အခန်း (၇+၈)
Vol. 1 Ch. 7+8
အခန်း(၇) မကြောက်ပါနဲ့ စူစူလေး
“ဟုတ်ပ ဟုတ်ပ! ဘာလို့ အဲ့လောက် နောက်ကျရတာလဲ။ ညနေ ၅ နာရီဆို နေတောင် ဝင်နေပြီ!” အဘွားချင်းကလည်း ထောက်ခံသည်။
ကျောင်းအုပ်ကြီးက အနေခက်စွာ ပြုံးလိုက်ပြီး သခင်ကြီးနဲ့ သခင်မကြီးတို့ကို စိတ်ရှည်ရှည် ရှင်းပြလိုက်ပါသည်။
“အဲ သခင်ကြီး။ မူကြိုကျောင်း တော်တော်များများကလည်း ဒီအချိန်ပဲ ကျောင်းဆင်းကြတာပါ။ အစောဆုံးက ၄ နာရီခွဲပဲ။ ဒါပေမယ့် သခင်ကြီးတို့ သိတဲ့အတိုင်း မိဘအများစုက အလုပ်ဆင်းချိန် နောက်ကျကြတယ်လေ။ အဲ့တာကြောင့် သူတို့ဆို ကျောင်းနောက်ကျမှ ဆင်းတာကို ပိုတောင် သဘောကျကြသေးတယ်။ လာကြိုရတာ လွယ်တာကိုး”
အဘိုးချင်းနဲ့ အဘွားချင်းတို့က ရှင်းပြတာကို နားမထောင်ချင်ပါ။ သူတို့ ရင်ထဲမှာ သူတို့ သမီးလေးနဲ့ တစ်နေကုန် မတွေ့ရမည့် ခံစားချက်သာ ရှိသည်။
ဒါကိုမြင်တော့ ကျောင်းအုပ်ကြီးက ထပ်အာမခံလိုက်ပါသည်။ “ဒီလိုဆိုရင်ကော ကလေးကို စောစော လာကြိုချင်လည်း ရပါတယ်။ ကျွန်တော်တို့ မူကြိုက ကျောင်းလာကြိုတဲ့အချိန်ကို အဲ့လောက်ကြီး မကြပ်မတ်ပါဘူး”
“ဒီလိုမှပေါ့!” နောက်ဆုံးတော့ အဘိုးချင်း လက်ခံလိုက်ပါသည်။
ထို့နောက် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး စူစူလေးကို မှာလိုက်သည်။ “သမီးလေး လိမ်လိမ်မာမာ နေနော်။ မူကြိုမှာ သူငယ်ချင်းတွေနဲ့ ကစား။ ပြီးတော့ ဖေဖေနဲ့ မေမေတို့ကို သတိရရင် သမီးရဲ့ လက်ပတ် နာရီလေးနဲ့ ဖုန်းဆက်လိုက်။ ချက်ချင်း လာကြိုမယ်”
စူစူလေးက ခေါင်းငြိမ့်လိုက်ပါသည်။ “ရပါတယ်! ဖေဖေတို့ အိမ်ပြန်ကြတော့! သမီးကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ပါတယ်!”
ရင်ဘတ်လေးကို ယုံကြည်ချက်ပြည့်ဝစွာ ပုတ်ပြလိုက်သည်။
အဘိုးချင်းက ထပ်ပြော၏။ “စူစူလေး မငိုနဲ့နော် ဟုတ်ပြီလား။ ဘာမှ မကြောက်နဲ့”
“မကြောက်ပါဘူး”။ စူစူလေး ခေါင်းခါလိုက်သည်။ ထို့နောက် အဘိုးချင်း၏ ပခုံးကို ကိုင်ပြီး မှာလိုက်သည်။ “ဖေဖေတို့လည်း လိမ်လိမ်မာမာနေနော်။ မငိုကြနဲ့ ဟုတ်ပြီလား”
စူစူလေးက လုံးဝ မကြောက်ပါ။ ထို့အစား အဘိုးချင်းနဲ့ အဘွားချင်းတို့ကိုသာ နှစ်သိမ့်ပေးလိုက်သည်။
ထို့နောက် အဘိုးချင်းနဲ့ အဘွားချင်းတို့ နှုတ်ဆက်စကား ပြောမှာကိုတောင် မစောင့်ဘဲ စူစူလေး မူကြိုကျောင်းထဲ ခပ်သုတ်သုတ် ဝင်သွားပါသည်။
တွန့်ဆုတ်မှုလည်းမရှိ၊ နောက်လည်း ပြန်လှည့်မကြည့်…။
ဝမ်းနည်းမှုအရိပ်အယောင်လည်း တစ်စက်မှ မတွေ့ရ…။
သူတို့ ထင်ထားသလို မျက်ရည်တွေလည်း ကျမလာ…။
မြင်ကွင်းထဲကနေ စူစူလေး ပျောက်ကွယ်သွားတာကို ငေးကြည့်ရင်း အဘိုးချင်းနဲ့ အဘွားချင်းတို့ နှလုံးသားတွေ ကွဲအက်သွားသလို ခံစားလိုက်ရသည်။
အဘိုးချင်းက နှာခေါင်းတွေ ယားလာပြီး မျက်ရည်တွေလည်း ဝဲလာသည်။ “ငါ့သမီးလေး အရွယ် ရောက်လာပြီ၊ ငါတို့ကို ထားခဲ့တော့မယ်။ ငါတို့ကို မမှီခိုဘဲ နေနိုင်ဖို့ သင်ယူနေပြီ…”
သူတို့ရဲ့ အဖိုးတန် သမီးလေး မူကြိုကျောင်းသူကြီးတောင် ဖြစ်နေပြီပဲ…။
အဘိုးချင်းနဲ့ အဘွားချင်းတို့က အသက်အတော်ကြီးနေပါပြီ။ သား ၃ ယောက်နဲ့ မြေးတွေ အများကြီးကို ပြုစုပျိုးထောင်ခဲ့သည်။
ယခင်တုန်းကတော့ ကလေးတွေကို ကျောင်းလိုက်ပို့တာ ဒီလောက် မခက်ခဲခဲ့ပါ။
သူတို့ သမီးလေး မူကြိုကျောင်းထဲ ဝင်သွားတာကို မြင်သည့်အခါကျမှ သူတို့ ရင်တွေ ကွဲသွားသလို ခံစားရတာ ဖြစ်သည်။
“အဘိုးကြီး… ကျွန်မတို့ သမီးလေး ကျွန်မတို့ကို သတိရပြီး ငိုမလား မသိဘူးနော်”။ အဘွားချင်းက သူမ ယောက်ျားကို မေးလိုက်သည်။
“ငိုမှာပေါ့ကွ!”။ ထိုအတွေးတစ်ခုတည်းနဲ့ အဘိုးချင်း နှလုံးသား စူးရှသွားခဲ့ရသည်။ “မိန်းမ ငါတို့ ဘယ်လို လုပ်ကြမလဲ။ သူငိုပြီး ငါတို့ကို ရှာမတွေ့ရင်၊ ပြီးတော့ ၅ နာရီ မထိုးသေးရင် အရမ်း ခံစားရမှာမလား”
ဒါကိုကြားတော့ အဘွားချင်း အလွန် စိတ်ဖိစီးလာသည်။ “မဖြစ်ဘူး မဖြစ်ဘူး ကျွန်မ ထပ်သွားကြည့်မှ ဖြစ်မယ်”
အဘွားချင်း ခြေဖျားထောက်ပြီး စာသင်ခန်းထဲ ခိုးကြည့်ဖို့ ကြိုးစားသည်။
အဘိုးချင်းလည်း မနေနိုင်ဘဲ ပြောလိုက်၏။ “အထဲဝင်ကြည့်ကြမလား”
အဘွားချင်း ခေတ္တစဉ်းစားကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ “မဖြစ်သေးပါဘူး။ ဒီနေ့က ကျွန်မတို့ သမီးလေး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမယ့် ပထမဆုံးနေ့ပဲ။ ကျွန်မတို့ လိုက်ပြီး နှောင့်ယှက်နေရင် သူ မတိုးတက်ဘဲ နေလိမ့်မယ်!”
စိတ်ခံစားချက်အရတော့ သူတို့ သမီးလေးကို လုံးဝ မခွဲနိုင်ပါ။
သို့သော် ယုတ္တိရှိရှိ တွေးရလျှင် သူတို့လည်း စွန့်လွှတ်တတ်အောင် သင်ယူရပါမည်။ သူတို့က အသက်ကြီးနေကြပြီဖြစ်ကာ သူတို့ သမီးလေးကို နှစ်တွေအကြာကြီး စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ပေ။ သူတို့ မထွက်ခွာခင် သူတို့သမီးလေး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တတ်အောင် သင်ပေးခဲ့ရပါမည်။
ဒီလိုနဲ့ အဘိုးချင်းနဲ့ အဘွားချင်းတို့ ဘယ်မှ မသွားနိုင်ဘဲ မူကြိုကျောင်းရှေ့မှာပဲ ထိုင်းထိုင်းမှိုင်းမှိုင်း မတ်တပ်ရပ်နေခဲ့ကြတော့သည်။
စူစူလေး ငိုနေနိုင်သည့် ပုံစံ ၁၀၀ လောက်ကိုလည်း စိတ်ကူးယဉ်နေကြကာ သူတို့ ခံစားချက်ကို ပိုဆိုးစေပါသည်။
မူကြိုကျောင်းရှေ့မှာ တဝဲလည်လည် လုပ်နေပြီး ကျောင်းထဲ မကြာခဏ ခိုးခိုးကြည့်နေသည့် အဘိုးကြီးနဲ့ အဘွားကြီးနှစ်ယောက်ကို လမ်းသွားလမ်းလာတွေလည်း မြင်ကြပြီး ကလေးပြန်ပေးဆွဲသမားတွေ အထင်နဲ့ ရဲခေါ်မိလုနီးပါးပင် ဖြစ်ခဲ့ပါသေးသည်။
… … …
အခန်း(၈) ချင်းလောင်ယွင်
မူကြိုထဲရောက်လျှင် စူစူလေး သူတို့ကို သတိရပြီး ငိုလိမ့်မည်ဟု အဘိုးချင်းနဲ့ အဘွားချင်းတို့ ထင်ထားကြသည်။ သို့သော်လည်း စူစူလေးက သူတို့ကို နည်းနည်းလေးတောင် သတိမရပေ။ မျက်ရည်ကျဖို့ဆို ပိုဝေးပါသည်။
ဆရာမနဲ့အတူ စူစူလေး တံခါးမှ ဝင်လာသောအခါ ကလေးတွေအတွက် အားလပ်ချိန်ဖြစ်သည်။
ဆရာမက စူစူလေးကို ကျန်ကလေးများနဲ့ မိတ်ဆက်ပေးလိုက်သည်။ “ကလေးတို့ ကျေးဇူးပြုပြီး ခဏလောက် တိတ်တိတ်နေပေးပါ။ ဒါဆရာမတို့ရဲ့ ကျောင်းသူအသစ်လေး ချင်းစူစူတဲ့။ လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်!”
ကလေးတွေအားလုံး လက်ခုပ်လက်ဝါး တီးလိုက်ကြသည်။
ဆရာမက ဆက်ပြော၏။ “အခုချိန်ကစပြီး သူလည်း ဆရာမတို့ရဲ့ အတန်းဖော်ဖြစ်သွားပြီနော်။ အားလုံး ခင်ခင်မင်မင် နေကြရမယ်။ ရန်မဖြစ်ရဘူးနော် ဟုတ်ပြီလား”
“ဟုတ်ကဲ့!”။ ကလေးလေးတွေက တညီတညာတည်း ပြန်ဖြေလိုက်ပါသည်။
ထို့နောက် ဆရာမက စူစူလေးကို ခေါ်ပြီး မူကြိုကျောင်းနဲ့ ရင်းနှီးသွားအောင် လိုက်လံပြသလိုက်သည်။
မူကြိုကျောင်းမှာ ကလေးတွေ အများကြီး မရှိသော်လည်း ဝန်းကျင်အနေအထားက အတော်လေး ကောင်းမွန်ပါသည်။ အဆောက်အဦးအတွင်းမှာကော အပြင်မှာကော ကလေးတွေ ကစားဖို့ နေရာများစွာ ရှိပါသည်။
အပန်းဖြေ အနားယူစရာ နေရာတွေလည်း ရှိသည်။
မူကြိုကျောင်းနဲ့ မိတ်ဆက်ပေးပြီးနောက် ဆရာမက စူစူလေးကို တခြား ကလေးတွေနဲ့ ကစားခွင့် ပေးလိုက်ပါသည်။
ထိုစဉ် စူစူလေးထက် မဆိုသလောက် အသက်ပိုကြီးသည့် ကလေးမလေး တစ်ယောက် အနားသို့ ရောက်လာသည်။
“ဟယ်လို ငါ့နာမည် ချင်းလောင်ယွင်ပါ။ နင့်လိုပဲ ငါ့မျိုးရိုးနာမည်က ချင်းလေ။ တွေ့ရတာ ဝမ်းသာပါတယ်”
ချင်းလောင်ယွင်က သွားပေါ်အောင် ပြုံးလိုက်ပြီး ခင်မင်ရင်းနှီးစွာ မိတ်ဆက်လိုက်ပါသည်။
ဒီမူကြိုကျောင်းမှာ တက်ရောက်နေသည့် ကလေးအများစုက အနီးနားပတ်ဝန်းကျင်ရှိ သူဌေးမိသားစုများမှ သားသမီးတွေ ဖြစ်ကြသည်။
ဒီအိမ်ရာမှာ မနေသော်လည်း အဆက်အသွယ်ဖြင့် တက်ရောက်နိုင်ခဲ့သည့် ကလေးအနည်းငယ်လည်း ရှိသည်။ ထိုကလေးတွေထဲက တစ်ယောက်မှာ ချင်းလောင်ယွင် ဖြစ်ပါသည်။
ချင်းလောင်ယွင်၏ အဘိုးက အဘိုးချင်း၏ ညီဖြစ်သည်။ အဘိုးချင်း၏ ဂုဏ်အရှိန်အဝါကြောင့်ပဲ ချင်းလောင်ယွင် ဒီ အဆင့်မြင့် မူကြိုကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါသည်။ ကျူရှင်စရိတ်ကိုလည်း ချင်းမိသားစုက ကူညီပေးထားခြင်း ဖြစ်သည်။
“အင်း ဟယ်လို”။ စူစူလေး ပြန်ပြောလိုက်သည်။
“ဒီနေ့ ပထမဆုံးကျောင်းတက်တာ မလား။ ငါ ဟိုနားဒီနား လိုက်ပြပေးမယ်။ အတူတူ ကစားကြမလား”။ ချင်းလောင်ယွင်က စူစူလေးကို ကမ်းလှမ်းလိုက်သည်။
“အင်း”။ စူစူလေး ကန့်ကွက်စရာ မရှိပါ။
ကိုယ်ရောက်နေသည့် ပတ်ဝန်းကျင်အကြောင်း သိထားဖို့က အရေးကြီးပါသည်။
ချင်းလောင်ယွင်က စူစူလေး၏ လက်ကိုဆွဲပြီး Building Block လေးများနဲ့ ကစားဖို့ ခေါ်သွားခဲ့ပါသည်။
ထို့နောက် ကစားနေစဉ် ချင်းလောင်ယွင်က စူစူလေး၏ လက်ပတ်နာရီကို ကြည့်ကာ ပြောလိုက်သည်။ “နာရီလေးက အရမ်းလှတာပဲ။ ဘယ်က ရတာလဲ”
“မသိဘူး”။ ဒီလို ပစ္စည်းတွေကို ဘယ်ကဝယ်ရသလဲ စူစူလေး သိပ်အာရုံမစိုက်ပါ။
ခေတ္တစဉ်းစားပြီးနောက် ချင်းလောင်ယွင်က သူမ ဆံပင်တွင် ညှပ်ထားသည့် ကလစ်ကလေး တစ်ချောင်းကို ဖြုတ်ကာ စူစူလေးအား ကမ်းပေးလိုက်သည်။
“ငါ့ကလစ်လေး နင့်ကိုပေးမယ်။ ငါ့ကို နင့်လက်ပတ်နာရီလေးပေး။ အချင်းချင်း လက်ဆောင် ဖလှယ်ပြီး ပိုရင်းနှီးအောင် လုပ်ကြမယ်လေ”
ဒီဗျူဟာကို ချင်းလောင်ယွင်၏ မိဘတွေက သင်ပေးထားခြင်းဖြစ်သည်။ မူကြိုကို ကလေးအသစ် ရောက်လာတိုင်း ချင်းလောင်ယွင် ဒီလိုလုပ်လေ့ရှိ၏။
ကလေးအချင်းချင်း လက်ဆောင်ဖလှယ်တာကို လူကြီးမိဘတွေ ကန့်ကွက်မှာ မဟုတ်ဘူးမလား။ ဒီတိုင်း ခင်မင် ရင်းနှီးနေကြတာဟုသာ ထင်ကြလိမ့်မည်။
ဒီမူကြိုကို တက်ရောက်လာသည့် ကလေးအများစုက သူဌေးသားသမီးများဖြစ်ကြသဖြင့် ချင်းလောင်ယွင် တစ်ယောက် ယွမ် အနည်းငယ်သာ တန်သည့် ပစ္စည်းများကို ယွမ် ထောင်ကျော်တန်ကြေးရှိသည့် ပစ္စည်းများနဲ့ လဲခွင့်ရလေ့ ရှိတတ်သည်။
ဒီလိုနဲ့ လူကြီးတွေ သံသယမဖြစ်၊ အတိုင်မခံရဘဲ ချင်းလောင်ယွင် ပစ္စည်းကောင်းတွေ အများကြီး ရခဲ့ ဖူးပါသည်။
စူစူလေးက ချင်းလောင်ယွင်၏ ကလစ်ကလေးကို ကြည့်လိုက်ပြီး ငြင်းလိုက်ပါသည်။ “ငါ့ပစ္စည်းကိုပဲ ငါကြိုက်တယ်။ မလဲချင်ဘူး”
စူစူလေးက သူမ မကြိုက်သည့် အရာတွေကို ပြတ်ပြတ်သားသား ငြင်းဆန်းတတ်သည်။
ကြိုက်တာကို ကြိုက်သည်ဟုဆိုပြီး မကြိုက်တာကို မကြိုက်ဘူးဟု ဆိုမည်။ သူများကို စိတ်ကျေနပ်စေချင်ရုံနဲ့တော့ စူစူလေး လိုက်လျောမှာ မဟုတ်ပါ။
ချင်းလောင်ယွင်က တီးတိုး ရှင်းပြဖို့ ကြိုးစားသည်။ “ငါနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးလား။ သူငယ်ချင်းကောင်းတွေက လက်ဆောင်ဖလှယ်ရတယ်လို့ ငါ့အမေပြောဖူးတယ်။ ဒါမှမဟုတ် ငါ့ကို မခင်လို့လားဟင်”
နောက်ဆုံးတော့ ချင်းလောင်ယွင် ဝမ်းနည်းသွားသော မျက်နှာလေး လုပ်ပြလိုက်သည်။
ဒီအကွက်က အတော်လေး အာနိသင်ရှိပါသည်။
သူမကိုယ်သူမ လှမှန်း ချင်းလောင်ယွင်သိသည်။ သူမရဲ့ ဝမ်းနည်းနေသည့် မျက်နှာလေးကလည်း သူများတွေ ကရုဏာသက်ချင်စရာ ဖြစ်လိမ့်မည်။
လူကြီးတွေကော သက်တူရွယ်တူတွေကော မြင်တာနဲ့ စိတ်ပျော့သွားပါလိမ့်မည်။