← Chapters

အခန်း (၁၁+၁၂)

Vol. 1 Ch. 11+12

အခန်း (၁၁+၁၂)

Vol. 1 Ch. 11+12

အခန်း(၁၁) သစ်ပင်ပေါ်မှာ

နေ့လယ်ခင်း ရောက်သောအခါ ကလေးတွေအားလုံး ခြံဝန်းထဲရှိ လျှော၊ ဆီးဆောတို့တွင် ပျော်ပါး ကစားနေကြသည်။

ခြံဝန်းထဲမှာ ဆရာဆရာမ ၃ ယောက်ရှိနေပြီး ကလေးတွေကို စောင့်ကြည့်ပေးနေပါသည်။

ကျိုးဟောက်က စူစူလေးဆီ ထပ်သွားခဲ့ပြန်သည်။

ခုနက ပိုးဟပ်နဲ့ စူစူလေးကို ခြောက်ဖို့ မလုံလောက်ပါက ဒီ့ထက် ပိုကြောက်ဖို့ကောင်းတာကို အသုံးပြုဖို့ အချိန်တန်ပါပြီ။

“ခုနက နင်အရမ်းသတ္တိရှိတာပဲနော်။ ဒီမှာ ငါတို့နဲ့အတူတူ စာလုပ်ဖို့ စံနှုန်းပြည့်လုနီးပါး ဖြစ်နေပြီ။ ဒါပေမယ့် မလုံလောက်သေးဘူး။ ဟိုက အိမ်သေးသေးလေးထဲကို တစ်ယောက်တည်း သွားရဲရင် ငါတို့ နင့်ကို လက်ခံမယ်”။ ကျိုးဟောက်က ဆိုသည်။

ကျိုးဟောက်က ဟုံဖုန်းမူကြိုကျောင်း၏ စီနီယာအစ်ကိုကြီးစတိုင် ဖမ်းလိုက်သည်။

သူအားလုံး စီစဉ်ထားပြီးသားဖြစ်၏။ ဒီကျောင်းသူသစ်ကို မှောင်မဲနေသည့် အခန်းတစ်ခန်းထဲ မျှားခေါ်ပြီး တံခါးကို အပြင်ကနေ လော့ခ်ချလိုက်မည်။

ဒါဆို သူမ အပြင်မထွက်နိုင်တော့ဘဲ ကျိန်းသေပေါက် ကြောက်လန့်သွားမည်ဖြစ်ပါသည်။ ရွေးချယ်စရာ မရှိတော့ဘဲ အာပြဲကြီးနဲ့ အော်ငိုရလိမ့်မည်။

မိန်းကလေးတစ်ယောက်ကို ဒီလိုလုပ်ရမှာ နည်းနည်းတော့ ရက်စက်ပါသည်…။

ဒါပေမယ့် ယွင်ယွင်လေးကို သူအရင် အနိုင်ကျင့်တာလေ! သူ့ကိုလည်း ပိုးဟပ်နဲ့ အနိုင်ကျင့်သေးတယ်!

စူစူလေး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ကျိုးဟောက်ကို သတိထားကာ ကြည့်လိုက်သည်။

သူမကို ပိုးဟပ်အရုပ်လာပေးတုန်းက စူစူလေး ဘာမှသိပ်ပြီး မစဉ်းစားခဲ့ပါ။ လူတွေက ပိုးဟပ် ကြောက်တတ်တာကို သူမ မသိသေးတာကြောင့် ဖြစ်သည်။

သို့သော်လည်း အခု ကျိုးဟောက်ပြောသည့် စကားများကြောင့် သူမကို သဘောမကျ ရန်လိုနေမှန်း အနည်းငယ် ရိပ်မိလာသည်။

“ငါ့ကို သဘောမကျလို့လား”။ စူစူလေး တဲ့တိုးမေးလိုက်၏။

“ဘာ-ဘာတွေ ပြောနေတာလဲ”။ ကျိုးဟောက် လိပ်ပြာမလုံဖြစ်သွားပါသည်။

ငယ်သေးသဖြင့် ကျိုးဟောက် စိတ်ခံစားချက်ကို သိပ်ပြီး မဖုံးကွယ်တတ်ပါ။

“ငါ့ကို သဘောမကျလို့ တမင်သက်သက် လှည့်စားဖို့ ကြံနေတာလားလို့ မေးနေတာ”

စူစူလေး၏ မေးခွန်းက တဲ့တိုးဆန်လွန်းသဖြင့် ကျိုးဟောက် ကြက်သေသေသွားသည်။

သို့သော်လည်း ချင်းလောင်ယွင် မျက်ရည်များနဲ့ ငိုယိုနေသည့် ပုံရိပ်လေးကို ပြန်မြင်ယောင်ပြီး ကျိုးဟောက် ယုံကြည်ချက် ပြန်ပြည့်ဝသွားခဲ့ပါသည်။

“ဟုတ်တယ်ဟာ! ငါနင့်ကို သဘောမကျတာတော့ မဟုတ်ဘူး။ နင်က အရမ်း စိတ်ရှုပ်ဖို့ကောင်းလို့! နင်က ကလေးဆိုးပဲ!”။ ကျိုးဟောက်က စူစူလေးကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလိုက်သည်။ ပါးတွေကလည်း ဒေါသကြောင့် ဖောင်းလာသလိုပင်။

“ငါ့ကို ကလေးဆိုးလို့ ပြောလိုက်တာပေါ့”။ စူစူလေး နားလည်သွားပါသည်။

--- --- ---

ကလေးတွေနဲ့ အတူတူကစားနေသော ဆရာမတွေ အော်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရပါသည်။

“ကယ်ကြပါဦး… ကယ်ကြပါဦး…”

ဆရာမတွေ ခြံဝန်းတစ်ဝန်းလုံး ပတ်ရှာသော်လည်း အသံပိုင်ရှင်ကို မတွေ့ရပါ။ အသံကို နားထောင်ကြည့်သောအခါ ကျိုးဟောက်လေး၏ အော်သံဖြစ်မှန်း သိနိုင်ပါသည်။

“ကယ်ကြပါဦး! ဆရာမ သားကို ကယ်ပါ!!”

ကျိုးဟောက်က ရှိုက်ကြီးတငင် အကူအညီအော်တောင်းနေခြင်း ဖြစ်သည်။

ဆရာမ ၃ ယောက်စလုံး အချိန်အတော်ကြာအောင် လိုက်ရှာပြီးမှ ကျိုးဟောက်၏ တည်နေရာကို ရှာတွေ့ သွားပါသည်။

ကျိုးဟောက်လေးက ဧရာမ မွန်းသီးပင်ကြီးတစ်ပင်ပေါ်မှာ!

အပင်ကြီးက အလွန်ရှည်လျားပါသည်။ ကလေးတွေမပြောနဲ့ ဆရာမတွေတောင် လက်လှမ်းမမှီပါ။

သစ်ကိုင်းသစ်ရွက်တွေကလည်း အလွန်ထူထပ်သဖြင့် ကျိုးဟောက်လေး သစ်ရွက်တွေနောက်မှာ ကွယ်နေတာကြောင့် ဆရာမတွေ အချိန်အတော်ကြာအောင် ရှာမတွေ့ခဲ့တာဖြစ်မည်။

ဆရာမတွေအကုန် ထိတ်လန့်သွားကြပါသည်။

အန္တရာယ်များလိုက်တာ!

“ကျိုးဟောက်လေး သေချာ ကိုင်ထားနော်! သားကို ခေါ်ဖို့ တစ်ယောက်ယောက် ရှာပေးမယ်!” ဆရာမ တစ်ယောက်က အမြန်အော်လိုက်ပါသည်။

ဆရာမတွေ စိတ်ပူပင်နေသော်လည်း သူတို့သစ်ပင်မတက်နိုင်တာကြောင့် ဘာမှမလုပ်နိုင်ပါ။ သစ်ပင်ပေါ်က ကလေးကိုခေါ်ပြီး ပြန်ဆင်းလာဖို့ဆိုတာ ပိုဝေးပါသည်။

ဆရာမတစ်ယောက်က အကူအညီသွားခေါ်ပြီး နောက်တစ်ယောက်ကတော့ တခြား ကလေးတွေကို မကြောက်အောင် နှစ်သိမ့်ပေးနေသည်။ နောက်ဆုံး ဆရာမကတော့ သစ်ပင်ပေါ်က ကျိုးဟောက်လေးကို မကြောက်အောင် စကားကူပြောပေးနေပါသည်။

ဆရာမကျူးက ကျိုးဟောက်လေးကို မေးလိုက်၏။။ “ကျိုးဟောက်လေး အဲ့ပေါ်ထိ ရောက်အောင် ဘယ်လို တက်သွားတာလဲ”

ကျိုးဟောက်က သစ်ပင် ပင်စည်ကြီးကို တင်းတင်းကျပ်ကျပ်ဖက်ကာ ပြန်ပြောလိုက်သည်။ “ကျောင်းသူသစ် သားကို ဒီပေါ် ပစ်တင်လိုက်တာ!! အီးဟီးဟီး ကြောက်တယ်! အောက်ဆင်းချင်တယ်!”

“ကျိုးဟောက်လေး သစ်ပင်ပေါ်တက်တာနဲ့တင် အပြစ်ရှိနေပြီနော်။ သူများကို မဟုတ်မမှန် စွပ်စွဲတာ အပြစ်ပိုကြီးတယ်” ဆရာမကျူးက ဆုံးမလိုက်ပါသည်။

အားလုံးက အသက်မတိမ်းမယိမ်းကလေးတွေ မဟုတ်လာ။ ကလေးတစ်ယောက်က တခြား ကလေးတစ်ယောက်ကို သစ်ပင်ပေါ် ပစ်တင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဆရာမတွေတောင် ဒီလိုမလုပ်နိုင်တာ ကျောင်းသူသစ်ဆို စဉ်းစားနေစရာ မလိုပါ။

ကျိုးဟောက်လေး သူ့ဖာသာသူ သစ်ပင်ပေါ်တက်ပြီး ပြန်ဆင်းခါနီးကျမှ အကြောက်လွန်သွားတာ ဖြစ်မည်ဟု ဆရာမကျူး ကောက်ချက်ချလိုက်ပါသည်။

“သားမဟုတ်ဘူး! အီးဟီးဟီး… သာားတက်တာမဟုတ်ဘူး။ ကျောင်းသူသစ်က တကယ် သားကို ဒီပေါ် ပစ်တငင်လိုက်တာ” ကျိုးဟောက်လေး ငိုယိုရင်း ပြောလိုက်ပါသည်။

… … …

အခန်း(၁၂) စူစူလေးကို လန့်သွားပြီ

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အဲ့တာတွေ နောက်မှပြောကြမယ်။ လောလောဆယ် ပင်စည်ကို သေချာ ဖက်ထား၊ မလွှတ်လိုက်နဲ့နော်!။ ခဏလေးပဲစောင့်! လှေကား ယူလာတော့မယ်!”

ဆရာမကျူး ဘာမှ ထပ်မမေးရဲတော့ပါ။

ကျိုးဟောက်လေးကို ဖိအားပေးတာများသွားပါက သစ်ပင်ပေါ်မှ ပြုတ်ကျမှာ စိုးရိမ်တာကြောင့်လည်း ပါသည်။

သိပ်မကြာလိုက်ဘဲ ကျောင်းဝန်ထမ်းတွေက လှေကားကြီးသယ်ရင်း ရောက်လာကြပါသည်။

အမြန်အဆန်လှုပ်ရှားကြပြီး ကျိုးဟောက်လေးကို စတင် ကယ်ဆယ်ကြပါသည်။ အားလုံးရဲ့ စုပေါင်း ကြိုးပမ်းမှုကြောင့် နောက်ဆုံးတော့ ကျိုးဟောက်လေးကို သစ်ပင်ပေါ်မှ ကယ်ထုတ်နိုင်ခဲ့ကြသည်။

ကျိုးဟောက်လေး အတော် တုန်လှုပ်နေသည့်ပုံပင်။ မျက်နှာပေါ်မှာလည်း မျက်ရည်စီးကြောင်း အပြည့်နှင့်။

စိတ်အနည်းငယ် ပြန်တည်ငြိမ်သွားမှ လူအုပ်ထဲက စူစူလေးကို လက်ညှိုးကောက်ကောက်ထိုးပြီး စတင် ပြစ်တင်ပြောဆိုလေတော့သည်။ “သူလုပ်တာ!! အဲ့ကျောင်းသူသစ်လုပ်တာ! သားကို သစ်ပင်ပေါ် သူ ပစ်တင်လိုက်တာ!! အီးဟီးဟီး…”

ကျိုးဟောက် မျက်လုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပွတ်လျက် ကမ္ဘာပေါ်က ဝမ်းအနည်းဆုံး လူပမာ ငိုကြွေးလေသည်။

စူစူလေးက သဲတွေနဲ့ ကစားနေပါသည်။ သူမရဲ့ ပြည့်ပြည့်လုံးလုံး လက်ကလေးထဲမှာ အဝါရောင် သဲတစ်ဆုပ်ကို ကိုင်ထားသည်။

ဆူညံသံတွေကို ကြားသောအခါ စူစူလေးက ကျိုးဟောက်နဲ့ မျက်လုံးချင်းဆုံအောင် မော့ကြည့်လိုက်၏။ သူမရဲ့ တောက်တောက်ပပ မျက်လုံးလေးများက ချစ်စရာကောင်းလွန်းနေပါသည်။

“ဘာတွေပြောနေတာလဲ။ ငါက နင့်ကို အနိုင်ကျင့်တယ် ဟုတ်လား”။ စူစူလေးက ချစ်စရာလည်းကောင်းပြီး ‘ဖော်ရွေ’သည့် အပြုံးဖြင့် မေးလိုက်သည်။

ကျိုးဟောက် ကြက်သီးတွေ ထသွားပြီး စကားကို အမြန်ပြန်ရုတ်သိမ်းလိုက်ပါသည်။ “မ-မဟုတ်ဘူး ငါဘာမှ မပြောဘူး!”

“ငါနဲ့တူတူ သဲကစားမလား”။ စူစူလေးက ဖိတ်ခေါ်လိုက်ပါသည်။

“မကစားဘူး! မကစားချင်ဘူး!!” ကျိုးဟောက်လေး နောက်က ကျားလိုက်နေသလို တဟုန်ထိုး သုတ်ခြေတင် ပြေးလေတော့သည်။

စူစူလေးကို မြင်ရတာ ကျိုးဟောက်အတွက် သရဲမြင်ရသလိုပင်။

ကျောင်းသူသစ်က အဲ့လောက်ကြောက်ဖို့ကောင်းလို့လား။

ဆရာမကျူးက သဲရဲတိုက်ဆောက်နေသော စူစူလေးကို လှမ်းကြည့်လိုက်သည်။ ကလေးမလေးက အလွန် ချစ်စရာကောင်းပြီး နူးညံ့လွန်းသည်။ ကြွေရုပ်လေး တစ်ရုပ်နဲ့တောင် တူပါသည်။

လောလောဆယ် သူ့ဖာသာသူ ကစားရင်း အာရုံများနေ၏။

ဒီတိုင်း သာမန် ကလေးလေးပဲ မဟုတ်လား။ အတန်းဖော်တစ်ယောက်ကို သစ်ပင်ပေါ် ပစ်တင်တယ်? အဓိပ္ပာယ်မရှိတာတွေ!

အဝေးတစ်နေရာမှ ချင်းလောင်ယွင်လည်း အားလုံးကို စောင့်ကြည့်နေပါသည်။ စူစူလေးကို ကျိုးဟောက် ဘာကြောင့် ရုတ်တရက်ကြီး ကြောက်သွားရတာလဲဆိုတာ သူမ နားမလည်နိုင်ပါ။ သူမအတွက် ကလဲ့စားချေပေးမည်ဟု ကြုံးဝါးသွားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် အသုံးမကျရတာလဲ။

--- --- ---

ညနေခင်း ရောက်သောအခါ အဘိုးချင်းနဲ့ အဘွားချင်းတို့ စူစူလေးကို ကျောင်းလာကြိုကြသည်။

ပင်ပန်းနွမ်းနယ်နေသော ဆရာမကျူး၏ မျက်နှာကို မြင်သောအခါ အဘိုးချင်းက စိတ်ပူစွာ မေးလိုက်၏။ “ဘာဖြစ်လို့လဲ။ စူစူလေး ငိုလို့လား”

ဆရာမက အနေခက်စွာ ပြုံးလိုက်ပါသည်။ “စူစူလေးက မငိုပါဘူး။ သတ္တိအရမ်းရှိတယ်”

စူစူလေးက မငိုပါ။ ငိုချင်နေတာ သူတို့ဖြစ်သည်။ ဒီကလေးမလေးက အတော်လေး တတ်သည်။ ကျောင်းလာသည့် ပထမဆုံးနေ့မှာတင် မူကြိုကျောင်းတစ်ကျောင်းလုံးကို ပြောင်းပြန်လှန်သွား၏။ လက်အောက်ငယ်သား တချို့တောင် ရလိုက်ပါသည်။

ဒီကလေးမလေး ဘယ်လိုလုပ်လိုက်တာလဲဆိုတာ ဆရာမကျူးမသိပါ။

“သူမငိုရင် ပြီးတာပါပဲ။ ကျောင်းတက်တယ်ဆိုတာ ပျော်ရမှာပေါ့! ငါတို့စူစူလေးက သတ္တိအရှိဆုံးပဲကွ!”

အဘိုးချင်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ့သမီးလေး၏ လက်ကို တွဲလိုက်ပါသည်။

အဘွားချင်းက မျက်စောင်းထိုးကာ ပြောလိုက်၏။ “သူ့ကို ပြန်လှည့်မကြည့်ဘဲ သူ့သမီး မူကြိုကျောင်းထဲ ဝင်သွားတုန်းက အသည်းနှလုံးတွေ ကွဲသလို ခံစားခဲ့ရတာ ဘယ်သူများလဲမသိဘူးနော်”

“အဘွားကြီး ငါ့သမီးရှေ့မှာ ငါ့ကို အရှက်မခွဲပါနဲ့!” သူသိက္ခာကျလို့မဖြစ်ပါ။ အလွန်အရေးကြီးပါသည်။

“အမှန်တိုင်းပြောတာလေ။ ကျွန်မတို့ ရတနာလေးကို ဘာမှ ဖုံးကွယ်မထားချင်ဘူး!” အဘွားချင်းကလည်း ပြန်ငေါက်လိုက်ပါသည်။

အဘိုးချင်း ဝမ်းနည်းသွား၏။

စူစူလေးက အဘိုးချင်း၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။ “ဖေဖေက လိမ်မာပါတယ် မငိုနဲ့နော်။ ဖေဖေက အရမ်းတော်တာ!”

သမီးဖြစ်သူ၏ နှစ်သိမ့်ပေးမှုကြောင့် အဘိုးချင်း ချက်ချင်း အားအင်ပြန်ပြည့်ဝသွားပါသည်။

သမီးတစ်ယောက်ရှိတာ တကယ် ကောင်းသည်။ သူတို့နှလုံးသားအတွက် နွေးထွေးမှုပေးသော အရာလေး ဖြစ်၏။

မလှမ်းမကမ်းတစ်နေရာတွင် အဘိုးချင်း၏ ညီဖြစ်သူ ချင်းကျင်းဖန်ကလည်း သူ့မြေးမလေးကို ကျောင်းလာကြိုရင်း အဘိုးချင်းတို့ လင်မယားအား တွေ့သွားသည်။

သူ့အစ်ကိုကြီးနဲ့ မရီးတို့လား?

All Chapters