အခန်း (၂၁၉)
Vol. 22 Ch. 219
လှောင်အိမ်ထဲမှ ပြည့်ကျပ်နေသည့်ခိုများကိုကြည့်ကာ လင်းရှို့လန် တစ်ခါက သူမ၏ အိမ်ထဲမှ ပျောက်ကွယ်သွားသည့် ဘဲများအကြောင်းကို စဉ်းစားမိသွားသည်။
သူမ ကျန်းကျန်း၏လက်ကလေးကိုယူကာ အပြုံးလေးဖြင့်မေးလိုက်သည်။
“နောက်ဆုံးတစ်ခေါက်တုန်းက ဘဲတွေလည်း အရသာရှိတယ်မလား?”
“အရသာရှိတယ် ဘဲတွေက ဝဖီးနေတာပဲ”
ကျန်းကျန်းပြုံးကာ မျက်လုံးကိုကွေးညွတ်လိုက်သည်။
“အန်တီရဲ့ ဘဲတွေက အရမ်းအရသာရှိတယ် ၊ စွပ်ပြုတ်လုပ်သောက်တော့အရသာကတကယ်ကိုကောင်းလွန်းတယ်”
“အဲလိုကိုး”
လင်းရှို့လန် အပြုံးလေးဖြင့်ပြောကာ ရှီကျွင့်ကျဲအား အဓိပ္ပာယ်ပါပါကြည့်လိုက်ရင်း :
“အန်တီတို့အိမ်က ကျွင့်ကျဲကလည်း အန်တီ့ကို ရစ်ဌက်တို့ ဘဲတို့ စားခိုတို့ကို များများမွေးဖို့တိုက်တွန်းနေတာလေ ၊ သမီးစားချင်တာရှိရင် အန်တီ့ကိုပြောနော် အန်တီက ဒီလိုတွေ မွေးရတာကို သဘောကျတယ် “
လင်းရှို့လန်၏ မျက်လုံးများ သွားရောက်ရာသို့ ကျန်းကျန်းလည်း လိုက်ကြည့်မိရာ ရှီကျွင့်ကျဲကို တွေ့လိုက်ရသည့်အတွက် ရှက်ရွံ့စွာ ပြုံးပြီး ပြောလိုက်သည်။
“ရှက်စရာပါပဲ၊ ဒီလတွေမှာ အန်တီတို့အိမ်က ဘဲတွေ အတော်များများကို ကျွန်မ စားလိုက်မိပြီ”
လင်းရှို့လန်တစ်ယောက် သူမတို့၏ အိမ်မှ ဆုံးရှုံးခဲ့ရသည့် ဘဲအရေအတွက်ကို စဉ်းစားမိပြီး စိတ်ထဲ၌ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
‘အများကြီး စားထားတာပဲ’
မဒမ်လီနှင့် ဝမ်စုဖန်းတို့ကတော့ လီမူဝူမှ အိမ်နီးချင်းများကို ဧည့်ခံရန် ဖိတ်ခေါ်သည်ကို ကြားလိုက်ရသဖြင့် ဝမ်စုဖန်းက လူမလာသေးမီ ကြမ်းပြင်ကို လျင်မြန်စွာ ထပ်မံ သုတ်လိုက်သည်။
မဒမ်လီနှင့် လီမူဝူတို့က အိမ်ကြီး၏ အဓိက အခန်းများတွင် သီးခြားစီ နေထိုင်ကြသော်လည်း မဒမ်လီနှင့် ဝမ်စုဖန်း နှစ်ဦးစလုံးသည် သန့်ရှင်းသူများ ဖြစ်ကြသည်။
သူတို့က တစ်နေ့လျှင် သုံးကြိမ် အိမ်ကို သန့်ရှင်းရေးလုပ်ကြပြီး အိမ်က အမြဲတောက်ပနေလိမ့်ပည်ဖြစ်သည်။
မဒမ်လီက လီမူဝမ်း ပို့ပေးလိုက်သည့် သစ်သီးအမျိုးမျိုးထဲမှ တချို့ကို ရွေးချယ်ကာ ခြင်းတစ်ခြင်းအပြည့် ထည့်၍ ရှဲ့ယန်နန်နှင့် ဝမ်ရှင်းဝမ့်တို့ကို ဆေးကြောရန် တောင်းဆိုလိုက်သည်။
အပြင်ဘက်မှ လှုပ်ရှားသံများကို ကြားသောအချိန်တွင် ဆေးကြောပြီးသား သစ်သီးများကို ဗန်းထဲသို့ ထည့်ပြီးသား ဖြစ်နေခဲ့ပြီ။
ကျန်းကျန်းတို့ မိသားစုနေထိုင်ရာ ခြံဝင်းက ယခင်နန်းတော်၏ အလယ်ခြံဝင်း ဖြစ်သောကြောင့် ရှေ့ခြံမှ အဓိကခန်းမအထိ အပြင်အဆင်များသည်က ရှီကျွင့်ကျဲ၏ အိမ်နှင့် မတူပေ။
ရှီချန်ပေါ်သည်ကား အိမ်ဟောင်း၏ မူလပုံစံကို သဘောကျပြီး အဓိကခန်းမတွင် တံခါးဝသို့ ဝင်လိုက်သည်နှင့် ယီရွှေ၏ နှင်းဆီသစ်သား ပရိဘောဂများကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
လီမိသားစု ဧကရာဇ်မြို့တော်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သည်။ လူမှုပတ်ဝန်းကျင်သည် ပို၍ ပို၍ ပွင့်လင်းလာပြီး ဘောင်မရှိဘဲ ပစ္စည်းများ ဝယ်ယူနိုင်သည့် နေရာများနှင့် လမ်းကြောင်းများလည်း များပြားလာခဲ့သည်။
ကျန်းကျန်းက ဤအခွင့်အရေးကို အသုံးချ၍ အိမ်တွင် ပရိဘောဂများစွာကို ထပ်မံ ဖြည့်စွက်ခဲ့သည်။ အိမ်ဝယ်ပြီးနောက်တွင် ပိုလျှံသည့် ငွေများစွာရှိနေခြင်းကြောင့် မိသားစုက ထွေထွေထူးထူး မစဉ်းစားခဲ့ကြပေ။
ဤကဲ့သို့ ရှေးကျသည့် အိမ်မျိုးတွင် နေထိုင်ရသည့်အတွက် ကျန်းကျန်းက ခေတ်သစ်၏ ပရိဘောဂအသစ်များကို ထည့်ရန် မကြိုက်နှစ်သက်ခဲ့ပေ။
ထို့ကြောင့် အိမ်ရှိ ရှေ့ဆုံးခန်းမအချို့တွင် ချင်မင်းဆက်မှ ပစ္စည်းအနည်းငယ်သာ ရှိပြီး နောက်ပိုင်းမှ ထပ်ထည့်သည့် ပစ္စည်းများမှာပင် အလွန်ဆုံးက တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်တွင်ပြုလုပ်သည့် ချင်းမင်းဆက်၏ ပုံစံတူများ ဖြစ်ကြသည်။
အဓိကခန်းမရှိ ပရိဘောဂများသည်ကား ချင်မင်းဆက်မှ နှင်းဆီသစ်သားတွင် ရောင်စုံခရုခွံများ စီခြယ်ထားသည့် ပုံစံကို တုပထားခြင်း ဖြစ်သည်။
စားပွဲများနှင့် ကုလားထိုင်များတွင် ကြွယ်ဝချမ်းသာခြင်း၊ မင်္ဂလာရှိခြင်း၊ ကံကောင်းခြင်းငါးပါးနှင့် အသက်ရှည်ခြင်း၊ ဝါးများသည် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးခြင်း စသည့် ပုံစံများကို ထွင်းထုထားသည်။
၎င်းတို့က အထူးတလည် ရှားပါးသည့် ရှေးဟောင်းပစ္စည်း မဟုတ်သည့်အတွက် ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့က ပရိဘောဂများကို အထူးဂရုမပြုခဲ့ကြပေ။
လင်းရှို့လန်က အဓိကခန်းမရှိ သစ်ခွများ တန်းစီစိုက်ထားခြင်းကို ကြည့်မိသည်။ ယမန်နေ့ညတုန်းက ရှီကျွင့်ကျဲ၏အခန်းတွင် တွေ့ခဲ့သည့် သစ်ခွမျိုးစိတ်များကို ဤနေရာ၌ အခြေခံအားဖြင့် တွေ့နိုင်သည်။
ပန်းအိုးများကို ကြည့်လျှင် ၎င်းတို့က မျိုးစိတ်တူပြီး အပင်မျိုးဆက်များ တူညီစွာ ရှိနေခဲ့ကြကာ အတူတူ ဝယ်ထားခြင်း ဖြစ်မည်ဟု တွေးမိသည်။လင်းရှို့လန်က ပြုံး၍ ချီးကျူးလိုက်သည်။
“အန်တီတို့အိမ်ရဲ့ ပန်းတွေက အရမ်းလှတာပဲ”
“ကျွန်မရဲ့ မြေးမလေး ကျန်းကျန်း ယူလာတာတွေချည်းပဲလေ”
မဒမ်လီက သူမ၏ မြေးမလေးအကြောင်း ပြောသောအခါ ချီးကျူးစကားသာ ပြောလေ့ရှိသည်။
“သူက ကလေးဘဝကတည်းက ပန်းပင်လေးတွေနဲ့ ဆော့ရတာ ကြိုက်တယ်၊ သူ့လက်ထဲမှာဆို ဘာပင်ကိုပဲထားထား ပေါက်လေ့ရှိတယ်၊ မင်း ကြိုက်ရင် သွားကြည့်ပြီး အိုးနှစ်အိုး ယူသွားလိုက်ပါလား”
“ကျွန်မရဲ့ အိမ်မှာလည်း သစ်ခွတွေ အများကြီး ရှိပါတယ်”
လင်းရှို့လန်က ပြုံး၍ ပြောလေသည်။
“ကျွန်မပန်းပင်လေးတွေ စိုက်ပျိုးရတာကို အထူးတလည်ကို ကြိုက်တယ်လေ၊ ဒါပေမဲ့ အပင်လေးတွေကတော့ ပုံမှန်ပါပဲ၊ အချိန်ရရင် မင်ကျန်းကို ကျွန်မရဲ့အိမ်ကို လာပြီး ပန်းပင်လေးတွေအကြောင်း ပြောဖို့ အလည်လာစေချင်တယ်၊အန်တီ မသိလောက်ဘူး၊ ကျွန်မ သူ့ကို မြင်မြင်ချင်း သဘောကျသွားခဲ့တာ”
မဒမ်လီက ရွှင်ပျစွာ ပြောသည်။
“သူမကိုသာ စိတ်ရှုပ်စရာလို့ မထင်ဘူးဆိုရင် ကစားဖို့ ခေါ်လို့ရတယ်၊ ကျွန်မတို့ ဟေးပြည်နယ်မှာတုန်းက အိမ်တွေ အများကြီးကို သွားပြီး စကားတွေပြောရင်း၊ ကိစ္စတွေကို အတူပြောခဲ့ကြတာ၊
ဒါပေမဲ့ အခု တော်ဝင်မြို့တော်မှာတော့ ဘယ်သူ့ကိုမှ မသိဘူး၊ စကားပြောချင်ရင်တောင် သွားစရာ နေရာမရှိဘူး”
“နောင်ဆို အန်တီနဲ့ အစ်မတို့ ကျွန်မရဲ့အိမ်ကို လာပြီး စကားလာပြောကြလေ၊ ကျွန်မလည်း ကလေးက ကျောင်းကို သွားနေရင် အိမ်မှာ ပျင်းနေတတ်တယ်”
လင်းရှို့လန်က စိတ်အားထက်သန်စွာ ပြောလာလေသည်။
“အဝေးက ဆွေမျိုးတွေက အနီးမှာရှိတဲ့ အိမ်နီးချင်းကောင်းလောက် မကောင်းဘူးလို့ ပြောကြတယ်၊ ကျွန်မတို့ နှစ်အိမ်က နန်းတော်တစ်ခုတညားကနေ ခွဲထွက်လာတာဆိုတော့ နံရံတစ်ခုပဲခြားတာလေ၊ ပိုပြီး ရင်းရင်းနီးနီး နေသင့်တယ်”
“ကောင်းပြီ၊ ဒါဆို မင်းလည်း အားရင် ငါ့တို့ရဲ့အိမ်ကို လာလို့ရတယ်၊ ငါ့တို့ အိမ်မှာ ပန်းတွေ အများကြီး မရှိပေမဲ့ ဟင်းသီးဟင်းရွက်တွေတော့ အများကြီး စိုက်ထားတယ်၊ မင်း စားချင်တာရှိနေမယ်ဆိုရင် ကြိုက်တာကို ခူးသွားလို့ရတယ်”
မဒမ်လီသည်ကား အချိန်ကြာမြင့်စွာ ပျင်းရိနေခဲ့ပြီး သူမ၏ မိသားစုနှင့် ရင်းနီးစွာပေါင်းသင်းဆက်ဆံရန် ဆန္ဒရှိသူကို တွေ့သောအချိန်တွင် အလွန် ပျော်ရွှင်သွားခဲ့ကာ ချက်ချင်းပင် သဘောတူလိုက်သည်။
ပင်မခန်းထဲတွင် စကားပြောသံများနှင့် ဆူညံနေသည့်အချိန်တွင် ကျန်းကျန်းက လက်ဖက်ရည်ဗန်းနှင့် ဝင်လာသည်။
အိမ်တွင် လီမူဝမ်း ပို့ပေးထားသော လက်ဖက်ခြောက်ကောင်းများ ရှိသည်။
လေးနက်မှုရှိစေရန်အတွက် ကျန်းကျန်းက ချင်းမင်းဆက်နှောင်းပိုင်း တရားဝင်မီးဖိုနှင့် ကြွေထည်ပစ္စည်းအစုံကို အထူးရှာဖွေကာ လက်ဖက်ရည် ဖျော်စပ်ခဲ့သည်။
ရှီချန်ပေါ်က လက်ဖက်ရည်ခွက် အဖုံးကို မြှောက်၍ တစ်ငုံသောက်ကာ ချီးကျူးလေသည်။
“လက်ဖက်ရည်က ကောင်းလှချည်လား”
လင်းရှို့လန်သည်လည်း ကျန်းကျန်း လှမ်းပေးသည့် လက်ဖက်ရည်ခွက်ကို ယူ၍ ဘေးစားပွဲပေါ်တင်လိုက်ပြီး သူ့ကို ရွှင်ပျစွာ ကြည့်၍ ပြောသည်။
“ကလေး၊ မင်း အလုပ်တွေ မလုပ်နဲ့တော့၊ ထိုင်ပြီး စကားပြောရအောင်”
“ကောင်းပါပြီ”
ကျန်းကျန်းက ပြုံး၍ သဘောတူလိုက်ပြီးနောက် တစ်ဖက်ကို ထပ်လှည့်၍ ရှီကျွင့်ကျဲကို လက်ဖက်ရည် နောက်တစ်ခွက် ထပ်ပေးလိုက်သည်။
အဓိကခန်းမသို့ ဝင်လာသည့်အချိန်မှစ၍ ရှီကျွင့်ကျဲတစ်ယောက် သူ၏ စိတ်ဓာတ်ကို လျင်မြန်စွာ ချိန်ညှိခဲ့သည်။
သူသည်ကား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသောကြောင့် ပိုမိုကောင်းမွန်စွာ ပြုမူသင့်သည်။
သူ့အနေဖြင့် မိမိကိုယ်ကို လက်လျှော့ခြင်းမရှိဘဲ တစ်ခြားလူများအား မကောင်းသည့် အထင်အမြင်ကို မပေးသင့်ပေ။
ထို့ကြောင့် ကျန်းကျန်းမှ လက်ဖက်ရည်ခွက် လာပေးသောအချိန်တွင် ရှီကျွင့်ကျဲက လျင်မြန်စွာ မတ်တပ်ရပ်၍ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။
ထို့နောက် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ မတင်ရသေးခင်မှာပင် ချီးကျူးစကား မပြောဘဲ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။
“မင်း ဖျော်တဲ့လက်ဖက်ရည်က တကယ့်ကို ကောင်းတာပဲ၊ ဒီနေ့ ကိုယ့်ရဲ့ စိတ်ကိုတောင် လန်းဆန်းသွားစေတယ်”
ကျန်းကျန်းက ပြုံး၍ မျက်လုံးလှန်ကြည့်ပြီး မေးလေသည်။
“ရှင် သောက်တောင်မသောက်ရသေးဘဲ ကျွန်မရဲ့လက်ဖက်ရည်က ကောင်းတယ်ဆိုတာ ဘယ်လိုသိတာလဲ”
ရှီကျွင့်ကျဲ၏ မျက်လုံးများတွင် အပြုံးများ ပြည့်နှက်နေပြီး ပြောလာခဲ့သည်။
“မင်း ဖျော်တဲ့လက်ဖက်ရည်ရဲ့ မွှေးရနံ့ကို ကိုယ် ရှူရှိုက်လိုက်နိုင်တာပဲလေ၊ အနံ့နဲ့တင် ဘယ်လောက်ကောင်းမလဲဆိုတာ ကိုယ် ပြောလို့ရတယ်”
ရှီချန်ပေါ်သည် လီမူဝူနှင့် စကားပြောရင်း ဝင်လာသောကြောင့် သူ၏သားဖြစ်သူ၏ လုပ်ရပ်များကို မတွေ့ခဲ့ရပေ။
သို့သော် ရှီကျွင့်ကျဲ၏ အလွန် ဂရုတစိုက်ရှိနေပုံကို မြင်သောအခါ ရှီချန်ပေါဲသည် ချက်ချင်း ဝမ်းမြောက်သွားပြီး ပြောလေတယ်။
“ဒီကောင်လေးကတော့၊ သူက တစ်ဖက်က ကောင်မလေးကို မသိဘူးလို့ ပြောခဲ့တယ်၊ ကြည့်ပါဦး။ ဒီလို အကျွမ်းတဝင် မြှောက်ပင့်တတ်တာဆိုတော့ တစ်ဖက်ကမိန်းကလေးကို ဟိုအချိန်အကြာကြီး ကတည်းက ကြိုက်နေတာဖြစ်လောက်တယ်”
မဒမ်လီသည် သူမ၏ မျက်မှန်ကို လှမ်းယူတပ်၍ ရှီကျွင့်ကျဲကို သေသေချာချာ ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများတွင် နှစ်သက်သည့် ပုံစံရှိနေခဲ့သည်။
“ဟေး.. ဒါ မင်းရဲ့ ကလေးလား၊ သူက အရမ်း ချောတာပဲ”
လင်းရှို့လန်က အပြုံးလေးနှင့် လျင်မြန်စွာ ပြောလာလေသည်။
“အန်တီလီရဲ့ လီမင်ကျန်းက ပိုတောင်လှပါသေးတယ်၊ အမှန်အတိုင်းပြောရရင် ကျွန်မ နေရာတွေ အများကြီးကို ရောက်ခဲ့ဖူးပြီး လှပတဲ့ မိန်းကလေးတွေ အများကြီးကို မြင်ခဲ့ရပြီးပြီ၊
ဒီကလေးမလေး မင်ကျန်းက လှရုံတင်မကဘူး၊ အရေးကြီးတာက စိတ်ဓာတ်ကောင်းလေးတွေလည်း ရှိတယ်ဆိုတာ သိနိုင်တယ်၊ ကျွန်မတော့ သူမကို မြင်မြင်ချင်သဘောကျသွားရပြီ”
လူတိုင်းက မိမိ၏ကလေးများကို ချီးကျူးလာသည်း စကားများကို နားထောင်ရသည်ကို ကြိုက်ကြလေ့ရှိသည်။
လင်းရှို့လန် ပြောပြီးသည်နှင့် မဒမ်လီ၏ မျက်လုံးများက အပြုံးများဖြင့် မှေးစင်းသွားခဲ့လေသည်။
အခြားသူများက သူမ၏ သမီးကို ချီးကျူးသည်ကို မြင်သောအခါ ဝမ်စုဖန်းက ရှက်ရွံ့စွာ ပြုံးပြီး ပြောလာသည်။
“သူမရဲ့ပုံစံကိုကြည့်ပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးဆေးဆေး ရှိတယ်လို့တော့ မထင်ပါနဲ့၊ တကယ်တော့ အရမ်းဖျတ်လတ်ပြီး ငြိမ်ငြိမ်လေး နေတတ်တဲ့သူမဟုတ်ဘူး”
“ဖျတ်လတ်တာ ကောင်းပါတယ်”
လင်းရှို့လန်က လျင်မြန်စွာ ပြောသည်။