အခန်း (၁၇+၁၈)
Vol. 1 Ch. 17+18
အခန်း(၁၇) ညီက သမီးလောက် အရေးမကြီးဘူး
စူစူလေးက ချင်းကျင်းဖန်ကို ခြံတံခါးထိ ရောက်အောင် တရွတ်တိုက် ဆွဲခေါ်သွားပြီး ခြံအပြင်သို့ အားပါပါဖြင့် လွှဲပစ်လိုက်သည်။
ထို့နောက် သူမရဲ့ လက်သေးသေးလေးနှစ်ဖက်ကို ခါပြီး ချင်းကျင်းဖန်၏ အင်္ကျီအနံကို စက်ဆုပ်စွာ ဖယ်ရှားလိုက်သည်။
“ဟင်း သတိပေးထားမယ်နော်။ သမီးအိမ်ကို ဘယ်တော့မှ ထပ်မလာနဲ့! သမီးဖေဖေနဲ့ မေမေကို ဒေါသထွက်အောင် လုပ်ရဲလုပ်ကြည့်!”
စူစူလေးက လက်တစ်ဖက်ဖြင့် ခါးထောက်ရင်း ကျန်လက်တစ်ဖက်ဖြင့် ချင်းကျင်းဖန်ကို လက်ညှိုးထိုးထားသည်။ ခက်ခက်ထန်ထန် မျက်နှာလေးဖြင့် သတိပေးလိုက်ပါသည်။
ချင်းလောင်ယွင်က ချင်းကျင်းဖန်ကို ပြေးဖက်ပြီး ငိုယိုကာ မေးလိုက်သည်။ “အဘိုး ဘာဖြစ်သွားသေးလဲ… နာသွားလား။ အဘိုး…”
မြေကြီးပေါ်က မထနိုင်သေးသည့် ချင်းကျင်းဖန်တစ်ယောက် ငြီးတွားရင်း အသိစိတ် ပြန်ဝင်လာပါသည်။
ငိုယိုနေသည့် သူ့မြေးမ ယွင်ယွင်ကို ဂရုမစိုက်အားဘဲ သူ့ရှေ့က ချစ်စရာကောင်းသော စူစူလေးကို ချင်းကျင်းဖန် ကြည့်လိုက်သည်။
ချင်းအိမ်တော်ထဲကနေ သူ့ကို ဒီအသေးလေးက ဆွဲထုတ်သွားတာ ချင်းကျင်းဖန် မယုံနိုင်သေးပါ။
သူ့မြေးမ ယွင်ယွင်နဲ့ အသက်မတိမ်းမယိမ်းရှိတဲ့ ဒီကလေးမလေးက ဘာလို့ ဒီလောက်တောင် အားကြီးရတာလဲ?!
ချင်းကျင်းဖန်က နာကျင်မှုကို တောင့်ခံရင်း အဘိုးချင်းနဲ့ အဘွားချင်းတို့ကို လှမ်းမေးလိုက်သည်။ “အစ်ကိုကြီးနဲ့ မရီးတို့ ဘာတွေဖြစ်နေတာလဲ”
“ဘာကို ဘာတွေဖြစ်နေတာလဲ။ မင်းငါ့သမီးကို စိတ်ညစ်အောင်လုပ်လိုက်တာကိုး။ ငါ့သမီးလေး ပြောစရာရှိတာ ပြောပြီးသွားပြီ။ အခုချိန်ကစပြီး မင်းတို့ ငါ့အိမ်ထဲကို ခြေတစ်လှမ်းတောင် ချခွင့်မရှိတော့ဘူး!” အဘိုးချင်းက ဒေါသပေါက်ကွဲကာ ကြိမ်းမောင်းလိုက်ပါသည်။
သူ့သမီးနဲ့ ပတ်သတ်လာလျှင် အဘိုးကြီးက ဆုံးဖြတ်ချက် ပြတ်သားသည်။
“အဲ့လိုမဟုတ်ပါဘူး အစ်ကိုကြီးရယ်။ ဒီတိုင်း ကလေးတစ်ယောက်က ဂျီကျ သောင်းကျန်းတာ အတည်ယူလို့မှ မရတာ… ငါက မင်းညီအရင်းပါ။ ငယ်ငယ်လေးကတည်းက တစ်ယောက်ကိုတစ်ယောက် မှီခိုအားကိုးလာတာ။ ဒီတိုင်း အဆက်အသွယ်ဖြတ်လိုက်တော့မလို့လား”
ချင်းကျင်းဖန်၏ မျက်နှာက အလွန်ဝမ်းနည်းနေပုံပေါ်သည်။ နာကျင်မှုကြောင့်လည်း မျက်နှာက ရှုံ့တွနေသဖြင့် အလွန် အကျည်းတန်ပါသည်။
“ဘယ်သူ့ကို ဂျီကျနေတယ်လို့ ပြောလိုက်တာလဲ”။ စူစူလေးက ပဲပေါက်စီအရွယ်သာရှိသော လက်သီးဆုပ်ဖြင့် ခြိမ်းခြောက်လိုက်ပါသည်။
သူမက ဘယ်သူ့ကိုမှ ဂျီကျတာမဟုတ်ပါ။ သူမ ဖေဖေနဲ့ မေမေကို ဒေါသထွက်အောင် လုပ်သည့်လူတိုင်းက လူဆိုးဖြစ်သည်ဟု သတ်မှတ်ထားတာ ဖြစ်သည်။
“သမီးလေး စိတ်မဆိုးနဲ့။ မေမေတို့လည်း သူ့ကို ဒေါသမထွက်တော့ဘူး!” အဘွားချင်းက စူစူလေးကို အမြန်ချော့လိုက်ပါသည်။
“မေမေနဲ့ ဖေဖေတို့ ဒေါသမထွက်ရင် ပြီးရော!”
“အင်းပါအင်းပါ စူစူလေးက လိမ္မာလိုက်တာ။ မေမေနဲ့ ဖေဖေတို့ စိတ်မဆိုးတော့ဘူး။ စူစူလေးက ကာကွယ်ပေးထားတော့ ဖေဖေတို့ ဒေါသထွက်စရာ မလိုတော့ဘူး”။ အဘိုးချင်းက ရွှင်ပြစွာ ပြောလိုက်ပါသည်။
သမီးဖြစ်သူ၏ ကာကွယ်စောင့်ရှောက်မှုကို ခံရသည့် ခံစားချက်က အလွန်ဝမ်းမြောက်စရာ ကောင်းပါသည်။
ထို့နောက် အဘိုးချင်းက ချင်းကျင်းဖန်ကို လှည့်ပြောလိုက်သည်။ “မြန်မြန် သွားတော့လေ! ငါတို့ အသဲလေးကို စိတ်ညစ်အောင် ထပ်မလုပ်နဲ့!”
ချင်းကျင်းဖန် ကြက်သေသေကာ ရပ်ကြည့်နေမိသည်။ သူ့အစ်ကိုကြီးက သူ့ကို တကယ် မောင်းထုတ်နေတာလား။
နှစ်ပေါင်းများစွာ သူ့အစ်ကိုကြီးနဲ့ မရီးတို့က သူ့ကို အကြိမ်ကြိမ် ကြိမ်းမောင်း ဆူငေါက်ကာ တစ်ခါတလေ ရိုက်ပင် ရိုက်နှက်ခဲ့သော်လည်း သူကျိုးကျိုးနွံနွံ ပြန်တောင်းပန်လိုက်ပါက အမြဲတမ်း ခွင့်လွှတ်ပေးခဲ့ကြသည်။
သူ့အစ်ကိုကြီး အခုလို ဆုံးဖြတ်ချက် ပြတ်သားတာ ပထမဆုံးအကြိမ်ပင်။
သူ့ကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတုန်းက သူ့အစ်ကိုကြီးရဲ့ မျက်လုံးတွေမှာ အရင်ကလို နာကျင်မှုတွေ ပဋိပက္ခဖြစ်မှုတွေ မတွေ့ရတော့ပါ။
ဒီလို ပြတ်သားမှုက ချင်းကျင်းဖန် တစ်ခါမှ မမြင်ဖူးသော အရာဖြစ်သည်။
“အစ်ကိုကြီးနဲ့… မရီးတို့…” ချင်းကျင်းဖန်က နာကျင်နေသော မျက်နှာ၊ ခယနေသော မျက်လုံးတို့ဖြင့် တောင်းပန်ဖို့ ကြိုးစားသည်။
သူ့အစ်ကိုကြီးနဲ့ မရီးတို့ထံမှ ဂရုဏာသေးသေးလေး ရရင်တောင် ကျေနပ်ပါပြီ။
“ထွက်သွားစမ်း!” စူစူလေးက ရိုင်းပျစွာ ပြောလိုက်သည်။ သူမ အသံက နို့နံ့တောင် မစင်သေးသည့် အသံမျိုး ဖြစ်သော်လည်း သူမရဲ့ ခွန်အားကို မျက်မြင်တွေ့ပြီးသား ဖြစ်သဖြင့် ကြောက်ဖို့ ကောင်းနေပါသည်။
“ဟုတ်တယ် ထွက်သွားစမ်း!” အဘိုးချင်းကလည်း သံယောင်လိုက်ကာ ပြောလိုက်သည်။ “ငါတို့ အသဲလေးကို စိတ်ညစ်အောင် ထပ်လုပ်ရင် ခြေထောက်တွေ ရိုက်ချိုးပစ်မယ်!”
ချင်းကျင်းဖန် လုံးဝ မှင်သက်နေပါပြီ။
ဒါသူသိခဲ့တဲ့ အစ်ကိုကြီးကော ဟုတ်ရဲ့လား။
အိမ်ပြန်လာသည့် ချင်းယုကျီးလည်း ထိုမြင်ကွင်းကို မြင်သွားကာ အလွန်အံ့အားသင့်ခဲ့ရသည်။ နောက်ဆုံးတော့ သူ့အဘိုးက သူ့ရဲ့ ဆန်ကုန်မြေလေး အရှက်မရှိတဲ့ညီကို ဆုံးမနေပြီလား။
… … …
အခန်း(၁၈) ဒေါ်လေးရဲ့ ပါဝါ
သူ့အဘိုးရင်ထဲမှာ သူ့ညီအတွက် နေရာတစ်နေရာ အမြဲရှိခဲ့မှန်း ချင်းယုကျီး ငယ်စဉ်ကတည်းက သိခဲ့ပါသည်။
သူ့ညီက ဘယ်လောက်ပဲ ပြဿနာရှာပါစေ အမြဲတမ်း ထပ်ခါထပ်ခါ ကူညီပေးခဲ့သည်။ အဆက်အသွယ် ဖြတ်ဖို့ ကြိုးစားခဲ့သည့် အချိန်တွေရှိခဲ့သော်လည်း နောက်ဆုံးတော့ စိတ်ပျော့သွားလေ့ရှိသည်။
ငယ်ငယ်တုန်းက အခက်အခဲတွေ၊ ဆာလောင်မှုတွေကို အတူတူဖြတ်ကျော်ခဲ့သည့် သံယောဇဉ်ကြောင့် ငဲ့ညှာပေးနေခြင်းဖြစ်သည်ဟု အဘိုးချင်းက ရှင်းပြဖူး၏။
ထို့ကြောင့်ပဲ ချင်းကျင်းဖန်က သူတို့ မိသားစုကို မျှော့တစ်ကောင်လို သွေးစုပ်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။
ချင်းယုကျီးက ချင်းကျင်းဖန်တို့ မိသားစုကို မကျေနပ်ကြောင်း သူ့အဘိုးနဲ့ အဖေတို့ကို အကြိမ်ကြိမ် ထုတ်ပြောဖူးသော်လည်း တစ်ခါမှ သက်ရောက်မှ မရှိခဲ့ပါ။ စိတ်ဓာတ်နဲ့ ပတ်သတ်လာလျှင် သူ့အဘိုးကော အဖေကော စိတ်ပျော့ကြသည်။
သို့သော် စူစူလေး ရောက်လာတာနဲ့ တစ်ပြိုင်နက် အရာရာ ပြောင်းလဲသွားလိမ့်မည်ဟု ချင်းယုကျီး ထင်မထားပါ။
ချင်းစူစူလေး၏ ကလေးမျက်နှာလေးကို ကြည့်ရင်း ဒီသတ္တဝါလေးက အသုံးတော့ ဝင်သားဟု ချင်းယုကျီး တွေးလိုက်မိပါသည်။
အနည်းဆုံးတော့ ချင်းကျင်းဖန်လို သွေးစုပ်ဖုတ်ကောင်နဲ့ ဝေးဝေးနေဖို့ သူ့အဘိုးအဘွားတွေကို အလင်းပေးနိုင်ခဲ့သည်။
ဒါပေမယ့် ချင်းကျင်းဖန်ရဲ့ ပုံစံက ဘာဖြစ်နေတာလဲ။ သူ့ကို တစ်ယောက်ယောက် ထိုးကြိတ်ထားလို့လား။
ချင်းယုကျီး ရောက်နေတာ မကြာသေးသဖြင့် အစောပိုင်းက ဘာတွေဖြစ်ပျက်ခဲ့သလဲ မမြင်ခဲ့ပါ။
ချင်းယုကျီးက အနားရောက်လာပြီး မေးလိုက်သည်။ “ဘာတွေဖြစ်နေကြတာလဲ။ သူက ဘာလို့ အဲ့လောက် နာကျင်နေတဲ့ပုံပေါက်နေတာလဲ”
“ဘာမှမဖြစ်ပါဘူး ဘာမှမဟုတ်ဘူး။ မင်းအဘိုးလေးက အိမ်ကို ပိုက်ဆံလာတောင်းလို့ မင်းဒေါ်လေးက အိမ်အပြင် ဆွဲထုတ်ပစ်လိုက်တာ”။ အဘိုးချင်းက အတိုချုန်း ရှင်းပြလိုက်သည်။
ဒါကိုကြားတော့ ချင်းယုကျီး မျက်လုံးပြူးသွားပြီး အောက်က ‘ဒေါ်လေး’ဟူသည့် ချစ်စရာ ကောင်မလေးကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်သည်။
သူမနဲ့ ဆုံသည့် ပထမဆုံးနေ့ကတည်းက သူ့အခန်းတံခါးကို ဒီသတ္တဝါလေး ဘယ်လို ဖျက်ဆီးခဲ့သလဲဆိုတာ သူမြင်ခဲ့ရသည်။
သို့သော် လူတစ်ယောက်ကို ဒီလို ကိုင်တွယ်ဖူးတာကိုတော့ ချင်းယုကျီး ပထမဆုံး ကြားဖူးခြင်း ဖြစ်၏။
ချင်းကျင်းဖန်ကို ချင်းယုကျီး ကြည့်လိုက်သောအခါ သူ့အခန်းတံခါးကိုတောင် ပြန်သတိရမိပါသည်။ သူ သဘောမကျသည့် လူတွေအပေါ် ဒီမကောင်းဆိုးဝါးမလေး၏ ခွန်အားက အသုံးဝင်သည်ဟု ချင်းယုကျီး တွေးလိုက်မိသည်။
စူစူလေးက ချင်းကျင်းဖန်ကို လက်ညှိုးထပ်ထိုးကာ သတိထပ်ပေးလိုက်သည်။ “ရှင် ဒီကို လာခွင့်မရှိတော့ဘူး။ ထပ်လာရင် ထပ်ရိုက်မှာနော်!”
အဘိုးချင်းက သံယောင်လိုက်ကာ ပြောသည်။ “ဟုတ်တယ် ဟုတ်တယ်။ ငါတို့ အဖိုးတန်လေး ပြောတဲ့ အတိုင်းပဲ! မင်း ဒီကို ဘယ်တော့မှ ထပ်လာခွင့်မရှိဘူး!”
အဘွားချင်းကလည်း တောက်ပနေသော အပြုံးဖြင့် ပြောလိုက်၏။ “အမှန်ပဲ။ အိမ်ရာ လုံခြုံရေးကို အခုပဲ စကားပြောမယ်။ အခုချိန်ကစပြီး နင်တို့တွေ ဒီအိမ်ရာထဲ လွတ်လွတ်လပ်လပ် ဝင်ခွင့် မရှိတော့ဘူး!”
အဘွားချင်းက ချက်ချင်းပဲ အလုပ်ဖြင့် သက်သေပြလိုက်သည်။ အိမ်ရာ လုံခြုံရေးခေါင်းဆောင်ကို ဖုန်းချက်ချင်း ဆက်ပြီး ချင်းကျင်းဖန်အား Blacklist ထဲထည့်ရန် ညွှန်ကြားလိုက်၏။
ဘေးမှာ စောင့်ကြည့်နေသည့် ချင်းယုကျီးလည်း အလွန်ပျော်ရွှင်သွားသည်။ သူဒီလို ဖြစ်စေချင်နေတာ ကြာပါပြီ။
ယခု ချင်းကျင်းဖန် ဖင်နာနေသော်လည်း သူ့နှလုံးသားက ပိုနာနေပါသည်။
အခြေအနေကို ဘာမှနားမလည်သည့် ချင်းလောင်ယွင်က သူမအဘိုးကို အိမ်ထဲမှ အကြမ်းပတမ်း ဆွဲထုတ်ပြီး သူတောင်းစားလို ဆက်ဆံနေသည်ဟုသာ ထင်သွားသည်။
ချင်းလောင်ယွင်၏ ရင်ဘတ်သေးသေးလေးထဲ ဒေါသနဲ့ အရှက်ရမှုတို့ ပြည့်နှက်သွား၏။
ထို့နောက် ခေါင်းမော့ကာ စူစူလေးကို ရန်လိုမှု၊ အငြှိုးထားမှုတို့ဖြင့် ကြည့်လိုက်၏။ အသက် ၄ နှစ် အရွယ်မှာ တစ်ယောက်ယောက်ကို ဒီလို ပထမဆုံး မုန်းဖူးတာ ဖြစ်သည်။
စူစူလေးကတော့ ချင်းလောင်ယွင်၏ မျက်လုံးတွေကို သတိမထားမိပါ။
“အိမ်ထဲ ပြန်ဝင်ကြစို့!” စူစူလေးက အဘိုးချင်းနဲ့ အဘွားချင်းတို့၏ လက်ကို တွဲရင်း ပြောလိုက်ပါသည်။
မျက်နှာတစ်ချက်လွှဲလျက် အိမ်ထဲ ပြန်ဝင်သွားကြသည်။ ခြံတံခါးပိတ်ဖို့ မမေ့အောင်လည်း သူမ ဖေဖေကို သတိပေးလိုက်သေးသည်။
“ဖေဖေ တံခါးပိတ်ဦး!”
“ဟုတ်ပြီ!”။
သူ့သမီးလေးရဲ့ အမိန့်တိုင်းကို နာခံရပါမည်။
အဘိုးချင်းက ခလုတ်တစ်ခုကို နှိပ်လိုက်ရာ အနက်ရောင် ခြံတံခါးကြီး အလိုလျောက် ဖြည်းဖြည်းချင်း ပိတ်သွားတော့သည်။
ခြံတံခါးကြီး ပိတ်သွားသောအခါ သူတို့နဲ့ ချင်းကျင်းဖန်တို့ ကမ္ဘာတစ်ခု ခြားသွားသလိုပင်။ ဒီနေ့ ပိုက်ဆံတောင်းမည့် အကြံအစည် ပျက်စီးသွားတာကိုလည်း ချင်းကျင်းဖန် နားလည်သွား၏။
ချင်းယုကျီးက ထိုကလေးမလေး၏ ပါးနပ်မှုကို ချီးကျူးမိပြီး ပြုံးမိသွားပါသည်။ ဒီကောင်မလေး တစ်ခါတလေ သဘောကျစရာ ကောင်းနိုင်သည်ဟုလည်း ပထမဆုံး ခံစားမိတာဖြစ်သည်။ ချင်းယုကျီး စိတ်နဲ့လူနဲ့ ပြန်ကပ်ချိန်မှာတော့ သူ ခြံတံခါးအပြင်ဘက်မှာသာ ရှိနေသေးမှန်း သိလိုက်ရပါသည်။
“ဟ! ငါအထဲမဝင်ရသေးဘူးလေ! ငါ့မှာ Key Card လည်း မရှိဘူး!”
သို့သော် အဘိုးချင်း၊အဘွားချင်းနဲ့ စူစူလေးတို့က အဝေးကိုရောက်နေပြီဖြစ်ပြီး သူ့အော်သံတွေကို မကြားနိုင်တော့ပါ။
ချင်းယုကျီးတစ်ယောက် ခြံတံခါးကြီးရဲ့နောက်မှာ သူ့အဘိုးအဘွားတွေနဲ့ စူစူလေးတို့ရဲ့ နောက်ကျောကို ငေးကြည့်ရင်း စွန့်ပစ်ခံ ကလေးငယ်တစ်ယောက်လို ခံစားလိုက်ရတော့သည်။