← Chapters

အခန်း (၂၈+၂၉)

Vol. 2 Ch. 28+29

အခန်း (၂၈+၂၉)

Vol. 2 Ch. 28+29

အခန်း(၂၈) တူတော်မောင် ချင်းယုဟွိုင်း

“အဘိုး ကျွန်တော်သူ့ကို ပြန်ပေးဆွဲတာ မဟုတ်ဘူး။ သူ့ဖာသာသူ ထွက်ပြေးသွားတာ”။ ချင်းယူကျစ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်ပါသည်။

ဒီဘိုးအေလေးက သူ့ဖာသာသူ ထွက်ပြေးသွားလို့ သူလိုက်ဖမ်းရတာ မဟုတ်ဘူးလား?!

“ဒါဖြင့်ရင် မင်းက ဘာလို့မတားတာလဲ။ အပြင်မှာ အန္တရာယ် ဒီလောက်များတာ ဘာလို့ ထွက်ခွင့် ပေးလိုက်တာလဲ?!” အဘိုးချင်းက ဒေါကြီးမောကြီး ဆူလိုက်သည်။

“အဘိုး၊ အဘိုးသမီး ဘယ်လို ပြဿနာရှာနိုင်လဲဆိုတာ အဘိုးကောင်းကောင်း သိပြီးသားမလား။ သူ အပြင်ထွက်ရင် သူကလွဲပြီး အကုန်အန္တရာယ်ရှိတယ်”

“မင်းကဘာသိလို့လဲ။ စူစူလေးက သေးသေးလေးပဲ ရှိသေးတာ။ သူများ လှည့်စားတာ ခံရနိုင်တယ်။ မင်းနားမလည်ဘူးလား”

စူစူလေး သန်မာမှန်း အဘိုးချင်းသိပါသည်။ သို့သော် ကမ္ဘာကြီးက အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်သည်။ အရာရာကို ခွန်အားနဲ့ ဖြေရှင်းလို့မရပါ။

ချင်းယုကျီးက စူစူလေး၏ နူးညံ့ပြီး ချစ်စရာကောင်းသော မျက်နှာလေးကို ကြည့်ရင်း သူ့အဘိုးပြောတာ မှန်သည်ဟု ခံစားလိုက်ရပါသည်။

ဒီကလေးမလေးက သန်မာသော်လည်း ကလေးလေးတစ်ယောက်သာ ဖြစ်သည်။ စကားလုံးချိုချိုလေးတွေနဲ့ လှည့်စားဖို့ လွယ်ကူသည်။

“ဟုတ်ပါပြီ နားလည်ပါပြီ။ နောက်တစ်ခါ သတိထားပါ့မယ်”။ ချင်းယုကျီးလည်း စိတ်မပါလက်မပါနဲ့ သူ့အပြစ်သူ ဝန်ခံလိုက်ပါသည်။

“ကဲကဲ ခြံပြင်မှာ ရပ်မနေကြနဲ့။ အထဲဝင်ရအောင်။ ညစာစားချိန်တောင် ရောက်တော့မယ်။ ငါ့အသဲလေး ဗိုက်ဆာနေရောပေါ့”။ အဘွားချင်းက ပြောလိုက်ပါသည်။

ဒီလိုနဲ့ အဘိုးချင်းနဲ့ အဘွားချင်းတို့က စူစူလေးကို အိမ်ထဲ ပြန်ခေါ်သွားသည်။ ချင်းယုကျီးလည်း အနောက်မှ လိုက်လာရင်း စူစူလေးနဲ့ သူ့ရင်ခွင်ထဲက ကြောင်ဖြူလေးကို ငေးကြည့်နေခဲ့ပါသည်။

ချင်းယုကျီးက စူစူလေးကို ပြုံးပြလိုက်သည်။ သို့သော် စူစူလေးက သူ့ကို လျစ်လျူရှုလိုက်ပြီး ချက်ချင်း မျက်နှာလွှဲသွားပါသည်။

ဒီတူလေးက မလိမ္မာဘူး! မသိချင်ယောင်ဆောင်လိုက်!

ဟ…

ချင်းယုကျီး ဘာပြောရမှန်းတောင် မသိတော့ပါ။။ ခုနလေးတင် သူ့ကို ကာကွယ်ပေးခဲ့တာ မဟုတ်ဘူးလား။ အခုမှ ဘာလို့ သူစိမ်းဆန်သွားရတာလဲ။

ဘာကြောင့်မှန်းမသိဘဲ စူစူလေး မျက်နှာလွှဲသွားတာကိုမြင်တော့ ချင်းယုကျီး ရင်ထဲ ပဋိပက္ခ ဖြစ်သွားခဲ့၏။

ခုနက သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး ကာကွယ်ပေးခဲ့တုန်းက အလွန်ချစ်ဖို့ကောင်းခဲ့သည်။ သူ့ကိုယ်စား အဘိုးကို ကူရှင်းပြပေးသည့် ပုံစံလေးကလည်း ချစ်ဖို့ကောင်းသည်။

ဒါဆို မိန်းမတွေက အသက်အရွယ်မရွေး စိတ်အပြောင်းအလဲမြန်တယ်ဆိုတာ တကယ်ပဲပေါ့…။

--- --- ---

ညစာစားပြီးနောက် ည ၈ နာရီထိုးပြီဖြစ်သည်။ အဘိုးချင်းနဲ့ အဘွားချင်းတို့က အလုပ်ကိစ္စတချို့ ရှိသဖြင့် စူစူလေးတစ်ယောက်တည်း ဧည့်ခန်းထဲမှာ ဟူကျစ်နဲ့အတူတူ ရုပ်ပြစာအုပ် ထိုင်ကြည့်နေပါသည်။

သူမက အသက် ၁၀၃ နှစ်ခွဲ ရှိပြီဖြစ်သော်လည်း ဒီလို လူသားတွေ တီထွင်ထားသည့် ရုပ်ပြစာအုပ်မျိုးကို မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူမ ဝန်မခံချင်သော်လည်း လူသားတွေ ဖန်တီးထားသည့် တချို့အရာတွေက အလွန်ကြည့်လို့ကောင်းသည်။ စကြည့်ကတည်းက ချက်ချင်း စိတ်ဝင်စားသွားခဲ့ပါသည်။

သူမ ရုပ်ပြစာအုပ်ကြည့်နေစဉ် အရပ်ရှည်ရှည်လူတစ်ယောက် အိမ်ထဲဝင်လာသည်။

ခက်ခက်ထန်ထန် မျက်နှာ၊ ကျောက်သားလို ထုဆစ်ထားသည့် ပြစ်မျိုးမှဲ့မထင် မျက်နှာမျိုး၊ မျက်ခုံးထူးထူ၊ တောက်တောက်ပပ မျက်လုံးတို့ ရှိသည်။

ပုံစံအားဖြင့် စူစူလေး မဂ္ဂဇင်းထဲမှာ မြင်ဖူးသည့် မော်ဒယ်တစ်ယောက်နဲ့တောင် ဆင်ပါသည်။ သူက အလွန် ချောမော၏။

စူစူလေးက ထိုလူ့ကို ကြည့်နေစဉ် ထိုလူကလည်း စူစူလေးကို ပြန်ကြည့်နေပါသည်။

အလုပ်ကိစ္စတစ်ခုကြောင့် ချင်းယုဟွိုင်း အိမ်နဲ့ဝေးနေတာ ရက်အတော်ကြာပါပြီ။ သူ့အဘိုးအဘွားတွေ အိမ်ပြန်ရောက်နေမှန်း သိသဖြင့် သတ်မှတ်ရက်ထက် စောကာ ဟွာချန့်ကို စောစော ပြန်လာခဲ့သည်။

အိမ်ထဲဝင်လာတာနဲ့တစ်ပြိုင်နက် မတွေ့ရတာကြာပြီဖြစ်သည့် အဘိုးနဲ့အဘွားကို မမြင်ရဘဲ ကလေးလေး တစ်ယောက်ကိုသာ တွေ့လိုက်ရပါသည်။

ပန်းရောင် ညအိပ်ဝတ်စုံနဲ့ ဝဝကစ်ကစ် ကောင်မလေးတစ်ယောက် ကြောင်ဖြူလေးတစ်ကောင်ကို ဖတ်ထားပြီး ကော်ဇောပေါ်မှာ ထိုင်နေသည်။

ချင်းယုဟွိုင်းက မျက်မှောင်ကြုတ်လိုက်ပြီး စူစူလေး၏ မျက်လုံးတွေကို သံသယကြီးစွာ ကြည့်လိုက်၏။

ရန်သူက မလှုပ်ရှားရင် ငါလည်းမလှုပ်ရှားရဘူးဟု စူစူလေး တွေးလိုက်သည်။ ထိုလူ မလှုပ်ရှားသေးသဖြင့် သူမလည်း ဘာအကွက်မှ ထုတ်မသုံးသေးပါ။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်သာ ကြည့်နေခဲ့ကြသည်။

နောက်ဆုံးတော့ ချင်းယုဟွိုင်းကပဲ စူစူလေးဆီ လျှောက်လာပြီး ကြမ်းပြင်ပေါ်က ကောင်မလေးကို အပေါ်စီးမှ ငုံ့ကြည့်ကာ မေးလိုက်သည်။

“နင်ဘယ်သူလဲ ငါ့အိမ်ထဲမှာ ဘာလုပ်နေတာလဲ”။ ချင်းယုဟွိုင်း၏ အသံက နက်ရှိုင်းပြီး ဆွဲဆောင်မှု ရှိသည်။ သို့သော် သူ့လေသံက အလွန်အေးတိအေးစက် နိုင်ပါသည်။

“နင်ကကော ဘယ်သူလဲ။ ဘာလို့ ငါ့အိမ်ထဲ ဝင်လာတာလဲ”။ စူစူလေးက ပြန်ငေါက်လိုက်၏။

ဒါကိုကြားတော့ ချင်းယုဟွိုင်း မျက်မှောင်ပိုတောင်ကြုတ်သွားခဲ့ပါသည်။

အခန်း(၂၉) နားလည်မှု လွဲတာပါ

“နင့်အိမ်ဟုတ်လား”။ ချင်းဟုဟွိုင်းက မေးသည်။

“ဟုတ်တယ်! ဒါငါ့အိမ်ပဲ!”

ဖေဖေနဲ့မေမေလည်း ဒီလိုပဲပြောခဲ့တာမဟုတ်လား။ မမှားနိုင်ပါဘူး။

ကလေးမလေးက ကလေးဆန်သည့် လေသံဖြင့် စကားပြောနေသော်လည်း သူ့စကားလုံးများက ပီသပြီး အဓိပ္ပာယ်ပါသဖြင့် ဒီကလေးမလေး မဟုတ်တာ ပြောနေခြင်း မဟုတ်လောက်ဟု ချင်းယုဟွိုင်း တွေးလိုက်သည်။

သို့သော် ဒီအိမ်ကို သူမအိမ်ဟု ပြောနေတာကတော့ ထူးဆန်းလွန်းပါသည်။ သူတို့ မိသားစုမမှာ ယောက်ျားလေးတွေသာ ရှိသည်။ မိန်းကလေး တစ်ယောက်မှ မရှိပါ။

“နင့်နာမည် ဘယ်လိုခေါ်လဲ”။ ချင်းယုဟွိုင်းက သံသယဖြင့် မေးလိုက်၏။

“ချင်းစူစူ”။ စူစူလေးက တွန့်ဆုတ်မှုမရှိဘဲ ပြန်ဖြေလိုက်သည်။

မျိုးရိုးနာမည် ‘ချင်း’တဲ့!

ထိုအချိန်တွင် အဖြေမှန် ပေါ်လုနီးပါး ဖြစ်နေပါပြီ။

ဒီကလေးမလေးက သူ့အဖေ ကြိတ်ပုန်းခုတ်လို့ ရလာတဲ့ သမီးလား။ ဒါမှမဟုတ် သူ့ဦးလေးတွေထဲက တစ်ယောက်ယောက်ရဲ့ လက်ချက်လား။

ထိုအတွေးဖြင့် ချင်းယုဟွိုင်း၏ မျက်နှာ အလွန်မှောင်မိုက် အကျည်းတန်သွားသည်။

ဒီကောင်မလေးကသာ သူ့အဖေ သို့မဟုတ် ဦးလေးတစ်ယောက်ယောက်ရဲ့ တရားမဝင် သမီးဆိုလျှင် သူတို့မိသားစုအတွင်း မကြာခင် မုန်တိုင်း တိုက်တော့မည်။

သံသယကြီးစွာဖြင့် စူစူလေးကို ချင်းယုဟွိုင်း ဆက်မေးလိုက်သည်။ “နင့်ကို ဒီအိမ်ထဲ ဘယ်သူ ခေါ်လာတာလဲ”

“ဘယ်သူမှ ခေါ်လာစရာမလိုဘူး။ ဒါ ငါ့အိမ်!” စူစူလေးက ပြန်ဖြေလိုက်သည်။

“လောလောဆယ် ဒီအိမ်က နင့်အိမ် မဟုတ်သေးဘူး…”

ဘယ်မိသားစုဝင်က တရားမဝင်သမီးပဲ ရလာရလာ တစ်မိသားစုလုံးရဲ့ ခွင့်ပြုချက်ရမှ သူမကို မိသားစုဝင် အဖြစ် သတ်မှတ်နိုင်မည်ဟု ချင်းယုဟွိုင်း ယုံကြည်ထားသည်။

သူ့လေသံက အလွန်အေးစက်ပါသည်။ နားဝင် မချိုလှပေ။

စူစူလေးက ငယ်သေးသော်လည်း သူမကို ဘယ်သူ သဘောကျသလဲ သဘောမကျဘူးလဲဆိုတာ ခွဲခြားနိုင်စွမ်း ရှိသည်။

“ဒါငါ့အိမ် ဘာလို့ ငါ့အိမ်မဟုတ်ဘူးလို့ ပြောရတာလဲ။ ပြီးတော့ နင်ကကော ဘယ်သူလဲ။ ဘာလို့ ငါ့အိမ်ထဲ ဝင်လာတာလဲ”။ ချင်းယုဟွိုင်းကို စူစူလေး သံသယဖြစ်လာပါသည်။

ဒီလူ့ပုံစံက သိပ်ပြီး သဘောကောင်းပုံ မပေါ်ပါ။ ဒီအိမ်က သူမအိမ် ဟုတ်ရဲ့လားဟု ဆက်တိုက် မေးနေသည်။ ဒီလူက သူခိုးဂျပိုးများလား။

သူမ ဖေဖေနဲ့ မေမေကို ကာကွယ်ပေးရမည်။ ဒီလူသာ သူခိုးဂျပိုးဆို အိမ်ထဲဝင်ခွင့် ပေးလို့မဖြစ်ပါ။

“ဝေါင်း--” သခင်၏ စိတ်အခြေအနေကို ရိပ်စားမိသဖြင့် ဟူကျစ်ကလည်း သူ့သခင် အားတက်စေဖို့ ကူညီ မာန်ဖီပေးလိုက်သည်။

ချင်းယုဟွိုင်း မျက်မှောင် ထပ်ကြုတ်သွား၏။ စူစူလေး၏ ဖြူဖြူသေးသေး မျက်နှာလေးကို ကြည့်ရင်း ဒီလို ကလေးလေးနဲ့ ရန်ဖက်ဖြစ်နေလို့ ဘာမှ ထူးမှာမဟုတ်ကြောင်း နားလည်သွား၏။

“နင့်ကို ဒီခေါ်လာတဲ့လူ ဘယ်မှာလဲ”။ ဇာတ်ကြောင်းအစုံအလင် နားလည်ဖို့အတွက် တရားခံကို တိုက်ရိုက် ရှာဖွေဖို့ ချင်းယုဟွိုင်း ဆုံးဖြတ်လိုက်သည်။

“နင်ဘယ်သူလဲဆိုတာ အရင်ပြော”။ စူစူလေးက သူ့ဖေဖေနဲ့ မေမေတို့ ဘယ်မှာရှိနေသလဲဆိုတာ သူစိမ်းတစ်ယောက်ကို အလွယ်တကူ ထုတ်ပြောမှာ မဟုတ်ပါ။

“ထားလိုက်ပါတော့ ငါနင့်ကို မမေးတော့ဘူး။ ငါ့ဖာသာပဲ သွားရှာတော့မယ်”။ စူစူလေးနဲ့ စကားပြောပြီး ချင်းယုဟွိုင်း အချိန်ထပ်မဖြုန်းချင်တော့ပါ။

ချင်းယုဟွိုင်း အိမ်အပေါ်ထပ် တက်ဖို့ ပြင်လိုက်စဉ် စူစူလေးက ရှေ့အမြန်ပြေးလာပြီး လက်နှစ်ဖက် ဆန့်တန်းလျက် ပိတ်ကာလိုက်ပါသည်။

“နင်ဘယ်သူလဲဆိုတာ မပြောရသေးဘူး။ အပေါ်တက်လို့မရဘူး!” စူစူလေး၏ မျက်နှာက စူပုပ်ပြီး ခက်ထန်နေပါသည်။

ချင်းယုဟွိုင်း ခါးအနည်းငယ် ကိုင်းကာ သူ့ရှေ့က ကောင်မလေးကို ငုံ့ကြည့်လိုက်၏။ သူမရဲ့ လက်ကလေး ၂ ဖက်ပေါင်းလျှင် သူ့ခြေထောက်တစ်ဖက် အရွယ်တောင် မရှိပါ။

ဒါတောင် ဒီကောင်မလေးက သူ့ကို တားဖို့ကြိုးစားနေသည်။

သို့သော် ကလေးတွေမှာ အပြစ်မရှိပါ။ ဘယ်သူ့ရဲ့ တရားမဝင် သမီးပဲဖြစ်ဖြစ် သူမမှာ အပြစ်မရှိပေ။

“ဖယ်စမ်း။ ငါနင့်ကို မကြမ်းချင်ဘူးနော်။ နင့်မိဘတွေကို ငါရှာနေတာ”။ ချင်းယုဟွိုင်းက ရှင်းပြလိုက်သည်။

မိဘတွေကို ရှာနေသည်ဟု ကြားလိုက်တာနဲ့တစ်ပြိုင်နက် သူ့ကို သွားခွင့်ပေးလို့ မဖြစ်မှန်း စူစူလေး ပိုသေချာသွားသည်။

“မရဘူး! ငါဒီမှာ ရှိနေသေးသရွေ့ ငါ့ဖေဖေနဲ့ မေမေကို အနိုင်ကျင့်ခွင့်မရှိဘူး!”

“ကလေးမ နင်ငါ့ကို မတားနိုင်ဘူးနော်။ ငါနင့်ကို အနိုင်မကျင့်ချင်ဘူး ငိုအောင်လည်း မလုပ်ချင်ဘူး”။ ချင်းယုဟွိုင်းက သတိပေးလိုက်ပါသည်။

… … …

All Chapters