← Chapters

အခန်း (၂၁+၂၂)

Vol. 1 Ch. 21+22

အခန်း (၂၁+၂၂)

Vol. 1 Ch. 21+22

အခန်း(၂၁) ဥယျာဉ်ထဲက ကောင်လေး

“လခွမ်း! နင်ဘာဖြစ်ချင်နေတာလဲ မကောင်းဆိုးဝါးမလေး! ကောင်းကင်ဘုံက ငါ့ကို အပြစ်ပေးဖို့များ လွှတ်လိုက်တာလား?!”

တခြားရွေးချယ်စရာမရှိတော့သဖြင့် ချင်းယုကျီးလည်း စူစူလေးလို့ နံရံပေါ် ကျော်တက်ဖို့ နွယ်ပင်တွေကို ဆုပ်ကိုင်လိုက်ပါသည်။

သို့သော်လည်း နံရံကို တွယ်တက်ဖို့ဆိုတာ မလွယ်ကူမှန်း အလျှင်အမြန်ပဲ သိလိုက်ရ၏။

၃ ဒက်စီမီတာလောက် တက်နိုင်ဖို့ ချင်းယုကျီး မနည်းရုန်းကန်နေရသည်။ အံကိုကြိတ်ရင်း ချင်းယုကျီး ငြီးတွားလိုက်၏။ “မကောင်းဆိုးဝါးမလေး! ရာနှုန်းပြည့် တကယ့် မကောင်းဆိုးဝါးမလေးပဲ!”

ထိုသို့ပြောပြီးပြီးချင်း နွယ်ပင်ပြတ်ကျကာ ချင်းယုကျီး မြေပေါ် ဖင်ထိုင်လျက်သား ပြုတ်ကျသွားလေသည်…။

“အောင်မယ်လေး…”

ချင်းယူကျီး ငိုချင်လာပါပြီ…။

--- --- ---

ခြံထဲမှာ စူစူလေးကတော့ မြေကြီးပေါ် ချောချောမွေ့မွေ့ ဆင်းနိုင်ခဲ့ပါသည်။

ဘေးပတ်လည်ကို လျှောက်ကြည့်သော်လည်း ဟူကျစ်အား ဘယ်နေရာမှာမှ မတွေ့ရပါ။ ခပ်လှမ်းလှမ်းမှာ လူရိပ်တစ်ခုကို မြင်သဖြင့် စူစူလေး လျှောက်လာခဲ့သည်။

ဒီဗီလာကြီး၏ ဥယျာဉ်က အလွန်လှပပါသည်။ နေရာတိုင်းမှာ နှင်းဆီ၊ ကြွေပန်း၊ သစ်ခွပန်းစသော ပန်းကလေးများဖြင့် ပြည့်နှက်နေသည်။

တဖြည်းဖြည်းနီးကပ်လာသောအခါ ဥယျာဉ်ထဲက လူကို စူစူလေး ထင်ထင်ရှားရှား မြင်နိုင်ပါပြီ။

ကောင်လေး တစ်ယောက်ဖြစ်သည်။

တောက်ပ နက်ရှိုင်းသော မျက်ဝန်းများ၊ ရှည်လျားထူထဲသော မျက်ခုံးများ၊ နှာတံရှည်ရှည်နဲ့ မျက်နှာအချိုးအစား ကျော့ရှင်းလှသည်။

ပြီးပြည့်စုံလောက်အောင် လှပသော အစိတ်အပိုင်းများ ပေါင်းစပ်ပြီး မျက်စိကျစရာ မျက်နှာလေးတစ်ခု ဖြစ်ပေါ်လာ၏။

စူစူလေး မှင်သက်သွားသည်။ ထိုကောင်လေးကို အလွန်ချောမောသည်ဟု ထင်မိပါသည်။

ထို့ကြောင့် စူစူလေးက အနားတိုးသွားပြီး ချီးကျူးလိုက်၏။ “ကိုကြီးက အရမ်းချောတာပဲ”

လှပသည့် အရာတွေကို စူစူလေး ချီးကျူးဖို့ ဝန်မလေးပါ။

လုကျန်းယွီလည်း ကလေးမလေးကို သတိထားမိတာ ကြာပါပြီ။

သူမရဲ့ ဆံသားနူးနူးညံ့ညံ့လေးများကို Ponytail နှစ်ခုအဖြစ် စည်းထားပြီး၊ ကာတွန်းရုပ် တီရှပ်၊ ဝါညိုရောင် ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားသည်။

ခြေထောက်တစ်ဖက်မှာ ဖိနပ်ရှိသော်လည်း နောက်တစ်ဖက်မှာတော့ ခြေအိတ်သာ ဝတ်ဆင်ထားသည်။ ဖိနပ်ကို မတွေ့ရပါ။

ဖိနပ်မရှိသဖြင့် ခြေထောက်နှစ်ဖက် အရှည်မညီတော့တာကြောင့် ဥယျာဉ်ထဲမှာ ထော့နဲ့ထော့နဲ့နဲ့ လျှောက်သွားနေခဲ့သည်။

သူချောကြောင်း ကလေးမလေးက အပြုံးဖြင့် ချီးကျူးသောအခါ လုကျန်းယွီ မပြုံးခဲ့ပါ။ သို့သော် ပေါ့ပါးသော လေသံဖြင့် ပြန်မေးလိုက်သည်။ “ငါ ဝှီးချဲပေါ်မှာ ထိုင်နေတာ မမြင်ဘူးလား”

သူ့စကားကြောင့် စူစူလေးလည်း အောက်ကို ငုံ့ကြည့်လိုက်ရာ လုကျန်းယွီ၏ ဝှီးချဲကို တွေ့သွားသည်။

“တွေ့ပြီ” စူစူလေး ပြန်ဖြေလိုက်၏။

“အဲ့တာတောင် ငါချောသေးတယ်လို့ ထင်နေသေးလား”။ လုကျန်းယွီက တည်ငြိမ် အေးစက်စွာ မေးလိုက်သည်။

တောင်စွန်းတစ်ခုပေါ်မှ တိုက်ခတ်သည့် လေပြည်အေးတစ်ခုလို အထီးကျန် အေးစက်သည့် ခံစားချက်တစ်ခု ရရှိနေသည်။

သူ့ပုံစံက အသက် ၈ နှစ် - ၉ နှစ်အရွယ် ဖြစ်သော်လည်း ကမ္ဘာကြီးကို စိတ်ကုန်နေသည့် ပုံစံမျိုး ဖြစ်နေသည်။

“ချောတာက ချောတာပဲလေ။ ဘယ်မှာထိုင်နေထိုင်နေ ဘာအရေးကြီးလို့လဲ။ သံသယဖြစ်စရာမလိုပါဘူး။ သမီးက တစ်ခုခုကို လှတယ်လို့ ပြောရင် တကယ် အရမ်းလှလို့ပဲ။ ပုံမှန်ဆို သမီး သူများတွေရဲ့ ရုပ်ကို မချီးကျူးတတ်ဘူး!”

သူမရှေ့က ကောင်လေး ယုံကြည်မှုကင်းမဲ့သွားမှာ စိုးသဖြင့် သေသေချာချာ ပြောလိုက်ပါသည်။

စူစူလေး၏ အပြစ်ကင်းစင်သော အပြုအမူ၊ တောက်ပသော မျက်လုံးများကို မြင်ပြီး လုကျန်းယွီ ခေတ္တ ရီဝေသွားသည်။

“ငါ လမ်းမလျှောက်နိုင်ဘူး”

ဝှီးချဲပေါ်မှာ ထိုင်နေတာ ဘာအဓိပ္ပာယ်လဲဆိုတာ စူစူလေး မသိလောက်ဘူးဟု လုကျန်းယွီ ယူဆမိသည်။

“ကိစ္စမရှိပါဘူး! လမ်းမလျှောက်နိုင်လည်း ချောတာက ချောတာပဲကို!”

“ထားလိုက်ပါတော့”။ ကလေးမလေး တစ်ယောက်နဲ့ စကားနိုင်မလုချင်သဖြင့် လုကျန်းယွီ ပြောလိုက်သည်။ ထို့နောက် ဒီကိုရောက်နေရခြင်း အကြောင်းအရင်းကို မေးလိုက်၏။ “နင်ဘယ်လို ဝင်လာတာလဲ”

“နံရံပေါ်က တက်လာတာ”

“နံရံပေါ်က တက်လာတာ ဟုတ်လား”။ လုကျန်းယွီ သံသယဖြစ်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့ပုံစံက လူကြီးလေး တစ်ယောက်လို ဖြစ်နေ၏။

သူတို့ ခြံနံရံကြီး ဘယ်လောက်မြင့်သလဲဆိုတာ လုကျန်းယွီကောင်းကောင်း သိပါသည်။ ဒီလို ကလေးမလေး တစ်ယောက်က အလွယ်တကူ ကျော်လာနိုင်ပါ့မလား။

“ဟုတ်တယ်။ သမီးက သစ်ပင်တက်တာ အရမ်းတော်တယ်!” စူစူလေးက သူမရဲ့ သစ်ပင်တက် စွမ်းရည်ကို ဂုဏ်ယူဝံ့ကြွားပါသည်။

“အဲ့တာဆို ဘာလို့ဝင်လာတာလဲ” လုကျန်းယွီက ထပ်မေးလိုက်သည်။

“ဟူကျစ်ကို လာရှာတာ။ သူလည်း နံရံပေါ်က တက်လာတာပဲ”

“ဟူကျစ်ဟုတ်လား။ နင့် အိမ်မွေးတိရိစ္ဆာန်လား”

… … …

အခန်း(၂၂) သကြားလုံး စားပါ

“အွန်း” စူစူလေး ခေါင်းငြိမ့်လိုက်သည်။

“ငါ့မှာ အိမ်တော်ထိန်းရှိတယ်။ သူ့ကို ရှာခိုင်းလိုက်မယ်”။ လုကျန်းယွီက ဆိုသည်။

သူ့ဝှီးချဲလက်ရန်းပေါ်က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ဆက်သွယ်ရေးကိရိယာက ချက်ချင်းဆိုသလို အိမ်တော်ထိန်းကို ဆက်သွယ်ပြီးသား ဖြစ်သွားသည်။

“ကလေးမလေးတစ်ယောက် ခြံထဲမှာ သူ့အိမ်မွေးတိရိစ္ဆာန်ကို လာရှာနေတယ်။ ခြံထဲကို အကောင် တစ်ကောင်ကောင် ဝင်လာသလားဆိုတာ တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းလိုက်”

အိမ်တော်ထိန်းက အံ့အားသင့်သွား၏။ “ကလေးမလေး ဟုတ်လား။ ခဏစောင့် သခင်လေး။ ကျွန်တော် ကိုယ်တိုင် လာခဲ့မယ်!”

ကလေးမလေးတစ်ယောက် သူတို့ခြံထဲ ဝင်လာတာကို အိမ်တော်ထိန်း အံ့အားသင့်နေမှန်း သိသာပါသည်။ ဒီနေ့ အိမ်ကို ဘာဧည့်သည်မှ မလာခဲ့ပါ။ ထို့အပြင် ခြံတံခါးကိုလည်း ဖွင့်မထားပါ။ ဒီကလေးမလေးက ဘယ်ကဝင်လာတာလဲ။

အိမ်တော်ထိန်းကို ဆက်သွယ်ပြီးနောက် စူစူလေးကို လုကျန်းယွီ ပြောလိုက်သည်။ “နင်ဒီမှာ ခဏစောင့်နေလိုက်။ နင့်ကို တစ်ယောက်ယောက် လာကူရှာပေးလိမ့်မယ်”

ထိုသို့ပြောပြီးနောက် လုကျန်းယွီ၏ ဝှီးချဲက တစ်ဖက်သို့ လှည့်သွားပြီး စူစူလေးကို ကျောခိုင်းပြီးသား ဖြစ်သွားသည်။

စူစူလေးက လုကျန်းယွီဆီ လျှောက်သွားပြီး အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံး ထုတ်ပေးလိုက်သည်။

“ကိုကြီးအတွက်။ ဟူကျစ်ကို ကူရှာပေးလို့ ကျေးဇူးတင်ပါတယ်”

ပေါင်ပေါ် ရောက်လာသော သကြားလုံးကို လုကျန်းယွီ ငုံ့ကြည့်လိုက်သည်။ သကြားလုံးက ပုံစံအားဖြင့် စားချင်စရာ သိပ်မကောင်းလှပါ။ သို့သော် ထူးထူးဆန်းဆန်းခံစားချက်တစ်ခုကို သူရနေသည်။

သူစိမ်းတစ်ယောက်က သူ့ကို သကြားလုံး ပေးဖူးတာ ပထမဆုံးအကြိမ် ဖြစ်၏။ ထို့အပြင် ထိုသူစိမ်းက သူ့ထက် ၄ နှစ် ၅ နှစ်လောက် ငယ်သည့် ကလေးမလေးတစ်ယောက် ဖြစ်သည်။

လုကျန်းယွီ သကြားလုံးကို အခွံခွာလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်ပါသည်။

ထင်မထားစွာဖြင့် သကြားလုံး၏ ထုပ်ပိုးထားပုံက မလှပသော်လည်း အရသာ ကောင်းမွန်ပါသည်။ စတိုးဆိုင်တွေမှာ ဝယ်ရသည့် သကြားလုံးအများစုနဲ့ အရသာ ခြားနားသည်။

သူ့နှုတ်ခမ်းနဲ့ သွားတွေကို စိုစွတ်သွားစေသော ထူးထူးဆန်းဆန်း အချိုဓာတ်လေးတစ်ခု ရှိ၏။ သူ့ကို စိုက်ကြည့်နေသည့် ကလေးမလေး၏ မျက်လုံးလေးတွေလိုပဲ ချိုမြိန်သည်။

ထိုကလေးမလေးမှာ လူကြီးတွေရဲ့ မသန့်စင်မှု ဘာမှမရှိသလို သနား ဂရုဏာသက်တာတွေလည်း ဘာမှမရှိသဖြင့် လုကျန်းယွီ စိတ်သက်သာရာ ရသည်။

“သကြားလုံးအတွက် ကျေးဇူးပါ။ အရမ်းအရသာရှိတာပဲ”။ လုကျန်းယွီက စူစူလေးကို ပြောလိုက်ပါသည်။

“ရပါတယ်! ကြိုက်ရင် နောက်တစ်ခါ ထပ်ယူလာပေးမယ်!” စူစူလေးက ရက်ရောစွာ ပြောလိုက်သည်။

လုကျန်းယွီလည်း စူစူလေး၏ ကြည်လင်နေသော မျက်လုံးလေးများ၊ သူမရဲ့ ယုံကြည်မှုပြည့်ဝပြီး တောက်ပနေသော အပြုံးလေးများကို ကြည့်လိုက်ပြီး အပြုံးပါးပါးတစ်ခုဖြင့် ပြန်တုန့်ပြန်လိုက်ပါသည်။

သိပ်မကြာလိုက်ဘဲ ခပ်ဝဝ သက်လတ်ပိုင်း အိမ်တော်ထိန်းတစ်ယောက် အပြေးရောက်လာသည်။

အိမ်တော်ထိန်း၏ မျက်နှာကလည်း လုံးဝိုင်းနေပြီး ရိုးအေးကာ သဘောကောင်းမည့် ပုံစံမျိုးဖြစ်၏။

သူတို့ သခင်လေးရှေ့မှာ မတ်တပ်ရပ်နေသည့် ချစ်စရာ ကလေးမလေးကို မြင်သောအခါ အိမ်တော်ထိန်း ထပ်မံ အံ့အားသင့်သွားရပြန်သည်။

“ဒါ…” အိမ်တော်ထိန်း စကားတွေ ထစ်ငေါ့သွားပြီး ကလေးမလေး ကြောက်မသွားအောင် စကားကို ဘယ်လိုပြောရမလဲ စဉ်းစားလိုက်၏။ “ကလေးမလေး သမီး နာမည် ဘယ်လိုခေါ်လဲ။ ဘယ်မှာနေလဲ”

“သမီးနာမည် ချင်းစူစူ၊ ဟိုဘက်အိမ်မှာ နေတာ”

“ဪ! မှတ်မိပြီ မှတ်မိပြီ။ ဟိုရက်ပိုင်းက သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ ပြန်ရောက်လာပြီး ကလေးမလေး တစ်ယောက်ပါ ပါလာတယ်လို့ ကြားမိတယ်”။ အိမ်တော်ထိန်းက တစ်ခုခု မူမမှန်တာကို တွေးမိပြီး ထပ်မေးလိုက်သည်။ “စူစူလေး ဒီထဲကို ဘယ်လို ဝင်လာတာလဲ”

“နံရံကို ကျော်ဝင်လာတာတဲ့”။ လုကျန်းယွီက ဝင်ဖြေပေးလိုက်၏။

“အမ်၊ သူက နံရံပေါ် တက်နိုင်တယ်ပေါ့”

“အဲ့လို ပြောတာပဲ”

အိမ်တော်ထိန်း နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး စူစူလေးကို ပြန်လှည့်ကြည့်လိုက်သည်။ ဒီလို နူးညံ့ ပျော့ပြောင်းသည့် ကလေးလေးတစ်ယောက်က ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်လိမ့်မည်ဆိုတာ မယုံကြည်နိုင် ဖြစ်နေသည်။

ကံကောင်းစွာနဲ့ ဘာမတော်တဆမှုမှ မဖြစ်ခဲ့ပါ။

စိတ်တည်ငြိမ်အောင် ထားပြီးနောက် အိမ်တော်ထိန်းက မေးလိုက်သည်။ “အဲ့တော့ စူစူလေး ပျောက်နေတဲ့ သမီးအကောင်လေးက ဘယ်လိုပုံစံလေးလဲ”

“ဒီလောက်ရှည်တယ်၊ ဒီလောက်ဝတယ် ပြီးတော့ အဖြူရောင်လေး”။ စူစူလေးက သူမရဲ့ ပြည့်ပြည့်ဖြိုးဖြိုး လက်ကလေးများကို အသုံးပြုပြီး ဟူကျစ်၏ ပုံသဏ္ဍာန်ကို ပုံဖော်ပြလိုက်သည်။

ပြောရင်းဆိုရင်း အဖြူရောင်သဏ္ဍာန်တစ်ခုက ခြုံပုတ်ထဲမှ ပြေးထွက်လာသည်။

“အား!! ဟူကျစ်!!” စူစူလေး အော်ခေါ်လိုက်သည်။

သို့သော်လည်း မျက်စိတစ်မှိတ်အချိန်အတွင်း ဟူကျစ်က လုကျန်းယွီ၏ ခြေထောက်ပေါ် ခုန်တက်သွားပါသည်။

All Chapters