတ္တဝါတို့အား ကာကွယ်ရန်သာ ဖြစ်သည်။
ကောင်းကင်နတ်အရှင်ရှု၏ မျက်လုံးများက အနည်းငယ် တွေဝေနေသော်လည်း မကြာမီ အမုန်းတို့ ဖုံးလွှမ်းသွားခဲ့၏။ သူမသည် မည်သို့မျှ ပြန်မပြောဘဲ ယိုတုမြစ်ကြာပွတ်ကို လွှဲရမ်းရိုက်နှက်ရင်း ခက်ထန်စွာ အော်သည်။ "ရှင် ရူးနေပြီလား… ကျွန်မ ရှင်နဲ့အတူ ပြန်မလိုက်ဘူး… ကျွန်မက ကောင်းကင်နတ်အရှင်ရှုပဲ…. မြင့်မြတ်တဲ့ ကောင်းကင်နတ်အရှင်ရှု.. သက်ရှိအားလုံး ကျွန်မကို နာခံပြီး ကြောက်ရွံ့ရမယ်… အဖေ ဆင်းရဲဒုက္ခခံစားပြီး အရှက်တကွဲ နေထိုင်ချင်ပေမယ့် ကျွန်မကတော့ အဲ့လိုဆန္ဒ မရှိဘူး”
ယိုမြစ်ကြာပွတ်က အားချိုကို ရိုက်နှက်လိုက်သော်လည်း ရုတ်တရက် နူးညံ့ပျော့ပျောင်းသွားပြီး သူ့ဘေးတွင် ဝဲပျံနေတော့သည်။
ကောင်းကင်နတ်အရှင်ရှုက ချာခနဲ လှည့်၍ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ လန်ဖုန်းတောင်ကြားသို့ ၀င်ရောက်သွားသည်။
အားချို၏ မျက်လုံးသုံးလုံးမှ မီးမျက်ရည်များ ပိုမိုစီးကျလာပြီး လိပ်ပြာတောင်ပံများကဲ့သို့ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။ မြေအောက်ဘုံအရှင်သခင် နိုးထလာသော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ မိသားစုသံယောဇဉ်ကတော့ ကျန်ရှိနေဆဲပင်။ သူ၏ သမီးအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာကလည်း နေရာယူထားဆဲပင်။
ဤ ချစ်ခြင်းမေတ္တာသည် အရှိန်အဟုန်ပြင်းထန်သည့် ကံကြွေးမီးတောက်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ အရာအားလုံးကို လောင်ကျွမ်းနေစေ၏။
သူက ကောင်းကင်နတ်အရှင်ရှုကို ဆွဲခေါ်ရန် လက်လှမ်းလိုက်သည်။ ကောင်းကင်နတ်အရှင်ရှု၏ ယိုတုကောင်းကင်နတ်သိုင်းများနှင့် ယိုတုမဟာတာအိုတို့က သူ့အပေါ် အသုံးမ၀င်ပေ။
ဘုန်း…
သူ ကောင်းကင်နတ်အရှင်ရှုကို လှမ်းကိုင်လိုက်သည်နှင့် ကံကြွေးမီးတောက်တို့က ရုတ်ခြည်းဆိုသလို အလွန်ပြင်းထန်စွာ လောင်ကျွမ်းလာ၏။ မီးတောက်တို့က သူနှင့် ကောင်းကင်နတ်အရှင်ရှုကို လွှမ်းခြုံသွားတော့သည်။
ကောင်းကင်နတ်အရှင်ရှု ကျူးလွန်ခဲ့သည့် မကောင်းမှုအပြစ်များလည်း မီးစပွားလာကာ ကံကြွေးမီးတောက်ကို ပိုမိုအားကောင်းလာစေသည်။ သူမလက်ထဲတွင် သေဆုံးသွားခဲ့သည့် မရေမတွက်နိုင်သော ဝိညာဥ်တို့၏ မုန်းတီးမှုတို့က ကံကြွေးမီးတောက်ကို အစွမ်းကုန် လှုံ့ဆော်ပေးနေသည်။
"ထိုက်ယီပြောတာ မှန်တယ်... ငါ လိုချင်ရတာ ရလိမ့်မယ်… ဒါပေမဲ့ ဒီလိုရလဒ်မျိုး ဖြစ်လာမယ် မထင်ထားခဲ့ဘူး..."
လန်ဖုန်းတောင်ကြားအရှေ့ဘက်၊ ကမ္ဘာဦးဘုံယိုတုတွင် ကံကြွေးမီးတောက်၏ မီးလျှံများသည် မှန်းဆ၍မရနိုင်လောက်အောင် ပြင်းထန်နေသည်။ ထိုမီးလျှံများက စကြ၀ဠာတစ်ခုလုံး၏ သက်ရှိများမှ စုဆောင်းထားသော ကံကြွေးမီးတောက်များ ဖြစ်ပြီး ဤအခိုက်အတန့်တွင် အရာအားလုံးကို လောင်ကျွမ်း ပေါက်ကွဲနေစေ၏။
"မြေအောက်ဘုံအရှင်သခင်"
ကောင်းကင်နတ်အရှင်ရုံက အဆုံးမရှိစွာ တောက်လောင်နေသော ကံကြွေးမီးတောက်များကို လှည့်ကြည့်လိုက်သည်။ လူရိပ်နှစ်ခုက မီးတောက်များထဲတွင် လောင်ကျွမ်းပြိုကွဲ
နေကြချေပြီ။
ဤ ကံကြွေးမီးတောက်သည် အားကောင်းပြင်းထန်သည့်အတွက် သူပင် ဝင်ရောက်၍မရချေ။ ဝင်ရောက်ပါက ပြာဖြစ်၍ ပျောက်ကွယ်သွားပေလိမ့်မည်။
"ခင်ဗျားရဲ့ လူသားဆန်မှုကို စွန့်လွှတ်လိုက်ပြီး တကယ့်မြေအောက်ဘုံအရှင်သခင် ဖြစ်လာပါ"
ကောင်းကင်နတ်အရှင်ရုံမှာ မီးပင်လယ်အပြင်ဘက်သို့ ပြေးလာပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ "နောက်ဆုံး မိသားစုသံယောဇဉ်ကို ဖျက်ဆီးပစ်လိုက်ရင် ခင်ဗျား ရှင်သန်နိုင်မယ်"
အဝေးတစ်နေရာတွင် ကောင်းကင်ဘုံလှည်းဘီးခြောက်ခုနယ်မြေကို ထိန်းချုပ်ထားသည့် ချင်ဖုန်းကျင့်လည်း တစ်စုံတစ်ရာ ခံစားမိလိုက်သဖြင့် တောက်လောင်နေသော ကံကြွေးမီးတောက်ဆီသို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးသုံးလုံးတွင် မီးမျက်ရည်များ ဝဲတက်လာသည်။ "နွားကြီး ဘာလို့ တွေဝေနေတာလဲ…ဘာလို့ မတိုက်ခိုက်ရတာလဲ"
ကံကြွေးမီးတောက်၏ မီးပင်လယ်ထဲတွင် အရာအားလုံး ပြာကျသွားသည်။ မီးလျှံများ ဖြည်းဖြည်းချင်း လျော့ကျလာကာ မီးပင်လယ်၏ အရှိန်လည်း တဖြည်းဖြည်း ငြိမ်သက်လာသည်။
ကောင်းကင်နတ်အရှင်ရုံမှာ အားချိုကို ဝိုးတဝါး တွေ့မြင်လိုက်ရပြန်သည်။ ရုပ်ဆိုးသော်လည်း သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးသည် မီးပင်လယ်ထဲတွင် လျှောက်သွားနေ၏။ သူ၏ ပခုံးပေါ်တွင် ချိုလေးနှစ်ချောင်းဖြင့် ကငလေးမလေးတစ်ဦးက အပြစ်ကင်းစင်သော အမူအရာလေးဖြင့် ချစ်စဖွယ် ထိုင်နေသည်။
မီးပင်လယ်ထဲမှ အားချိုသည် လှည့်ကြည့်ပြီး ကောင်းကင်နတ်အရှင်ရုံအား ပြုံးပြသည်။ သူ၏ ရှေ့တွင်တော့ တောင်ပေါ်ရွာလေးတစ်ရွာ ဝိုးတဝါး ထွက်ပေါ်လာ၏။ အမေအိုတစ်ဦးက အိမ်ရှေ့တွင် ထိုင်နေပြီး အမျိုးသမီးတစ်ဦးက အဝတ်လျှော်နေသည်။ ရွှင်လန်းစွာ ပြေးလွှားကစားနေကြသော ကလေးနှစ်ယောက်ကိုလည်း တွေ့ရသည်။
အားချိုကား ကလေးမလေးကို ခေါ်၍ ထို အေးချမ်းသော တောင်ပေါ်ရွာလေးဆီသို့ လျှောက်သွားရင်း ထိုရွာနှင့်အတူ အိပ်မက်ကဲ့သို့ ပျောက်ကွယ်သွားတော့သည်။