အခန်း (၅+၆)
Vol. 1 Ch. 5+6
အခန်း(၅) တူလေးရဲ့ ရင်ထဲက ဝမ်းနည်းမှု
“ဟုတ်” စူစူလေး ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် အဘိုးချင်းက စူစူလေးကို ပွေ့ချီပြီး အခန်းထဲမှ ထွက်သွားဖို့ ပြင်လိုက်ပါသည်။
ထိုအချိန်တွင် ချင်းယုကျီးတစ်ယောက် မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားစေမည့် နောက်ထပ် မြင်ကွင်း တစ်ခုကို မြင်လိုက်ရသည်။
ဒီအသက် ၃ နှစ်အရွယ်သာ ရှိသေးသည့် ကလေးမလေးက လက်ချောင်းတစ်ချောင်းတည်းနဲ့ တံခါးဘောင် အစွန်းမှာ အပေါ်တစ်ပေါက်ဖြစ်သွားအောင် ထိုးလိုက်ပြီး ချင်းယုကျီးကို ခြိမ်းလားခြောက်လား လက်ညှိုးထိုးလိုက်ပါသည်။
စူစူလေးက သွားပေါ်အောင် ပြုံးလိုက်ပြီး ပြောလိုက်၏။ “ဖေဖေက လက်သီးနဲ့ မထိုးရဘူးလို့ပဲ ပြောတာ လက်ညှိုးနဲ့ မထိုးရဘူးလို့ မပြောဘူး”
သူ့လက်ညှိုးလေး တစ်ချက်ထိုးလိုက်တာနဲ့ တံခါးမှာ အပေါက်ဖြစ်သွားတယ်?!
ချင်းယုကျီး ကျောရိုးတစ်လျှောက် စိမ့်သွားပြီး စိတ်ဓာတ်လည်းကျ ဒေါသလည်း ထွက်သွားသည်။
ဒီမကောင်းဆိုးဝါးမလေး ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ။ ဒေါသထွက်လိုက်တာ!
ဒီလိုနေလို့ မဖြစ်သေးပါ။ သူ့မိသားစုကို ဒီအကြောင်းပြောမှ ဖြစ်မည်။ ဒီမကောင်းဆိုးဝါးမလေးရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ သူ့မိဘတွေကို ပြောရမည်။ ဒါမှ မတွေ့ခင် သူ့မိဘတွေ စိတ်ကို ကြိုတင် ပြင်ဆင်နိုင်မှာမဟုတ်လား။
ချင်းယုကျီး အိပ်ခန်းထဲ ပြန်ဝင်လာပြီး ဖုန်းထုတ်လျက် သူ့အဖေ ချင်းရှင်းကျစ်ကို ဖုန်းဆက်လိုက်ပါသည်။
ဖုန်းဝင်သွားတာနဲ့ တစ်ပြိုင်နက် ချင်းရှင်းကျစ်က မိသားစု အခြေအနေကို စတင် မေးမြန်းလေသည်။ “ငါ့သား ဆန်ကုန်မြေလေး၊ မင်းအဘိုးနဲ့အဘွား ဘယ်လိုနေလဲ။ ဟိုက ပြန်လာတော့ အိမ်မှာ သက်တောင့် သက်သာ ရှိရဲ့လား”
“အဘိုးနဲ့ အဘွားက ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် အသက် ၄ နှစ်တောင် မပြည့်သေးတဲ့ ကလေးမလေး တစ်ယောက်ကို သူတို့ ခေါ်လာကြတယ်။ ပြီးတော့ သူတို့ သမီးလို့လည်း ပြောနေတယ်”။ ချင်းယုကျီးက စူပုပ်နေသော မျက်နှာဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ခွေးကောင် ဘာတွေ လာပြောနေတာလဲ။ မင်းအဘိုးနဲ့အဘွားက ဘယ်ကနေ သမီးရလာတာလဲ။ ဂိမ်းအဆော့လွန်ပြီး ကြောင်သွားပြီလား”
“မကြောင်ဘူးဗျ! ကျွန်တော် သေချာ မေးကြည့်ပြီးပြီ။ ပြီးတော့ အဲ့ကလေးမလေးက တော်တော် သန်တယ်။ ကျွန်တော့် အခန်းတံခါးကို ဘာမှမဟုတ်သလို ကန်ချပြစ်လိုက်တာ!”
ယခု ပြန်ပြောပြရတာတောင် ချင်းယုကျီး ကျောချမ်းနေဆဲ ဖြစ်သည်။
“မင်းတကယ် မဟုတ်တာတွေ လာပြောနေတာပဲ။ အိပ်ရေးမဝတာလား၊ ဝတ္ထုတွေဖတ်ပြီး စိတ်ကူး ယဉ်နေတာလား။ ဟူး ဟုတ်ပြီ ဟုတ်ပြီ။ မင်းအမေနဲ့ ငါနဲ့ ပြန်ရောက်မှ သေချာ ပြောကြမယ်။ ခဏနေရင် ငါအစည်းအဝေးတစ်ခု တက်စရာရှိသေးလို့။ မင်းအဘိုးအဘွားတွေကို ဂရုစိုက် ဟုတ်ပြီလား”
သားဖြစ်သူပြောတာတွေကို ချင်းရှင်းကျစ် သိပ်စိတ်မပူဘဲ ဖုန်းအမြန်ချလိုက်ပါသည်။
အဖေဖြစ်သူက ဖုန်းချသွားပြီးနောက် အမေဖြစ်သူဖို့ ဖုန်းခေါ်ဖို့ ချင်းယုကျီး ကြိုးစားသည်။ သို့သော် မကိုင်ပေ။
ထို့နောက် သူ့အစ်ကိုကြီးကို ချင်းယုကျီး ဖုန်းခေါ်ကြည့်သေးသည်။ သို့သော် ဖုန်းက မဝင်ပါ။
အရင်တစ်ခေါက်က ကျောင်းမှာ သူရန်ဖြစ်ပြီး ရဲစခန်းရောက်သွားသဖြင့် သူ့အစ်ကိုကြီး အာမခံကာ လာထုတ်ပေးခဲ့ရသည်။ ထိုတစ်ခါ ဖြစ်ပြီးကတည်းက သူ့ဖုန်းကို သူ့အစ်ကိုကြီး ဘလော့ထားတာ ဖြစ်သည်။
ထို့ကြောင့် အခုတော့ သူ့ဒုက္ခတွေကို မျှဝေဖို့ တိုင်ပင်ဖို့ ဘယ်သူမှ မရှိတော့ပေ။
--- --- ---
နောက် ၂ ရက်အတွင်း စူစူလေး အိမ်အသစ်နဲ့ တရင်းတနှီးဖြစ်အောင် နေထိုင်ခဲ့သည်။
သူမမှာ အစ်ကိုတွေ၊ မရီးတွေ၊ တူတွေ အများကြီးရှိသည်။ သို့သော် ကံမကောင်းစွာဖြင့် လောလောဆယ် အိမ်မှာ တစ်ယောက်မှ မရှိကြပါ။ အားလုံး လုပ်ငန်းကိစ္စများဖြင့် ခရီးထွက်သွားကြပြီး ရက်ပိုင်းလောက်ထိ အိမ်ပြန်လာကြဦးမှာ မဟုတ်ပေ။
ချင်းအိမ်တော်မှာ ဟွာချန့်မြို့တော်ရှိ နာမည်အကြီးဆုံး သူဌေးအိမ်ရာမှာ တည်ရှိပါသည်။ ဘေးပတ်လည်မှာလည်း ဟွာချန့်မြို့၏ အကျော်အမော်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များစွာ နေထိုင်ကြသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ စူစူလေးကို ဒီမြို့ဆီ ခေါ်လာရသည့် အကြောင်းအရင်းတစ်ခုက မူကြိုကျောင်း ထားချင်လို့ဖြစ်သည်။
တောင်ပေါ်ဒေသ ကျေးရွာများက လေကောင်းလေသန့်ရရှိပြီး ရှုခင်းများ လှပပါသည်။ သို့သော် ပညာရေး ရင်းမြစ်များ လိုအပ်ချက် ရှိသည်။
သူတို့ရဲ့ အဖိုးတန် သမီးလေးကို သူများထက် နောက်မကျစေချင်ပေ။
အဘိုးချင်းနဲ့ အဘွားချင်းတို့ ဒီနေ့မနက် အစောကြီးထကာ သေသေသပ်သပ် ဝတ်စားလျက် စူစူလေး၏ လက်ကို တွဲပြီး အပြင်သွားဖို့ ပြင်လိုက်ပါသည်။
စူစူလေးကို မူကြိုကျောင်းဆီ ပို့ပေးဖို့ စီစဉ်ထားကြတာဖြစ်၏။
ဒီနေ့ စူစူလေးက ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထား၏။ ကာတွန်းရုပ် တီရှပ်အသေးလေးနဲ့ ဝါညိုရောင် ဘောင်းဘီတိုလေးကို ဝတ်ဆင်ထားသည်။ ရိုးရှင်းကာ သူမ လှုပ်ရ ရှားရတာ လွယ်ကူစေပါသည်။
အိမ်တံခါးဝကို ရောက်သောအခါ သူငယ်ချင်းတွေနဲ့ ဘတ်စ်ကတ်ဘော သွားကစားဖို့ ပြင်နေသည့် ချင်းယုကျီးကို တွေ့လိုက်ရပါသည်။
“တူလေး!” စူစူလေးက ချင်းယူကျီးကို လှမ်းခေါ်လိုက်ပြီး လက်ပြနှုတ်ဆက်လိုက်ပါသည်။
စူစူလေးက လျှာမသွက်သေးသဖြင့် စကားကလည်း မပီသေးပါ။ ‘တူလေး’ ဟုခေါ်လိုက်သံက မပီသဘဲ ချစ်စရာ ကောင်းနေပါသည်။
ချင်းယုကျီး ဂုတ်တိုသွား၏။
ပြီးခဲ့သည့် ၂ ရက်လုံးလုံး အိမ်မှာ ဒီဟာမလေးနဲ့ ထိပ်တိုက်မတိုးအောင် သူအစွမ်းကုန် ကြိုးစားပြီး ရှောင်ခဲ့သည်။
သို့သော်လည်း ဒီနေ့ အပြင်ထွက်ဖို့ ကြိုးစားလိုက်တာနဲ့ တစ်ပြိုင်နက် သူမနဲ့ ထိပ်တိုက် တွေ့လေသည်။
… … …
အခန်း(၆) မခွဲချင်ဘူး
ချင်းယုကျီးလည်း ဘာမှ မတတ်နိုင်ဘဲ မကြားချင်ယောင် ဆောင်ဖို့သာ ကြိုးစားလိုက်ရပါသည်။
ဘာမှမမြင်ဘူး ဘာမှမမြင်ဘူး။ ဘာဒေါ်လေးမှ မရှိဘူး။ မကောင်းဆိုးဝါးမလေးလည်း မရှိဘူး။ အကုန် ထင်ယောင်ထင်မှားဖြစ်နေတာ။ ဟုတ်တယ် ထင်ယောင်ထင်မှားဖြစ်နေတာပဲ!
ချင်းယုကျီး ခြေလှမ်းတွေကို သွက်သွက်လျှောက်လိုက်ပြီး ဝှစ်ခနဲ ပျောက်ကွယ်သွားလေသည်။
အဘိုးချင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “သမီးလေး သူ့ကို စိတ်ထဲထားမနေနဲ့။ ကျောင်းသွားကြစို့! ဒီနေ့ သူငယ်ချင်း အသစ်တွေ အများကြီးနဲ့ ဆုံရမှာ!”
စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ သို့သော်လည်း သူမ မူကြိုသွားဖို့ စိတ်သိပ်မပါလှပေ။
သူမက အသက် ၁၀၃ နှစ်ခွဲ ရှိပါပြီ။ မူကြိုဆိုတာ သူမ သွားဖို့ လိုသည့်နေရာ မဟုတ်ပါ။
သို့သော် သူမ မိဘတွေ သွားစေချင်ပါက သူမ ရွေးချယ်စရာမရှိဘဲ သွားရပါမည်။
စူစူလေး တက်ရမည့် ဟုံဖုန်းမူကြိုကျောင်းကလည်း ဒီအိမ်ရာအတွင်းမှာပဲ တည်ရှိနေပြီး ဒီပတ်ဝန်းကျင်တွင် နေထိုင်သော သူဌေး သားသမီး လူကြီးသားသမီးတွေ တက်ရောက်လေ့ရှိသည့် ဂုဏ်သရေရှိ မူကြိုကျောင်းတစ်ခုဖြစ်သည်။
အိမ်နဲ့လည်း နီးသဖြင့် အဘိုးချင်းနဲ့ အဘွားချင်းတို့ စိတ်ချရပါသည်။
မူကြိုကျောင်းတွင် အဘိုးချင်းတို့လာမည်ဆိုတာ ကြိုသိထားသော ကျောင်းအုပ်ကြီးက ဝင်ပေါက်မှာ စောစော ကြိုစောင့်နေပါသည်။
“သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့၊ ကျွန်တော်တို့ ကျောင်းကို အခုလို လာရောက်ပေးတာ တကယ်ပဲ ဂုဏ်ယူမိပါတယ်ဗျာ”။ အရပ်ပုပု မျက်နှာဝိုင်းဝိုင်းနဲ့ ကျောင်းအုပ်ကြီးက မျက်လုံးများ မှေးစင်း သွားလောက်သည့်အထိ ပြုံးပြလိုက်ပါသည်။
ထို့နောက် ကျောင်းအုပ်ကြီးက အဘိုးချင်းနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လက်နှစ်ဖက်လုံးကို စိတ်အားထက်သန်စွာ ကမ်းပေးလိုက်ပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့က ဟွာချန့်မြို့ အသိုင်းအဝိုင်းထဲမှာ အလွန်ဩဇာအာဏာရှိသူများဖြစ်သည်။ နှစ်ပေါင်းများစွာ ဒီမြို့ရဲ့ စီးပွားရေးလောကကို လွှမ်းမိုးခဲ့သူများ ဖြစ်ကြ၏။
အနားယူသွားတာ ကြာပြီဖြစ်သော်လည်း ဟွာချန့်မြို့ရှိ လူတိုင်းက သူတို့ နှစ်ဦးကို တလေးတစား ဆက်ဆံရဆဲဖြစ်သည်။
ထို့ကြောင့် သာမန် မူကြိုကျောင်းအုပ်တစ်ယောက်က သူတို့နှစ်ဦးကို လုံးဝ မစော်ကားရဲပါ။
“အဲ့လောက်ကြီး မလိုပါဘူး”။ အဘိုးချင်းက တည်ကြည်လေးနက်သော မျက်နှာ၊ တောင်တန်းလို ခိုင်မာသော အရှိန်အဝါတို့ဖြင့် ပြန်ပြောလိုက်ပါသည်။
သူ့အဖိုးတန် သမီးလေးကလွဲလို့ တခြားအပြင်လူတွေနဲ့ ပြောဆိုဆက်ဆံရာတွင် အဘိုးချင်းက အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတတ်ပါသည်။
ကျောင်းအုပ်ကြီးက ရယ်မောပြီး နူးညံ့သေးသွယ်သည့် စူစူလေးကို ငုံ့ကြည့်လိုက်ပါသည်။
ဒီကလေးမလေးက အသားအတော်ဖြူပြီး အလွန်ချစ်ဖို့ကောင်းသည်။ ကြွေရုပ်လေး တစ်ရုပ်အလား ထင်ရလေသည်။
ကျောင်းအုပ်ကြီးက ချစ်စရာ ကလေးလေးတွေကို နှစ်တိုင်း မြင်ဖူးပါသည်။ သို့သော်လည်း အခု သူ့ရှေ့က ကလေးမလေးကတော့ ချစ်စရာအကောင်းဆုံးနဲ့ ရုပ်ရည်အသန့်ဆုံး ဖြစ်သည်။
ပြုံးပြုံးရွှင်ရွှင်ဖြင့် ကျောင်းအုပ်ကြီးက အဘိုးချင်းနဲ့ အဘွားချင်းတို့ကို မေးလိုက်သည်။ “ဒါက သခင်ကြီးတို့ရဲ့ မြေးမလေးပေါ့”
“ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ?!”။ အဘွားချင်းက ချက်ချင်းဆိုသလို ဘဝင်မကျ ဖြစ်သွားလေသည်။ “ဒါ ကျွန်မတို့ သမီးရှင့်!”
အဘိုးချင်းကလည်း ခက်ထန်စွာ ပြောလိုက်သည်။ “ဒါငါတို့ရဲ့ သမီးအရင်းခေါက်ခေါက်ပဲ!”
“သ-သမီးဟုတ်လား” ကျောင်းအုပ်ကြီး မျက်လုံးပြူးသွားပြီး စူစူလေးကို ပြန်ကြည့်လိုက်သည်။
ဒီနေ့ မူကြိုကျောင်းထံသို့ သခင်ကြီးချင်း ကလေးမလေးတစ်ယောက် ခေါ်လာမည်ဆိုတာ သူ သိထားပါသည်။ သူတို့ရဲ့ မြေးမလေး ဖြစ်မည်ဟုသာ ထင်ထားခြင်းဖြစ်၏။ သူတို့ သမီးဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားပါ။
စူစူလေးကလည်း လုံးဝ မရှက်ပါ။ ယုံကြည်ချက်ပြည့်ဝစွာ ကျောင်းအုပ်ကြီးကို သေချာကြည့်ခွင့် ပေးလိုက်ပါသည်။
ကျောင်းအုပ်ကြီး အချိန်အတော်ကြာမှ အသိစိတ် ပြန်ဝင်လာပြီး အနေခက်စွာ ပြုံးကာ အဘိုးအဘွားများကို မြှောက်ပင့် ပြောဆိုလိုက်ပါသည်။ “သခင်ကြီးချင်းကတော့ အသက်ကြီးပေမယ့် ကျန်းမာ သန်စွမ်းနေတုန်းပဲကိုး။ တကယ် အားကျဖို့ ကောင်းပါပေတယ်!”
ရင်ထဲမှာတော့ ကျောင်းအုပ်ကြီး သက်ပြင်းချမိသည်။ သူဌေးအဘိုးကြီးအဘွားကြီးတွေက သာမန် လူတွေနဲ့ တကယ်ပဲ ခြားနားလှပါသည်။ ဒီအသက်အရွယ်မှာတောင် ကလေးယူနိုင်ကြသေးသည်။ ဆန်းကြယ်ခြင်းလား သဘာဝလွန်အဖြစ်အပျက်ပဲလား မပြောတတ်ပါ။
“ကဲကဲ ငါ့အဖိုးတန် သမီးလေးကို မင်းလက်ထဲ အပ်ခဲ့မှာနော်! သူ့ကို သေချာ ဂရုစိုက် ကြားလား?!” အဘိုးချင်းက ကျောင်းအုပ်ကြီးကို သေချာမှာလိုက်ပြီး စူစူလေးအား စိတ်မချသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မွေးကတည်းက သူတို့ သမီးလေးနဲ့ ခွဲရတာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်…။ အဘိုးချင်း အလွန် စိတ် မသက်မသာဖြစ်နေပါသည်။
“စိတ်ချပါဗျာ။ ကျွန်တော်တို့ သေချာ ဂရုစိုက်ပါ့မယ်။ ညနေ ၅ နာရီဆို ကျောင်းလာကြိုလို့ရပြီ”။ ကျောင်းအုပ်ကြီးက ပြုံးကာ ပြောလိုက်ပါသည်။
ကိုယ့်ကလေးနဲ့ကိုယ် မခွဲနိုင်ကြသည့် မိဘတွေအများကြီးကို ကျောင်းအုပ်ကြီး မြင်ဖူးပါသည်။ သို့သော်လည်း အဘိုးချင်းနဲ့ အဘွားချင်းတို့လို အသက်အရွယ်တွေက မျက်ရည်တွေ ဝဲပြီး မခွဲနိုင် မခွာနိုင် ဖြစ်နေတာကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပေသည်။
“၅ နာရီ?! ၅ နာရီက နောက်မကျလွန်းဘူးလား။ ၄ နာရီလောက် ပြန်လွှတ်ပေးလို့ မရဘူးလား”။ အဘိုးချင်းက သိပ်ပြီး သဘောမကျပေ။
အခုမှ မနက် ၈ နာရီသာ ရှိသေးသည်။ ညနေ ၅ နာရီမှ ကျောင်းဆင်းမှာဆို ၉ နာရီကြီးများတောင် စောင့်ရမှာ မဟုတ်လား။
၉ နာရီကြီးများတောင်! သူ့သမီးလေးနဲ့ မတွေ့ရဘဲ ၉ နာရီကြီးများတောင် နေရမှာလား?!