အခန်း (၁၉+၂၀)
Vol. 1 Ch. 19+20
အခန်း(၁၉) ချင်းယုကျီးနဲ့ ဟူကျစ်တို့ရဲ့ ရန်ပွဲ
ချင်းယုကျီးက ချင်းကျင်းဖန်ဘက်သို့ လှည့်ကာ သတိပေးလိုက်သည်။ “ဘိုးလေးတို့လည်း ဒီလောက်နဲ့ ရပ်လိုက်တာ ပိုကောင်းမယ်နော်။ အဘိုးက ပြန်ရောက်လာတာ မကြာသေးလို့ မသိနိုင်ပေမယ့် ကျွန်တော်က ကောင်းကောင်းသိတယ်။ ဘိုးလေးရဲ့ သားက ငွေတွေကို ဘာကုမ္ပဏီမှ ထောင်လိုက်တာ မဟုတ်ဘူး။ ဒီတိုင်း လောင်းကစားလုပ်ပြီး အကုန်ပြောင်သွားတာ။ ပြန်လမ်းမရှိတဲ့ ချောက်နက်လိုပဲ ဘိုးလေးတို့ကို ဘယ်လောက်ပဲပေးပေး ဘယ်တော့မှ လုံလောက်တယ်ဆိုတာ ရှိမှာ မဟုတ်ဘူး!”
ချင်းယုကျီးက ပေါ့ပေါ့ပျက်ပျက် နေတတ်သော်လည်း တချို့ကိစ္စတွေကိုတော့ လေးလေးနက်နက် ကိုင်တွယ်တတ်သည်။
ချင်းကျင်းဖန်က အံကြိတ်လျက် ပြန်ပြောလိုက်သည်။ “မင်းအဘိုးသာ အဲ့အချိန်တုန်းက ငါ့ကို ပိုက်ဆံ များများပေးခဲ့ရင် ငါ့သားကို ပညာသင်ဖို့ နိုင်ငံခြား ပို့နိုင်ခဲ့မှာ။ အခုလို ဆန်ကုန်မြေလေး ဖြစ်သွားမှာ မဟုတ်ဘူး!”
ချင်းယုကျီးက ချင်းလောင်ယွင်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။ “ဘိုးလေး ကိုယ့်အတွက်ကိုယ် မစဉ်းစားရင်တောင် ဘိုးလေး မြေးအတွက် စဉ်းစားပေးသင့်တယ်နော်”
“မင်းငါ့ကို လာမဆုံးမနဲ့! သူ့အတွက် စဉ်းစားပေးရမယ်ဆို မင်းတို့ကကော ဘာလို့ မစဉ်းစားပေးကြတာလဲ။ မင်းတို့သာ ပိုက်ဆံမပေးရင် ငါသူ့ကို ဘယ်လို ပျိုးထောင်ရမလဲ”
“ဟုတ်ပါပြီ။ ဘိုးလေးကို စကားပြောရတာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ ကိုယ့်ဖာသာကိုယ် ဂရုစိုက်ပါ”။ ချင်းယုကျီး ဘာမှ ဆက်မပြောချင်တော့ပေ။ ထို့ကြောင့် ခြံတံခါးကြီးကို မျက်နှာ ပြန်မူလိုက်ပြီး အထဲ ဘယ်လိုဝင်ရမလဲသာ ပြန်စဉ်းစားနေလိုက်ပါသည်။
ခဏကြာတော့ အိမ်စေတစ်ယောက်ကို လှမ်းခေါ်ပြီး ခြံတံခါး ဖွင့်ခိုင်းလိုက်သည်။
အိမ်ထဲဝင်လာသောအခါ စူစူလေးနဲ့ သူ့ကြောင်ဖြူလေး ဧည့်ခန်းထဲက ကော်ဇောပေါ်မှာ ကစားနေတာကို ချင်းယုကျီး မြင်သွားသည်။
ကြောင်တစ်ကောင်ဖြစ်သော်လည်း သူ့သခင်နဲ့ ပန်းကန်ပြားပျံ ဖမ်းသည့်ကစားနည်း ကစားနေသည်…။
သို့သော် သူ့သခင်ရဲ့ ခွန်အားကို ထည့်တွက်ပါက ထူးဆန်းသည့်ကိစ္စ မဟုတ်တော့ပါ။
သို့သော်လည်း ကြောင်ဖြူလေးက သူ့သခင်နဲ့ ပုံစံချင်းလည်း ဆင်တူသည်။ အကောင်သေးသေး၊ နူးနူးညံ့ညံ့နဲ့ ချစ်စရာလည်း ကောင်းပါသည်။
ထိုအချိန်တွင် ပန်းကန်ပြားပျံက ချင်းယုကျီး၏ ခြေထောက်နား လာကျလေသည်။ ကြောင်ဖြူလေးက သူ့ဆီ ပြေးလာတာကိုလည်း ချင်းယုကျီး မြင်ပါသည်။ ကြောင်ဖြူလေး၏ ဗိုက်လုံးလုံးလေးက ချစ်စရာကောင်းအောင် ဘယ်ညာယိမ်းထိုးနေသည်။
ထို့အပြင် ပန်းရောင် ခြေဖဝါးလေးများကလည်း ချစ်စရာကောင်းလွန်းလှပါသည်။
ရုတ်တရက် ထိုသတ္တဝါလေးကို စချင်လာသဖြင့် ချင်းယုကျီး ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ကြောင်ဖြူလေးကို ပွတ်ပေးဖို့ လက်ပြင်လိုက်သည်။
“မြောင်!”
ချင်းယုကျီး ကြောင်ဖြူလေးကို လက်နဲ့ထိလိုက်တာနဲ့ တစ်ပြိုင်နက် ကြောင်ဖြူလေးက ဆတ်ခနဲထခုန်ပြီး ချင်းယုကျီး၏ မျက်နှာကို ဖင်ဖြင့် ရွယ်လိုက်သည်။
“ဘူ--”
အသက်ရှူကြပ်လောက်စရာ အီးတစ်လုံးပေါက်ပြီးနောက် ကြောင်ဖြူလေးက သူ့သခင်ထံ တသုတ်သုတ် ပြန်ပြေးသွားလေတော့သည်။
ကြောင်တစ်ကောင်က သူ့မျက်နှာတည့်တည့်ကို အီးဖြင့်ထုသွားသဖြင့် ချင်းယုကျီး ကြက်သေသေသွားခဲ့သည်။
သူ့သက်တမ်း ၁၇ နှစ်အတွင်း ဒီလောက် ထူးဆန်းခွကျသည့် အဖြစ်အပျက်မျိုး ချင်းယုကျီး ပထမဆုံး ကြုံဖူးတာဖြစ်သည်။
သူ့မျက်နှာတည့်တည့်ကို ကြောင်တစ်ကောင်က အီးနဲ့ပေါက်သွားတာ!!!
ထိုသတ္တဝါက သူ့ကို မကုတ်ပါ၊ မကိုက်ပါ။ မျက်နှာတည့်တည့်ကို ရွယ်ပြီး အီးပေါက်သွားခြင်းသာ…။
မဟုတ်တာလုပ်ထားမှန်း သိသည့်အလား ကြောင်ဖြူလေးက စူစူလေး၏ ရင်ခွင်ထဲ ပြေးတက်ပြီး ချစ်စရာကောင်းအောင်နေကာ သခင်ထံမှ အကာအကွယ် ယူလိုက်သည်။
စူစူလေးက ဟူကျစ်ရဲ့ ဗိုက်ကို ပွတ်ပေးရင်း ဆုံးမလိုက်ပါသည်။ “ငါ့တူလေးက လူဆိုးပေမယ့် နင်လည်း အီးပေါက်တာ မှားတယ် ဟူကျစ်။ ငါပြောထားပြီးသား မဟုတ်ဘူးလား။ သူများ မျက်နှာတည့်တည့်ကို အီးနဲ့ မပေါက်ရဘူးလို့!”
“မြောင်မြောင်… မြောင် မြောင် မြောင်…”
ဟူကျစ်က စူစူလေး၏ ရင်ခွင်ထဲ အတင်းတိုးဝှေ့ကာ သနားစရာကောင်းအောင် လုပ်ပြနေသည်။
ချင်းယုကျီး အသက်ဝဝ ရှူလိုက်၏။ သူကများ အနိုင်ကျင့်ခံရသလို ပုံစံမျိုး လုပ်နိုင်သေးတယ်ပေါ့?!
ချင်းယုကျီး ဒေါသထွက်သွားပါပြီ။
သူက အသက် ၁၇ နှစ် ပြည့်ပြီဖြစ်သော်လည်း ကလေးဆန်သည့် စိတ်မျိုးရှိသေးသည်။ အနိုင်ကျင့်ခံရသည့် အခါ ကလဲ့စားချေနိုင်မှ စိတ်ကျေနပ်တတ်ပါသည်။
အထူးသဖြင့် ဒီလို အိမ်မွေးတိရစ္ဆာန်မျိုးတွေဆို သေချာ ဆုံးမရမည်။ မဟုတ်ပါက တစ်ညလုံး အိပ်ပျော်နိုင်မှာ မဟုတ်ပါ။
“ချင်းစူစူ နင့် အရိုင်းအစိုင်း သားရဲလေးကို ငါ့ပေးစမ်း။ ဘာတွေပဲဖြစ်ဖြစ် ဒီနေ့ သူ့ဖင်ကို ရိုက်မှဖြစ်မယ်!”
“မြောင်…” ဟူကျစ်က စူစူလေး၏ ရင်ခွင်ထဲ အတင်းတိုးဝှေ့ပြီး သခင်အားကိုးဖြင့် ချင်းယုကျီးအား မာန်ဖီပြလိုက်ပါသည်။
“မင်း! မင်းကများ ငါ့ကို မာန်ဖီရဲသေးတယ်ပေါ့!” ချင်းယုကျီးက အင်္ကျီလက်တွေ ခေါက်တင်လိုက်ပြီး အနားတိုးလာသည်။
“မြောင် မြောင် မြောင်!” ဟူကျစ်က ချင်းယုကျီးကို ဆက်ပြီး မာန်ဖီနေသည်။ လုံးဝ မကြောက်ပါ။
သခင်အားကိုးဖြင့် ဟူကျစ် ဟူကျစ် အတင့်ရဲနေသည်။
သို့သော် စူစူလေးက လက်နှစ်ဖက်စလုံး လွှတ်ချလိုက်ရာ ဟူကျစ် ဟူကျစ် ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်။
… … …
အခန်း(၂၀) ငါ့ကို အပြစ်ပေးဖို့ ကောင်းကင်ဘုံက လွှတ်လိုက်တာလား
ဟမ်… ဟမ်? ဟမ်?!
ဟူကျစ်၏ မျက်လုံးဝိုင်းဝိုင်းလေးများ ပိုပြူးသွားသည်။ သူ့သခင်က ဘာလို့ လွှတ်ချလိုက်တာလဲ။
စူစူလေး၏ အကာအကွယ်မရှိတော့သဖြင့် ဟူကျစ် ချက်ချင်းဆိုသလို မာန်ကျသွားပါသည်။ စူစူလေးနဲ့ ချင်းယုကျီးတို့၏ မျက်နှာကို ထပ်ခါတလဲလဲ မော့ကြည့်နေ၏။
ချင်းယုကျီးက အကြံဆိုးဖြင့် ရယ်မောလိုက်သည်။ “ဟားဟားဟား သနားစရာလေး! မင်းသခင်ကတောင် မင်းမှာ အပြစ်ရှိမှန်း သိတယ်။ ကဲ မင်းဘာတတ်နိုင်သေးလဲ ကြည့်ရအောင်!”
ချင်းယုကျီး အနားတဖြည်းဖြည်း ကပ်လာသောအခါ ဟူကျစ် အမွေးတွေ ထောင်တက်သွားသည်။
ချင်းယုကျစ်ဖမ်းတာကို ခံရလုနီးတွင် ဟူကျစ်က လျှပ်စီးလို အလျှင်ဖြင့် အိမ်အပြင် ပြေးထွက်သွားသည်။ ဟူကျစ် ထွက်ပြေးသွားတာကို မြင်သောအခါ စူစူလေးလည်း နောက်က ပြေးလိုက်ရသည်။
“ဟဲ့! နင်တို့နှစ်ကောင်!”
လူတစ်ယောက်နဲ့ ကြောင်တစ်ကောင် အိမ်ပြင် ပြေးထွက်သွားတာကို ကြည့်ရင်း ချင်းယုကျီး ခေါင်းနပန်း ကြီးသွားလေသည်။ ထို့နောက် သူလည်း အမြန် ပြေးလိုက်သွား၏။
ဒီကြောင်စုတ်လေးကတော့!
သူရိုက်တောင် မရိုက်ရသေးဘဲ ထွက်ပြေးသွားသည်။
ခြံထဲရောက်သောအခါ ခြံတံခါးကြီးရှေ့မှာ စူစူလေး ခုန်ဆွခုန်ဆွလုပ်ရင်း ခြံတံခါးခလုတ်ကို နှိပ်ဖို့ ကြိုးစားနေမှန်း ချင်းယုကျီး မြင်လိုက်ရသည်။
စူစူလေးက အကောင်သေးသော်လည်း အခုန်သန်သည်။ တစ်ခါခုန်လျှင် အမြင့်ကြီးရောက်နိုင်ပြီး ခြံတံခါး ခလုတ်ကို နှိပ်နိုင်သွားပါသည်။
ချင်းယုကျီး ဘာမှ မတုန့်ပြန်နိုင်ခင် စူစူလေးက ခြံပြင်ပြေးထွက်သွားလေပြီ။
“လခွမ်း!”
စောနကတော့ ကြောင်စုတ်လေးကို ကလဲ့စားချေဖို့ နောက်က ပြေးလိုက်ခဲ့တာဖြစ်သည်။ အခုတော့ စူစူလေးကို အမြန် ပြန်သွားခေါ်ဖို့ ပြေးလိုက်ရမှာ ဖြစ်ပါသည်။
လောလောဆယ် အဘိုးအဘွားတွေ ဧည့်ခန်းထဲ ရှိမနေလို့ တော်သေးသည်။
ဒီကလေးမလေးသာ သူ့မျက်စိအောက်ကနေ ပျောက်သွားပါက အဘိုးအဘွားတွေ သူ့ကို သတ်လိမ့်မည်။
မီတာ ၁၀၀ အပြေးပြိုင်ပွဲထဲ ရောက်နေသလို ချင်းယုကျီး ခြံအပြင် ပြေးထွက်သွားပါသည်။ ခြံပြင် ရောက်သောအခါ ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
ကံကောင်းစွာဖြင့် မကောင်းဆိုးဝါးမလေးက အဝေးကြီး မသွားပါ။ ဘေးအိမ် ဗီလာကြီးရှေ့မှာ ရှိနေပါသည်။
ချင်းယုကျီးလည်း အမြန် ပြေးသွားလိုက်သည်။
စူစူလေးက ခြံတံခါးရှေ့မှာ ရပ်နေပြီး ခြံတံခါးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အထဲကို ချောင်းကြည့်နေပါသည်။
“အဲ့လို ဇွတ်ပြေးမသွားနဲ့ဟ။ နင်သာ ပျောက်သွားရင် အဘိုးနဲ့ အဘွား ငါ့ကို တစ်စစီ ဆွဲဖြုတ်လိမ့်မယ်!” ချင်းယုကျီး ဟောဟဲဆိုက်ကာ ပြောလိုက်ပါသည်။
“ဟူကျစ် အထဲဝင်သွားလို့”။ စူစူလေးက ခြံထဲကို ကြည့်ရင်း ပြောလိုက်ပါသည်။
“ဒီကြောင်စုတ်ကတော့! ငါတကယ် ရိုက်မလို့မဟုတ်ဘူး။ ငါတစ်ခါမှလည်း တိရိစ္ဆာန်တွေကို အနိုင်မကျင့်ဖူးပါဘူး! ဒီကောင် အရမ်းဆိုးရင်တောင် သတ်ပစ်လိုက်လို့ မရဘူးမလား! ငါက ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်ပဲ။ ငါက…”
ချင်းယုကျီး အသက်ဝဝ ရှူကာ စိတ်လျှော့လိုက်ပြီး စူစူလေးကို ပြောလိုက်သည်။ “ငါ့ကို ခဏစောင့်။ အိမ်ပိုင်ရှင်ကို ဆက်သွယ်ပြီး နင့်ကြောင်ဘယ်ရောက်သွားလဲ လိုက်ရှာလိုက်မယ်!”
စူစူလေးကို သူသဘောမကျသော်လည်း ကြောင်ကို ရှာမတွေ့ပါက စူစူလေး ငိုမှာ သေချာပါသ်ည။ ထိုမြင်ကွင်းကို မြင်ယောင်ကြည့်ရုံနဲ့ ချင်းယုကျီး ကြက်သီးထမိ၏။
ချင်းယုကျီးဖုန်းတွေ ဆက်တိုက်ခေါ်နေပြီး အိမ်ပိုင်ရှင်၏ အချက်အလက်ကို မေးမြန်းဖို့ ကြိုးစားနေသည်။
သို့သော်လည်း ဘယ်သူမှ မသိကြပါ။ ဒီဗီလာကြီးက နှစ်ပေါင်း ဆယ်ချီ သက်တမ်းရှိပြီဖြစ်သော်လည်း ပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှ မသိကြပေ။
ချင်းယုကျီး ဖုန်းချလိုက်ပြီး ခေါင်းပြန်မော့လိုက်သောအခါ မြင်လိုက်ရသောမြင်ကွင်းကြောင့် အလွန် တုန်လှုပ်သွားရလေသည်။ “နင်ဘာလုပ်နေတာလဲ?!”
စူစူလေးက ဗီလာကြီး၏ နံရံပေါ်ရှိ နွယ်ပင်များကို အားယူပြီး နံရံပေါ် တွယ်တက်နေတာဖြစ်သည်။
သူမရဲ့ လက်သေးသေးလေးများက နွယ်ပင်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ခြေထောက် သေးသေးလေးများကလည်း အားကြိုးမာန်တက် ယက်ကန်ယက်ဖြင့် တက်နေသည်။
ခြေတစ်လှမ်းချင်းတစ်လှမ်းချင်းနဲ့ မျက်စိတစ်မှိတ်အချိန်အတွင်း နံရံအပေါ်ကို ရောက်သွားလေပြီ။ ချင်းယုကျီးလည်း သူမကို ပြေးဆွဲဖို့ ကြိုးစား၏။
သို့သော် ခြေတစ်လှမ်း နောက်ကျသွားလေပြီ။ စူစူလေး၏ ခြေတစ်ဖက်ကိုသာ လှမ်းဆွဲနိုင်ခဲ့၏။ ဒါတောင် စူစူလေး၏ ရုန်းကန်မှုကြောင့် လွတ်သွားပြီး စူစူလေး၏ ဖိနပ်လေး တစ်ဖက်သာ သူ့လက်ထဲ ကျန်ခဲ့တော့သည်။
ချင်းယုကျီး ထပ်မော့ကြည့်လိုက်သောအခါ စူစူလေး မရှိတော့ပါ။
သူဘယ်ရောက်သွားတာလဲ?! ဒီသတ္တဝါလေး နံရံကို ကျော်သွားတာလား?! အား!! သူ ပြုတ်ကျသွားတာတော့ မဟုတ်လောက်ပါဘူးနော်?!
သူ့လက်ထဲက လက်ဖဝါးအရွယ်တောင် မရှိသည့် ပန်းရောင် ဖိနပ်လေးကို ကြည့်ရင်း ချင်းယုကျီး စိတ်ချောက်ချားသွားလေတော့သည်။