အခန်း (၂၃+၂၄+၂၅)
Vol. 1 Ch. 23+24+25
အခန်း(၂၃) တကယ် သူ့ဒေါ်လေးပါ
“မြောင်…” ဟူကျစ်က လုကျန်းယွီ၏ ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး စူစူလေးဘက်ကို ခေါင်းလှည့်ကာ အော်လိုက်သည်။
ဟိုပြေးဒီပြေး ခဏလောက် လုပ်ပြီးနောက် ဟူကျစ်လည်း သူ့သခင်ကို လွမ်းနေပါသည်။ သို့သော် သခင် အပြစ်ပေးမှာကို ကြောက်သဖြင့် သူများပေါ် ခုန်တက်လိုက်ခြင်းဖြစ်၏။
“နင်မလိမ္မာဘူး။ နင့်ကိုရိုက်သင့်တယ်! အခုချက်ချင်း မလာရင် ငါနင့်ကို မခေါ်တော့ဘူး!”
စူစူလေး၏ စကားကိုကြားပြီး ဟူကျစ် ချောက်ချားကာ လုကျန်းယွီ၏ ရင်ခွင်ထဲမှ ခုန်ဆင်းလိုက်ပြီး စူစူလေး၏ ခြေထောက်ကို ပွတ်သပ်နေလိုက်ပါသည်။
“မြောင်… မြောင်…” ရှေ့ခြေထောက် ၂ ဖက်ဖြင့် စူစူလေး၏ ဘောင်းဘီကို ပွတ်သပ်နေပြီး နားရွက်ကလေးလည်း ကျနေသည်။
ချစ်စရာကောင်းလွန်းသဖြင့် ဘေးမှာ ကြည့်နေသည့် အိမ်တော်ထိန်းတောင် ချစ်သွားပါသည်။
ကြောင်လေးတွေက ဒီလောက် ချစ်ဖို့ကောင်းတာလား။ ပင်စင်ယူသည့်အခါ သူလည်း တိရိစ္ဆာန် အရောင်းဆိုင်ကို သွားပြီး တစ်ကောင်လောက် ဝယ်မွေးပါဦးမည်။
ဟူကျစ် နောင်တရနေတာကို မြင်ပြီးနောက် စူစူလေး ခွင့်လွှတ်ပေးလိုက်ပြီး သတိပေးလိုက်သည်။ “နောက်တစ်ခါ ထွက်မပြေးနဲ့နော် ကြားလား”
“ဝေါင်…” ဟူကျစ်က ခေါင်းလေးငုံ့ပြီး ဆူတာကို နာခံလိုက်သည်။ စိတ်ဓာတ်ကျသွားပုံလည်း ပေါ်ပါသည်။
ကြောင်လေးကို ဆုံးမနေသည့် ကလေးမလေး၏ ပုံစံက ချစ်စရာကောင်းပါသည်။
သူမရဲ့ တည်တည်တံ့တံ့ ကလေးမျက်နှာလေးကို မြင်တော့ လုကျန်းယွီ ပါးကလေးကို ဖျစ်ညှစ် ချင်လာသည်။
ထိုအချိန်တွင် ဗီလာ လုံခြုံရေးမှ အိမ်တော်ထိန်းကို ဆက်သွယ်လာသည်။
သူတို့ ခြံနံရံပေါ်ကို လူတစ်ယောက် ခိုးတက်ဖို့ ကြိုးစားနေတာကို ဖမ်းမိခဲ့ကြောင်း ပြောသည်။ ယခု သူ့ကို သခင်လေးနဲ့ အိမ်တော်ထိန်းဆီ ခေါ်လာနေပြီဖြစ်ပြီး နောက်မှ ရဲခေါ်သင့် မခေါ်သင့် ဆုံးဖြတ်မည်ဟု ဆို၏။
ထိုသတင်းကို ကြားသောအခါ အိမ်တော်ထိန်း ပွစိပွစိ ပြောလိုက်ပါသည်။ “ဒီနေ့ ငါတို့ ခြံနံရံကြီး ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် ကျော်ဝင်ချင်နေကြတာလဲ”
သိပ်မကြာလိုက်ဘဲ လုံခြုံရေးအစောင့်များက ချင်းယုကျီးကို လုကျန်းယွီရှေ့ ဖမ်းခေါ်လာခဲ့ပါသည်။
စူစူလေးနဲ့ ဟူကျစ်တို့ကို မြင်ပြီး ချင်းယုကျီး စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။ ဒီနှစ်ကောင် ဘာမှ မဖြစ်သရွေ့ သူခေါင်းပြတ်မှာ မဟုတ်ပါ။
“သူ့ကို သိလို့လား” လုကျန်းယွီက မေးလိုက်သည်။
“တောင်းပန်ပါတယ် သခင်လေး။ ကျွန်တော် နံရံပေါ်ကျော်တက်ဖို့ မရည်ရွယ်ပါဘူး။ သူတို့ နှစ်ကောင်နောက်ကို လိုက်ဖို့ လုပ်နေတာပါ”။ ချင်းယုကျီးက ဝှီးချဲနဲ့ကောင်လေး ဘယ်သူဘယ်ဝါဖြစ်မှန်း စဉ်းစားဖို့ ကြိုးစားနေသည်။ အသက်က ၈ နှစ် ၉ နှစ်လောက်သာ ရှိဦးမည်။
ဒီဗီလာအကြောင်း စုံစမ်းဖို့ လူတွေအများကြီးကို တာဝန်ပေးခဲ့သော်လည်း ဘာသတင်းမှ မရခဲ့ပါ။
ခြံထဲမဝင်ခင်က ပိုင်ရှင်၏ ပုံစံကို သူ စိတ်ကူးယဉ်ကြည့်ခဲ့သေးသည်။ သို့သော် ဒီလို ကောင်လေးမျိုး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
လုကျန်းယွီက စူစူလေးကို မေးလိုက်၏။ “သူ့ကို သိလား”
စူစူလေးက ခေါင်းငြိမ့်လိုက်သည်။ “သိတယ်”
ထိုအခါမှ လုကျန်းယွီ လက်တစ်ဖက်ကို အနည်းငယ်မြှောက်ကာ အချက်ပြလိုက်သည်။ လုံခြုံရေး အစောင့်များ ချင်းယုကျီးကို လွှတ်ပေးလိုက်ကြပါသည်။
လွတ်သွားသည်နဲ့တစ်ပြိုင်နက် စူစူလေး၏ ရင်ခွင်ထဲမှာ ရောက်နေသော ဟူကျစ်အား ချင်းယုကျီး ခပ်စူးစူး စိုက်ကြည့်လိုက်၏။
ဒါတွေအားလုံး သူ့ကြောင့်ဖြစ်တာ!
ဒီနေ့ သူအပြစ်တွေ လုပ်ထားမှန်း သိသည့်ပုံစံဖြင့် ဟူကျစ်က စူစူလေး၏ ရင်ခွင်ထဲမှာ သေချင်ယောင် ဆောင်နေပြီး လှုပ်တောင် မလှုပ်တော့ပါ။
“သူက ခင်ဗျား ညီမလေးလား” လုကျန်းယွီ မေးလိုက်သည်။
“…” ချင်းယုကျီး မငြင်းရဲပါ။ သူသာ ငြင်းလိုက်လျှင် တစ်ဖက်လူက သူနဲ့ စူစူလေးတို့ ဘယ်လို တော်စပ်သလဲ ဆိုတာ သိသွားလိမ့်မည်။
‘ဒေါ်လေး’ ဟူသည့် စကားလုံးကို သူ့နှုတ်မှ ထုတ်မပြောနိုင်ပါ။
“ညီမမဟုတ်ဘူး”။ ချင်းယုကျီးအစား စူစူလေးက ဝင်ပြောလိုက်သည်။ “သမီးက သူ့ဒေါ်လေးပါ!”
“ဒေါ်လေး?” အိမ်တော်ထိန်းက အံ့အားသင့်သွားသည်။ “ငါထင်နေတဲ့ ဒေါ်လေးမျိုးလား”
ချင်းယုကျီးက ထိုအကြောင်း ဆက်မပြောချင်းတော့သဖြင့် စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။ “အပျက်အစီးတစ်ခုခု ဖြစ်ခဲ့ရင် ကျွန်တော်တို့ ပြန်လျော်ပေးပါ့မယ်။ အခု ကျွန်တော်တို့ကို သွားခွင့် ပြုပါဦး။ ကျွန်တော်တို့ကို မတွေ့ရင် အိမ်က စိတ်ပူနေကြလိမ့်မယ်…”
ချင်းယုကျီး ဘာမှ ဆက်မပြောနိုင်ခင် ဘေးမှ စူစူလေးက နှာသံလေးဖြင့် ဖြတ်ပြောလိုက်သည်။ “ဟုတ်တယ် ဒေါ်လေးစစ်စစ်!”
ချင်းယုကျီး “…”
… … …
အခန်း(၂၄) အိမ်ကို ကောင်းကောင်းပြန်
အိမ်တော်ထိန်း အလွန်အံ့အားသင့်သွားသည်။ လုကျန်းယွီတောင် မျက်နှာပေါ်မှာ စိတ်ဝင်စားသော အရိပ်အယောင်တွေ ပေါ်လာခဲ့ပါသည်။
ချင်းယုကျီးက အနည်းငယ် စိတ်ရှုပ်စွာဖြင့် ပြောလိုက်၏။ “ကျွန်တော့်အဘိုးအဘွားတွေ အသက်ကြီးမှ ကလေးထပ်ရတာ ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ပါဘူး”။ အိမ်တော်ထိန်းက သဘောရိုးအပြုံးဖြင့် ပြောလိုက်၏။ “ဘာမှ မဖြစ်ရုံတင်မကဘူး သူများတွေ မနာလို အားကျတာမျိုးတောင် ဖြစ်နိုင်တယ်”
သို့သော်လည်း ချင်းယုကျီးကတော့ ဂုဏ်ယူဝံ့ကြွားစရာရှိသည်ဟု မခံစားမိပါ။ သူတော်တော်လေး ရှက်ရွံ့နေရုံသာ ရှိသည်။
“ဟုတ်ပြီ အိမ်ပြန်ကြစို့”။ ထိုသို့ပြောပြီးနောက် ချင်းယုကျီး လက်ပြင်လိုက်သော်လည်း စူစူလေး၏ လက်ကို ဆွဲရမလာား မဆွဲရဘူးလား ဝေခွဲမရဖြစ်နေ၏။
သူ တွန့်ဆုတ်နေစဉ် စူစူလေးက သူ့လက်ကို အရင်လာဆွဲပါသည်။
သူမရဲ့ လက်သေးသေးလေးက အလွန်နူးညံ့ပြီး ကိတ်မုန့်လေးတစ်တုံးကို ကိုင်ထားရသလိုပင်။
ထို နူးနူးညံ့ညံ့ခံစားချက်က သူ့လက်ဖဝါးမှတဆင့် သူ့နှလုံးသားဝင်ပေါက်အထိ ရောက်ရှိလို့လာသည်။ သူ့နှလုံးသားဝင်ပေါက်သို့ အရောက်တွင် သူ့အခန်းတံခါးကို ဒီလက်သေးသေးလေး ဘယ်လို ဖျက်ဆီးခဲ့ကြောင်းကို ပြန်မြင်ယောင်သွား၏။
ချင်းယုကျီး ဆတ်ခနဲ တွန့်သွားပြီး ထိုနူးညံ့မှုတွေကော ချစ်စရာကောင်းမှုတွေကော ချက်ချင်း ပျောက်ကွယ်သွားပါသည်။
သို့သော်လည်း အခုချိန်မှာ စူစူလေးက သူ့လက်ကို လာဆွဲထားတာဖြစ်သည်။ သူမက ဘယ်လိုပဲ မကောင်းဆိုးဝါးမလေး ဖြစ်နေပါစေ ကလေးလေး တစ်ယောက်သာဖြစ်သည်။ အပြင်ပတ်ဝန်းကျင်မှာ သူ့ကိုပဲ အားကိုးရပါသည်။
ထိုရှုထောင့်က ကြည့်လျှင် အနည်းငယ် ချစ်ဖို့ကောင်းသည်။ သို့သော်လည်း နည်းနည်းသာဖြစ်သည်။ သူ့ကို လက်ခံလိုက်ပြီဟု မဆိုလိုပါ။
“တူလေး သတိထား။ လမ်းထပ်မပျောက်စေနဲ့”
စူစူလေးက ချင်းယူကျီးကို မော့ကြည့်ပြီး အတည်ပေါက် ပြောလိုက်သည်။ ဒီတူကို သူမ သဘောမကျသော်လည်း အဒေါ်တစ်ယောက်အနေဖြင့် ဒီတူလေးကို အိမ်ပြန်ရောက်အောင် ပို့ရမည့် တာဝန်ရှိသည်ဟု ခံစားနေရသည်။ ချင်းယုကျီး လမ်းပျောက်သွားမှာ စိုးရိမ်သဖြင့် သူ့လက်ကို တွဲထားရခြင်း ဖြစ်ပါသည်။
“ဘယ်သူက လမ်းပျောက်မှာလဲ?!” ချင်းယုကျီးက ချက်ချင်း ပြန်ပြောလိုက်၏။ သူ့ရင်ထဲက အနွေးဓာတ်လည်း ပျောက်ချင်းမလှ ပျောက်သွားပါသည်။
ဘာမှ ချစ်စရာမကောင်းဘူး!
“ခုလေးတင် လမ်းပျောက်သွားတာလေ” စူစူလေးက ပြော၏။
သူလမ်းပျောက်သွားလို့ သူများအိမ်ထဲကို လုံခြုံရေးအစောင့်တွေ ပြန်လာပို့ပေးရတာ မဟုတ်ဘူးလား။
“မပျောက်ပါဘူး! ငါ နံရံပေါ် မတက်နိုင်လို့!” ချင်းယုကျီးက အထွန့်တက်သည်။
“ဒါဆို ကတုန်ကယင်နိုင်တာပေါ့။ နံရံပေါ် မတက်နိုင်ဘူး ဆိုတော့”။ စူစူလေး ကောက်ချက်ချလိုက်သည်။
“ဘာမှ ကတုန်ကယင် မနိုင်ဘူး!” ချင်းယုကျီးက ဒေါသတကြီး ငြင်းဆန်လိုက်သည်။
နံရံပေါ်တက်တာ ဘယ်လောက်ခက်မှာမို့လို့လဲ?!
စူစူလေးက အားနေသော လက်ဖြင့် လက်သီးဆုပ်ပြလိုက်သည်။ “စကားမများနဲ့ အိမ်ကို ကောင်းကောင်းပြန်မယ်”
စူစူလေး၏ ပခုံးပေါ်မှာ တက်နေသည့် ဟူကျစ်ကလည်း ချင်းယုကျီးကို နှစ်ခါလောက် ‘ဟိန်း’ပြလိုက်သည်။
ထိုလက်သီးဆုပ်လေးကို မြင်ပြီး ချင်းယုကျီး ပါးစပ်ပိတ်လိုက်ရပါသည်။
သူမကို ရန်သွားစလို့မရပါ။ သူမနဲ့ ရန်ဖြစ်လျှင် နိုင်မှာလည်း မဟုတ်ပါ။ ထို့ကြောင့် သူလက်လျှော့လိုက်သည်။
အရပ်အတော်ကွာသော ချင်းယုကျီးနဲ့ စူစူလေးတို့ ပွစိပွစိ စကားများရင်း ဗီလာခြံဝန်းထဲမှ ထွက်သွားတာကို လုကျန်းယွီ ငေးကြည့်နေခဲ့သည်။
ဒီအေးတိအေးစက် ဗီလာကြီးမှာ ဒီလိုဆူညံသံတွေ မကြားရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။
--- --- ---
စူစူလေးနဲ့ ချင်းယုကျီးတို့ လုကျန်းယွီခြံထဲမှ ထွက်လာတာနဲ့ တစ်ပြိုင်နက် ချင်းယုကျီးနဲ့ အသက်မတိမ်းမယိမ်း ရှိသော လူငယ် ၆ ယောက် ၇ ယောက်လောက်က သူတို့ဆီ လျှောက်လာကြသည်။
သူတို့ ချင်းယုကျီးနဲ့ စူစူလေးတို့ကို ဝန်းရံလိုက်ကြပါသည်။ ထိုလူတွေကို မြင်သောအခါ ချင်းယုကျီး မျက်နှာ ချက်ချင်း တင်းမာသွား၏။
လခွမ်း! သူ့အိမ်ထိ ဘယ်လို ရောက်လာကြတာလဲ။
ချင်းယုကျီး သတိမထားမိဘဲ စူစူလေး၏ လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။
ရှုယီချန့်က ချင်းယုကျီးရှေ့သို့ လျှောက်လာသည်။ ရှုယီချန့်မှာ အင်္ကျီလက်တို ဝတ်ထားပြီး သူ့လက်မောင်း ကြွက်သားများကို ကြွားဝါနေသော အကောင်ထွားထွား လူတစ်ယောက်ဖြစ်၏။
“ချင်းယုကျီး မင်းကြောင့် ငါတို့ ဒီအထိတောင် လာခဲ့ရတာ!” ရှုယီချန့်က ချင်းယုကျီးကို ဒေါသသံဖြင့် ပြောလိုက်၏။ “ဒီနေ့ မင်းကို ဖမ်းမမိတော့ဘူး ထင်နေတာ!”
“မင်းတို့ ဘာလိုချင်လို့လဲ”
“ငါတို့ဘာလိုချင်လို့လဲ ဟုတ်လား။ မင်း ငါ့ညီလေးကို ထိုးကြိတ်သွားပြီးတော့ ငါ့ကိုဘာလိုချင်လို့လဲ လာမေးနေတယ်ပေါ့”
“သူက ပွန်းရာပဲ့ရာ နည်းနည်းပဲရတာ။ မင်းအစ်ကို မတရားကျင့်လိုက်တဲ့ ကောင်မလေးက တစ်သက်လုံး ဘဝနာသွားပြီကွ!”
“သောက်ပိုတွေပါကွာ!”။ ရှုယီချန့်က တံတွေးထွေးကာ ပြောလိုက်၏။ “အဲ့ကောင်မက ပြည့်တန်ဆာပဲ။ စကတ်တိုတိုလေးဝတ်ပြီး ငါ့ညီလေးကို လာမြူဆွယ်နေတာကိုး! ပြီးတော့ သူက တရားမစွဲဖို့တောင် ဆုံးဖြတ်ပြီးပြီး မင်းက ဘာဝင်နာနေတာလဲ?!”
… … …
အခန်း(၂၅) ငါ့တူကို အနိုင်မကျင့်နဲ့
“ဟား တရားမစွဲဘူးဟုတ်လား”။ ချင်းယူကျီးက သရော်စွာ ရယ်မောလိုက်သည်။ “မင်းတို့ သူ့မိဘတွေကို ငွေတွေပေးပြီး နှုတ်ပိတ်လိုက်လို့ တရားမစွဲတာမလား?!”
ထိုကောင်မလေးက ချင်းယုကျီးနဲ့ မူလတန်းတုန်းက အတန်းဖော်ဖြစ်ခဲ့ဖူးသည်။ သူတို့ အလယ်တန်း ကတည်းက တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ ကြာပါပြီ။
မကြာသေးခင်ကမှ ထိုကောင်မလေး၏ အကြောင်းကို ချင်းယုကျီး ကြားခဲ့ရခြင်း ဖြစ်သည်။
အဓမ္မပြုကျင့်ခံရသည့် အဖြစ်အပျက်ကြောင့် ထိုကောင်မလေး စိတ်ဒဏ်ရာရပြီး သေကြောင်းကြံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။
ချင်းယုကျီးနဲ့ အတန်းဖော်တွေ ဆေးရုံမှာ လူနာသတင်း သွားမေးတော့ သူမရဲ့ လက်ရှိ အခြေအနေကို မြင်ကာ ချင်းယုကျီး အလွန်ဒေါသထွက်သွားခဲ့ရ၏။
ချင်းယုကျီးက ပေါ့ပျက်ပျက်နေပြီး ဘယ်အရာကိုမှ သိပ်အရေးမစိုက်သော်လည်း တရားမျှတမှုကို လိုလားသော စိတ်ကတော့ အလွန်အားကောင်းပါသည်။ အထူးသဖြင့် မတရားသည့် အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်လာရချိန်မှာဖြစ်သည်။
ထို့ကြောင့် တရားခံ ရှုယီဟောက်ကို တွေ့အောင်သွားရှာပြီး တိုက်ခိုက်ထိုးကြိတ်ခဲ့သည်။
ချင်းယုကျီးက ခန္ဓာကိုယ်ကြံ့ခိုင်သဖြင့် အနိုင်ရခဲ့သော်လည်း အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သို့သော် ရှုယီဟောက်က ပိုပြီး နာကျင်ခဲ့ရပါသည်။
ချင်းယုကျီး ကျေနပ်သွားခဲ့၏။ အိမ်ပြန်ရောက်သောအခါ သူ့မိဘတွေက သူ့ကို ဆူငေါက်ကြသည်။ သို့သော် သူဘာမှ မရှင်းပြပါ။ သူ့လုပ်ရပ်တွေကိုလည်း နောင်တ မရပါ။
သူထင်မထားခဲ့တာက ထိုလူယုတ်မာမှာ သူ့အစ်ကိုကြီး ရှုယီချန့်ကို သွားတိုင်ရဲလိမ့်မည်ဟုပင်။
ရှုယီချန့်က ဟွာချန့်မြို့တွင် နာမည်ကြီး လူမိုက် တစ်ယောက်ဖြစ်ပြီး မောက်မာကာ အလွန် ရက်စက် ကြမ်းကြုတ်တတ်သည်။
“ငွေပုံပေးပြီး နှုတ်ပိတ်တယ် ဟုတ်လား။ ဒီလက်မှတ်တွေကို သူ့မိဘတွေ ကိုယ်တိုင် လိုလိုလားလားနဲ့ ထိုးပေးထားတာ။ သူတို့ သမီးက ငါ့ညီနဲ့ ရည်းစားတွေဖြစ်ခဲ့ပြီး တစ်ညထက်မက အတူတူ အိပ်ခဲ့ကြတယ် ဆိုတာ လက်ခံဖို့လေ။ ဆိုလိုတာက သူ့ဘက်က လိုက်လျောလို့ ဒီလို ဖြစ်တာကွ! ဘာမှ မတရားကျင့်တာ မဟုတ်ဘူး။ မင်းနားလည်လား”။ ရှုယီချန့်က သရော်ကာ ပြန်ပြောလိုက်၏။
“မင်းအမေ သွားပြောလေ! မင်းကော မင်းညီကော လူကောင်းသူကောင်းတွေ မဟုတ်ဘူး။ အဲ့ကောင်မလေးရဲ့ အဖေနဲ့ မိထွေးကလည်း လူကောင်းတွေ မဟုတ်ဘူး!” ချင်းယုကျီး ကျိန်ဆဲလိုက်ပါသည်။
“မင်းက ဘာလို့ အဲ့လောက် ခံပြင်းနေတာလဲ။ အဲ့ကောင်မက မင်းရည်းစားလား။ မင်းကို ဖောက်ပြန်ပြီး သူများနဲ့ သွားအိပ်တာလား”
“မင်းအမေကမှ သူများနဲ့သွားအိပ်တာ ခွေးသူတောင်းစာ! ဦးနှောက်ထဲ ချီးတွေ ပြည့်နေတဲ့ကောင်! ငါက သူ့အတန်းဖော်သက်သက်ပဲ မင်းတို့ကောင်တွေကို ငါသည်းမခံနိုင်လို့ကွာ ရှင်းလား!”
“ခွေးမသား ချင်းယုကျီး မင်းကများ ငါ့ကို ခွေးသူတောင်းစားလို့ ခေါ်ရဲတယ် မင်းအထိုးခံချင်နေတာပေါ့”
ချင်းယုကျီးနဲ့ စကားထပ်မများချင်တော့သဖြင့် ရှုယိချန့်က လက်ဖြင့် အချက်ပြလိုက်ပြီး ချင်းယုကျီးကို သင်ခန်းစာကောင်းကောင်းပေးဖို့ သူ့လူတွေကို အမိန့်ပေးလိုက်ပါသည်။
ထိုလူတွေ ချင်းယုကျီးကို ထိုးကြိတ်ဖို့ ပြင်နေစဉ် စူစူလေးက ချင်းယုကျီး၏ ရှေ့မှာ ရုတ်တရက် ကာ ရပ်လိုက်ပါသည်။
“လူရမ်းကားတွေ! ငါ့တူကို အနိုင်ကျင့်ရဲကျင့်ကြည့်!”။ စူစူလေး ခါးထောက်ကာ ခက်ထန်စွာ သတိပေးလိုက်သည်။
“ဝေါင်း!! ဝေါင်း!!”
သူမ ပခုံးပေါ်က ဟူကျစ်ကလည်း ကြမ်းကြမ်းတမ်းတမ်း မာန်ဖီရင် သူတို့တွေ ကြောက်သွားအောင် ‘ဟိန်း’ပြလိုက်ပါသည်။
စူစူလေးက လူသားသက်တမ်း ၃ နှစ်ခွဲသာ ရှိသေးသည်။ ထို့ကြောင့် သူမ နားမလည်သေးသည့် လူသား စည်းမျဉ်းစည်းကမ်းတွေ အများကြီး ရှိသည်။
သို့သော် အမတစ်ယောက်ကို အထီးတစ်ယောက်က အတင်းအကျပ် အနိုင်ကျင့်တာ မကောင်းမှန်းတော့ သူမ သိပါသည်။
အမတွေကို အတင်းအကျပ်စေခိုင်းသည့် အထီးတွေက ဆိုးသွမ်းသူတွေဖြစ်သည်။ သူမတို့ရဲ့ နတ်သားရဲဘုံမှာ သားရဲအထီးတစ်ကောင်က သားရဲအမ၏ ဆန္ဒမပါဘဲ အနိုင်ကျင့်ဖို့ ကြိုးစားလျှင် ကောင်းကင်ဘုံ၏ ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။
မိုးကြိုး ၉,၉၉၉ ကြိမ် ပစ်ခံရပါသည်။
ရှုယီချန့်ရဲ့ လူတွေက ကာရပ်နေသည့် စူစူလေးကို ကြည့်ကာ ပထမတော့ အံ့အားသင့်ကုန်ကြသည်။ နောက်တော့ ဝါးလုံးကွဲ ရယ်မောလိုက်ကြလေသည်။
“ချင်းယုကျီး မင်းညီမကို အခုမဖယ်ရင် ငါတို့ လက်သီးက လူမရွေးဘူးနော်!” ရှုယီချန့်က သတိပေး၏။
ချင်းယုကျီးလည်း စူစူလေး၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားပါသည်။
“ဟဲ့ကောင်မလေး ရှေ့ကဖယ်စမ်း!”။ ချင်းယုကျီးက စူစူလေးကို ဘေးဖယ်ဖို့ အမိန့်ပေးသည်။
စူစူလေး၏ ခန္ဓာကိုယ်သေးသေးလေးက အသက် ၂၀ ဝန်းကျင်အရွယ် ယောက်ျားသား အများကြီး ရှိမှာ အလွန် အားငယ်စရာ ကောင်းပါသည်။
“ဘာမှမပြောနဲ့ ငါအလုပ်ရှုပ်နေတယ်!”
စူစူလေးက ချင်းယုကျီးကို ပါးစပ်ပိတ်ထားဖို့ ပြန်ငေါက်လိုက်ပါသည်။
အလုပ်ရှုပ်နေတယ် ဟုတ်လား? သူဘာလုပ်ဖို့ ကြံနေတာလဲ။
ချင်းယုကျီးကော လူရမ်းကားအဖွဲ့ကော စူစူလေးရဲ့ အကြံကို နားမလည်ကြပါ။
အားလုံး ကြောင်တောင်တောင်ဖြစ်နေကြစဉ် စူစူလေး လှစ်ကနဲ ပြေးထွက်သွားပြီး ရှုယိချန့်၏ ခြေထောက်ကို ပြေးဖက်လိုက်ပါသည်။
“သောက်ကလေးမလေး ဘာတွေလာလုပ်နေတာလဲ။ သေချင်လို့လား?!” ရှုယီချန့်က ကျိန်ဆဲလိုက်ပြီး စူစူလေးကို လှမ်းမဖို့ လက်ပြင်လိုက်သည်။
“သွားစမ်း!”
စူစူလေး၏ ကလေးဆန်သော အသံကို ကြားလိုက်ရပြီးနောက် ရှုယီချန့်တစ်ယောက် သူ့ခန္ဓာကိုယ် လေပေါ် မြောက်တက်သွားသလို ခံစားလိုက်ရသည်…။
… … …