← Chapters

အခန်း (၁၃+၁၄)

Vol. 1 Ch. 13+14

အခန်း (၁၃+၁၄)

Vol. 1 Ch. 13+14

အခန်း(၁၃) အစ်ကိုကြီး ဒီကလေးမလေးက ဘယ်သူလဲ

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကထက်တောင် ဘာလို့ နုပျိုပြီးတက်ကြွနေကြတာလဲ။

ချင်းကျင်းဖန်တို့မိသားစုက ချင်းမိသားစု၏ ဆောင်မကြည့်ရှုမှုအောက်မှာ နေထိုင်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ သို့သော် သူ့အစ်ကိုကြီးနဲ့ မရီးတို့ကို မတွေ့ရတာ ၁၀ နှစ်နီးပါးခန့် ရှိနေလေပြီ။

သူ့အမြင်မှာတော့ သူ့အစ်ကိုကြီးနဲ့ မရီးတို့ စိတ်လွတ်သွားသဖြင့် မြို့တော်က သက်တောင့်သက်သာ ဘဝကို စွန့်လွှတ်ပြီး ဆင်းရဲသည့် တောင်ပေါ်ဒေသ ကျေးရွာမှာ သွားရောက်နေထိုင်ခဲ့ကြတာ ဖြစ်မည်ဟု ကောက်ချက်ချထားသည်။

“အဘိုး အိမ်မပြန်သေးဘူးလား” ချင်းလောင်ယွင်က မေးလိုက်၏။

အဘိုး ဘာတွေကြည့်နေတာလဲ။ အဘိုးဖြစ်သူ၏ အကြည့်နောက်ကို လိုက်ကြည့်သောအခါ စူစူလေးကို ချင်းလောင်ယွင် မြင်လိုက်ရသည်။

“သမီးရဲ့ ဘကြီးကို တွေ့လိုက်သလိုပဲ။ လာ ယွင်ယွင်လေး။ သမီးဘကြိးအိမ်ကို သွားလည်ကြရအောင်!”

ဘာတွေဖြစ်နေသလဲ စုံစမ်းဖို့ ချင်းအိမ်တော်အား သွားလည်ဖို့ ချင်းကျင်းဖန် ဆုံးဖြတ်လိုက်သည်။

သူ့အစ်ကိုကြီးနဲ့ မရီးတို့ တကယ် ပြန်လာတာဆို အခွင့်အရေးယူပြီး အိမ်ခြံမြေတချို့ တောင်းလို့ရသည်။ ဘာပဲဖြစ်ဖြစ် သူတို့လင်မယားက အတော်အိုနေကြပြီမဟုတ်လား။ ဘယ်တော့ သေနေစေ့မလဲ မသိနိုင်ပါ။

သူတို့ကို သေတမ်းစာရေးဖို့ လှည့်စားနိုင်ပါက သူလည်း အမွေရလိမ့်မည်။ ဒါဆို သူ့တူတွေဆီမှာ ခခယယ ပိုက်ဆံအမြဲတောင်းနေရတာထက် အများကြီး ပိုကောင်းပါသည်။

ထို့အပြင် သူ့တူတွေ ပိုက်ဆံပေးတိုင်းလည်း သူ့အသုံးစရိတ်အတွက် လုံးဝ မလုံလောက်ပါ။

--- --- ---

အဘိုးချင်း၊ အဘွားချင်းနဲ့ စူစူလေးတို့ အိမ်ပြန်ရောက်ပြီး သိပ်မကြာလိုက်ဘဲ ချင်းကျင်းဖန်နဲ့ ချင်းလောင်ယွင်တို့ အိမ်ကို လာလည်ကြသည်။

“အစ်ကိုကြီး! တကယ်ပဲ မင်းလား။ မင်းကို ဟုံဖုန်းမူကြိုမှာ တွေ့ခဲ့တာ အမြင်မှားတာများလားလို့ ထင်နေတာ!”

ချင်းကျင်းဖန်က နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်သည်။ မျက်နှာပေါ်မှာလည်း ပျော်ရွှင် ဝမ်းမြောက်မှု အပြည့်နှင့်။

အသက်အရွယ်အရဆို အဘိုးချင်းက သူ့ညီထက် အသက် ၇ နှစ် ပိုကြီးသည်။ သို့သော်လည်း ဘေးချင်းကပ်လျက် ယှဉ်ကြည့်လိုက်ပါက အဘိုးချင်းကတောင် ပိုနုနေပါသေးသည်။

“ဘာကိစ္စရှိလို့လဲ”။ အဘိုးချင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်ပါသည်။

ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ အချောင်နေ အချောင်စားသည့် ဒီညီကို အဘိုးချင်း သဘောမကျပါ။

တစ်ဦးတည်းသော ညီဖြစ်နေတာကြောင့်သာမဟုတ်လျှင် အဆက်အသွယ်ဖြတ်ပစ်ခဲ့တာ ကြာပါပြီ။

အဘွားချင်းကလည်း ချင်းကျင်းဖန်ကို ကြည့်မရပါ။ ယခင်တုန်းက ဘာအလုပ်မှမလုပ်ဘဲ အိမ်ကို ခဏခဏ လာပြီး ပိုက်ဆံတောင်းဖို့ပဲ စဉ်းစားနေသူဖြစ်သည်။

ချင်းကျင်းဖန် အနားကပ်လာတာကိုမြင်တော့ အဘွားချင်းက စူစူလေးကို ပွေ့ချီလိုက်ပါသည်။

ဒီလူက ပြဿနာရှာတတ်သူဖြစ်သည်။ သူမတို့ရဲ့ အဖိုးတန် သမီးလေးကိုတော့ ပြဿနာ လာရှာလို့ မရပါ။

“ယွင်ယွင်လေးကို ကျောင်းလာကြိုရင်း အစ်ကိုကြီးနဲ့ တူသလိုလိုရှိတဲ့ လူကို တွေ့မိလို့ အိမ်လာပြီး သေချာအောင် စစ်ကြည့်တာပေါ့။ တကယ် အစ်ကိုကြီး ပြန်ရောက်နေမယ် ထင်မထားဘူး!”။ ချင်းကျင်းဖန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။

“အေး မင်းမရီးနဲ့ ငါနဲ့ ပြန်ရောက်လာပြီ။ ဒီတစ်ခါတော့ ပြန်မသွားတော့ဘူး”။ ချင်းကျင်းဖန် ရောက်လာတာ ကောင်းမွန်သည့် ရည်ရွယ်ချက်နဲ့ မဖြစ်နိုင်ဘူးဆိုတာ အဘိုးချင်းသိပါသည်။

“အစ်ကိုကြီးကလည်း ပြန်လာမယ်ဆိုတော့ ငါ့ကိုတောင် ကြိုမပြောဘူး”

“ဘာလို့ ကြိုပြောရမှာလဲ။ မင်းက ငါ့ကို လာကြိုဖို့ အစီအစဉ်ရှိလို့လား။ ဒါမှမဟုတ် ညစာစားပွဲ ကျင်းပ ပေးမလို့လား”။ အဘိုးချင်းက စိတ်ရှုပ်စွာ ပြန်မေးလိုက်၏။

“မဟုတ်ပါဘူး မဟုတ်ပါဘူး။ ငါတို့ မတွေ့ရတာ နှစ်တွေကြာပြီလေ။ အခု ပြန်လာပြီဆိုတော့ စကားလေး ဘာလေး ပြောလို့ကောင်းတာပေါ့!” ချင်းကျင်းဖန်က အပြုံးဖြင့် ပြောလိုက်ပါသည်။

ထို့နောက် ချင်းကျင်းဖန်က ချင်းလောင်ယွင်ကို ရှေ့ထုတ်လိုက်ပြီး အဘိုးချင်းနဲ့ မိတ်ဆက်ပေးလိုက်သည်။ “အစ်ကိုကြီး။ ဒါယွင်ယွင်လေးလေ ငါ့မြေးမလေးပေါ့။ မင်းကို ဓာတ်ပုံ‌တွေ ပို့ဖူးတယ် မှတ်မိလား!”

ချင်းလောင်ယွင်က အမြန်အဆန် နှုတ်ဆက်လိုက်ပါသည်။ “ဘကြီး”

ထို့နောက် သူမ အဘိုးသင်ပေးထားသည့်အတိုင်း ဆက်ပြောလိုက်၏။ “ဘကြီးက အရမ်းတော်တာပဲ။ ယွင်ယွင်လေးက ဘကြီးကို အရမ်းလေးစားတယ်။ တစ်နေ့ကျရင် ယွင်ယွင်လေးလည်း ဘကြီးလို တော်ချင်တယ်!”

သူမရဲ့ ဘကြီးက အလွန်အာဏာကြီးပြီး ချမ်းသာမှန်း သူမ မိသားစု ပြောပြထားပြီးသားဖြစ်သည်။ သူမကို သဘောကျလာအောင် လုပ်နိုင်ပါက အရသာရှိသည့် အစားအသောက်တွေ အများကြီး စားလို့ရမည်။ အိမ်လှလှလေးမှာလည်း နေနိုင်မည်။ အဝတ်အစား လှလှပပလေးတွေလည်း ဝတ်နိုင်မည်။

သူမ ဘကြီးက သမီးမိန်းကလေး၊ မြေးမလေးတွေဆို အလွန်ချစ်တတ်သည်ဟု အဘိုးဖြစ်သူက ပြောပြထားသည်။ သို့သော် သူတို့ မိသားစုမှာ သားယောက်ျားလေးတွေသာ ရှိ၏။ ထို့ကြောင့် ချင်းလောင်ယွင်ကို မြင်သောအခါ အဘိုးချင်း အလွန်ချစ်မြတ်နိုးသွားလိမ့်မည်ဟု ခန့်မှန်းထားခဲ့ပါသည်။

အဘိုးချင်းက ချင်းလောင်ယွင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်ပါသည်။ “အင်း ဓာတ်ပုံထဲကလိုပဲ ချစ်စရာကောင်းပါတယ်။ သူ့ကို ကောင်းကောင်းပျိုးထောင်၊ မင်းသားလို ဖြစ်မသွားစေနဲ့”

အဘိုးချင်းက ချင်းလောင်ယွင်ကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ပါသည်။ သို့သော်လည်း ချင်းကျင်းဖန် မျှော်လင့်ထားသလောက် တက်ကြွမနေပါ။

ချင်းကျင်းဖန် အနည်းငယ် စိတ်ဓာတ်ကျသွားပြီး အဘိုးချင်းဘေးက စူစူလေးကို သတိထားမိသွားသည်။

သူမက တောက်တောက်ပပ မျက်လုံးလေးများနဲ့ ကြွေရုပ်လေး တစ်ရုပ်အလား။ ထိုကလေးမလေးက သူ့မြေးမလေးထက်တောင် ပိုလှနေသေးသည်။

ဒီကလေးမလေးကြောင့် သူ့အစ်ကိုကြီးနဲ့ မရီးတို့က ချင်းလောင်ယွင်ကို သိပ်ဂရုမစိုက်ကြတော့တာလား။

ထို့ကြောင့် ထိုကလေးမလေးက ဘယ်သူဘယ်ဝါဖြစ်မှန်း ချင်းကျင်းဖန် မေးကြည့်လိုက်ပါသည်။ “အစ်ကိုကြီး ဒီကလေးမလေးက ဘယ်သူလဲဟင်”

… … …

အခန်း(၁၄) ဒေါ်လေးလို့ခေါ်

“ငါ့သမီးလေးလေ” စူစူလေးအကြောင်း ပြောရတိုင်း အဘိုးချင်း မျက်နှာက ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။

“သမီးလေး ဟုတ်လား?!” ချင်းကျင်းဖန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“ငါတို့နဲ့ မတူဘူးလား။ ငါတို့စူစူလေးရဲ့ မျက်လုံးလေးတွေကို ကြည့်ပါဦး။ ငါနဲ့ မင်းမရီးတို့ရဲ့ ကိုယ်ပွားလေးလို ဖြစ်မနေဘူးလား”

သူ့သမီးနဲ့ ပတ်သတ်လာရင် အဘိုးချင်းက တက်ကြွရွှင်လန်းလျက်ရှိသည်။

“ဟုတ်တယ် ဟုတ်တယ်! ဖေဖေနဲ့ မေမေတို့နဲ့တူတယ်!” စူစူလေးက ဝင်ပြောလိုက်သည်။

“မဖြစ်နိုင်တာ… အစ်ကိုကြီး အဲ့လို မနောက်ပါနဲ့”။ ချင်းကျင်းဖန်က ဒီလို အဓိပ္ပာယ်မရှိတာမျိုးကို လက်ခံဖို့ ငြင်းဆန်ပါသည်။

သူ့အစ်ကိုကြီးနဲ့ မရီးတို့က ဒီအသက်အရွယ်မှာ ကလေးယူနိုင်သေးတယ်လား။ သူနဲ့ သူ့မိန်းမနဲ့ဆို လွန်ခဲ့သည့် ၁၀ နှစ်လုံးလုံး တစ်ယောက်မျက်နှာတစ်ယောက်တောင် ကြည့်ချင်ကြတာ မဟုတ်ပါ။ ကိုယ်ဝန်လွယ်ပြီး ကလေးမွေးဖို့ဆို ပိုဝေးပါသေးသည်။

ဒါကိုကြားတော့ အဘွားချင်းက မကျေမနပ်ဖြစ်သွား၏။ “ဘယ်သူက နောက်နေလို့လဲ။ စူစူလေးက ငါတို့ သမီးလေးပဲ။ ငါတို့သမီးစစ်စစ်! ငါတို့ စူစူလေးက ကောင်းကင်ဘုံကနေ ငါတို့ ချင်းမိသားစုကို ကောင်းချီး ပေးထားတဲ့ ဆုလာဘ်လေးတစ်ခုပဲ!”

ချင်းကျင်းဖန် နားထောင်ရင်းနဲ့ ကြက်သေသေသွားသည်။ ကောင်းကင်ဘုံကပေးတဲ့ ကောင်းချီး? လာနောက်နေတာလား။

သူ့အစ်ကိုကြီးနဲ့ မရီးတို့ တောင်ပေါ်ဒေသ ကျေးရွာမှာ သွားနေပြီး ရွာအယူဓ‌လေ့တွေ ပါလာတာလား။

“အစ်ကိုကြီးနဲ့ မရီးတို့ မဟုတ်တာတွေ မပြောစမ်းပါနဲ့! ဒီကလေးကို မွေးစားထားတာ မဟုတ်လား။ ကိုယ်တိုင်မွေးထားတယ် ဆိုတာကြီးက လွန်လွန်းပါတယ်!” သူ့ရှေ့က နူးနူးညံ့ညံ့ကလေးမလေးမှာ သူ့တူမလေးဖြစ်သည်ဆိုတာ ချင်းကျင်းဖန် လက်မခံနိုင်သေးပါ။

“ယုံချင်ယုံ မယုံချင်နေ၊ မင်းဆုံးဖြတ်ချက်ပဲ။ ဒါပေမယ့် စကားပြောတဲ့အခါကျရင် ငါတို့ သမီးလေးက မင်းကို ဦးလေးလို့ပဲ ခေါ်မှာ” အဘိုးချင်းက ဘာမှ မပြောချင်တော့ဘဲ စကားဖြတ်လိုက်သည်။

အဘိုးချင်း စိတ်မကြည်မလင်ဖြစ်သွားတာကိုမြင်ပြီး ချင်းကျင်းဖန် အမြန် ဖားပြုံးပြုံးလိုက်သည်။ “မဟုတ်ပါဘူး မဟုတ်ပါဘူး။ မယုံတာမဟုတ်ပါဘူး။ ဒီတိုင်း နည်းနည်း အံ့ဩစရာကောင်းလွန်းလို့ပါ။ သိတယ်မလား ဟဲဟဲ”

ကလေးမလေးတစ်ယောက် အတွက်နဲ့ သူ့အစ်ကိုကြီးကို ဒေါသထွက်အောင် လုပ်ရတာ မတန်ပါ။ ဘယ်အရာက ပိုအရေးကြီးသလဲဆိုတာ ချင်းကျင်းဖန် နားလည်ပါသည်။

သူတို့ကို မယုံတာ မဟုတ်မှန်း သက်သေပြဖို့အတွက် ချင်းလောင်ယွင်ကို ချင်းကျင်းဖန် လှည့်ပြောလိုက်သည်။ “ယွင်ယွင် သူ့ကို ‌ဒေါ်လေးလို့ ခေါ်လိုက်”

ချင်းလောင်ယွင်၏ မျက်နှာသေးသေးလေးပေါ်မှာ တွန့်ဆုတ်မှု အရိပ်အယောင်တွေကို မြင်နေရပါသည်။ နှစ် ၁၀၀ အတွင်း သူမက ချင်းမိသားစု၏ ပထမဆုံး သမီးမိန်းကလေးဖြစ်သည်ဟု အဘိုးပြောခဲ့ဖူးသည်။

ဒါဖြင့်ရင် ဘာလို့ အခု နောက်တစ်ယောက်ပေါ်လာရတာလဲ။ ပြီးတော့ ဘာလို့ သူ့ကို ဒေါ်လေးလို့ ခေါ်ရမှာလဲ။

ချင်းကျင်းဖန်က ထပ်ပြီး တွန်းအားပေးလိုက်သည်။ “ခေါ်လေ! မြန်မြန် ဒေါ်လေးလို့ခေါ်လိုက်! ယဉ်ယဉ်ကျေးကျေးခေါ်နော်! သမီးဘကြီးနဲ့ ဘွားလေးတို့ ကြည့်နေတယ်!”

ချင်းလောင်ယွင် နှုတ်ခမ်းကို ကိုက်လိုက်သည်။ “ဒေါ်လေး”

ထိုသို့ခေါ်ပြီးနောက် ချင်းလောင်ယွင် အနေခက်စွာ ခေါင်းငုံ့ထားလိုက်သည်။ စူစူလေးကို မကြည့်ရဲပါ။

“အင်း တော်တယ်!” စူစူလေးက ပြန်ပြောရင်း အင်္ကျီအိတ်ကပ်ထဲ လက်နှိုက်ကာ ချင်းလောင်ယွင် အတွက် သကြားလုံးတစ်လုံး ထုတ်ပေးလိုက်သည်။

ဒေါ်လေးတစ်ယောက်အနေဖြင့် စူစူလေးက သူမ တူတွေတူမတွေအတွက် လက်ဆောင်တွေ ပြင်ထားပါသည်။

အမှန်ပင်။ သူမကို ဒေါ်လေးတစ်ယောက်အဖြစ် အသိအမှတ်ပြုသူတွေအတွက်သာ ဖြစ်သည်။ သူမကို မကောင်းဆိုးဝါးလေးဟု ခေါ်သည့် ကောင်စုတ်ကိုတော့ ထည့်မတွက်ပါ။ သူက သဘောမကောင်းပါ။ သူ့အတွက် သကြားလုံး မရှိပါ။

ချင်းလောင်ယွင် ခေတ္တ တွန့်ဆုတ်သွားပြီး သကြားလုံးကို ဖြည်းဖြည်းချင်း လက်ခံလိုက်ပါသည်။

ဈေးပေါပေါ ပလတ်စတစ်အခွံနဲ့… ကြည့်ရတာ ကျေးရွာဘက်က ဆိုင်တွေမှာ ရောင်းချလေ့ရှိသည့် ဈေးပေါပေါ သစ်သီးသကြားလုံးပုံစံ ဖြစ်သည်။ သူမ ကျေးရွာဘက်ကို သွားလည်တုန်းက မြင်ဖူးပါသည်။

ချင်းလောင်ယွင် အနည်းငယ် အထင်သေးသွား၏။ သို့သော်လည်း လူကြီးတွေရှေ့မှာ မလေးမစား မလုပ်ရဲသဖြင့် သကြားလုံးကို သိမ်းထားလိုက်ရပါသည်။

ပြဿနာ ပြေလည်သွားတာကိုမြင်ပြီးနောက် ချင်းကျင်းဖန်က အဘိုးချင်းကို ရယ်ရယ်မောမော ပြောလိုက်သည်။ “အစ်ကိုကြီးနဲ့ မရီးတို့က ပြန်လာပြီး ဒီမှာပဲ နေသွားကြတော့မှာဆိုတော့ သေတမ်းစာ ကိစ္စ စီစဉ်ပြီးသွားပြီဆိုတဲ့ သဘောလား”

“သေတမ်းစာ ဟုတ်လား။ မင်းက ဘာလို့ အဲ့တာကို စိတ်ဝင်စားနေတာလဲ”။ အဘိုးချင်းက ဘဝမကျစွာ ပြောလိုက်သည်။

“ဒီတိုင်းမေးကြည့်တာပါ။ မင်းက ငါ့အစ်ကိုကြီးပဲ။ မင်းကိစ္စတွေကို ငါဂရုစိုက်ရမှာ ငါ့တာဝန်လေ”။ ချင်းကျင်းဖန်က ရှင်းပြလိုက်ပါသည်။

“တော်စမ်းပါကွာ။ မင်းဘာတွေ တွေးနေလဲ ငါသိတယ်။ ငါ့ဆီကို ငွေကိစ္စကလွဲပြီး တခြားကိစ္စနဲ့ ဘယ်တုန်းက လာခဲ့ဖူးလို့လဲ။ မင်းအတွက် အမွေထားခဲ့လား ကြိုသိချင်လို့ သေတမ်းစာအကြောင်း မေးနေတာမလား”။ အဘိုးချင်းက တဲ့တိုး ပြောလိုက်ပါသည်။

အကြံတွေ ပေါ်သွားသဖြင့် ချင်းကျင်းဖန်က အရှက်မရှိ ပြုံးလိုက်ပါသည်။ “အစ်ကိုကြီးကလည်း အဲ့လို မပြောပါနဲ့။ မင်းမှာ ညီလေးတစ်ယောက်တည်း ရှိတာ။ မင်းက ဂုဏ်သရေရှိတဲ့ လူတစ်ယောက်။ ငါ့ပုံစံ စုတ်စုတ်ပြတ်ပြတ် ဖြစ်နေရင် မင်းလည်း သိက္ခာကျရတယ် မဟုတ်ဘူးလား”

All Chapters