အခန်း (၁၅+၁၆)
Vol. 1 Ch. 15+16
အခန်း(၁၅) ရင်းနှီးမြှုပ်နှံမှု
“ရှက်စရာကောင်းတယ်မလား။ မင်းက အခုမှ ရှက်နေပြီပေါ့”။ အဘိုးချင်းက သူ့ညီကို ရယ်မော လှောင်ပြောင်လိုက်ပါသည်။
“အစ်ကိုကြီး မင်းမသိဘူးနော်။ လွန်ခဲ့တဲ့ ၂ နှစ်တာ ကာလက ငါ့အတွက် ခက်ခဲခဲ့တယ်ကွ။ နောက်လအတွက် စားဖို့သောက်ဖို့ ဘယ်ကနေ ပိုက်ဆံ ရှာရမှန်းတောင် မသိဘူး!” ချင်းကျင်းဖန်က သူ့မွဲတေပုံကို စတင် ငြီးတွားလေသည်။
“စားစရာပိုက်ဆံ မရှိဘူးလို့ လာမပြောနဲ့။ ဟိုးအရင်က ပေးခဲ့ဖူးတဲ့ ပိုက်ဆံတွေကို ခဏထားဦး။ ငါနဲ့ မင်းမရီးနဲ့ တောင်ပေါ်မှာ သွားမနေခင်က မင်းကို ယွမ် သန်း ၁၀၀ ပေးခဲ့သေးတယ်လေ! အဲ့တုန်းက ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေလို့ ငါတို့သေသေချာချာ ပြောခဲ့တယ်။ မင်းလည်း သဘောတူခဲ့တယ် မဟုတ်ဘူးလား?!” အဘိုးချင်းက ဒေါသတကြီး ပြောလိုက်ပါသည်။
သန်း ၁၀၀! ယွမ် သန်း ၁၀၀ ကြီးများတောင်!
သမာန် လူတစ်ယောက်သာဆို ထိုငွေကို သေချာ စီမံနိုင်ပါက တစ်သက်လုံး သက်တောင့်သက်သာ နေသွားလို့ရသည်။
ဒါတောင် ချင်းကျင်းဖန်က နောက်လအတွက် စားစရာမရှိဘူးလို့ ပြောရဲသေးတယ်လား။
နာကျင်သွားသော မျက်နှာထားဖြင့် ချင်းကျင်းဖန်က ပြန်ပြောလိုက်သည်။ “အစ်ကိုကြီး အဲ့တာ ငါ့အပြစ်မှ မဟုတ်တာ။ အဲ့ယွမ် သန်း ၁၀၀ မှာ ငါ့သားနဲ့ ငါ့ချွေးမနဲ့က သန်း ၅၀ ယူသွားတယ်။ ငါ့မိန်းမနဲ့ ငါနဲ့မှာ ယွမ် သန်း ၅၀ ပဲကျန်ခဲ့တယ်။ မင်းညီအရင်း တစ်ယောက်အနေနဲ့ အနည်းဆုံးတော့ ငါအိမ်ကောင်းကောင်းမှာ နေနိုင်သင့်တယ် မဟုတ်လား။ အဲ့တာကြောင့် မြို့စင်တာမှာ တိုက်ခန်းကျယ်ကျယ် တစ်ခန်းဝယ်ဖို့ ယွမ် သန်း ၂၀ သုံးလိုက်တယ်။ အိမ်က စတုရန်းမီတာ ၂၀၀ ကျော်လေးပဲရှိတာ။ မင်းတို့ ဗီလာကြီးထက် အများကြီး ပိုသေးတယ်ကွ”
“ကျန်တဲ့ ပိုက်ဆံတွေကကော?”။ အဘိုးချင်းက မေးလိုက်သည်။ အိမ်ဝယ်တာကိုတော့ အပြစ်မပြောလိုတော့ပါ။ အနည်းဆုံးတော့ လက်ထဲ အိမ်တစ်လုံး အဖတ်တင်နေပါသေးသည်။
“နောက်ထပ် ယွမ် သန်း ၂၀ ကို ရင်းနှီးမြှုပ်နှံလိုက်တယ်…”။ ချင်းကျင်းဖန် တိုးတိုးလေး ပြောလိုက်၏။
“ဘယ်မှာ ရင်းနှီးမြှုပ်နှံတာလဲ”
“Bay အိမ်ရာမှာ… ရင်းနှီးမြှုပ်နှံလိုက်တာ…”
Bay အိမ်ရာ စီမံကိန်းက ပျက်စီးသွားပြီ မဟုတ်ဘူးလား! ဘာတန်ဖိုးမှ မရှိတော့ဘူး!
အိမ်တွေကို မရောင်းနိုင်သလို ရင်းနှီးမြှုပ်နှံငွေတွေလည်း ပြန်မရနိုင်တော့ပါ။
“မင်း…”။ ညီဖြစ်သူကြောင့် အဘိုးချင်း ဒေါသထွက်ရပြန်သည်။ “ကိုယ်လုပ်မယ့် အလုပ်အကြောင်း မင်းကောင်းကောင်း နားလည်သင့်တာပေါ့ကွ! ဒီလောက် စွန့်စားရတဲ့ လုပ်ငန်းမျိုးမှာ ဘာလို့ ရင်းနှီး မြှုပ်နှံလိုက်တာလဲ။ ဘဏ်ထဲထည့်ထားပြီး အတိုးထိုင်စားတော့ မင်းတို့ ဘာဖြစ်သွားမှာ မို့လို့လဲ”
“အတိုးက ဘယ်လောက်ရမှာမို့လို့လဲ။ ဒီတိုင်း အတိုးထိုင်စားရုံနဲ့ ချမ်းသာလာမှာမှ မဟုတ်တာ! မင်းနဲ့ မရီးတို့ကော ရင်းနှီးမြှုပ်နှံခဲ့ကြတာပဲ မဟုတ်ဘူးလား။ မင်းတို့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေကနေ ငွေတွေ အများကြီး ရှာနိုင်ခဲ့တာ ငါသိတယ်! ငါက မင်းတို့လောက် ကံမကောင်းရုံပါ”။ ချင်းကျင်းဖန်က ပြန်ချေပသည်။
“မင်း… မင်းတော့လား”
အဘိုးချင်း ကိုယ့်စိတ်ကိုယ် ကြိုတင် ပြင်ဆင်ထားခဲ့သည်။ သူ့ညီစုတ် ဘာအဓိပ္ပာယ်မရှိတာတွေပဲ လုပ်လုပ် ဒေါသမထွက်အောင်နေမည်ဟု ကိုယ့်ကိုယ်ကို ပြောခဲ့သည်။
သို့သော်လည်း သူဒေါသထွက်မိဆဲပင်။
ယောက်ျားဖြစ်သူ ဒေါသကြောင့် မျက်နှာနီလာတာကို မြင်သောအခါ အဘွားချင်းက ဝင်ဖြောင်းဖြလိုက်ပါသည်။ “အဘိုးကြီး ဒေါသမထွက်ပါနဲ့။ ရှင့်မှာ သွေးတိုးရှိတာ မမေ့နဲ့ဦး။ ရွာမှာတုန်းက မနည်း ပြန်ကောင်းအောင် အနားယူလိုက်ရတယ်မလား။ ဆေးရုံထပ်တက်ချင်သေးလို့လား။ ရှင်ဆေးရုံ တက်ရရင် ကျွန်မတို့ သမီးလေးကို ဘယ်လိုလုပ်မလဲ”
လင်မယားနှစ်ယောက် ဒါကို ကြိုတင်ဆွေးနွေးထားကြပြီးသားဖြစ်သည်။ သူတို့ရဲ့ ငယ်ငယ်ရွယ်ရွယ် သမီးလေးအတွက် ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပြီး သူတို့ သမီးလေး အရွယ်ရောက်သည့်အချိန်ထိ အသက်ရှင်နေထိုင်သွားနိုင်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်။
ချစ်စရာကောင်းသည့် သမီးလေးကို စဉ်းစားရင်း အဘိုးချင်း စိတ်အနည်းငယ် ပြန်တည်ငြိမ်သွားပါသည်။
ထို့နောက် ချင်းကျင်းဖန်ကို ထပ်မေးလိုက်၏။ “ကျန်တဲ့ ၁၀ သန်းနဲ့ မင်းသားနဲ့ချွေးမလက်ထဲက သန်း ၅၀ ကကော?”
ချင်းကျင်းဖန်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ “ကျန်တဲ့ ၁၀ သန်းက သုံးလို့ ကုန်သွားပြီ။ ငါတို့ ရင်းနှီးမြှုပ်နှံထားတာ အောင်မြင်မယ်ထင်လို့ ငါနဲ့ ငါ့မိန်းမနဲ့ အစားအသောက်တွေ အဝတ်အစားတွေ အများကြီး ဝယ်ပြီး ခရီးလည်း နည်းနည်းထွက်ခဲ့သေးတယ်။ ငါ့သားက ယွမ် သန်း ၅၀ ကိုယူပြီး ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တာ။ ဒါပေမယ့် မအောင်မြင်သွားဘူး။ အဲ့တာကြောင့် ဘာမှ မကျန်တော့တာ”
“အဲ့တော့ အဲ့ဒီ ယွမ် သန်း ၁၀၀ ကို မင်းတို့ကောင်တွေက ၁၀ နှစ်အတွင်း အကုန်သုံးပြစ်လိုက်ကြတာပေါ့”
“တကယ်တော့ တစ်နှစ်တောင် မခံလိုက်ပါဘူး။ ယွင်ယွင်လေး မွေးတဲ့နှစ်မှာ တစ်ပြားမှ မကျန်တော့ဘူး။ ဒီ ၂ နှစ်တာကာလအတွင်း ငါတို့ ဆင်းဆင်းရဲရဲ နေခဲ့ရတာ။ အစ်ကိုကြီး ငါတို့ရဲ့ ညီအစ်ကို သံယောဇဉ်ကို ထောက်ပြီး ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ကူညီပေးပါလား”
… … …
အခန်း(၁၆) စူစူလေး သင်ခန်းစာပေးခြင်း
ဒါကိုကြားတော့ အဘွားချင်းလည်း သည်းမခံနိုင်တော့ပါ။ “ချင်းကျင်းဖန်၊ လူဆိုတာ မာနရှိရတယ်ဟဲ့။ အရှက်မရှိဘူးဆိုတာ တော်ရုံပဲကောင်းတယ်!။ နင်တို့ကို ငါတို့ အရင်က ပိုက်ဆံပေးပြီးပြီ။ သန်း ၁၀၀ ပေးခဲ့တုန်းက ငါတို့ သေချာမှာခဲ့တယ်။ နင်တို့လည်း သဘောတူခဲ့တာပဲ။ နောက်တစ်ခါ ပိုက်ဆံကိစ္စ ဘယ်တော့မှ လာအကူအညီမတောင်းတော့ပါဘူးလို့ နင်တို့ သဘောတူခဲ့တယ်!”
ချင်းကျင်းဖန်က ပြန်ပြောသည်။ “မရီးကလည်း။ ကျွန်တော်လည်း ဒီလို မတောင်းချင်ပါဘူး။ ဒါပေမယ့် အခု ကျွန်တော်တို့ တကယ်ခက်ခဲနေလို့ပါ။ ကျွန်တော့် မြေးမ ယွင်ယွင်လေးကို ကြည့်ပါဦး။ သူက မရီးတို့ သမီးလေးနဲ့ အသက်တူတူလောက်ပဲ။ ကျွန်တော့်နေရာမှာ မရီးဝင်ခံစားကြည့်စမ်းပါ။ မရီးရဲ့ သမီးလေး ခက်ခက်ခဲခဲ ကြီးပြင်းလာရမှာကို ကြည့်ရက်ရဲ့လား”
အဘွားချင်းက ဒေါသအတော်ထွက်လာပါပြီ။ “အပြစ်မရှိတဲ့ ကလေးတွေကို အသုံးချပြီး ဆင်ခြေ မပေးနဲ့! နင့်ကလေးကို သက်တောင့်သက်သာ ဘဝနဲ့ နေစေချင်ရင် နင်ကိုယ်တိုင် ဘာလို့ မကြိုးစားတာလဲ?!”
“ကျွန်တော် ကြိုးစားချင်ပါတယ်! ဒီတိုင်း ကံမကောင်းသေးလို့ပါ။ သာမန်အလုပ်လုပ်ရင် တစ်ရက်ကို ဘယ်လောက် ရနိုင်မှာမို့လို့လဲ။ အဲ့အတိုင်းဆို တစ်သက်လုံး ချမ်းသာနိုင်မှာ မဟုတ်ဘူး။ ငွေရှာဖို့ ငွေအရင် လိုအပ်တယ်မဟုတ်ဘူးလား။ ဒီတစ်ခါ ပိုက်ဆံချေးတယ်လို့ပဲ သဘောထားလိုက်လေ။ ကျွန်တော် စာချုပ်ပါ ချုပ်ပေးပါမယ်!”
ချင်းကျင်းဖန် စကားပြောနေစဉ် ရုတ်တရက် လက်သေးသေးလေး တစ်ဖက်က သူ့အင်္ကျီစကို လာဆွဲလေသည်။
လှည့်ကြည့်လိုက်တော့ သူ့အင်္ကျီစကို ကိုင်ထားသူက စူစူလေးဖြစ်မှန်း ချင်းကျင်းဖန် မြင်လိုက်ရသည်။
ချင်းကျင်းဖန်လည်း သိပ်အာရုံမစိုက်ဘဲ သူ့အစ်ကိုနဲ့ မရီးတို့ကို နားပူနားဆာ ဆက်လုပ်ဖို့ ပြင်လိုက်၏။ သို့သော် သူမျက်နှာတောင် အပြည့် မလှည့်ရသေးခင် ကြီးမားသည့် ခွန်အားတစ်ခုက သူ့ကို နောက်ပြန် ဆွဲလှန်ပစ်လိုက်သည်။
ချင်းမိသားစု ခြံဝန်းထဲက အပြာရောင် ကျောက်ပြားတွေပေါ် ဒုန်းကနဲ မြည်သံဖြင့် ချင်းကျင်းဖန် ဖင်ထိုင်လျက်သား လဲကျသွားလေသည်။
နာကျင်မှုကြောင့် ချင်းကျင်းဖန် မျက်နှာ ရှုံ့တွသွား၏။
ထိုလက်သေးသေးလေးက သူ့အင်္ကျီကော်လံကို ထပ်ဆွဲလိုက်ပြီး ခြံတံခါးဝဆီ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။
“အား… အား… အား!!”
နာနာကျင်ကျင် အော်သံဖြင့် ချင်းကျင်းဖန်တစ်ယောက် မြေကြီးပေါ်မှာ ဖင်တရွတ်တိုက် ဆွဲခေါ်သွားခြင်းကို ခံနေရပါသည်။ မကြာခဏဆိုသလို မြေကြီးထဲမှ ထိုးထွက်နေသည့် အပြာရောင် ကျောက်ပြားလေးများကို ဖင်နဲ့ဝင်တိုက်မိနေသည်။
နာကျင်မှုကြောင့် ချင်းကျင်းဖန် အော်ဟစ်နေရပြီး ပျော့ဖတ်သွားပါသည်။
“သမီးလေး!” အဘိုးချင်းနဲ့ အဘွားချင်းတို့ အနောက်က အမြန်ပြေးလိုက်ကြသည်။
“အဘိုး!” သူမ အဘိုး အနိုင်ကျင့်ခံနေရတာကို မြင်သဖြင့် ချင်းလောင်ယွင်လည်း ပြေးလာသည်။
ချင်းလောင်ယွင်က ချင်းကျင်းဖန်ကို ပြန်ဆွဲဖို့ ကြိုးစားသော်လည်း သူမ ခွန်အားက နည်းပါးလွန်းပါသည်။ ချင်းကျင်းဖန်ကို စူစူလေးက ခြံတံခါးဝဆီ ဆက်ဆွဲသွားသည်။
အဘိုးချင်းက စူစူလေးကို သတိထားကာ မေးလိုက်ဩ။ “သမီးလေး ဘာတွေလုပ်နေတာလဲ”
စူစူလေးက ခိုင်မာသောခြေလှမ်းများ၊ ခက်ထန်သော မျက်နှာတို့ဖြင့် ပြန်ပြောလိုက်သည်။ “သူက ဖေဖေနဲ့ မေမေတို့ကို အနိုင်ကျင့်နေတယ်။ ဖေဖေနဲ့ မေမေတို့ကို ဒေါသထွက်အောင်လုပ်တယ်! သူ့ကို ဒီမှာ မကြိုဆိုဘူး!”
သူမ ဖေဖေနဲ့ မေမေတို့ကို ဘယ်သူမှ အနိုင်လာကြည့်လို့မရပါ။
ခုနက စကားဝိုင်းကို သူမ သိပ်ပြီး နားမလည်ပေ။ လူသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဘဏ္ဍာရေးတွေကို သူမ သိပ်နားမလည်သေးပါ။ ယွမ် သန်း ၁၀၀ ဆိုတာ ဘယ်လောက်ပမာဏရှိမှန်းလဲ သူမ မသိသေးပါ။
သို့သော်လည်း ဒီအဘိုးကြီးက သူမရဲ့ ဖေဖေနဲ့ မေမေတို့ကို ဒေါသထွက်အောင် လုပ်နေမှန်းတော့ စူစူလေး မြင်သာပါသည်။
ဖေဖေရဲ့ မျက်နှာက ဒေါသကြောင့် နီရဲနေပြီး မေမေလည်း ဒေါသကြောင့် ခေါင်းမီးတောက်လုနီးပါး ဖြစ်နေမှန်း စူစူလေး သိသည်။
ဒီလို အရေးကြီးသည့် ပြဿနာကို စူစူလေး သည်းမခံနိုင်ပါ။
ခဏလောက် ကြက်သေသေသွားပြီးနောက် အဘွားချင်းက ဝါးလုံးကွဲ ရယ်မောမိသွားပါသည်။
သူမ သမီးလေးက သူမ လုပ်ချင်သော်လည်း မလုပ်ခဲ့ရသည့် လုပ်ရပ်ကို လုပ်သွားသည်။
ယခင်တုန်းက ချင်းကျင်းဖန် ပိုက်ဆံလာတောင်းတိုင်း အဘွားချင်း ဒေါသထွက်ပြီး ကန်ထုတ်ချင်စိတ်တွေ ခဏခဏ ဖြစ်ခဲ့သည်။
ယခုတော့ ချင်းကျင်းဖန် နာနာကျင်ကျင် အော်ဟစ်နေတာကို ကြည့်ပြီး အဘွားချင်းရဲ့ အငြှိုးတရားတွေ ချက်ချင််းဆိုသလို ပြေပျောက်သွားပါပြီ။
အဘိုးချင်းလည်း ခေတ္တကြက်သေသေသွားပြီး စူစူလေးကို အမြန်ချော့လိုက်သည်။ “သမီးလေး စိတ်မဆိုးပါနဲ့။ ဖေဖေနဲ့ မေမေတို့ အဲ့လောက် ဒေါသမထွက်ပါဘူး။ စိတ်မပူနဲ့နော်!”
ချင်းကျင်းဖန် နာကျင်နေတာထက် အဘိုးချင်းက စူစူလေးကို ပိုဂရုစိုက်ပါသည်။ သူတို့သမီးလေး စိတ်ဆိုးလျှင် သူတို့နှလုံးသားတွေ ဆွဲညှစ်ခံထားရသလို ခံစားကြရသည်။