← Chapters

အခန်း (၉+၁၀)

Vol. 1 Ch. 9+10

အခန်း (၉+၁၀)

Vol. 1 Ch. 9+10

အခန်း(၉) ကျောင်းသူအသစ်ကြောင့် ယွင်ယွင် ငိုသွားပြီ

စူစူလေးက ချင်းလောင်ယွင်ကို ကြည့်လိုက်သည်။ “နင်ငိုတော့မလို့လား။ နင်ငိုရင် မခင်တော့ဘူးနော်”

အလွယ်တကူ ငိုတတ်သည့် ကလေးတွေကို စူစူလေး သဘောမကျပါ။ အလွန် စိတ်ရှုပ်ဖို့ ကောင်းသည်။

ချင်းလောင်ယွင် ကြက်သေသေသွား၏။ စူစူလေး၏ တုန့်ပြန်ပုံက သူမ ယခင် ကြုံဖူးသည့် တုန့်ပြန်မှုတွေနဲ့ မတူပါ။

“ဒါပေမယ့် နင်ငါ့ကို သဘောမကျဘူး၊ ငါနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးမလား…”။ ချင်းလောင်ယွင် နှုတ်ခမ်းတွေကို စုလိုက်ပြီး မျက်ရည်တွေ ဝဲလာပါသည်။

သူမ တကယ်ကြီး ငိုတော့မှာကို မြင်သောအခါ စူစူလေး နှုတ်ခမ်းစူလိုက်သည်။ “ဘာလို့ အဲ့လောက်နဲ့ ငိုနေတာလဲ။ မျက်ရည်ဆိုတာ လွယ်လွယ်မကျရဘူး။ အလကားငိုနေတဲ့ ကလေးတွေကို ငါသဘော မကျဘူး။ နင်နဲ့ မဆော့ချင်တော့ဘူး”

စူစူလေး လှည့်ထွက်သွားလေသည်။

စူစူလေးထွက်သွားတာနဲ့ တစ်ပြိုင်နက် ဝမ်းနည်းချင်ယောင် ဆောင်နေသည့် ချင်းလောင်ယွင်တစ်ယောက် တကယ် ဝမ်းနည်းသွားလေသည်။

ထို့နောက် ချင်းလောင်ယွင် ချောင်တစ်နေရာကို ပြေးသွားပြီး စတင်ငိုကြွေးလေတော့သည်။

သူမ ငိုနေတာကို သူမနဲ့ ရင်းနှီးသည့် ကောင်လေး ကျိုးဟောက်က မြင်သွားသည်။

“ယွင်ယွင် ဘာလို့ငိုနေတာလဲ။ ဘယ်သူ အနိုင်ကျင့်တာလဲ။ မကြောက်နဲ့! ငါကာကွယ်ပေးမယ်!”

ကျိုးဟောက်က အလွန် သူရဲကောင်းဆန်နေပြီး ချင်းလောင်ယွင်ကို ကာကွယ်ပေးရမှာ သူ့တာဝန်ဟု ယူဆထားသည်။

“ကျောင်းသူသစ်လေ။ ငါက သူနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့ဟာကို သူက လက်မခံဘူး။ ငါ့ကို မခင်ဘူးလို့ ပြောပြီး တွန်းလည်း တွန်းထုတ်တယ်…” ချင်းလောင်ယွင်က အလွယ်လေး လိမ်ညာလိုက်ပါသည်။

ဒါ သူမ အဘိုးအဘွားတွေ သင်ပေးထားတာဖြစ်သည်။ ငိုသည့်အခါ တစ်စုံတစ်ယောက်က တွန်းသည် ရိုက်သည်ဟု ပြောရမည်။

အရင်တစ်ခေါက်ကလည်း သူမ ထိုစကားတစ်ခွန်းပြောလိုက်တာနဲ့ ထူးထူးဆန်းဆန်း ဦးလေးကြီး တစ်ယောက်က သူမ အဘွားကို ပိုက်ဆံတွေ အများကြီး ပေးသွားသည်။ ထို ပိုက်ဆံတွေနဲ့ သူမတို့ အဝတ်အစားတွေဝယ်၊ အရသာရှိသည့် အစားအသောက်တွေ အများကြီး စားခဲ့ရသည်။

“သူက နင့်ကို တွန်းတယ် ဟုတ်လား။ ဆရာမက သူများကို မတွန်းရဘူးလို့ သင်ထားတယ်! သူက လူဆိုးပဲ!” ကျိုးဟောက် ဒေါသထွက်သွားသည်။

ချင်းလောင်ယွင်က စကားထစ်ငေါ့စွာ မေးလိုက်၏။ “ငါအဲ့လောက်တောင် စိတ်ရှုပ်ဖို့ ကောင်းတာလား။ အဲ့တာကြောင့် ကျောင်းသူသစ်က ငါ့ကို မခင်တာလား”

“ယွင်ယွင်က စိတ်ရှုပ်ဖို့မကောင်းပါဘူး။ ယွင်ယွင့် အပြစ်မဟုတ်ဘူး! သူများတွေကို ရိုက်တဲ့ ကလေးတွေကမှ လူဆိုးတွေ! ငါနင့်အတွက် ကလဲ့စား သွားချေပေးမယ်!”

ကျိုးဟောက် စကားပြောပြီးပြီးချင်း စူစူလေးဆီ ပြေးသွားသည်။

ကျိုးဟောက် ထွက်သွားတာကိုမြင်ပြီး ချင်းလောင်ယွင် အများကြီး ကျေနပ်သွားပါသည်။

ထိုအချိန်တွင် စူစူလေးက အခန်းရှေ့မှာ ရပ်နေပြီး နေရာနဲ့ ရင်းနှီးအောင် လျှောက်ကြည့်နေသည်။

“ဟဲ့ နင်က ကျောင်းသူသစ်လား”။ ကျိုးဟောက် ခက်ထန်သော မျက်နှာဖြင့် မေးလိုက်သည်။

“ဟုတ်တယ်”။ စူစူလေးက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်ပါသည်။

“ဒီမှာ နင့်အတွက်”။ ကျိုးဟောက်က စက္ကူဘူးသေးသေးလေး တစ်ဘူးကို ပေးလိုက်၏။

စူစူလေးက ဘာမှ နားမလည်သော်လည်း စက္ကူဘူးလေးကို လက်ခံလိုက်ပါသည်။

“ဖွင့်ကြည့်လိုက်လေ”။ ကျိုးဟောက်က လူယုတ်မာ အပြုံးဖြင့် ပြောလိုက်သည်။

စက္ကူဘူးထဲမှာ ပိုးဟပ်အတုတစ်ကောင် ရှိသည်။ ပိုးဟပ်အစစ်နဲ့ အလွန်တူပါသည်။

ထိုအရုပ်နဲ့ ကောင်လေးအတော်များများကို ကျိုးဟောက် လိုက်စဖူးသည်။ တချို့ဆို သူ့ကြောင့် မျက်ရည် ကျလောက်သည့်အထိ ကြောက်လန့်ခဲ့ရပါသည်။

ပုံမှန်အခြေအနေမှာဆို ထိုအရုပ်နဲ့ ကျိုးဟောက် မိန်းကလေးတွေကို လိုက်စမှာ မဟုတ်ပါ။ သို့သော် ဒီကျောင်းသူသစ်က သူ့သူငယ်ချင်း ယွင်ယွင်ကို ငိုအောင် လုပ်သဖြင့် သူလည်း ငဲ့နေစရာ မလိုပေ။

ကျိုးဟောက်၏ အကြံကြီးသော အကြည့်အောက်တွင် စူစူလေး စက္ကူဘူးကို ဖွင့်လိုက်သည်။

ပလတ်စတစ် ပိုးဟပ်တစ်ကောင် စူစူလေးလက်ပေါ် ခုန်တက်လာပါသည်။

စူစူလေးက ပလတ်စတစ် ပိုးဟပ်ကို ခေါင်းလေးစောင်းကာ ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။

“ဘာလို့ ငါ့ကို ဒါကြီး လာပေးတာလဲ။ ငါမကြိုက်ဘူး။ လှလည်း မလှဘဲနဲ့”။ စူစူလေးက ကျိုးဟောက်ကို မေးလိုက်ပါသည်။

ကျိုးဟောက် ကြက်သေသေသွားသည်။

သူဘာလို့ မကြောက်တာလဲ။ အဲ့တာ ပိုးဟပ်ကြီးလေ!

“နင်… နင်က ပိုးဟပ် မကြောက်တတ်ဘူးလား”။ ကျိုးဟောက် မေးလိုက်သည်။

“ငါက ဘာလို့ ပိုးဟပ်ကြောက်ရမှာလဲ”။ စူစူလေးက ပြန်မေး၏။

ဒီကျောင်းသူသစ်လေး အတော်ကြမ်းသည်ဟု ကျိုးဟောက် စိတ်ထဲမှ တွေးလိုက်မိပါသည်။ ပိုးဟပ် အရုပ်ကိုတောင် မကြောက်ပါ။

သို့သော် သူမက ယွင်ယွင်ကို အနိုင်ကျင့်ထားတာဖြစ်သည်။ သူမကို ကျိုးဟောက် မချီးကျူးနိုင်ပါ။

“ငါ့ပြန်ပေးစမ်း”။ ကျိုးဟောက်လည်း စူစူလေး၏ လက်ထဲက ပိုးဟပ်အတုကို ပြန်ဆွဲယူလိုက်ပါသည်။

စူစူလေးက မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကျိုးဟောက်ကို စိုက်ကြည့်နေ၏။

“နင်… နင်ဘာကြည့်တာလဲ”။ စူစူလေး၏ အကြည့်ကြောင့် ကျိုးဟောက် လိပ်ပြာမလုံသလို ဖြစ်လာပါသည်။

စူစူလေး ဘာမှမပြောဘဲ ခြံထဲကို လှည့်ထွက်သွားသည်။ ကျိုးဟောက် ကြောင်စီစီဖြင့် ငေးကြည့်နေခဲ့၏။

သူဘာလုပ်နေတာလဲ။ ခြံထဲ ဘာလို့ ထွက်သွားတာလဲ။

အခုက ကျောင်းထဲမှာ ကစားရမည့်အချိန်ဖြစ်သည်။ နေ့လယ်ခင်းကျမှ ခြံထဲ ထွက်ရမှာ ဖြစ်ပါသည်။

မိနစ်ဝက်လောက် ကြာသောအခါ စူစူလေး အပြေး ပြန်ဝင်လာ၏။ လက်ထဲမှာလည်း ပလတ်စတစ် အိတ်တစ်လုံးကို ကိုင်ထားသည်။

“ဒီမှာ နင့်အတွက်”

စူစူလေးက ကျိုးဟောက်အား ထိုပလတ်စတစ်အိတ်လေး ပေးလိုက်သည်။

ကျိုးဟောက် ပလတ်စတစ်အိတ်ကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ပိုးဟပ်အကြီးကြီး ၂ ကောင် ပျံထွက်လာသည်။

သက်ရှိ ပိုးဟပ် အစစ်ကြီးများ ဖြစ်လေသည်။

… … …

အခန်း(၁၀) ပိုးဟပ် ပြဿနာ

“အား!!!! အား!!!!”

ကျိုးဟောက် အလွန်ကြောက်လန့်သွားပြီး အော်ဟစ်လိုက်ပါသည်။

ထို့နောက် “ဗြဲ”ခနဲ အသံကျယ်ကြီးဖြင့် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ငိုကြွေးလေတော့သည်။

သူက ယောက်ျားလေးဖြစ်သော်လည်း အလွန်ငယ်သေးသည်။ ထို့အပြင် မင်းသားတစ်ပါးလို အလိုလိုက်ခံထားရသဖြင့် ပိုးဟပ် အစစ်ကို တစ်ခါမှ မတွေ့ဖူးပါ။

ကျိုးဟောက်၏ အော်သံကို ကြားသောအခါ တခြား ကလေးတွေလည်း ကစားနေတာ ရပ်တန့်သွားသည်။

ပိုးဟပ်ကြီး ၂ ကောင်ကို မြင်သောအခါ ကလေးတွေအကုန် ကြောက်လန့်တကြား ထွက်ပြေးကုန်ပြီး ခပ်ဝေးဝေးမှာ သွားပုန်းနေကြလေသည်။

အော်သံများကြောင့် ဆရာမရောက်လာပြီး ပိုးဟပ်ကြီး ၂ ကောင်ကို မြင်သောအခါ ဆရာမလည်း ကြောက်ရွံ့သွားပါသည်။

“ပိုး- ပိုးဟပ်ကြီး…”

ဆရာမ အလွန်ကြောက်လန့်နေသဖြင့် ခြေတစ်လှမ်းတောင် မတိုးရဲပါ။ ဆရာတစ်ယောက်ကို အမြန်လာကူညီဖို့ အော်ခေါ်လိုက်ပါသည်။

ဆရာ မရောက်လာခင် ကလေးတွေနဲ့ ဆရာမတို့ အခန်းထဲက ပိုးဟပ်ကြီး ၂ ကောင်ကို ကြောက်လန့်တကြားသာ စိုက်ကြည့်နေကြရသည်။ အသက်တောင် ဝဝ မရှူရဲကြပါ။ နည်းနည်းလောက် လှုပ်ရှားလိုက်တာနဲ့ သူတို့ဆီ ပိုးဟပ်တွေ ပျံလာလိမ့်မည်ဟု ထင်နေကြသည်။

စူစူလေးက အခြေအနေကို နားလည်သွားပြီး အားလုံးကို တည်ငြိမ်အေးဆေးသော မျက်နှာလေးဖြင့် ပြောလိုက်သည်။ “မကြောက်ကြပါနဲ့။ သူတို့က မကိုက်တတ်ပါဘူး”

ထို့နောက် ဆရာမနဲ့ ကလေးများရဲ့ မျက်စိရှေ့မှာတင် စူစူလေး ပလတ်စတစ်အိတ်ကို ဖွင့်လိုက်ပြီး ပိုးဟပ်တွေကို ပြန်ထည့်လိုက်ပါသည်။

“ရသွားပြီ။ မရှိတော့ဘူး”။ စူစူလေးက သူများတွေကို ပိုးဟပ်နဲ့ခြောက်လှန့်ဖို့ မရည်ရွယ်ခဲ့ပါ။ ကျိုးဟောက်က ပိုးဟပ်ကြိုက်တတ်မည်အထင်ဖြင့် သူမ ပိုးဟပ် အစစ်တစ်ကောင် ဖမ်းပေးခဲ့တာဖြစ်သည်။

စူစူလေး၏ လုပ်ရပ်ကြောင့် ကလေးတွေအားလုံး အံ့ဩမှင်သက်သွားခဲ့သည်။

ကျောင်းသူသစ်လေးက အရမ်း သတ္တိရှိတာပဲနော်။ ပိုးဟပ်ကြီးတွေကို လုံးဝ မကြောက်တတ်ဘူး! တော်လိုက်တာ!

ကလေးတွေအားလုံး စူစူလေးကို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်ကြပါသည်။

ဆရာမကတောင် စူစူလေးကို အလွန်သတ္တိရှိသည်ဟု တွေးမိသွားသည်။

စူစူလေးက မျက်ရည်တွေ နှပ်ချေးတွေ ဗလပွနဲ့ ငိုကြွေးနေသည့် ကျိုးဟောက်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “နင်မကြိုက်ဘူးလား”

စူစူလေးက ပိုးဟပ်ထည့်ထားသည့် အိတ်ကို ကျိုးဟောက်အနား တိုးပေးလိုက်၏။

“အား!!! ဖယ်! ဖယ်! ငါ့နားမလာနဲ့!!”

သူတကယ်ကြောက်နေမှန်း သိလိုက်ရတော့ စူစူလေးလည်း ပလတ်စတစ်အိတ်ကို စာသင်ခန်းထဲမှ လွှင့်ပစ်လိုက်ပါတော့သည်။

ထူးဆန်းလိုက်တာ! ပိုးဟပ်မကြိုက်ဘူးဆိုရင် ဘာလို့ ပိုးဟပ်အရုပ်နဲ့ ကစားနတာလဲ။

ပိုးဟပ်ထည့်ထားသည့် အိတ်ကို လွှင့်ပစ်ပြီးနောက် စာသင်ခန်းထဲက ကလေးတိုင်း စိတ်သက်သာရာ ရသွားခဲ့ကြပါသည်။

ဆရာမက ပိုးဟပ်တွေ ပြန်ထွက်မလာနိုင်အောင် ထည့်ထားသည့် အမှိုက်အိတ်ကို သေသေချာချာ ချည်နှောင်လိုက်သည်။

ကလေးတချို့က စူစူလေးကို ဝန်းရံကာ လေးစားအားကျစွာဖြင့် ပြောလိုက်ကြပါသည်။

“ချင်းစူစူ အရမ်းတော်တာပဲ!”

“ဟုတ်တယ် ဟုတ်တယ်။ အဲ့ကြောက်စရာအရမ်းကောင်းတဲ့ ပိုးကောင်ကြီးကိုတောင် မကြောက်ဘူး!”

“ချင်းစူစူ ငါ့နာမည် ကျန်းရှောင်းယီပါ။ သူငယ်ချင်းလုပ်ကြရအောင်လေ”

ချင်းစူစူက ဂုဏ်ယူဝံ့ကြွားသလို မခံစားရပေ။ အတန်းဖော်တွေရဲ့ တုန့်ပြန်မှုက အနည်းငယ် အစွန်းရောက်လွန်းနေပါသည်။

ပိုးဟပ်လေး ၂ ကောင်ကို ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေကြတာလဲ…?။

ချင်းစူစူအား တခြားကျောင်းသားတွေ ဝန်းရံချီးကျူးနေကြတာကို မြင်ပြီး ချင်းလောင်ယွင် မနာလို ဖြစ်မိပါသည်။

သူလည်း အတန်းဖော်တွေ ချီးကျူးတာကို ခံချင်လိုက်တာ…။ ချင်းစူစူကို အရှက်ကွဲအောင် လုပ်ချင်တာကို ပိုးဟပ်လေး ၂ ကောင်ယူလာတာနဲ့ ဘာလို့ အားလုံး ချီးကျူးနေကြတာလဲ။

ချင်းလောင်ယွင် နှုတ်ခမ်းစူသွားသည်။

အကြောက်မပြေသေးသည့် ကျိုးဟောက်တစ်ယောက် ချင်းလောင်ယွင်ဘေးသို့ ပြန်လာခဲ့ပါသည်။ “ယွင်ယွင် အဲ့ကျောင်းသူအသစ်က ကြောက်ဖို့ကောင်းလိုက်တာ!”

ချင်းလောင်ယွင်က မျက်လွှာလေးချပြီး တောင်းပန်လိုက်ပါသည်။ “ငါတောင်းပန်ပါတယ် ဟောက်ဟောက်၊ အဟင့်အဟင့် ငါတောင်းပန်ပါတယ်”.

“မဟုတ်တာ မဟုတ်တာ။ ယွင်ယွင်မှာ အပြစ်မရှိပါဘူး! ဝမ်းမနည်းနဲ့ ယွင်ယွင်၊ ဒါ ကျောင်းသူသစ်ရဲ့ အပြစ်ပဲ! သူက လူဆိုးမ!” ကျိုးဟောက်က အံကြိတ်ကာ ပြောလိုက်ပါသည်။

“ဒါပေမယ့် သူ့ကြောင့် နင်ကြောက်သွားရတာ ငါ့အပြစ်ပါ”။ ချင်းလောင်ယွင်က ထပ်ပြီး တောင်းပန်လိုက်ပါသည်။ သူမရဲ့ ပျော့ညံ့သော ပုံစံလေးက သနားစရာ ကောင်းလှပါသည်။

“တကယ် ဘာမှမဖြစ်ပါဘူး! ဘာမှမဖြစ်ဘူး!” ကျိုးဟောက် အနည်းငယ် ရှက်သွားပါသည်။

သူ ယွင်ယွင်ကို မကူညီနိုင်သည့်အပြင် အားလုံးရှေ့မှာ မျက်နှာပါ ပျက်ခဲ့ရသည်။ အခု ယွင်ယွင်ကတောင် သူ့ကို ပြန်နှစ်သိမ့်နေရပြီ။

ရှက်စရာ ကောင်းလိုက်တာ!

သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ရမည်။ ယွင်ယွင့်အတွက် ကလဲ့စား ချေပေးရပါမည်။

ဟင်းဟင်း… စောင့်ကြည့်နေစမ်းပါ ကျောင်းသူသစ် လူဆိုးမ!

All Chapters