အခန်း (၃+၄)
Vol. 1 Ch. 3+4
အခန်း(၃) အကြမ်းပတမ်း မကောင်းဆိုးဝါးလေး
အသံလာရာ တံခါးနားကို စူစူလေးရောက်သောအခါ အခန်းထဲမှ လူတစ်ယောက်၏ အော်သံကို ထပ်ကြားလိုက်ရပါသည်။ “သေစမ်းကွာ! ငါမင်းကိုသတ်မယ်! လခွီး! ငါသေပြီ…”
ဟာ! ဖေဖေနဲ့ မေမေနဲ့ အန္တရာယ်များ ဖြစ်နေတာလား။
သူတို့ အန္တရာယ်ကြုံနေရတာဖြစ်မယ်!!
စူစူလေး တံခါးကို အားပါပါ တွန်းဖွင့်လိုက်သည်။
“ဝုန်း!!!”
အသံကျယ်ကြီးတစ်သံနဲ့အတူ ကီလိုဂရမ် ဆယ်ချီလေးသည့် တံခါးကြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်။ ဘေးနား နံရံပေါ်က ဆေးဖြူတွေကိုပါ ခြစ်မိပြီး ကွာကျကုန်လေသည်။
အခန်းထဲမှာ ဂိမ်းဆော့နေသည့် ချင်းယုကျီးတစ်ယောက် လန့်ဖျပ်သွားသည်။ အိမ်ထဲ ဗုံးပေါက်တာလား ဟုပင် ထင်သွား၏။
အခန်းတံခါးဝကို လှမ်းကြည့်လိုက်ရာ ခုနက မြင်ခဲ့ရသော ကလေးမလေးကို တွေ့လိုက်ရလေသည်။
ကလေးမလေးက ချစ်စရာ ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမရဲ့ နူးညံ့ကျော့ရှင်းသော ဆံပင်တွေကိုလည်း Ponytail လေးနှစ်ခုအဖြစ် စည်းထားသေးသည်။
ပန်းရောင်သမ်းနေသည့် ပျော့ပျော့အိအိ ပါးကလေးကလည်း အိပ်ရာနိုးခါစဖြစ်မှန်း သိသာစေသည်။
ကလေးမလေးရဲ့ ခြေထောက်နားမှာ တံခါးချပ်ကြီး ကျိုးကျနေပါသည်။
ဘာဖြစ်တာလဲ။ တံခါးက ဘာလို့ ပြုတ်ကျသွားတာလဲ။ ငါတို့အိမ်က အဲ့လောက် မစုတ်သေးပါဘူး… ဟုတ်တယ်မလား…။
ချင်းမိသားစုအိမ်တော်ကြီးက သက်တမ်းအနည်းငယ် ကြာပြီဖြစ်သော်လည်း စုတ်သည့်အဆင့်တော့ မရောက်သေးပါ။
စူစူလေးက အခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်သည်။ “ဘယ်သူ ရန်ဖြစ်နေတာလဲ?!”
ထူးဆန်းလိုက်တာ… ခုနလေးတင် အော်သံတွေ ရန်ဖြစ်သံတွေ ကြားလိုက်ပါသေးတယ်… သူမ နားကြားများမှားတာလား။
အခန်းထဲမှာ ရန်ဖြစ်ထားသည့် အရိပ်အယောင်ကော၊ သူမ မိဘတွေကိုကော မတွေ့သဖြင့် စူစူလေး ရန်လိုနေသည့် အနေအထားကို ဖျောက်လိုက်ပါသည်။
ထို့နောက် အောက်မှာ ပြုတ်ကျနေသည့် တံခါးချပ်ကြီးကို ငုံ့ကြည့်လိုက်သည်။
အားသုံးတာ နည်းနည်းများသွားတယ်… ရှက်စရာ ကောင်းလိုက်တာ… သူများပစ္စည်းကို ဒီလို အလွယ်လေး လိုက်ဖျက်စီးနေလို့ ရမလား…
အမှားတွေကို ပြန်ပေးဆပ်ဖို့အတွက် သူမရဲ့ နူးနူးညံ့ညံ့ လက်ကလေး နှစ်ဖက်နဲ့ တံခါးချပ်ကြီးကို မ,လိုက်ပြီး ပြန်တပ်ဖို့ ကြိုးစားလိုက်သည်။
ခန္ဓာကိုယ်သေးသေးလေးနဲ့ တံခါးချပ်ကြီးကို မ,နေတယ်…?
“ဝုန်း!!!”
နောက်ထပ် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။ တံခါးချပ်ကြိးက ဘေးနားရှိ စာအုပ်စင်ကို သွားရိုက်မိခြင်းဖြစ်၏။
တံခါးချပ်ကြီး ကွဲအက်သွားသည့်အပြင် စာအုပ်စင်လည်း လဲကျသွားကာ စာအုပ်တွေအကုန် ကြမ်းပြင်ပေါ် ပြန့်ကျဲကုန်လေသည်။
အား…! တံခါးကို ပြန်တပ်ဖို့ အားသုံးတာ နည်းနည်းများသွားတယ်…! ပြီးတော့ ပြောင်းပြန်ကြီး!
မတတ်နိုင်ပါ။ တံခါးက အတော်လေး ကြီးသဖြင့် သူမ အကုန်လုံးကို မမြင်ရပေ။
သူမ ပြင်ဖို့ကြိုးစားလေလေ ပိုဆိုးသွားလေလေဖြစ်နေသည်။
ကြက်သေသေနေသော ချင်းယုကျီးကို စူစူလေး စပ်ဖြီးဖြီးလှည့်ပြုံးပြလိုက်၏။
ကီလိုဂရမ်ဆယ်ချီလေးသော တံခါးချပ်ကြီးကို သူမရဲ့ လက်ဖောင်းဖောင်းလေး တစ်ဖက်က ကိုင်ထားဆဲ ဖြစ်၏။
ချင်းယုကျီး နှုတ်ခမ်းတွန့်သွားပြီး သူ့ရှေ့က မြင်ကွင်းကို ဖော်ပြဖို့ စကားအစအန ရှာမရ ဖြစ်နေပါသည်။
‘တုန်လှုပ်သွားသည်’ ဟူသည့် စကားလုံးနဲ့ သူ့ခံစားချက်ကို ဖော်ပြဖို့ မလုံလောက်တော့ပါ။
ထိုစဉ် ဆူညံသံတွေကိုကြားပြီး အဘိုးချင်းတစ်ယောက် ရောက်လာလေသည်။ ဧရာမ တံခါးချပ်ကြီးကို ကိုင်ထားသည့် သူ့သမီးလေးကို မြင်သောအခါ အဘိုးချင်း သွေးတက်သွား၏။
ထို့နောက် တံခါးချပ်ကြီးကို မ,ဖို့အတွက် စူစူလေးကို အဘိုးချင်း ဝင်ကူညီလိုက်ပါသည်။
“ရတယ် ရတယ်။ ဖေဖေ လုပ်လိုက်မယ်”။ အဘိုးချင်းက စူစူလေးကို ပြောလိုက်ပါသည်။
စူစူလေးကလည်း ခေါင်းငြိမ့်ကာ လွှတ်ပေးလိုက်သည်။ စူစူလေး လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုက်နက် တံခါးချပ်ကြီး၏ အလေးချိန်အပြည့်ကို အဘိုးချင်း ခံစားလိုက်ရလေသည်။
ထင်မထားလောက်အောင် လေးသောတံခါးကြီးကြောင့် အဘိုးချင်း မနိုင်တော့ဘဲ ခါးပါ နာသွားပါသည်။
ဒါကိုမြင်ပြီး စူစူလေးက တံခါးကို ချက်ချင်း ပြန်ထိန်းပေးလိုက်သည်။ ထို့နောက် ပါးစပ်အဟောင်းသား ဖြစ်နေသည့် ချင်းယုကျီး၏ အကြည့်အောက်မှာ တံခါးကို ဘောင်တွင် အလွယ်တကူ ပြန်တပ်လိုက်ပါသည်။
“ဖေဖေ အဆင်ပြေရဲ့လား”။ တံခါးပြန်တပ်ပြီးနောက် အဖေဖြစ်သူကို ကြည့်ရင်း စူစူလေး အနည်းငယ် လိပ်ပြာမလုံ ဖြစ်သွားသည်။ သူမ ခွန်အားကိုသူမ မထိန်းနိုင်တာကြောင့် ဒီလိုဖြစ်ရတာဟုလည်း ကိုယ့်ကိုယ်ကို အပြစ်တင်မိ၏။
အဘိုးချင်းက ချက်ချင်း ပြန်ပြောလိုက်ပါသည်။ “ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး။ ဖေဖေ အားလုံး အိုကေတယ်!”
သမီးဖြစ်သူရှေ့မှာ သန်မာထွားကျိုးသည့် အဖေတစ်ယောက်လို မားမားမတ်မတ် ရပ်တည်နေမှ ဖြစ်ပါမည်။
“ဪ တော်သေးတာပေါ့” စူစူလေးက ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြန်ပြောလိုက်ပါသည်။
စူစူလေး ကြည့်မနေသည့်အခါမှ အဘိုးချင်း နံရံကို လက်တစ်ဖက်ဖြင့် ထောက်ကာ ကျန်လက်တစ်ဖက်ဖြင့် ခါးကို ပွတ်လိုက်ပါသည်။
အောင်မယ်လေး ငါ့ခါး-!
အချိန်အတော်ကြာ အနားယူပြီးမှ အဘိုးချင်း ခါးပြန်မတ်လိုက်ပြီး ဘာတွေဖြစ်တာလဲ စမေးလေသည်။
“စူစူလေး တံခါးကို ဘယ်လို ချိုးလိုက်တာလဲ”
“ရန်ဖြစ်နေတဲ့ အသံကြားလို့! အန္တရာယ်ရှိနေတယ်ထင်လို့ သမီးစိတ်လှုပ်ရှားပြီး တံခါးကို ဆောင့်ကန်လိုက်တာ…” စူစူလေးက အပြစ်ကင်းစင်သည့် ပုံစံဖြင့် ခေါင်းကုတ်လိုက်ပါသည်။
… … …
အခန်း(၄) ကြောင်သူတော် ကြွက်အဘိုး
“ရန်ဖြစ်တယ်ဟုတ်လား” အဘိုးချင်းက ချက်ချင်းဆိုသလိုပဲ ချင်းယုကျီးကို လှည့်ကြည့်လိုက်ပါသည်။ “မင်းရန်ဖြစ်ပြန်ပြီလား”
ချင်းယုကျီးတစ်ယောက် ကြက်သေသေနေဆဲ ဖြစ်၏။ သူ့ခေါင်းထဲ အသံတွေ မြည်နေပြီး အသိစိတ် ပြန်မကပ်သေးပါ။
စက္ကန့်ပိုင်းလောက် ရီဝေနေပြီးနောက် ချင်းယုကျီး နောက်ဆုံးတော့ စကားပြန်ပြောလိုက်ပါသည်။
“ဘယ်သူက ရန်ဖြစ်လို့လဲ။ ကျွန်တော့်ဖာသာ အခန်းထဲမှာ ဂိမ်းဆော့နေတာကို ကျွန်တော့်အခန်းတံခါးကို သူလာဖျက်ဆီးတာ! အဘိုး သူက ဘာလား။ အဲ့တာ သာမန်လူတစ်ယောက်မှာ ရှိသင့်တဲ့ ခွန်အားမျိုး မဟုတ်ဘူးနော်။ သူက တကယ့် မကောင်းဆိုးဝါးလေးလိုပဲ!”
ထူးထူးဆန်းဆန်း ဒီကောင်မလေးက ဘာလဲဆိုတာ ချင်းယုကျီး တော်တော်လေး သိချင်နေပါပြီ။
“မဟုတ်တာတွေ မပြောနဲ့စမ်း! သူက မင်းဒေါ်လေးကွ!” အဘိုးချင်းက ဒေါသတကြီး ဆူငေါက်လိုက်ပါသည်။ သူ့မြေး ကလေကချေလုပ်တာကို သည်းခံနိုင်သည်။ သို့သော် သူ့သမီးလေးကို ဒီလို စကားမျိုး လာပြောလို့မရပါ။
“သူက ကျွန်တော့်ဒေါ်လေးဆိုရင်တောင် ချင်းမိသားစုဝင် ဟုတ်မဟုတ် ဆုံးဖြတ်လို့မရသေးဘူး။ သူ့ နောက်ကြောင်းကို ကျွန်တော် သံသယ ဖြစ်လာပြီ။ ကျွန်တော်တို့ မိသားစုက သာမန် မိသားစုဆိုတော့ ဒီလို ကြောက်စရာ ခွန်အားမျိုးနဲ့ မကောင်းဆိုးဝါးကို တစ်ခါမှ မမြင်ဖူးဘူး…”
“မဟုတ်တာတွေ လာပြောနေတယ်! ငါ့ကို ဘယ်ကမှ ကောက်လာတာ မဟုတ်ဘူး! ငါက ဖေဖေ့ရဲ့ သမီးအရင်းပဲ! မဟုတ်တာတွေ ဆက်ပြောရင် ထိုးမှာနော်”
စူစူလေး စိတ်တိုသွားပြီး လက်သီးပြင်လိုက်ပါသည်။
ဒီတူစုတ်က သူမကို မကောင်းဆိုးဝါးဟု ဆက်တိုက်ခေါ်နေပြီး လမ်းဘေးက ကောက်လာသလိုလိုတောင် ပြောနေသည်။ ဒါမျိုး လက်မခံပါ။
သူ့သမီးလေးမျက်နှာ တင်းမာသွားတာကိုမြင်ပြီး အဘိုးချင်း ရင်ထဲ ချက်ချင်း ထိတ်လန့်သွား၏။ သူ့သမီးလေးက စိတ်ကောင်းစေတနာကောင်း ရှိသည်။ သူမ သဘောကျသည့် လူတွေအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်သည်။ သူမ သဘောမကျသည့် လူတွေကိုလည်း ခြေတွေ လက်တွေ ကျိုးသွားအောင် လုပ်တတ်ပါသေးသည်။
သူ့မြေးသာ မဟုတ်တာတွေ ဆက်ပြောနေဦးမည်ဆိုလျှင် သူ့သမီးလေး ကျိန်းသေပေါက် သင်ခန်းစာ ပေးတော့မည်။
အဘိုးချင်းက ချင်းယုကျီးကို ခက်ထန်စွာ ပြောလိုက်သည်။ “ကောင်စုတ်! ဘာမှ မပြောနဲ့တော့။ မင်းဒေါ်လေးက ငါတို့ သွေးသားအရင်းကွ! လုံးဝ ရေမရောဘူး! သူ့ကို မင်းဘာမှ မေးခွန်းဆက်ထုတ်ခွင့် မရှိတော့ဘူး။ ပြီးတော့ မဟုတ်တဲ့ အခေါ်အဝေါ်တွေနဲ့လည်း ခေါ်ခွင့်မရှိဘူးနော်! မင်းဒေါ်လေးက နည်းနည်းသန်တယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် အဲ့တာ ရေးကြီးခွင်ကျယ် လုပ်စရာမှမဟုတ်တာ”
“အဘိုး… ဒါကို နည်းနည်းသန်တယ်လို့ ခေါ်တယ်ပေါ့”
စုတ်ပြတ်သပ်သွားသော သူ့အခန်းကို ချင်းယုကျီးကြည့်လိုက်ပြီး သူ့အဘိုးက ဗြောင်လိမ်ဗြောင်စား လုပ်တတ်သည့် ပါရမီပါသည်ဟု ခံစားလိုက်ရပါသည်။
“အဟွတ် အဟွတ်။ နည်းနည်းဆိုတာထက် နည်းနည်းလောက်ပဲ ပိုသန်တာပါ။ အဲ့တာကြောင့် လိမ်လိမ်မာမာနေ။ မင်းအခန်းထဲ အော်သစ်သောင်းကျန်းမနေနဲ့။ ဂိမ်းဆော့ရင်လည်း အသံတိုးထား ဒါမှ မဟုတ် နားကြပ်တပ်ထားကွာ”
ချင်းယုကျီးက လက်မခံနိုင်ဘဲ ပြန်ခံပြောပါသေးသည်။ “ဂိမ်းဆော့နေတုန်း နည်းနည်းလောက် အော်တာ ဘာဖြစ်လို့လဲ။ ပါးစပ်ပိတ်ပြီး ဂိမ်းဆော့တဲ့သူ ဘယ်မှာရှိလို့လဲ”
“မင်းတို့ ယောက်ျားလေးတွေ ဂိမ်းဆော့ရင် အော်ဟစ်သောင်းကျန်းတတ်မှန်း မင်းဒေါ်လေးက မသိဘူး! မင်းဘာမှ အထွန့်တက်စရာမလိုဘူး။ တိုးတိုးနေဆို တိုးတိုးနေ။ ပြီးတော့ အဲ့အဆဲစကားတွေကို မင်းဒေါ်လေး အတုယူမှားသွားမယ်! ထပ် မဆဲနဲ့နော်!”
သူ့သမီးလေးသာ ဒီကောင်စုတ်ကြောင့် အဆဲစကားတွေ တတ်သွားလျှင် အဘိုးချင်း ညှာတာနေမှာ မဟုတ်ပါ။
သူ့အဘိုး တကယ် ဘက်လိုက်သည်ဟု ချင်းယုကျီး ခံစားလိုက်ပါသည်။
“အဘိုးတော်တော် ဘက်လိုက်တာပဲ”
“ဘာကို ဘက်လိုက်တာလဲကွ။ ငါပြောတာ သေချာနားထောင်။ စူစူလေးက မင်းရဲ့ဒေါ်လေးပဲ။ မင်းထက် ဂုဏ်မြင့်တယ်။ သူ့ကို တလေးတစား ဆက်ဆံရမယ်။ မဟုတ်ရင် ငါအိမ်စည်းကမ်းတွေ ပိုတင်းကြပ်လိုက်မှ ငါ့အဆိုးမဆိုနဲ့နော်!” အဘိုးချင်းက သတိပေးလိုက်ပါသည်။
ချင်းယုကျီး အသက်ဝဝရှူလိုက်ပြီး ရင်ထဲမှာလည်း တတွတ်တွတ် ရေရွတ်နေပါသည်။
စိတ်ထိန်း စိတ်ထိန်း၊ မင်းက အသက် ၁၇ နှစ် လူကြီးဖြစ်နေပြီ။ ဒီလို ကလေးစုတ်နဲ့ ရန်ပြိုင်ဖြစ်စရာ မလိုဘူး!
“ဟုတ်ပါပြီ! အဘိုးသဘောပဲ! သူ့ကို ဒေါသထွက်အောင် မလုပ်ရဘူးဆိုရင် ကျွန်တော် ရှောင်နေဖို့ပဲ ရှိတယ်။ သူ့ကို ‘ဒေါ်လေး’လို့ ခေါ်ဖို့တော့ လာမမျှော်လင့်နဲ့။ ဒီတစ်သက် မခေါ်နိုင်ဘူး!”
ချင်းယုကျီး အနည်းငယ် လိုက်လျောပေးလိုက်သော်လည်း သူမကို ‘ဒေါ်လေး’ဟု ခေါ်ဖို့ကတော့ လုံးဝ လုံးဝ အလျှော့မပေးနိုင်ပါ။
ဒါကိုကြားတော့ အဘိုးချင်းလည်း ဘာမှ မပြောတော့ပေ။ ထို့နောက် အဘိုးချင်းက သူ့သမီးဘက်ကို လှည့်လိုက်ပြီး မျက်နှာထားကလည်း ချက်ချင်းဆိုသလို ချိုသာသွားပါသည်။
“စူစူလေး ဒေါသမထွက်ပါနဲ့။ သမီးတူလေးက ငယ်ငယ်လေးကတည်းက ခေါင်းမာတာ။ စိတ်ထဲရှိတာကို မစဉ်းစားဘဲနဲ့ ပြောတတ်တယ်။ ဒါပေမယ့် တကယ် ရည်ရွယ်တာ ရှားပါတယ်။ အဲ့တာကြောင့် စိတ်မဆိုးနဲ့တော့နော်။ သူ့ကို လက်သီးနဲ့ မထိုးနဲ့တော့ ဟုတ်ပြီလား”