အခန်း (၂၆+၂၇)
Vol. 2 Ch. 26+27
အခန်း(၂၆) တိုက်ရည်ခိုက်ရည်တွေ လျှံထွက်နေပြီ
ရှုယီချန့်၏ ခြေထောက်ကို စူစူလေး လက်နှစ်ဖက်စလုံးဖြင့် ဖက်ကာ ခွန်အားတွေစုပြီး အမှိုက်ထုတ် တစ်ထုတ် လွှင့်ပစ်သလို ဝေ့ကာ ကိုင်ပေါက်လိုင်ခြင်းဖြစ်၏…။
ရှုယီချန့် လေထဲလွင့်သွားပြီး အနီးနားရှိ အိမ်တစ်လုံး၏ ပန်းခင်းပေါ် ပြုတ်ကျကာ ပန်းပင်တချို့ပင် ကျိုးကျေသွားလေသည်။
ဘာလဲဟ?!
အားလုံး ကျောက်ရုပ်တွေလို ရပ်တန့်သွားကြ၏။
ရှုယီချန့်က လူကောင်ထွားပြီး ပေါင် ၁၇၀ လောက် အသာလေး ရှိသည်။
ပေါင် ၁၇၀ တောင်!
သာမန် လူကြီးတွေတောင် သူ့ကို မဖို့ မနည်းကြိုးစားရမည်။ ဒီလိုကောင်က အခု ကလေးတစ်ယောက်လို ကိုင်ပေါက်ခံလိုက်ရတာလား?!
ဒါဘယ်လို မကောင်းဆိုးဝါးဆန်တဲ့ ခွန်အားမျိုးလဲ?!
ချင်းယုကျီးလည်း ခေတ္တ ကြက်သေသေသွားပါသည်။ သို့သော် ဒီလိုမြင်ကွင်းမျိုး မကြာခဏ မြင်ဖူးပြီးသား ဖြစ်သဖြင့် တခြားသူတွေထက် အသိစိတ် အမြန် ပြန်ကပ်သွားသည်။
ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးသော စူစူလေးကို ကြည့်ရင်း သူ့စိတ်ထဲ စကားလုံး တစ်လုံးသာ ပေါ်လာသည်။
မိုက်လိုက်တာ!
သို့သော်လည်း သူတို့အားလုံး ဘာမှ မလှုပ်ရှားနိုင်ခင် စူစူလေးက နောက်တစ်ယောက်၏ ခြေထောက်ကို ထပ်ဖက်လိုက်ပါသည်။
ထိုလူက ၃ စက္ကန့်လောက် ကြက်သေသေနေပြီးမှ ဘာတွေဖြစ်နေတာလဲ နားလည်သွားသည်။
“မင်းမေ-!”
ပြီးအောင်တောင် မဆဲလိုက်နိုင်ပါ။
“ရော့!”
နောက်တစ်ယောက် လေထဲ လွင့်သွားသည်။
ပန်းခင်းပေါ်က ရှုယိချန့်တစ်ယောက် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုမ,ကာ ပြန်ထဖို့ ပြင်ရုံရှိသေးသည်။ လေထဲ နောက်ထပ်လူတစ်ယောက် လွင့်လာပြီး သူ့ပေါ် အားနဲ့ ပြုတ်ကျသဖြင့် ထပ်မှောက်သွားရ ပြန်သည်။
သူ့ကျောအောက်က ပန်းပင်သစ်ကိုင်းကျိုးတွေကလည်း သူ့နာကျင်မှုကို မသက်သာစေသည့်အပြင် အပ်နဲ့ ထိုးနေသလို စူးစူးရှရှ ပိုနာကျင်စေသည်။ နှင်းဆီပန်းလို ဆူးပါသည့် အပင်တွေ မစိုက်ထားတာကိုပဲ သူ ကျေးဇူးတင်ရပါမည်။
လူ ၂ ယောက်ကို ဆက်တိုက် ကိုင်ပေါက်ပြီးနောက် တခြားလူတွေ နောက်ဆုံးတော့ အသိစိတ် ပြန်ဝင်လာကြပါပြီ။
“အဲ့သောက်ကလေးမလေးကို ဖမ်းထား! ဘာမှ ထပ်မလုပ်စေနဲ့!”
ထိုလူ အော်ပြီးတာနဲ့တစ်ပြိုင်နက် ဘောင်းဘီတိုဝတ်ထားသည့် သူ့ခြေထောက်ကို ဟူကျစ်က ပြေးကိုက်လေသည်။
ဒီကြောင်ဖြူက သူ့ရှူးဖိနပ်လောက်တောင် မကြီးပါ။
“သောက်ကြောင်လေး! ဖယ််စမ်းကွာ!”
ထိုလူက ခြေထောက်ကို မ,ပြီး ကြမ်းကြမ်းတမ်းတမ်းခါရမ်းကာ ကြောင်ဖြူကို ဖယ်ဖို့ ကြိုးစားသည်။ သို့သော်လည်း ဟူကျစ်က လွင့်ထွက်မသွားဘဲ သူ့ခြေထောက်မှ တဆင့် သူ့ကျောပေါ်အထိ တက်လာသည်။
ထို့နောက် အဝတ်အစား အကာအကွယ်မရှိသည့် သူ့ဂုတ်ကို မြင်ပြီး ဟူကျစ် အကြမ်းပတမ်း ကုတ်ခြစ်လေတော့သည်။
“အား!!! ဒီသောက်ကြောင်!!!”
ထိုလူ ခုန်ပေါက်နေပြီး ကျောပေါ်က ဟူကျစ်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေရသည်။
သို့သော်လည်း ဟူကျစ်က အလွန်လျှင်မြန်ပါသည်။ သူညာဘက်ကို လာဖမ်းလျှင် ဘယ်ဘက်ကို ခုန်ကူးသည်။ ဘယ်ဘက်ကို လာဖမ်းလျှင် ညာဘက်ကို ခုန်ကူးသည်။
ဘယ်ခုန်ညာကူး လုပ်နေရသော်လည်း ထိုလူ့၏ ဂုတ်ကို ကောင်းကောင်း ကုတ်ခြစ်နိုင်ဆဲပင်။
“အား!!” ထိုလူ အငြိမ်မနေနိုင်တော့ချေ။
“ဟူကျစ် နင်နှေးလွန်းတယ်!” စူစူလေးက ကျန်လူရမ်းကားတွေကိုပါ ပန်းခင်းဆီ ကိုင်ပေါက်ပြီးပါပြီ။ ဟူကျစ်ကုတ်တာ ခံနေရသည့် လူသာ ကျန်တော့သည်။
“မြောင်!!” ဟူကျစ်က အော်မြည်ရင်း ထိုလူ့ မျက်နှာပေါ် ရုတ်တရက် ခုန်တက်လိုက်သည်။
ထို့နောက် ထိုလူ့မျက်နှာကို နောက်ခြေထောက် ၂ ချောင်းဖြင့် ကန်ထုတ်လိုက်ရာ နောက်ပြန်လွင့်သွားပြီး ကြမ်းပြင်းပေါ် ပြင်းပြင်းထန်ထန် လဲကျသွားလေသည်။
ဟူကျစ်က ထိုအရှိန်ဖြင့် စူစူလေး၏ ပခုံးပေါ် ပြန်ခုန်တက်သွားပါသည်။
“မြောင် မြောင်…” ဟူကျစ်က စူစူလေး၏ ပါးကိုပွတ်ရင်း သူ့သခင် ချီးကျူးမှာကို မျှော်နေပါသည်။
ချင်းယုကျီး အတော်လေး အံ့အားသင့် မှင်သက်သွားခဲ့၏။
စူစူလေးက အလွန် သန်မာသည်။ သူ့ကြောင်ကလည်း ထိုနည်းလည်းကောင်း အလွန်ကြမ်းတမ်း၏။ သူ့မျက်နှာတည့်တည့်မှာ ဟူကျစ် အီးပေါက်သွားသည့် အဖြစ်အပျက်ကို ချင်းယုကျီး ပြန်သတိရမိ၏။
မြေကြီးပေါ် လဲနေသည့်ကောင်ကို ကြည့်ရင်း သူ့မျက်နှာတည့်တည့်ကို ဟူကျစ် အီးပေါက်သွားတာက အများကြီး ပိုညှင်သာသဖြင့် ကျေးဇူးတင်ရမလိုတောင် ဖြစ်နေသည်။
စိတ်ရှုပ်စရာတွေနဲ့ စာရင်းရှင်းပြီးနောက် စူစူလေး မျက်စောင်းထိုးလိုက်သည်။ “ငါ့တူလေးကို ထပ်ပြီး အနိုင်ကျင့်ရဲကျင့်ကြည့်! ကြားလား။ ငါ့တူလေးက ချစ်စရာမကောင်းပေမယ့် သူ့ကို အနိုင်ကျင့်လို့ မရဘူး!”
ချင်းမိသားစုက အချင်းချင်းသာ အနိုင်ကျင့်ကြပါမည်။ အပြင်လူတွေ လာအနိုင်ကျင့်မှာကိုတော့ မခံနိုင်ပါ။
မြေကြီးပေါ်ကလူတွေ ဖြည်းဖြည်းချင်း ပြန်ထလာပြီး ချင်းယုကျီးရှေ့က ချစ်စရာကောင်မလေးကို တွေ့သောအခါ သာမန် ချစ်စရာ ကလေးလေးတစ်ယောက်ဟု မမြင်နိုင်င်တော့ပါ။
“လခွီးပဲ! ချင်းယုကျီး! မင်းသူ့ကို ဘယ်ကနေ သွားခေါ်ထားတာလဲ?!” ရှုယီချန့်က ချင်းယုကျီးကို ဒေါသတကြီး မေးလိုက်သည်။
နာကျင်မှုကြောင့် ရှုံ့တွနေသော လူရမ်းကားအဖွဲ့ကိုကြည့်ရင်း ချင်းယုကျီး၏ မျက်နှာက အံ့အားသင့်မှုမှ စိတ်ကြီးဝင်နေသော မျက်နှာအဖြစ် ပြောင်းလဲသွားသည်။ “အဲ့တာ မင်းတို့အပူပါလား”
အခန်း(၂၇) မကောင်းဆိုးဝါးမလေးမှာ ချစ်စရာအချက်တွေတော့ ရှိသား
ချင်းယုကျီး၏ မျက်နှာ၊ သူ့အပြုံးနဲ့ လေသံတို့ကအစ စိတ်ကြီးဝင်မှုကို ပြသနေသည်။
“မအေပေး ချင်းယုကျီး။ မင်းစောင့်ကြည့်နေစမ်းပါ! နင်လည်းအတူတူပဲ သောက်ကလေးမလေး! စောင့်ကြည့်နေ!”။ ရှုယီချန့် ဒေါကြီးမောကြီးဖြင့် ကျိန်ဆဲလိုက်သည်။
ဟွာချန့်မြို့မှာ သူ့ကို ဒီလို စော်ကားရဲသည့်လူ များများစားစား မရှိပါ။
နို့နံ့တောင် မစင်သေးသည့် ကလေးမလေးတစ်ယောက်ရဲ့ ကိုင်ပေါက်ခြင်းကို ခံခဲ့ရသည်ဟူသော သတင်းသာ ပြန့်သွားပါက ရှုယီချန့်တစ်ယောက် ဟွာချန့်မြို့မှာ ဆက်ပြီး လူမိုက်လုပ်နိုင်ပါဦးမလာား။
“ရှုယီချန့် မင်းယောက်ျားဆိုရင် ငါနဲ့ စာရင်းလာရှင်းစမ်းပါ။ အကြွေးရှိရင် ဆပ်ရတယ်။ ငါဆိုတဲ့ ချင်းယုကျီးက မင်းရှာနေတဲ့ကောင်ပဲ!”။ ချင်းယုကျီး အော်ပြောလိုက်သည်။
“ထွီး! ဖျင်ခေါင်းမကျယ်စမ်းပါနဲ့ကွာ။ သိပ်မကြာခင် မင်းမြေပေါ် ဒူးထောက်ပြီး တောင်းပန်ရလိမ့်မယ်!”
ရှုယီချန့်က ချင်းယုကျီးကို ခြိမ်းခြောက်ရင်း လှည့်ထွက်သွားခဲ့သည်။ သူ့နောက်လိုက်တွေလည်း ခြေထောက် ထော့နဲ့ထော့နဲ့ဖြင့် အနောက်က လိုက်သွားခဲ့ကြပါသည်။
ထိုစဉ် စူစူလေးပျောက်လို့ လိုက်ရှာနေသော အဘိုးချင်းနဲ့ အဘွားချင်းတို့ ခြံတံခါးဝဆီ ရောက်လာကြသည်။
ခပ်လှမ်းလှမ်းမှ စူစူလေး၊ ချင်းယုကျီးနဲ့ လူရမ်းကားအဖွဲ့ကို သူတို့ တွေ့သွားကြပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ စူစူလေးဆီ လျှပ်စီးလို အပြေးရောက်လာကြပြီး အဘွားချင်းက စိုးရိမ်စွာ ပွေ့ဖက်လိုက်သည်။ “ငါ့အသဲလေး ဘာလို့ ခြံပြင်ရောက်နေတာလဲ။ မေမေ ကြည့်ဦးမယ် ဘယ်နား နာသွားသေးလဲ”
“သမီး ဘာမှမဖြစ်ပါဘူး!” စူစူလေး ယုံကြည်ချက် ပြည့်ဝစွာဖြင့် သွားပေါ်အောင် ပြုံးပြလိုက်ပါသည်။
“ခုနကလူတွေက ဘယ်သူတွေလဲ”။ အဘွားချင်းက စိတ်ပူစွာ မေးသည်။
စူစူလေး၏ လက်သေးသေးလေးက ချင်းယုကျီးကို လက်ညှိုးထိုးလိုက်ပါသည်။ “တူလေးရဲ့ သူငယ်ချင်းတွေ”
“ဘာသူငယ်ချင်းတွေလဲ။ သူတို့ ကျွန်တော့်ကို လာရန်ရှာတာ”။ ချင်းယုကျီးက အမြန် ရှင်းပြလိုက်ပါသည်။
“ဘာကွ မင်းကို ရန်လာတွေ့တာ ဟုတ်လား။ လူရမ်းကားလေး ရန်ထပ်ဖြစ်ပြန်ပြီလား!”။ အဘိုးချင်း ခေါင်းမီးတောက်သွား၏။
ချင်းယုကျီး ဘာမှပြန်မပြောဘဲ ခေါင်းငုံ့နေလိုက်ပါသည်။ သို့သော် ဒီနေ့ ရန်ပွဲက သူစတာ မဟုတ်ပါ။ သူ့ ရန်သူတွေက သူ့ကို လာရှာတာကြောင့်သာ ဖြစ်သည်။
ချင်းယုကျီးကို ဒီလိုပုံစံနဲ့ မြင်တော့ အဘိုးချင်း ဒေါသပိုကြီးသွားသည်။
“ဆန်ကုန်မြေလေး! ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ!”။ လက်တစ်ဖက်ကို မြှောက်လျက် ချင်းယုကျီးကို ရိုက်ဖို့ ပြင်လိုက်သည်။
“ဖေဖေ စိတ်မဆိုးပါနဲ့!” စူစူလေးက အဘိုးချင်း၏ လက်ကို လှမ်းဆွဲတားလိုက်သည်။ “အဲ့ကောင်တွေက လူဆိုးတွေ။ သမီးတူလေးက ချစ်ဖို့မကောင်းပေမယ့် ဒီနေ့ သူဘာအမှားမှ မလုပ်ပါဘူး”
စူစူလေးက အမှားနဲ့ အမှန်ကိုတော့ ခွဲခြားတတ်ပါသည်။ ချင်းယုကျီးကို သဘောမကျသော်လည်း ဒီနေ့ သူအပြစ်မရှိပါ။
“စူစူလေး သေချာရဲ့လား”။ အဘွားချင်းက မေးလိုက်၏။။
စူစူလေးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်ဖြေ၏။ “တကယ်ပြောတာ! သူတို့က လူရမ်းကားတွေ!”
ချင်းယုကျီးကို ကာကွယ်ပေးနေသည့် စူစူလေးကိုကြည့်ရင်း အဘိုးချင်းနဲ့ အဘွားချင်းတို့ အံ့အားသင့်သွားခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် ချင်းအိမ်တော်ထံ စူစူလေးကို ခေါ်လာကတည်းက ချင်းယုကျီးနဲ့ သူမနဲ့ အကျောမတည့်ခဲ့တာကြောင့်ဖြစ်သည်။ မိသားစု ထမင်းလက်စုံစားချိန်မှာတောင် မျက်နှာချင်း မဆိုင်ကြပါ။
ချင်းယုကျီး ကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။
ဒီမကောင်းဆိုးဝါးမလေးက သူ့အတွက် ကာပြောပေးနေတယ်!
ချင်းယုကျီး၏ ချောချောမောမော မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာ၏။ ဒီမကောင်းဆိုးဝါးမလေးမှာ ကောင်းကွက်လေးတွေတော့ ရှိသားပဲ!
“အပေအတေကောင် ဘာတွေပြုံးနေတာလဲ။ ငါတို့အသဲလေး ကာကွယ်ပေးလို့ နင်လွတ်ပြီ မထင်နဲ့! ပြဿနာပဲ ရှာနေတဲ့ကောင်! အပြင်မှာ ပြဿနာရှာပြီး နင့်ဒေါ်လေးရှေ့ ခေါ်လာတယ်။ နင့်ဒေါ်လေးက သေးသေးလေးပဲ ရှိသေးတာ။ ဒီလောက် ပျော့ညံ့တာ သူတစ်ခုခု ဖြစ်သွားရင် မင်းဘာလုပ်မလဲ”
အာ…
သူ့အဘွား၏ စကားလုံးတွေက အဓိပ္ပာယ်ရှိတစ်ဝက် မရှိတစ်ဝက်ဖြစ်နေသည်ဟု ချင်းယုကျီး ခံစားလိုက်ရသည်။
သူ့ကြောင့် ပြဿနာဖြစ်တာတော့ မှန်ပါသည်။
သို့သော် သူတို့ သမီးကို ‘ပျော့ညံ့’သည်ဟု ဆိုတာကတော့… ဆွေးနွေးချင်စရာပဲ မဟုတ်လား။
ချင်းစူစူကို ပျော့ညံ့သည်ဟု ခေါ်လျှင် ခုနက မြေပေါ် မှောက်နေသည့်ကောင်တွေက ဂျယ်လီငါးအဆင့်သာ ရှိလိမ့်မည်။
“ပြောလေ! ပြဿနာတွေရှာပြီး မင်းဒေါ်လေးကို အန္တရာယ်ဖြစ်အောင် လုပ်သင့်လား မလုပ်သင့်ဘူးလားလို့!” အဘိုးချင်းက ခက်ထန်စွာ မေးလိုက်၏။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒီတစ်ခေါက်က မတော်တဆဖြစ်တာပါ။ ထပ်မဖြစ်စေရဘူး”။ ချင်းယုကျီး ခေါင်းငြိမ့်လိုက်ရပါသည်။
အမှန်ပင်။ ဒီတစ်ခေါက် ပြဿနာကို သူဆွဲခေါ်လာတာဖြစ်သည်။ ထို့ကြောင့် သူ့အဘိုး ဆုံးမတာကို ခေါင်းငုံ့ခံရုံသာ ရှိပါသည်။
အဘိုးချင်းက ဆူလို့မဝသေးပေ။ “ပြီးတော့ ငါတို့ အသဲလေးကို ခြံပြင်ခေါ်ထုတ်ပြီး ဘာလုပ်ဖို့ ကြံနေတာလဲ။ သေချင်လို့လား။ ငါတို့ အသဲလေး တစ်ခုခုဖြစ်လို့ကတော့ မင်းခြေထောက်တွေ ကျိုးပြီသာမှတ်!”
… … …