အခန်း (၂၁၆)
Vol. 22 Ch. 216
ရုတ်တရက် ခြေသံများတရှပ်ရှပ်ကို ကြားလိုက်ရပြီး တစ်ယောက်ယောက်ရောက်လာသည့်အတွက် ရှီကျွင့်ကျဲ အမြန်ထရပ်လိုက်သည်။
ထို့နောက်တွင် ရှီကျွင့်ကျဲ၏မိခင် လင်းရွှယ်လန်မှ တံခါးမှဝင်လာခဲ့သည်ကိုမြင်လိုက်ရလေ၏။ သူမ၏ ခင်ပွန်းနှင့်သားတို့၏ အသွင်အပြင်ကိုကြည့်ရင်း လင်းရွှယ်လန်မှာ သူမခင်ပွန်းသည်သူမသားအား စနောက်နေပြန်ပြီကို သိလိုက်သည်။
“နှစ်ယောက်သားဘာတွေပြောနေကြတာလဲ?”
လင်းရွယ်လန်သည် ရှီချန်ပေါ်၏ ဘေးခုံတွင်ဝင်ထိုင်လိုက်သည်။ ရှီကျွင့်ကျဲမှာ ချက်ချင်းပင် ခေါင်းမော့ကာ ရှီချန်ပေါ် မပြောခင် အရင်ဆုံး ပြောလိုက်လေသည်။
“နှစ်ဝက်စာမေးပွဲအကြောင်းပြောနေတာပါ ကျွန်တော်ပြင်သစ်မေဂျာမှာပထမရပြီး ပထမအဆင့် ပညာသင်ခွင့်ရတယ်”
“မဆိုးဘူး”
လင်းရွယ်လန် ပြုံးကာပြောလိုက်သည်။
ရှီကျွင့်ကျဲသည်ကား ပြင်သစ်တွင် ပညာသင်ကြားစဉ်ကလည်း အကောင်းဆုံးအဆင့်များကို ရခဲ့ဖူးသော်လည်း တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အချိန်လည်း ထိပ်ဆုံးပထမနေရာရပြီး တရုတ်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်နှစ်ခုထဲမှတစ်ခုတွင် ဝင်ရောက်နိုင်ခဲ့ကာ လက်ရှိတွင် ပထမအဆင့် ပညာသင်ဆုကိုပါ ရရှိခဲ့သည်။ သူမ၏သားအတွက် ဂုဏ်ယူနေရဆဲပင်။
ရှီချန်ပေါ်သည်လည်း ရှီကျွင့်ကျဲ၏ အဆင့်များကိုကြားသောအခါ သူ့၏မျက်နှာတွင် ဂုဏ်ယူနေသည့်အပြုံးတစ်ခုရှိသော်လည်း သူ့သားသည်သူနှင့် မည်သည့်အချိန်ကမှ စကားကောင်းကောင်း မပြောသည်ကိုတွေးမိလိုက်ပြီး သူ၏ပါးစပ်က အကောင်းမပြောလာပေ။
“သူ ပြင်သစ်မှာနှစ်တွေအများကြီးနေလာခဲ့တာပဲ သူသာပထမ မရဘူးဆိုရင် ရှက်ဖို့ကောင်းတာပေါ့”
လင်းရွယ်လန် သူ့အား ဒေါသတကြီးကြည့်လိုက်သည်။
“ရှင်ကလေးကို ဘယ်လိုတွေပြောနေတာလဲ? ပြင်သစ်မေဂျာက ပြင်သစ်ဘာသာစကားပြောရုံမှမဟုတ်တာ ရှင် ကလေးကိုဘယ်လိုချီကျူးရမလဲမသိဘူးလား”
ရှီချန်ပေါ် နှာခေါင်းရှုံ့လိုက်သည်။ ရှီကျွင့်ကျဲက တည်ငြိမ်စွာ ခေါင်းမော့လာပြိး အေးအေးဆေးဆေးဖြင့် ထပ်ပြောလိုက်သည်။
“ကျွန်တော် နိုင်ငံတကာဆက်ဆံရေးမေဂျာမှာ ဒုတ်ိယရခဲ့တယ်”
ထိုမှသာ ရှီချန်ပေါ်ကျေနပ်စွာ ပြုံးလိုက်သည်။
“ခုနပြောသလိုပဲ ငါ့သားရဲ့အရည်အချင်းတွေကမဆိုးပါဘူး၊ ဒါပေမယ့် မေဂျာနှစ်ခုလုံးမှာကောင်းကောင်းလုပ်ခဲ့တာကို ဘာလို့ ပထမအဆင့်ပညာသင်ဆုပဲရတာလဲ? ငါ မှတ်မိသလောက်တော့ မင်းတို့ ကျောင်းမှာ အထူးပညာသင်ဆုရှိတယ်မလား?”
ရှီကျွင့်ကျဲ ခဏရပ်သွားပြီး ပြောလိုက်သည်။
“ပညာသင်ဆုအတွက် သုံးနေရာပဲရှိတယ် ဒီအထဲမှာ မေဂျာသုံးခုလုံးရမှတ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ရှိတယ် ၊ အားလုံးခြုံပြောရရင် သူ့အမှတ်က ကျွန်တော့်ထက် သာတယ် ၊
ဒါကြောင့် သူမက အထူးပညာသင်ဆုကု ရသွားတာ၊ တစ်ခြားတစ်ယောက်ကတော့ ဥပဒေကျောင်းသား သူက သူ့မေဂျာမှာ ပထမရရုံတင်မကဘူး ကျွန်တော်တို့ကျောင်းရဲ့ကျောင်းသားသမ္မဂ တည်ထောင်သူဥက္ကဌလဲဟုတ်တယ်”
ထိုစကားကြားပြီးနောက် ရှီချန်ပေါ် အသိအမှတ်ပြုကာခေါင်းငြိမ့်လိုက်သည်။
“တက္ကသိုလ်ရောက်တဲ့အခါ ကျောင်းသားတွေက အဆင့်တွေကိုပဲ ဂရုစိုက်ရမှာတင်မဟုတ်ဘဲ အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ကျောင်းသမ္မဂအလုပ်တွေကလည်း အရမ်းအရေးကြီးတယ် ၊
အဲဒါတွေက ကိုယ့်ရဲ့အနာဂတ်ကွန်ရက်ကိုချဲ့ထွင်နိုင်ဖို့ လမ်းစဆိုလည်း ဟုတ်တယ်၊ မင်းအနေနဲ့ စာတစ်ခုတည်းကိုပဲ အများကြီး ကြိုးစားနေရုံနဲ့မရဘူး ၊ ကျောင်းတွင်းလှုပ်ရှားမှုတွေမှာလည်း များများပါဝင်ပေးရမယ်”
“အမှန်ပဲ မင်းအဖေပြောတာမှန်တယ်”
လင်းရွယ်လန်က ဘေးတွင် ထိုင်ကာ ပန်းသီးကို အခွံခွာပြီး၍ အစိပ်လေးများစိပ်လျှက် ပန်းကန်လေးထဲထည့်လိုက်သည်။
“နောက်ပြီးတော့ ကျောင်းသားသမ္မဂနဲ့ ကလပ်တွေမှာ မိန်းကလေးတွေအများကြီးရှိတယ်၊ သူတို့က အလုပ်မှာလည်း အဆက်အသွယ်အများကြီးရှိကြတယ် ၊ အခု မင်းသာ ဘယ်လိုပုံမျိုးကို ကြိုက်လဲဆိုတာသိပြီဆိုရင် တက္ကသိုလ်မှာ ရည်းစားလေးဘာလေးထားသင့်တယ်”
လင်းရွယ်လန်သည်ကား အချစ်ရေးကိစ္စပွင့်လင်းမှုဖြင့် ကျော်ကြားသည့် ပြင်သစ်တွင် နှစ်အနည်းငယ်နေခဲ့သည်။ ထို့ကြောင့် သူမက ပွင့်လင်းသည့်အမြင်များဖြင့် လွှမ်းမိုးခံခဲ့ရသည်။
ထို့အပြင် သူမက သားဖြစ်သူ ရှီကျွင့်ကျဲမှာ အလွန်တင်းကြပ်သည်ဟုခံစားရသည်။
လင်းရွှယ်လန်အနေဖြင့် အသက်နှစ်ဆယ်ရှိနေပြီဖြစ်သည့် သူမ၏ သားက မိန်းကလေးများကို တစ်ခါမျှ မကြိုက်ဖူးကြောင်းတွေးမိကာ အလွန်စိုးရိမ်နေမိသည်။
ရှီကျွင့်ကျဲ၏ လေးနက်နေသည့် အမူအယာကိုကြည့်ပြီး လင်းရွှယ်လန်ဆက်မပြောတော့ပေ။
ရှိကျွင့်ကျဲမှာ ငယ်စဥ်ကတည်းက ကြည့်ကောင်းလွန်းသည်ကြောင့် သူ၏ အတန်းဖော်များ၊ အကြီးတန်းများက သူ့ကိုမြင်သည်နှင့် သူ့မျက်နှာလေးအား ထိရသည်ကို အလွန်ကြိုက်ကြလေသည်။
အချိန်အတော်ကြာပြီးနောက်တွင် ရှီကျွင့်ကျဲသည်ကား လူများကိုတွေ့သည့်အခါတွင် မျက်နှာသေဖြင့်နေသည့်အလေ့အထကိုစတင်ခဲ့သည်။
ရှီချန်ပေါ်နှင့်လင်းရွှယ်လန်တို့၏ ရှေ့တွင်ပင် သူတို့နှစ်ဦးထံမှ အစခံရသည့်အချိန်တိုင်း ရှီကျွင့်ကျဲမှာ အရှက်တကွဲဖြစ်မှုနှင့် မျက်နှာမည်းမှောင်နေဆဲပင်။
ပန်းသီးစားနေစဉ် သူမ ရှီကျွင့်ကျဲ၏အခန်းအား သိချင်စိတ်ဖြင့်လှည့်ပတာကြည့်လိုက်သည်။
ထိုအခိုက်တွင် လင်းရွှယ်လန်တစ်ယောက် ပြတင်းပေါက်ရှေ့ရှိ သစ်ခွပန်း အတန်းလိုက်ဆီမှ ရုတ်တရက် ဆွဲဆောင်ခံလိုက်ရလေသည်။
သူမ သစ်ခွတစ်အိုးစီမှာ အလွန်တင့်တယ်ပြီး သပ်သပ်ရပ်ရပ်ရှိသည်ကို မြင်နေခဲ့ရလေသည်။ သူမအံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။
“ဒီသစ်ခွတွေကို ဘယ်တုန်းက ယူလာတာလဲ? လှလိုက်တာ! ဟေး ဒါဘာမျိုးစိတ်လဲ? အရင်က တစ်ခါမှမမြင်ဖူးဘူး”
ရှီကျွင့်ကျဲမှာ ငယ်စဉ်ကတည်းက သူ၏ ပိုင်နက်အပေါ် ခံစားချက်ပြင်းထန်သည်။
သူအိမ်တွင် မရှိချိန်များ၌ ရှီချန်ပေါ်နှင့်လင်းရွှယ်လန်တို့က သူ့၏အခန်းထဲသို့ လုံးဝမဝင်ကြပါချေ။
အများအားဖြင့် ရှီကျွင့်ကျဲက သူ့၏ ကိုယ်ပိုင်အခန်းကို ကိုယ်တိုင် ဂရုစိုက်လေ့ရှိသည်။
လင်းရွှယ်လန်တစ်ယောက် သူ ဤနေရာတွင် ရှိနေသည်မှာ နှစ်လ၊သုံးလလောက်သာရှိသေးသည်ဟု ခံစားမိသည်။ အဘယ်ကြောင့် သူမ၏ သားတွင် နောက်ထပ်ဝါသနာတစ်ခု ထပ်တိုးသွားရသနည်း။
ရှီမိသားစုအိမ်တွင် ပန်းပင်များနှင့်ဘဲများကို ဂရုစိုက်ရခြင်းသည်ကား လင်းရွှယ်လန် နှစ်သက်သဘောကျသည့်အရာများသာ ဖြစ်သည်။
ယခင်အချိန်များတွင် ရှီကျွင့်ကျဲမှာ အိမ်မှ လက်ဖက်ရည်စားပွဲအပြင် စာအုပ်များ၊ ပန်းပင်များ၊ မြက်များနှင့်အရာဝတ္ထုများကို အိမ်ထဲသို့ ဘယ်သောအခါမှမရွေ့ဖူးပေ။
မတူညီသည့် အနေအထားနှင့် သစ်ခွပန်းအိုးများကို ကြည့်ပြီး လင်းရွှယ်လန်သည် ရှီကျွင့်ကျဲအား အနည်းငယ် ဘဝင်ခိုက်နေပုံဖြင့်ကြည့်လိုက်သည်။
“မင်းအမေရဲ့ တနေ့တာလုံးလွမ်းမိုးမှုအောက်မှာ မင်းရဲ့အကြိုက်တွေ တိုးတက်လာပြီလား?”
ဥယျာဉ်ထဲရှိ ရေကန်ငယ်ထဲမှ ဘဲအုပ်ကိုတွေးမိပြီး ရှီကျွင့်ကျဲ မည်သည့်စကားကို မှမပြောခဲ့ပေ။ သူက လက်ဖက်ရည်အား မြည်းစမ်းရင်းဖြင့် လက်ဖက်ရည်အရသာ ပေါ့လာသည်ကြောင့် လက်ဖက်ရည်အသစ်ထပ်လုပ်ရန် ရေတစ်အိုးကျိုလိုက်သည်။
ရှီကျွင့်ကျဲ ရှီချန်ပေါ်နှင့်လင်းရွှယ်လန်တို့အတွက်လည်း လက်ဖက်ရည်အသစ်လဲပေးလိုက်သည်။
“သစ်ခွတွေက သူငယ်ချင်းပေးထားတာ ၊ အမေဘယ်လောက်ပဲ ကြိုက်ကြိုက် ကျွန်တော်အမေ့ကို မပေးနိုင်ဘူး”
လင်းရွှယ်လန်၏စိတ်ဓာတ်ကျသွားသည့် ပုံကိုမြင်လိုက်ရ၍ ရှီကျွင့်ကျဲ ကြင်နာစွာဖြင့်အကြံပေးလိုက်သည်။
“အမေ အမေ့မှာဘာမှလုပ်သရာမရှိရင် ဘဲနည်းနည်းလောက် ထပ်မွေးပါလား ဒါမှမဟုတ် တစ်ခြားမွေးချင်ရင် ခိုတို့၊ရစ်ဌက်တို့လည်း ကောင်းမယ်ထင်တာပဲ”
လင်းရွှယ်လန် ပြုံးလိုက်သည်။
“အမေတော့ အဆင်ပြေမယ်မထင်ဘူး အမေ မနေ့တနေ့က အနောက်ခြံထဲထည့်ဖို့ ခိုတွေဝယ်လာသေးတယ် ဒါပေမယ့် မင်းအဖိုးက အမေ ဝယ်လာတဲ့ခိုတွေကိုမြင်ပြီး စာပို့ခိုနဲ့စားဖို့ခိုနဲ့ မှားဝယ်လာတယ်လို့ပြောတယ်လေ ၊
အမေ့အထင်တော့ ခိုတွေက အခုခေတ်မှာ စာပို့ဖို့မလိုတော့ဘူးထင်တာပဲ၊ စားတဲ့ခိုဖြစ်ဖြစ် မွေးတဲ့ခိုဖြစ်ဖြစ် ကိစ္စမရှိဘူး ဒီတိုင်းဥယျာဉ်ထဲမှာ အပျော်အနေနဲ့မွေးတာပဲလေ”
“စားဖို့ခို?”
ရှီကျွင့်ကျဲ မျက်ခုံးပင့်လိုက်သည်။
“အမေ ဝယ်လာတာလား?”
မနက်ငါးနာရီတွင် ရှီကျွင့်ကျဲ နာရီနှိုးစက်ကိုပိတ်ကာ ရေနွေးအိုးကိုအပူပေးလိုက်ပြီး အဝတ်အစားလဲလိုက်သည်။
အောက်တိုဘာလကိုကျော်လွန်ပြီးနောက် တော်ဝင်မြို့တော်၏မနက်ခင်းမှာ အနည်းငယ်အေးလာခဲ့ပြီ။
ရှီကျွင့်ကျဲ အင်္ကျီဝတ်ကာ ရေပူဖြင့် သွားတိုက်၊မျက်နှာသစ်လိုက်သည်။ ထို့နောက် သူ မှန်ရှေ့သို့သွားကာ ယောက်ျားလေးများအတွက် ထုတ်လုပ်သည့် ရေဓာတ်ဖြည့်ခရင်ကိုလိမ်းရန်လည်း မမေ့ပေ။
လက်ကောက်ဝတ်မှနာရီကိုကြည့်လိုက်သည့်အခါ ၅နာရီ၁၂မိနစ်ရှိပြီဖြစ်သည်။
ရှီကျွင့်ကျဲ တံခါးဖွင့်ပြီး ကောင်းကင်ကြီး အဖြူရောင်ပြောင်းလာသည်ကိုကြည့်ရင်း ဥယျာဉ်ကိုဖြတ်လျှောက်လာခဲ့သည်။
ခြံဝင်းထဲမှထွက်မလာခင် ၅နာရီ၂၉မိနစ်မတိုင်ခင်အထိ စောင့်နေလိုက်သည်။ တံခါးဝတွင် ရပ်နေချိန်၌ သူလက်ထဲ လှောင်အိမ်ကြီးတစ်ခုရှိနေခဲ့သည်။
အချိန်ကို ပြန်ကြည့်ပြီးနောက် တံခါးကို ပိတ်ထားသည်ကို ကြည့်ပြီး လှောင်အိမ်ကိုချကာ တံခါးပလပ်ကိုဖွင့်လိုက်လေသည်။
သူ တံခါးဖွင့်လိုက်သည့်အချိန်တွင် အပြင်ဘက်၌ လီမင်ကျန်းရောက်နေသည်ကို တွေ့လိုက်ရသည်။
ရှီကျွင့်ကျဲပြုံးကာ သူ့လက်ထဲမှ လှောင်အိမ်ကိုပေးလိုက်သည်။
“ကိုယ် အိမ်အတွက် စားဖို့ခိုတွေအများကြီးဝယ်လာမိတာ မကုန်လို့လေ မင်း စားဖို့ ယူသွား ကြည့်ပါလား”
ရှီကျွင့်ကျဲထံမှ တစ်ခုခုယူသည်ဆိုလျှင် ကျန်းကျန်း ဘက်မှလည်း လက်ဆောင်အဖြစ် တစ်ခုခုပြန်ပေးရမည်ပင်။
သူမ ရှီကျွင့်ကျဲအား သစ်ခွများအများကြီး ပေးထားပြီးပြီဖြစ်ကြောင်းသတိရသွားကာ ထိုအရာပဲထပ်ပေးမည်ဆိုပါကငြီးငွေ့စရာကောင်းလေသည်။
ကျန်းကျန်း တစ်ခဏစဉ်းစားပြီးနောက် ရုတ်တရက် မျက်လုံးများတောက်ပလာခဲ့သည်။
“နွေရာသီအားလပ်ရက်တုန်းက ကျွန်မ ဟင်းချက်နည်းတွေ သင်ယူနေခဲ့တာလေ၊ ကျွန်မအဲဒါကို ဒီနေ့စမ်းကြည့်မလို့ ၊ တကယ်လို့ ရှင်အဆင်ပြေမယ်ဆို လာစားကြည့်လေ”
ရှီကျွင့်ကျဲမှာ လီမင်ကျန်းချက်သည့်ဟင်းအား စားနိုင်တော့မည်ကို ကြားလိုက်ရသည့်အချိန်တွင် အလွန်ပျော်ရွှင်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး ကျန်းကျန်းအား မျှော်လင့်တကြီးရှိနေသည့် အကြည့်ဖြင့်ကြည့်ကာ လျှာသပ်လိုက်မိသည်။
**
တံခါးပေါက်တွင် ခိုလှောင်အိမ်ကိုချထားပြီးနောက် ကျန်းကျန်းနှင့်ရှီကျွင့်ကျဲတို့ နွေအားလပ်ရက်တွင်လုပ်ခဲ့ကြသည့် အလေ့အကျင့်အတိုင်း ဟုန်ရန်အနီးတစ်ဝိုက်တွင် ပြေးနေခဲ့ကြသည်။
ကောင်းကင်ကြီး အပြည့်အဝလင်းလာသည်ကိုကြည့်လိုက်ပြီး ကျန်းကျန်းရပ်တန့်လိုက်ကာ အပြုံးဖြင့်တောင်းပန်လိုက်သည်။
“ဒီနေ့ ကျွန်မဈေးသွားပြီး ကြက်သားလတ်ဆတ်တာတွေ ရှိမရှိသွားကြည့်မလို့ ရှင်နဲ့အတူ စကားပြောမလေ့ကျင့်ပေးနိုင်တော့ဘူး”
“ကိစ္စမရှိဘူး ကိုယ်ဒီမှာနေလာတာကြာပြီ အခုထိဈေးဝယ်တာဘာမှန်းမသိသေးဘူး “
ရှီကျွင့်ကျဲ၏ မူလ ရည်ရွယ်ချက်သည်ကား ကျန်းကျန်းနှင့်အတူအချိန်ဖြုန်းရန်ဖြစ်သည်ကြောင့် သူအနေဖြင့် မည်သည့်အရာကိုပဲ လုပ်ရပါစေ ကိစ္စမရှိချေ။
“မင်းစိတ်မရှိဘူးဆိုရင် ကိုယ် မင်းနဲ့အတူလိုက်ခဲ့လို့ရမလား? ဈေးကိုလိုက်ကြည့်ရင်း ကိုယ်လည်း မင်းရဲ့ ပစ္စည်းတွေကူသယ်ပေးလို့ ရတယ်လေ”
“ကောင်းပြီ!”