← Chapters

စီဝေ့အင်ပါယာနန်းတော်မှ စဥ်းစားနေသည့် အကြောင်းအရာ

Vol. 157 Ch. 2229

စီဝေ့အင်ပါယာနန်းတော်မှ စဥ်းစားနေသည့် အကြောင်းအရာ

Vol. 157 Ch. 2229

မည်သည့် ကျင့်ကြံသူကမှ ရီဖူရှင်းအား မတိုက်ခိုက်ချင်ကြတော့ပေ။ သူတို့က မျက်မ​မြင်ထျယ်ထံမှ သင်ခန်းစာရသွားခဲ့ပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်က အင်ပါယာကြယ်မှ နတ်အလင်းနှင့် လွှမ်းခြုံခံလိုက်ရသည့်အခါ ထိုနတ်အလင်းမှ စွမ်းအားကို ယူငင်၍ အသုံးပြုနိုင်ကြပေသည်။ သူတို့က သူ့ကို ယခုအချိန် တိုက်ခိုက်ရန် ကြိုးစားခဲ့လျှင် သူတို့သာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရပေလိမ့်မည်။

သူတို့က ရီဖူရှင်းအား မတိုက်ခိုက်နိုင်လျှင်ပင် သူတို့က ရီဖူရှင်းကို ဝန်းရံနေကာ သူ့ထံ၌ အကြည့်များက စူးစိုက်နေခဲ့သည်။

ရီဖူရှင်း လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက အလွန်ကြီးမားသော သက်ရောက်မှု ဖြစ်စေခဲ့သည်။ သူသည် အင်ပါယာကြယ်နှစ်ခုနှင့် ဆက်သွယ်နိုင်ခဲ့ပြီး သူ၏ ဉာဏ်အလင်းပွင့်မှုကိုပင် သူတို့ထဲမှတစ်ယောက်ထံ ပေးအပ်ခဲ့သည်။ ထိုအဖြစ်ကြောင့် ရီဖူရှင်းသည် အင်ပါယာကြယ် တတိယတစ်ခု စတုတ္ထတစ်ခုကိုပင် နားလည်နိုင်စွမ်းရှိလိမ့်မည်ဟု လူတိုင်းကို ခန့်မှန်းမိစေသည်။

သူတို့က ဤကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ရန် အခွင့်အရေးပင် ရနိုင်ပေသည်။

အင်ပါယာကြယ်အားလုံးကိုသာ ရှာတွေ့ခဲ့လျှင် စီဝေ့မဟာအင်ပါယာ ဤနေရာ၌ ချန်ရစ်ထားသည်အား ရှာတွေ့ရန် ဖြစ်နိုင်သည်လား။

ထို့ကြောင့်ပင် ရီဖူရှင်းကို ကြည့်သည့် လူတိုင်း၏ အကြည့်က ပြောင်းလဲသွားခဲ့သည်။ ဤလူငယ်လေးက သည်နေရာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သည့် သော့ချက်အား ဆုပ်ကိုင်ထားပေသည်။

သို့သော် အင်ပါယာကြယ်အား နားလည်ရန်မှာ အချိန်တချို့ လိုအပ်ပေသည်။

ရီဖူရှင်းသည် ထိုကျင့်ကြံသူများအားလုံးက သူနှင့် ပတ်သတ်ပြီး အကြံအစည်တချို့ ရှိနေသည်ကို သိသော်လည်း သူက ထိုသူများအား ဂရုစိုက်မနေပေ။ သူက အင်ပါယာကြယ်များကို ဆက်လက်ရှာဖွေကာ ၎င်းတို့နှင့် ဆက်သွယ်ရန် ကြိုးစားနေသရွေ့ အခြားလူများ၏ အာရုံကို ဆွဲဆောင်မိလိမ့်မည်မှာ သေချာပေသည်။ ထိုကျင့်ကြံသူများအားလုံးထံမှ ဖုံးကွယ်ထားနိုင်မည့် နည်းလမ်းမရှိပေ။

သို့သော် ဤနေရာရှိ လူတိုင်းက စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်ကြသည့်အတွက်ကြောင့် မည်သူကမှ သူ့ကို တစ်ခုခုလုပ်လိမ့်မည် မဟုတ်ပေ။

သူက အင်ပါယာကြယ်၏ နတ်အလင်းထဲ၌ တိတ်ဆိတ်စွာ ရှိနေရင်း ကြယ်ပေါ်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ပြိုင်ဘက်ကင်းတေးသွားတစ်ခုက ပေါက်ကွဲထွက်လာပြီး သူ့စိတ်ထဲသို့ တေးသွားသင်္ကေတများ ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းသညခ ရီဖူရှင်း ယခင်က ကြားဖူးခဲ့သော ကု့ချင်းတေးသွားများအားလုံးထက် သာလွန်နေပြီး ထိုက်ဟွာတောင်တန်းမှ နတ်မိမယ်ထိုက်ဟွာ တီးခတ်ခဲ့သည့် ထိုက်ဟွာနတ်တေးသွားကသာ ယှဥ်နိုင်ပေလိမ့်မည်။

...

ထိုက်ဟွာနတ်မိမယ်က သူနှင့် မပတ်သတ်ချင်ဘဲ အကွာအဝေးတစ်ခု ခြားထားခြင်းက နှမြောစရာပင်။ ထိုသို့ဖြစ်လေရာ သူက သူ၏ အဖိုးတန် ဉာဏ်အလင်းတို့အား အလဟဿ ပေးပစ်ရန် မလုပ်နိုင်ပေ။

သူသည် မူလက ရည်ရွယ်ထားသည်မှာ ထိုက်ဟွာနတ်မိမယ်က သူနှင့် ရင်းနှီးပြီး မိတ်ဆွေ ဖြစ်လာရန် ဆန္ဒရှိပါက ထိုက်ဟွာတောင်တန်းက သူ၏ မဟာမိတ်ဖြစ်လာနိုင်ပေသည်။ ထိုက်ဟွာကောင်းကင်အရှင်၏ ပံ့ပိုးမှုနှင့်ဆိုလျှင် သူတို့၏ မဟာမိတ် အင်အားက ပို၍ အစွမ်းထက်လာပေလိမ့်မည်။ သို့သော် ထိုအရာအားလုံးက သူ၏ ဆန္ဒသက်သက်သာ ဖြစ်နေခဲ့သည်။ ယခု ထပ်မံပြောဆိုရန် မထိုက်တန်တော့ပေ။

သူက နတ်အလင်းထဲ၌ ဆက်လက်ရှိနေခဲ့ပြီး ရီဖူရှင်း၏ စိတ်နှင့် ခန္ဓာသည် သူ့အပေါ် ကျရောက်နေသော တေးသွား၏ လေးလံလှသည့် အလေးချိန်ကို ခံစားမိပေသည်။ မဟာအင်ပါယာ၏ ပုံရိပ်က သူ့စိတ်ထဲတွင် ထွင်းထုထားသလို ဖြစ်နေကာ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မဟာလမ်းစဥ် တေးသွားတို့ ထွက်ပေါ်လာနေသည်။ မဟာအင်ပါယာက ဤနေရာ၌ အစွမ်းထက် စွမ်းအားကို ချန်ရစ်ခဲ့ပုံရပေသည်။

မြင်ကွင်းတစ်ခုက ရီဖူရှင်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သံစဥ်များ၏ ပေါက်ကွဲမှုအလယ်၌ လေးလံသည့် အင်အားတစ်ခုက အရာအားလုံးကို ပြိုကွဲသွားစေသည်။ ကောင်းကင်ရှိ ကြယ်များအားလုံးက ဖျက်ဆီးခံလိုက်ရပြီး သံစဥ်၏ အင်အားအောက်တွင် ဖုန်မှုန့်များ ဖြစ်လာကာ အားလုံး ဖျက်ဆီးခံလိုက်ရပေသည်။ တေးသွားသင်္ကေတတို့၏ ပဲ့တင်ထပ်နေသော စည်းချက်က အရာအားလုံးကို ဖျက်ဆီးနိုင်သည့် လောကတွင် ကြောက်မက်ဖွယ် အကောင်းဆုံး စွမ်းအားကို သယ်ဆောင်ထားသည်။

တေးသွားလမ်းစဥ်က ၎င်း၏ အထွတ်အထိပ်သို့ ရောက်သောအခါ မည်သည်နှင့် တူမည်နည်းဟု ရီဖူရှင်းက တွေးလိုက်မိသည်။ သူ့အနီးမှ နေရာတိုင်းက အပြည့်အဝ ဖျက်ဆီးခံလိုက်ရပေသည်။ ကျယ်ပြောလှသည့် ကောင်းကင်များနှင့် မရေတွက်နိုင်သော ကြယ်များသည်ပင် တေးသွား၏ သက်ရောက်မှုကြောင့် အမှုန့်အဖြစ် ပြောင်းလဲသွားကာ လောကကြီးတစ်ခုလုံး ပြိုကျသွားသလို ထင်မှတ်ရပေသည်။ ၎င်းက အမှန်တကယ် ကြောက်မက်ဖွယ် မြင်ကွင်းပင် ဖြစ်သည်။

ရီဖူရှင်းသည် ထိုခံစားချက်အတွင်း အပြည့်အဝ နစ်မြုပ်နေကာ သူ၏ စိတ်အာရုံက အင်ပါယာကြယ်ကို ကျူးကျော်ဝင်ရောက်နေပြီး ပေါက်ကွဲထွက်လာသည့် တေးသွားများအလယ်တွင် ရှိနေသလို ထင်မှတ်ရသည်။ အထက်မှ နတ်အလင်းတို့က သူ့ပေါ်သို့ ဆက်လက်ကျဆင်းလာနေကာ တေးသွား၏ နတ်စွမ်းအားတို့က ရီဖူရှင်း ခန္ဓာကိုယ်တစ်ခွင်ကို လွှမ်းခြုံထားကာ သူ့ဝန်းကျင်မှ တေးသွားမုန်တိုင်းကို ပိုမို ကြောက်မက်ဖွယ် ကောင်းလာစေသည်။

အချိန်အတော်ကြာပြီးနောက် သူ့ဝန်းကျင်မှ ကျင့်ကြံသူများစွာက အဝေးသို့ လျှောက်ထွက်သွားကြသည်။ သူတို့က ဤနေရာ၌ တစ်ချိန်လုံး စောင့်ဆိုင်းမနေနိုင်ပေ။ ဤနေရာတစ်ခုလုံး၌ နောက်ထပ် အင်ပါယာကြယ်များ ရှိနေသေးသည့်အတွက် သူတို့က ကံစမ်းကြည့်ရန် ကြိုးစားချင်သေးပေသည်။

တစ်ရက်ကုန်ဆုံးသွားပြီးနောက် နောက်ထပ် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးက နောက်ထပ် အင်ပါယာကြယ်နှင့် ဆက်သွယ်မှု တည်ဆောက်နိုင်ခဲ့သည်။ သူက တန်ခိုးရှင်များအားလုံး၏ မနာလိုအားကျခြင်းကို ခံခဲ့ရပေသည်။

အင်ပါယာကြယ်ငါးခုက ပိုင်ဆိုင်သွားခြင်းကို ခံရပြီး ဖြစ်သည်။

အင်အားစုအသီးသီးမှ အဆင့်မြင့်ကျင့်ကြံသူများစွာက တစ်နေရာထဲတွင် စုစည်းနေသည်။ သူတို့က ကောင်းကင်ကို မော့ကြည့်ပြီး သူတို့ထဲမှတစ်ယောက်က ပြောလိုက်သည်။ "ဒါက ငါးခုမြောက်ပဲ။ အင်ပါယာကြယ်တစ်ခုစီက မဟာအင်ပါယာတစ်ယောက်ကို ကိုယ်စားပြုရင် မဟာအင်ပါယာငါးယောက် ချန်ခဲ့တဲ့ အရာတွေက ရှာဖွေဖော်ထုတ်ခံလိုက်ရပြီလို့ ဆိုလိုတာပဲ။"

"ဒဏ္ဍာရီတွေအရ အရင်က စီဝေ့မဟာအင်ပါယာ လက်အောက်မှာ မဟာအင်ပါယာ ဘယ်နယောက်လောက် ရှိခဲ့တာလဲ။" နောက်တစ်ယောက်က ခပ်တိုးတိုး မေးလိုက်သည်။

"ရှစ်ယောက်။" သူတို့ထဲမှတစ်ယောက်က ပြန်ဖြေလိုက်သည်။ "ဒဏ္ဍာရီတွေအရဆိုရင် ထျန်းခွေနဲ့ ဝမ်ချွီအပါအဝင် မဟာအင်ပါယာရှစ်ယောက်က စီဝေ့မဟာအင်ပါယာ လက်အောက်မှာ အမှုထမ်းပြီး ကြယ်ကမ္ဘာတစ်ခုလုံးကို အုပ်စိုးခဲ့တယ်။ သူတို့က အလွန် အစွမ်းထက်ပြီး သူတို့ရဲ့ ခေတ််အခါမှာ အစွမ်းထက်ဆုံးတွေထဲက တစ်ယောက် ဖြစ်တာ သေချာတယ်။ စီဝေ့မဟာအင်ပါယာက ကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ မဟာအင်ပါယာတစ်ယောက်ပဲ။ ကျုပ် ခန့်မှန်းမိသလောက် အင်ပါယာကြယ်တစ်ခုချင်းစီက မဟာအင်ပါယာတစ်ယောက်ကို ကိုယ်စားပြုတာဆိုရင် အခု မဟာအင်ပါယာငါးယောက်ကို ကိုယ်စားပြုတဲ့ အင်ပါယာကြယ်တွေကို ရှာတွေ့ပြီးသွားပြီ။ ဆိုလိုတာက အင်ပါယာကြယ်သုံးခုပဲ ကျန်တော့တယ်။"

"ကြယ်သုံးခုပဲ ကျန်တော့တာလား။" တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ ကျန်ရှိသည့် အခွင့်အရေးများက ပို၍ ပို၍ နည်းပါးလာသည်။

သို့သော် ဤအင်ပါယာကြယ်များကို ရှာဖွေရန်မှာပင် သူတို့အတွက် ပြဿနာဖြစ်နေပေသည်။

…

တစ်ချိန်တည်းမှာပင် အခြား အဆင့်မြင့်ကျင့်ကြံသူများစွာက စီဝေ့အင်ပါယာနန်းတော်၏ အပြင်ဘက်၌ စုစည်းနေဆဲ ဖြစ်သည်။ အချို့က သူတို့ဘာသာ ထိုင်နေကြသော်လည်း အချို့က တစ်ယောက်နှင့်တစ်ယော​က် စကားပြောနေကြသည်။ သူတို့အဆင့်မှ လူများသည်    ရက်အနည်းငယ် ကုန်ဆုံးသွားလျှင်ပင် အချိန်က အလွန် တိုတောင်းပြီး ခေတ္တမျှ ကျင့်ကြံရန်သာ လုံလောက်ပေသည်။

စီဝေ့အင်ပါယာနန်းတော်သည် သူတို့အားလုံး အနားယူရန် နေရာကို စီစဥ်ပေးထားသော်လည်း သူတို့အားလုံး ဆုံစည်းရန်မှာ ခက်ခဲလှသောကြောင့် တစ်ယောက်နှင့် တစ်ယောက် မဟာလမ်းစဥ် ကျင့်ကြံခြင်း အကြံဉာဏ်များ ဖလှယ်ချင်နေကြသည်။

"အထဲမှာ ဘာတွေဖြစ်နေပြီလဲ သိချင်မိတယ်။ သူတို့ ဘယ်နေရာကိုများ အပို့ခံလိုက်ရလဲ မသိဘူး။" အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က ရေရွတ်လိုက်သည်။

"နေရာတစ်ခုချင်းစီကနေ အတော်ဆုံးကျင့်ကြံသူတွေ ဝင်သွားတာကြောင့် စီဝေ့မဟာအင်ပါယာ​က အရမ်းအစွမ်းထက်တဲ့ လျှို့ဝှက်ချက်တစ်ခုခုကို ချန်ရစ်ခဲ့တာ ဖြစ်ရမယ်။ သူတို့ရဲ့ စွမ်းရည်နဲ့ဆို တစ်ခုခု ရှာတွေ့လိမ့်မယ်လို့ ကျုပ် သေချာတယ်။"

"ဟုတ်တယ်။ အဲဒါ ဖြစ်နိုင်တယ်။ ဒါပေမယ့် စီဝေ့အင်ပါယာနန်းတော်က..." သူတို့ထဲမှ တစ်ယောက်က စီဝေ့အင်ပါယာနန်းတော်သည် သူတို့အပေါ် တစ်ခုခု အကွက်ဆင်နိုင်သလား သိချင်နေသည်။

"စိတ်မပူပါနဲ့။ ကျုပ် သူတို့ကို စီဝေ့မဟာအင်ပါယာ ကျင့်ကြံခဲ့တဲ့ နေရာကို ပို့ပေးလိုက်ပြီး သူတို့ကို ကိုယ်တိုင် လှုပ်ရှားဖို့ ချန်ထားခဲ့တာပါ။ ဘယ်လိုဖြစ်ဖြစ် ကျုပ် ဝင်စွက်ဖက်မှာ မဟုတ်ဘူး။" သာယာ၍ အိပ်မက်ဆန်သော အသံတစ်ခုက စီဝေ့အင်ပါယာနန်းတော်အတွင်းမှ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ဖြစ်ပျက်နေသမျှ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအတွင်း ရှိနေသလို ထင်မှတ်ရပေသည်။

အစောပိုင်းက ပြောခဲ့သော အဆင့်မြင့်ကျင့်ကြံသူက စီဝေ့အင်ပါယာနန်းတော်မှ ကိုယ်စားပြုသူအား တောင်းပန်သည့် ​အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ "နန်းတော်သခင် ကျုပ် ခင်ဗျားကို မဆန့်ကျင်မိဖို့ မျှော်လင့်ပါတယ်။ ကျုပ် အတွေးတွေက အတော်လေး အမြင်ကျဥ်းသွားခဲ့တယ်။"

စီဝေ့အင်ပါယာနန်းတော်သခင်က ပြန်မဖြေခဲ့ပေ။ သူက စီဝေ့အင်ပါယာနန်းတော်၏ အလယ်၌ တင်ပျဥ်ခွေထိုင်နေခဲ့ပြီး သူ့ရှေ့တွင် ကျင့်ကြံသူ များစွာ ရှိနေခဲ့သည်။ စီဝေ့အင်ပါယာနန်းတော်သခင်က မေးလိုက်သည်။ "ဘယ်လိုဖြစ်သွားပြီလဲ။"

"အင်ပါယာကြယ်ငါးခုကို ရှာဖွေတွေ့ပြီး နားလည်သဘောပေါက်သွားကြပြီ။" သူတို့ထဲမှ တစ်ယောက်က ပြန်ဖြေလိုက်သည်။

"အပြင်ဘက်လောက်ရဲ့ အကောင်းဆုံး ကျင့်ကြံသူတွေက မျှော်လင့်ထားသလိုပါပဲ။ သူတို့က အရာအားလုံးကို အောင်အောင်မြင်မြင် ပြီးမြောက်နိုင်စေဖို့ မျှော်လင့်ပါတယ်။" စီဝေ့အင်ပါယာနန်းတော်သခင်က ပြောလိုက်သည်။ သူက လုံးဝ အံသြပုံမရဘဲ သူ၏ အသံအရ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်၌သာ ရှိနေသလိုပင်။

ဒီနှစ်တွေအားလုံးမှာ စီဝေ့အင်ပါယာနန်းတော်သည် စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့သည်။ သို့သော် သူတို့က စီဝေ့မဟာအင်ပါယာ ချန်ရစ်ထားခဲ့သည့်အရာကို ရှာဖွေနိုင်စွမ်း မရှိခဲ့ကြပေ။

ယခု နယ်မြေအားလုံးမှ ကျင့်ကြံသူများ ရောက်ရှိလာပြီး သူတို့သည် စီဝေ့မဟာအင်ပါယာ ချန်ရစ်ထားခဲ့သည့်အရာကို ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်လင့်နေကြသည်။

သူတို့က စီဝေ့အင်ပါယာနန်းတော်မှလူများ ဖြစ်သောကြောင့် စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့သည့် တစ်စုံတစ်ခုကို ရှာဖွေနိုင်မည့် သူတို့ထက် အားကောင်းသော သူမျိုး ရှိလိမ့်မည်ဟု မည်သူမှ မယုံကြည်ကြပေ။

…

ကြယ်များကြားရှိ မည်သည့် ကျင့်ကြံသူကမှ အပြင်ဘက်လောက၌ ဖြစ်ပျက်နေသည်များ အကြောင်းကို မသိကြပေ။ ထို့ကြောင့် သူတို့သည် စီဝေ့အင်ပါယာနန်းတော်က မည်သည့်ကိစ္စတို့ တွေးနေသည့်အကြောင်းကိုလည်း မသိကြပါချေ။

အင်ပါယာကြယ်များမှ ဉာဏ်အလင်းကို ရရှိခဲ့သည့် ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံခြင်းတွင် တစ်ယောက်ပြီးတစ်ယောက် ပြီးမြောက်သွားခဲ့သည်။ ရီဖူရှင်းကလည်း ရပ်တန့်သွား၏။ သူ့ခန္ဓာကိုယ်မှ နတ်အလင်းက မှိန်ဖျော့သွားပြီး သူက အင်ပါယာကြယ်၏ စွမ်းအားကို လေ့လာနေခြင်းမှ ရပ်တန့်လိုက်သည်။ ထို့ပြင် သူသည် ၎င်းအင်ပါယာကြယ်မှ စွမ်းအားက ထာဝရ တည်မြဲနေပြီး တစ်စုံတစ်ယောက်က နားလည်သဘောပေါက်သွားပြီးနောက် ပျောက်ကွယ်သွားမည့် အရာမဟုတ်သည်ကို ခံစားမိပေသည်။ ဆိုလိုသည်မှာ နောက်ပိုင်း၌ အခြားလူများသည်လည်း အင်ပါယာကြယ်မှ စွမ်းအားတို့ကို ထပ်မံဆက်ခံနိုင်ကြသည်ဟုပင် ဖြစ်သည်။

ထိုမဟာအင်ပါယာများသည် ဤစွမ်းအားများ အားလုံးကို ချန်ရစ်ထားခဲ့ပြီး သူတို့၏ မျိုးဆက်များကို ကူညီရန် မျှော်လင့်ထားပုံရသည်။

ထိုသည်မှာ ဤနှစ်များအတွင်း သူ့ကဲ့သို့သော လူများစွာက စီဝေ့အင်ပါယာနန်းတော်သို့ လာရောက်ကာ အင်ပါယာကြယ်များ၏ တည်ရှိမှုကို ရှာဖွေရင်း ဉာဏ်အလင်းများ ရရှိသွားသည်ဟု ဆိုလိုပေသည်။

သူ၏ ကျင့်ကြံခြင်းပြီးပြည့်စုံသွားသည့် အခိုက်အတန့်တွင် သူက အဆင့်မြင့်ကျင့်ကြံသူတစ်စုက သူ့ထံ လျှောက်လာကြသည်ကို မြင်လိုက်ရသည်။ လူတိုင်းက သူ့ကို အရပ်မျက်နှာအသီးသီးမှ ကြည့်နေကြသည်။ မျက်မမြင်ထျယ်အပါအဝင် ယခင်က မည်သူမှ ထိုသို့ ဆက်ဆံမှုကို မရခဲ့ကြပေ။ ရီဖူရှင်းတစ်ယောက်သာလျှင် ရနိုင်ခဲ့ပေသည်။

သို့သော် သူက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိထားသည်။ အင်ပါယာကြယ်နှစ်ခုကို ရှာတွေ့နိုင်ခဲ့သူမှာ သူတစ်ယောက်တည်းသာရှိပြီး တစ်ခုကို အခြားသူအား ပေးပစ်ခဲ့သည်။ အခြားကျင့်ကြံသူများက ထိုသို့သော ကိစ္စကို ရှာတွေ့ပြီးနောက် သည်အတိုင်း လက်လွှတ်ပေးလိုက်ရန် မဖြစ်နိုင်တော့ပေ။

"ရန်ဟောင်ရီ ခင်ဗျားက ဘယ်လောက်ထိ ထူးခြားတယ်ဆိုတာ ကျုပ် အများကြီး ကြားဖူးပါတယ်။ ခင်ဗျားက ဒီနေရာမှာတောင် အစွမ်းထက်တဲ့ နားလည်နိုင်စွမ်းတွေ ရှိနေမယ်လို့ ထင်မထားမိဘူး။ ခင်ဗျားက အင်ပါယာကြယ်နှစ်ခုကို ရှာတွေ့ခဲ့တဲ့ သူ ဟုတ်တယ်မလား။" သူတို့ထဲမှ တစ်ယောက်က သူ့ကို တိုက်ရိုက်မေးလိုက်သည်။

ရီဖူရှင်းက တစ်ဖက်လူကို ကြည့်ကာ မည်သည့်အရာမှ ဖုံးကွယ်မထားတော့ဘဲ ခေါင်းညိတ်လိုက်သည်။ သူက ငြင်းဆန်ချင်လျှင်ပင် ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။ ဤနေရာရှိ မည်သည့် ကျင့်ကြံသူကမှ အရူး ဟုတ်မနေပါချေ။

***

All Chapters