အခန်း (၁+၂)
Vol. 1 Ch. 1+2
အခန်း(၁) ၃ နှစ်ခွဲအရွယ် ဒေါ်လေး
ချင်းမိသားစု အိမ်တော်ကြီး၏ ဝင်ပေါက်ရှေ့တွင် ချင်းမိသားစု၏ သခင်လေးတစ်ဦးဖြစ်သူ ချင်းယုကျီး တစ်ယောက် သပ်သပ်ရပ်ရပ် ဝတ်ဆင်လျက် အဘိုးအဘွားများ ပြန်လာမည့် အချိန်ကို စောင့်မျှော်နေလေသည်။
ချင်းယုကျီးက ဒီနှစ်ဆို အသက် ၁၇ နှစ်ပြည့်ပြီဖြစ်ပြီး အရပ်အတော်လေး ရှည်သည်။ မက်မွန်ပွင့်လို မျက်လုံးများနဲ့ မျက်ခုံးတို့ကလည်း ဖြောင့်စင်းပြီး စတိုင်ကျကာ အလွန်ချောမောလှပါသည်။
ကျောင်းမှာဆို လူတိုင်းက ယုကျီးကို အချောဆုံးလူအဖြစ် သတ်မှတ်ထားကြလေသည်။
ယုကျီးက မျိုးကောင်းရိုးကောင်းမှ ဆင်းသက်လာသူဖြစ်ပြီး လူချောဖြစ်သော်လည်း ဘာကိုမှ သိပ်ဂရုမစိုက်တတ်ဘဲ ဂျစ်ကန်ကန် စရိုက်ရှိသည်။
ဒီနေ့ တခြားမိသားစုဝင်တွေ မအားသဖြင့် အဘိုးအဘွားတွေကို သူကြိုမှ ဖြစ်မှာကြောင့်သာ မဟုတ်လျှင် အိမ်ကစောစောလစ်ပြီး သူ့ဘော်ဒါတွေနဲ့ ဂိမ်းသွားဆော့ဖို့ အစီအစဉ်ရှိခဲ့ပါသည်။
ရောက်မည်ဟူသည့် အချိန်တွင် ရောက်မလာကြသေးသဖြင့် လက်ပတ်နာရီကို ယုကျီး စိတ်မရှည် လက်မရှည် ကြည့်လိုက်သည်။
အဘိုးကြီးနဲ့ အဘွားကြီးက ဘာလား…။ ဘာလို့ မလာကြသေးတာလဲ။
ယုကျီး အတော်လေး စိတ်မရှည်ဖြစ်လာချိန်မှာပင် အဖြူရောင် ဝုလင်ဟုံကွမ်း ဗန်ကားတစ်စီး ချင်းမိသားစု အိမ်တော်ရှေ့သို့ ဆိုက်လာပါသည်။
ကားဒရိုင်ဘာကို ကြည့်လိုက်တော့ စွပ်ကျယ်အင်္ကျီ၊ ခမောက်တို့နဲ့ လယ်သမားတစ်ယောက်လို ပုံစံ ဖြစ်သည်။
ထို့နောက် ဗန်ကားတံခါး ပွင့်လာပြီး သခင်ကြီးချင်းက သွက်သွက်လက်လက် အရင်ဆုံး ဆင်းလာပါသည်။
ထို့နောက် အဘိုးချင်းက သူ့ရဲ့ ထာဝရလက်တွဲဖော် အဘွားချင်းကို ကားပေါ်မှဆင်းဖို့ ကူညီ ပေးလိုက်ပါသည်။
“ဖြည်းဖြည်း ဖြည်းဖြည်း၊ ခေါင်းဆောင့်မိဦးမယ်” အဘွားချင်းက ပြောလိုက်၏။
ဘေးမှာ ငေးနေသူ ယုကျီးကတော့ သူ့အဘိုးအဘွားတွေ ဒီအသက်အရွယ် ရောက်တာတောင် ချစ်ကြည်နူးနေကြဆဲဖြစ်သည်ဟု တွေးမိပါသည်။
ထို့နောက် အဘိုးချင်းက ဗန်ကားအနောက်ဘက်မှ သေးသေးသွယ်သွယ် ပျော့တိပျော့ဖတ် ကလေးမလေး တစ်ယောက်ကို ချီမလျက် ထုတ်လိုက်ပါသည်။
ထိုကလေးမလေးက အဘိုးချင်းရဲ့ ရင်ခွင်ထဲမှာ တိုးဝှေ့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက် ရှိသည်။ ဖြူဖွေး ပျော့အိသည့် ပါးကလေးများ၊ မျက်တောင် ကော့ကော့ကလေးများ၊ နှုတ်ခမ်းစူစူလေးနဲ့ နတ်သမီး ပုံပြင်ထဲမှ ထွက်လာသည့်အလား ချစ်စရာ ကောင်းလွန်းပါသည်။
ထိုကလေးမလေးရဲ့ ရင်ခွင်ထဲမှာလည်း ကြောင်ဖြူလေးတစ်ကောင် အိပ်စက်နေပါသည်။ ကလေးမလေးကော ကြောင်ဖြူလေးကော အလွန် သေးသွယ်လှပါသည်။
ယုကျီး အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားပါသည်။
“အဘိုး သူက ဘယ်သူလဲ”
အဘိုးနဲ့ အဘွားတို့ ဘာတွေ ကြံနေကြတာလဲ။ ဒီကလေးမလေးက ဘယ်က ပါလာတာလဲ။
“စကားကို တိုးတိုးပြောစမ်း! ငါတို့ အသဲလေး နိုးသွားမယ်!” အဘွားချင်းက အမြန်ပြောလိုက်ပါသည်။
နေရောင်ကြောင့်ပဲလား၊ ဘေးနားက စကားသံတွေကြောင့်ပဲလားမသိ ကလေးမလေး နိုးလာပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်ရာ စပျစ်သီးထက်ကြီးသော မျက်ဝန်းလေးတစ်စုံ ပေါ်လာပြီး အပြစ်ကင်းစင်စွာ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပါသည်။
“ဖေဖေ” ကလေးမလေးက နူးညံ့ချွဲပျစ်သည့် အသံလေးဖြင့် ခေါ်လိုက်သည်။ “ဖေဖေ”
ယုကျီးတစ်ယောက် မေးရိုးပြုတ်ထွက်မတတ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဘယ်လိုအခြေအနေကြီးလဲ။ ဒီကလေးမလေးက ဘာလို့ သူ့အဘိုးကို ဖေဖေလို့ ခေါ်နေတာလဲ။
“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး သမီးလေး။ ပြန်အိပ် ပြန်အိပ်၊ အိမ်ထဲမရောက်သေးဘူး။ ခဏလောက် ထပ်အိပ်လိုက်ပါဦး”
အိပ်ချင်မူးတူးရုပ်နဲ့ ကလေးမလေးက အဘိုးချင်း၏ ပခုံးကို နူးနူးညံ့ညံ့မှီလိုက်ပြီး စက္ကန့်ပိုင်းအတွင်း ပြန်အိပ်ပျော်သွားပါသည်။
“အဘိုးနဲ့အဘွား ဘာတွေဖြစ်နေတာလဲ”။ ယုကျီးက အံ့အားသင့် တုန်လှုပ်စွာ မေးလိုက်သည်။
“ဘာရယ် မဟုတ်ပါဘူးကွာ။ မင်းအဘွားနဲ့ ငါနဲ့ မင်းအဖေအတွက် ညီမလေးတစ်ယောက် မွေးပေးထားတာလေ။ အဲ့တော့ ဒါလေးက မင်းရဲ့ ဒေါ်လေးအရင်းပေါ့”။ အဘိုးချင်းက ခိုင်ခိုင်မာမာ ပြောလိုက်ပါသည်။
“အဘိုး… နောက်… နောက်နေတာမလား။ အဖေ့အတွက် ညီမလေးမွေးပေးတယ် ဟုတ်လား။ ဒါပေမယ့် အဘိုးနဲ့ အဘွားတို့က…”။ ယုကျီး အလွန်ကြောင်တောင်တောင် ဖြစ်နေပါသည်။ သူ့အဘိုးနဲ့ အဘွားနဲ့က အရမ်းအိုနေကြပြီပဲ မဟုတ်လား။
“ဘာကို နောက်ရမှာလဲကွ။ ဘာမှ နောက်နေတာမဟုတ်ဘူး။ ဒါမင်းအဘွားနဲ့ ငါနဲ့ မွေးထားတဲ့ သမီးလေးပဲ” အဘိုးချင်းက အတည်ပေါက် ပြောလိုက်သည်။ သူ့မျက်နှာကလည်း စူပုပ်သွားသဖြင့် နောက်နေသည့်ပုံ မပေါ်ပါ…။
“အဘိုးနဲ့ အဘွားနဲ့… မြေးမလေးတစ်ယောက် လိုချင်နေတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော့် အဖေနဲ့ ဦးလေးတွေကလည်း မြေးမလေးတွေ မွေးမပေးနိုင်တာလည်း စိတ်မကောင်းစရာ ကောင်းမှန်း သိပါတယ်။ ဒါပေမယ့် အဘိုးတို့ ကလေး မွေးစားစေချင်တယ်ဆို ကျွန်တော့် အဖေနဲ့ ဦးလေးတွေ မွေးစားတာ ပိုမသင့်တော်ဘူးလား။ အဘိုးတို့နှစ်ယောက် မွေးစားဖို့က သိပ်မသင့်တော်…”
… … …
အခန်း(၂) နတ်သားရဲတစ်ကောင်
ထိုစကားကို အဘွားချင်းက သိပ်ဘဝင်မကျလှပါ။ “တော်စမ်း ဒါငါတို့ သမီးလေးပဲ။ နင့်အဘိုးနဲ့ ငါနဲ့ တောင်ပေါ်ဒေသမှာ အေးအေးချမ်းချမ်း သက်တောင့်သက်သာ နေခဲ့ရတာ။ ရှုခင်းတွေကလည်း လှ၊ လေကောင်းလေသန့်လည်း ရနဲ့။ နောက်တော့… ဒီသမီးလေးကို ရလိုက်တာပဲ”
ထိုစကားပြောရင်း အဘွားချင်းမျက်နှာ အနည်းငယ် နီမြန်းလာပါသည်။
“အဟမ်း…” လည်ချောင်းရှင်းလိုက်ပြီး အဘွားချင်းက ဆက်ပြောသည်။ “ငါ့သမီးလေးက တကယ့် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ သူ့ကို ကိုယ်ဝန်ဆောင်တဲ့ညက နင့်အဘိုးကော ငါကော တိမ်တွေ ပြည့်နေတဲ့ ကောင်းကင်ကြီးကို အိပ်မက်မက်ခဲ့ကြတာ!”
တိမ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးကို အိပ်မက်မက်တာတဲ့…။ အဲ့တာ ဘယ်လိုလုပ် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးဖြစ်မှာလဲ။ ကောင်းကင်မှာ တိမ်ပြည့်နေတာ ဘယ်နားက ထူးဆန်းလို့လဲ။
ထိုစဉ် အဘိုးချင်းက ဝင်ပြောလိုက်သည်။ “ဟုတ်တယ် ဟုတ်တယ်။ ငါတို့ သမီးလေးကို မွေးတဲ့နေ့တုန်းက ဖြူဖွေးသန့်စင်တဲ့ နတ်မြင်းလိုလို သတ္တဝါကြီးတစ်ကောင်ကို ငါအိပ်မက်မက်တယ်။ အဲ့တာကြောင့် ငါတို့ အသဲကျော်လေးက ကောင်းကင်ဘုံကနေ ငါတို့ကို ချီးမြှင့်တဲ့ ကြယ်ပွင့်လေး တစ်ပွင့်ပဲနေမှာ!”
ချင်းယုကျီး ဘာပြန်ပြောရမှန်းတောင် မသိတော့ပါ။
ယခင်တုန်းက သူ့အဘိုးအဘွားတွေ အယူမသည်းတတ်ပါ။ ဒါဖြင့် တောင်ပေါ်ဒေသမှာ ၁၀ နှစ်လောက် သွားနေပြီးမှ ဒီလို မဟုတ်တမ်းတရားတွေကို ဘာကြောင့် ယုံကြည်သွားကြတာလဲ။
အဘိုးချင်းက အိမ်ထဲမြန်မြန် ဝင်ချင်နေပြီဖြစ်သဖြင့် သူ့မြေးကို ဘာမှ ဆက်ရှင်းမပြချင်တော့ပါ။ “ဟုတ်ပါပြီ။ အထဲရောက်မှ ဆက်ပြောကြမယ်။ ငါတို့အသဲကျော်လေး နိုးသွားဦးမယ်”
ထိုသို့ပြောပြီးနောက် အဘိုးကြီးနဲ့ အဘွားကြီးနှစ်ယောက် သူတို့သမီးလေးကို သေချာပွေ့ချီပြီး ချင်းမိသားစု အိမ်တော်ထဲသို့ ဝင်လာခဲ့ကြပါသည်။
ချင်းယုကျီးတစ်ယောက်တော့ အိမ်ရှေ့တံခါးဝမှာ ကြက်သေသေလျက် ကျန်ခဲ့သည်။
ခုတလော သူ့မိဘတွေ မြို့ပြင် ရောက်နေသဖြင့် သူ့အဘိုးအဘွားတွေကို အိမ်မှာကြိုဖို့ သူ့ကို တာဝန်ပေးခဲ့တာ ဖြစ်သည်။ သို့သော် ဒေါ်လေးတစ်ယောက် ပါလာမည် ဆိုသည့်အကြောင်းတော့ ဘာမှ မပြောခဲ့ကြပေ။
ချင်းအုပ်စု၏ ယခင် ဥက္ကဌဟောင်းဖြစ်သူ သူ့အဘိုးမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လုပ်ငန်းကိစ္စအဝဝကို သူ့သားတွေထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သူ့မိန်းမနဲ့အတူတူ တောင်ပေါ်ဒေသရှိ မွေးရပ်မြေအိမ်မှာ အနားယူကာ ပြန်သွားနေခဲ့ကြသည်။
ထို့နောက်ပိုင်းတွင် သားသမီးမြေးမြစ်များက အားလပ်ရက်များတွင် တောင်ပေါ်ဒေသရှိ အဘိုးအဘွားများထံ သွားရောက်လည်ပတ်လေ့ရှိကြသည်။
သို့သော် လွန်ခဲ့သည့် ၅ နှစ်ကစလို့ သူအဘိုးနဲ့အဘွားတို့မှာ သားသမီးမြေးမြစ်တွေကို ဆင်ခြေမျိုးစုံ ပေးပြီး တောင်ပေါ်ဒေသသို့ လာမလည်တော့ဖို့ တားမြစ်လိုက်ပါသည်။
ထို့ကြောင့် ဒီ ၅ နှစ်တာကာလအတွင်း အဘိုးအဘွားများကို သူတို့ Video Call ဖြင့်သာ စကား ပြောခဲ့ကြရသည်။
ဒီနေ့က ၁၀ နှစ်တာအတွင်း အဘိုးအဘွားများ တောင်ပေါ်ဒေသမှ ပထမဆုံးအကြိမ် အိမ်ပြန်လာသည့် နေ့ဖြစ်သည်။
သူတို့နဲ့ အတူ ဘာကို ခေါ်လာသလဲ ကြည့်ပါဦး။ ချိန်ကိုက်ဗုံးလေးပါလား…။
--- --- ---
အိပ်ခန်းထဲတွင် ယုန်မလေးက လက်တွေကို ဝှေ့ရမ်းလိုက်ပြီး အိပ်ရာနိုးလာလေသည်။ ဘေးနားမှာ အိပ်နေသည့် ကြောင်ဖြူလေးလည်း လှည့်ကြည့်လာ၏။
ခဏကြာတော့ ယုန်မလေး မျက်လုံးများ ဖွင့်ကြည့်လိုက်ပါသည်။ သူမရဲ့ လုံးလုံးဝိုင်းဝိုင်း မျက်လုံးလေးများနဲ့ ဘေးဘီဘင်ကို လျှောက်ကြည့်လိုက်သည်။
သူမအဖေနဲ့ အမေမရှိသည့် အခန်းစိမ်းတစ်ခုထဲမှာ ရောက်နေသော်လည်း လုံးဝ မကြောက်ပါ။
စူစူလေးက အကြောက်တရားဆိုတာ ဘာမှန်းမသိပေ။
ယခင်ဘဝတုန်းက စူစူလေးမှာ နတ်ဘုံတွင် ရှားပါး ပိုင်ကျဲနတ်သားရဲတစ်ကောင် ဖြစ်ခဲ့သည်။ သူမ အသက် နှစ် ၁၀၀ ပြည့်ခါစဖြစ်ပြီး နို့တောင် မပြတ်သေးပါ။ သို့သော် နတ်ယုတ်မာ တစ်ကောင်က သူမကို နတ်ဘုံမှ ကန်ထုတ်ခဲ့သည်။
သူမ အသက် ၁၀၀ ပြည့်ပြီဖြစ်သဖြင့် ဒီ့ထက် ပိုမို စွမ်းအားရှိလာဖို့ ဘဝအတွေ့အကြုံလိုသည်ဟု ထို နတ်ယုတ်မာက ပြောခဲ့သည်။
ဒေါသထွက်စရာ ကောင်းလိုက်တာ! နတ်ယုတ်မာကြီး! ငါပြန်ရောက်လို့ကတော့ ရိုက်သတ်ပြစ်မယ်! ကျိန်စာတိုက်ပြစ်မယ်!
ထို့နောက် ချင်းမိသားစု၏ အဘိုးအဘွားနှစ်ယောက်ထံတွင် ပြန်လည် မွေးဖွားလာခဲ့သည်။ ဒီလူသားတွေရဲ့ အမြင်မှာတော့ သူမက အသက် ၃ နှစ်ခွဲသာ ရှိသေးသည်။ သို့သော် တကယ်တမ်း သူမက အသက် ၁၀၃ နှစ်ခွဲရှိပြီဖြစ်သည့် နတ်သားရဲ တစ်ကောင်ဖြစ်ပါသည်။
ကျန်းမာ သန်စွမ်း ရဲရင့်သော နတ်သားရဲမလေး စူစူ ကုတင်ပေါ်မှ ခုန်ချလိုက်သည်။ သူမရဲ့ ခြေဖဝါးနဲ့ ကြမ်းပြင်တို့ ထိရိုက်သံထွက်ပေါ်လာသည်။
စူစူလေးဘေးမှာ အိပ်နေသည့် ကြောင်ဖြူလေးလည်း ချက်ချင်း ကုတင်ပေါ်မှ ခုန်ချလိုက်ပြီး စူစူ၏ ခြေဖဝါး နားမှာ တဝဲလည်လည် လုပ်နေပါသည်။
“လိမ်လိမ်မာမာ နေစမ်း ဟူကျစ်၊ တိတ်တိတ်နေ”
ဟူကျစ်က သူမရဲ့ Pet ကလေး ဖြစ်သည်။ ကြောင်ယောင်ဆောင်ထားသည့် ကျားဖြူစစ်စစ်တစ်ကောင် ဖြစ်ပါသည်။
“ဝေါင်း ဝေါင်း”
“ငါသိတယ် အခြေအနေကို အရင်အကဲခတ်ကြမယ်”
“ဝူး ဝူး ဝူး” ဟူကျစ်က သဘောတူလိုက်ပါသည်။
ထို့နောက် စူစူလေး အခန်းတံခါးဆီ လျှောက်သွားလိုက်သည်။ ဟိုဘက်အခန်းထဲမှ ဆူညံသံတွေကို စူစူ လေးကြားလိုက်ရသည်။ အော်ဟစ်သောင်းကျန်းနေသံများဖြစ်၏။
စိတ်ဝင်စားစွာဖြင့် ထိုအသံတွေနောက် စူစူလေး လိုက်လာခဲ့လေသည်…။