အခန်း (၃၀+၃၁)
Vol. 2 Ch. 30+31
အခန်း(၃၀) ကောက်ညှင်းထုပ်
အလုပ်တွေ ပြီးတာနဲ့ တစ်ပြိုင်နက် အဘိုးချင်းနဲ့ အဘွားချင်းတို့ အောက်ထပ်သို့ ခပ်သုတ်သုတ် ဆင်းလာကြသည်။ သူတို့ သမီးလေး တစ်ယောက်တည်း ဘာတွေ လုပ်နေကြသလဲဆိုတာ မြင်ချင်နေတာကြောင့် ဖြစ်သည်။
သို့သော် အောက်ထပ်ကို ရောက်တာနဲ့ တစ်ပြိုင်နဲ့ နှစ်ယောက်စလုံး ကြက်သေသေသွားစေမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါသည်။
သူတို့ မြေးအကြီးဆုံး ချင်းယုဟွိုင်းတစ်ယောက် ထိုင်ခုံတစ်လုံးမှာ ကြိုးတုပ်ခံထားရသည်။
ခြေနှစ်ဖက် လက်နှစ်ဖက်စလုံးကို တင်းတင်းကျပ်ကျပ် ချည်နှောင်ခံထားရပြီး တစ်ကိုယ်လုံးပေါ်မှာ ကြိုးတွေ ရှုပ်ထွေးနေသည်။ သို့သော် ကြိုးတွေက အလွန်များပြားလွန်းသဖြင့် ကောက်ညှင်းထုပ် တစ်ထုပ်လို ဖြစ်နေပြီး ကြွက်သားတစ်မျှင်တောင် လှုပ်ရှားလို့ မရပေ။
မြင်ကွင်းက ကြောက်စရာ ကောင်းလွန်းပါသည်။
“ယုဟွိုင်း! ဘယ်လိုဖြစ်တာလဲ?! အိမ်ထဲ သူခိုးဝင်တာလား?!” အဘိုးချင်း ဂယောင်ချောက်ချား ဖြစ်စွာ မေးလိုက်သည်။
ဘယ်က မကောင်းဆိုးဝါးက သူတို့အိမ်ထဲမှာ သူတို့မိသားစုဝင်ကို ကြိုးတုပ်ထားရဲတာလဲ?!
ချင်းယုဟွိုင်း ဘာမှ ပြန်မပြောပါ။ သို့သော် သူ့မျက်နှာကတော့ ဒယ်အိုးဖင်ပမာ မှောင်မိုက်နေသည်။
သူ့ကို ကလေးမလေးတစ်ယောက်က ဒီလို ကြိုးတုပ်ထားတာ…
ဒီတိုင်း နူးညံ့ပြီးချစ်ဖို့ကောင်းသည့် ကလေးမလေးဟု ထင်ထားခဲ့သည်။
သို့သော်…
ဒီကလေးမလေးရဲ့ ခွန်အားက ကြောက်စရာကောင်းအောင် ကြီးမားလွန်းသည်။ သူ့လက်တွေကို ဖမ်းဆွဲပြီးနောက် ချင်းယုဟွိုင်း လုံးဝ ခုခံလို့ မရခဲ့ပါ။ ထို့နောက် အခြေအနေတွေက ဒီလောက်ထိ ဖြစ်သွားခြင်း ဖြစ်သည်…။
ချင်းယုဟွိုင်းက အိမ်ပြင်ပမှာ လူတိုင်းက လေးစားရသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူ့ဝန်ထမ်းတွေ အားလုံး သူ့ကို ကြောက်ရွံ့ကြ၏။
ယခုတော့ ထိုင်ခုံတစ်လုံမှာ သနားစရာကောင်းအောင် ကြိုးတုပ်ခံထားရပြီး သူများ ညှာတာမှ လွတ်မြောက်မည့် ဘဝလေး ဖြစ်နေလေပြီ။
“ဖေဖေ သမီးတို့အိမ်ထဲ သူခိုးဝင်လို့!! ဒါပေမယ့် သမီး သူ့ကို ဖမ်းမိထားတယ် အဲ့မှာ!”။ စူစူလေးက ချင်းယုဟွိုင်းကို လက်ညှိုးထိုးရင်း ပြောလိုက်ပါသည်။
သူမနဲ့ ဟူကျစ်တို့ သေချာ ကြိုးတုပ်ထားတာဖြစ်သည်။
ဟမ်?
ဟမ်?!
အဘိုးချင်းနဲ့ အဘွားချင်းတို့ ကျောက်ရုပ်တွေလို ရပ်တန့်သွား၏။ ဘာတွေဖြစ်နေသလဲ နားလည်နိုင်ဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။
သူတို့ မြေးအကြီးဆုံးကို သူခိုးဟုထင်ကာ သူတို့သမီးလေးက ဖမ်းဆီး ကြိုးတုပ်ထားခြင်း ဖြစ်၏။
အဘိုးချင်းက စူစူလေးကို အမြန်ရှင်းပြလိုက်ပါသည်။ “အဲ… စူစူလေး… ဒီလူက လူဆိုး သူခိုးမဟုတ်ဘူး။ သူက သမီးရဲ့ တူအကြီးဆုံး ချင်းယုဟွိုင်းပဲ!”
“အမ်”။ စူစူလေးလည်း အံ့အားသင့်သွားသော မျက်နှာလေး ဖြစ်သွားသည်။
ဒီလူက သူမရဲ့ တူအကြီးဆုံးတဲ့လား။
“ဟုတ်တယ် စူစူလေး။ သူက မေမေတို့ရဲ့ မြေးအကြီးဆုံး။ သမီး နားလည်မှုလွဲနေပြီ!” အဘွားချင်းကလည်း ထောက်ခံပေး၏။
မိဘတွေရဲ့ အာမခံမှုကြောင့် ချင်းယုဟွိုင်းက သူခိုးမဟုတ်မှန်း စူစူလေး လက်ခံသွားပါသည်။
သူမ အမှားလုပ်မိပြီး အပြစ်မရှိသူကို ကြိုးတုပ်မိခဲ့မှန်း နားလည်သွားကာ စူစူလေး အနေခက်စွာဖြင့် ကြံရာပါ ဟူကျစ်ကို လှမ်းကြည့်လိုက်သည်။
ဟူကျစ်ကလည်း ခေါင်းကို ငုံ့ထားပါသည်။
အဘိုးချင်းက ရှေ့တိုးပြီး ချင်းယုဟွိုင်းကို ကြိုးဖြည်ပေးဖို့ ကြိုးစားပါသည်။ စူစူလေးက သူ့ကို ကြိုးတွေ အထပ်ထပ် ချည်နှောင်ထားတာကြောင့် သူ့မြေးကို အချုပ်အနှောင်မှ လွတ်မြောက်စေဖို့ အဘိုးချင်း အတော်လေး ကြိုးစားခဲ့ရပါသည်။
ကြိုးတုပ်ထားသည့် ဒဏ်မှ လွတ်တာနဲ့တစ်ပြိုင်နက် ချင်းယုဟွိုင်း၏ သိမ်းငှက်ပမာ မျက်လုံးများက စူစူလေးကို စိုက်ကြည့်လိုက်ပြန်သည်။
အဘိုးချင်းက ချင်းယုဟွိုင်းကို ရှင်းပြဖို့ ကြိုးစား၏။ “ယုဟွိုင်း မင်းဒေါ်လေးကို စိတ်မဆိုးပါနဲ့။ မင်းရဲ့ ကြောက်စရာ မျက်နှာတည်ကြီးကြောင့် သူခိုးဂျပိုးလို့ ထင်သွားတာ နေမှာပါကွာ”
“ဘာပြောတယ်အဘိုး”။ ချင်းယုဟွိုင်းက မျက်မှောင်ကြုတ်လျက် မျက်လုံးမှေးလိုက်သည်။
“သူမင်းကို နားလည်မှုလွဲသွားတာပါလို့။ မင်းရဲ့ မျက်နှာတည်ကြီးကြောင့် မင်းကို သူခိုးလို့ ထင်သွားတာ နေမှာ”
“မဟုတ်ဘူး သူ့ကို ဘယ်လိုခေါ်လိုက်တာ”
အဘိုးချင်း၏ ရှင်းပြချက် စကားလုံးတွေက ချင်းယုဟွိုင်းအတွက် တစ်ဖက်နားမှ ဝင်ကာ တစ်ဖက်နားမှ ပြန်ထွက်သွားသည်။ သို့သော် ထို စကားလုံး ၃ လုံးကတော့ ခြွင်းချက်ဖြစ်၏။ သူ့ကို မိုးကြိုး ပစ်ခံရသလို တုန်ခါသွားစေသည်။
“မင်းဒေါ်လေးလေ!” အဘိုးချင်းက ပြန်ပြောလိုက်ပါသည်။ “စူစူလေးက မင်းအဘွားနဲ့ ငါနဲ့ မွေးထားတဲ့ သမီးလေး။ မင်းရဲ့ ဒေါ်လေးစစ်စစ်”
“အဘိုးနဲ့… အဘွားရဲ့ သမီး?” ချင်းယုဟွိုင်းရဲ့ ရေခဲတုံးလို အေးစက်သည့် ချောချောမောမော မျက်နှာ အက်ကွဲစ ပြုလာသည်။
“ဟုတ်တယ် ငါနဲ့ မင်းအဘွားရဲ့ သမီးလေးပဲ။ ငါတို့ရဲ့ သွေးသားအရင်း!” အဘိုးချင်းက အလေးအနက်ထားပြီး ရှင်းပြလိုက်သည်။
“အဘိုးနဲ့ အဘွား… ဒီကိစ္စက နောက်စရာ မဟုတ်ဘူး။ သမီးမိန်းကလေး လိုချင်လို့ မွေးစားချင်တယ်ဆို ကျွန်တော် မကန့်ကွက်ဘူး။ ကန့်ကွက်စရာအကြောင်းလည်း မရှိဘူး။ ကျွန်တော်တို့ မိသားစုမှာ နောက်ထပ် ကလေးတစ်ယောက်ကို ကျွေးမွေးရလို့ အပမ်းကြီးမသွားဘူး။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့ဆို သမီးဆိုတာထက် မြေးအဖြစ် မွေးစားသင့်တာ မဟုတ်ဘူးလား”
အခန်း(၃၁) ရင်နာရပြီ
“သူ့ကို မွေးစားထားတာ မဟုတ်ဘူးကွ! ငါတို့ရဲ့ သမီးအရင်းပါ ဆိုနေမှ! ကိုယ့်သွေးသားအရင်းရဲ့ ရာထူး အာဏာကို ပြောင်းလို့ရမလားကွ! သူက ငါတို့ သမီးဖြစ်တဲ့အတွက် မင်းတို့ရဲ့ ဒေါ်လေးဆိုတာကို ပြောင်းလဲလို့ မရဘူး! မင်းတို့ လက်မခံချင်ရင်တောင် အသိအမှတ်ပြုရမယ်!”။ အဘိုးချင်းက ဒေါကြီးမောကြီး ပြောလိုက်၏။
စူစူလေးနဲ့ ပတ်သတ်လာလျှင် အဘိုးချင်းက ဘယ်သူ့ကိုမှ သံသယဖြစ်ခွင့် မပေးပါ။
ချင်းယုဟွိုင်း မျက်ခုံးတွေ တင်းမာနေပြီး အဘိုးချင်း၏ စကားလုံးများကို လေးလေးနက်နက် တွေးတောရင်း မျက်နှာကလည်း ထိုင်းမှိုင်းသွားပါသည်။
စိတ်မရှည်လက်မရှည် ယုကျီးလို မဟုတ်ဘူး ယုဟွိုင်း၏ တုန့်ပြန်မှုက ပိုမို အေးစက် တည်ငြိမ်သည်။
သို့သော်လည်း မှောင်မိုက်နေသော သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့် သူ့ညီ ယုကျီးလိုပဲ စူစူလေးကို အလွယ်တကူ လက်ခံမှာမဟုတ်မှန်း သိသာသည်။
ယုဟွိုင်း၏ အကြည့်ကို ခံစားမိပြီး စူစူလေးလည်း မကြောက်မရွံ့ ပြန်စိုက်ကြည့်လိုက်သည်။
ခဏကြာတော့ ယုဟွိုင်းက အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။
ထို့နောက် အဘိုးအဘွားများကို ပြောလိုက်သည်။ “အဘိုးတို့ရဲ့ သမီးအရင်း ဟုတ်ဟုတ် မဟုတ်ဟုတ် တခြားသူတွေရဲ့ တရားမဝင်သမီး ဖြစ်တာထက်တော့ ပိုကောင်းပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်း မလိုအပ်ဘဲ နားလည်မှုလွဲတာတွေ မဖြစ်အောင် အချိန်ရရင် DNA သွားစစ်ထားသင့်တယ်”
ထိုသို့ပြောပြီးနောက် ယုဟွိုင်း လှေကားပေါ် တက်သွားခဲ့ပါသည်။
ဝုန်း!!
အပေါ်ထပ်မှ တံခါးတစ်ချပ် ဆောင့်ပိတ်သံ ထွက်ပေါ်လာသည်။
“အဘိုးကြီး ကျုပ်တို့ မြေးအကြီးဆုံးရဲ့ မာနထိခိုက်သွားတာများလား”
“မဟုတ်လောက်ပါဘူးကွာ။ သူက အမြဲတမ်း ဒီလို အေးတိအေးစက်နေတတ်တာပဲ။ သူ့စည်းကမ်းနဲ့သူ နေတတ်တဲ့ကောင်။ အလွယ်တကူ စိတ်မဆိုးတတ်ပါဘူးကွာ”
“ဒါဖြင့်ရင် ဘာလို့ တံခါးကို ဆောင့်ပိတ်လိုက်တာလဲ”
“ဘာလို့လဲဆိုတော့… သူမရှင်းနိုင်တဲ့ စာရင်းတစ်ခု ရှိနေလို့နေမှာပေါ့…” အဘိုးချင်းက ချည့်နဲ့စွာ ပြန်ဖြေလိုက်ပါသည်။
ထို့နောက် အဘိုးချင်းနဲ့ အဘွားချင်းတို့ စူစူလေးကို လှည့်ကြည့်လိုက်ကြသည်…။
စူစူလေး ကြောင်စီစီဖြင့် ခေါင်းကုတ်လိုက်မိသည်။
ဖေဖေနဲ့ မေမေက ဘာလို့ သူ့ကို ကြည့်နေတာလဲ။ သူလည်း လိမ်လိမ်မာမာနေရဲ့သားနဲ့!
စူစူလေး၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်ရင်း အဘွားချင်းက အဘိုးချင်းကို ရုတ်တရက် ပြောလိုက်သည်။ “အဘိုးကြီး ယုကျီးနဲ့ ယုဟွိုင်းတို့က စူစူလေးကို လက်မခံနိုင်ကြတဲ့ ပုံစံပဲ။ တခြားသူတွေလည်း သူတို့လိုပဲဆိုရင် စူစူလေး ဘယ်လိုလုပ်မလဲ”
အဘွားချင်း စိုးရိမ်မိပါသည်။ ယုကျီးက စူစူလေးကို သဘောမကျခဲ့ပါ။ ယခု ယုဟွိုင်းကပါ စူစူလေးကို လက်မခံနိုင် ဖြစ်နေသည်။
တခြား မိသားစုဝင်တွေလည်း စူစူလေးကို သူစိမ်းဆန်ဆန် ပြုမူတော့မှာကို အဘွားချင်း အာရုံရနေပါပြီ။
သူမနဲ့ အဘိုးကြီးတို့က တခြားသူတွေရဲ့ အထင်အမြင်ကို ဂရုမစိုက်ပါ။ သို့သော် တခြားသူတွေ စူစူလေးကို သဘောမကျတာကိုတော့ ဘာမှ လုပ်ပေးလို့ မရပေ။
အဘိုးချင်း မျက်နှာလည်း ညှိုးကျသွား၏။ မျက်လုံးတွေထဲမှာ စိုးရိမ်ပူပန်မှုတွေ ပေါ်လာခဲ့သည်။
အိမ်ပြန်မလာခင်ကတည်းက ဒီလို ပြဿနာတွေ ဖြစ်လာမှာ သူတို့ ကြိုတွေးခဲ့ပါသည်။
သူတို့အသက်ကြီးမှ ကလေးမွေးသည့်ကိစ္စကော၊ စူစူလေးရဲ့ သဘာဝလွန် ခွန်အားတွေကကော တခြားသူတွေရဲ့ လှောင်ပြောင် ပစ်ပယ်ခြင်းကို ခံရနိုင်ပြီး စူစူလေးရဲ့ အနာဂတ်ကိုပါ ထိခိုက်လာနိုင်သည်။
သို့သော် တခြားနည်းလမ်းမရှိပါ။ စူစူလေး ကျောင်းတက်ဖို့ လိုသည်။ သက်တူရွယ်တူတွေနဲ့ သူငယ်ချင်းဖွဲ့ဖို့ လိုအပ်သည်။ ကျေးရွာတစ်ခုမှာပဲ ဆက်ဖွက်ထားပြီး သူမရဲ့ အနာဂတ်ကို အဟန့်အတား ဖြစ်စေလို့ မရပါ။
အဘွားချင်း ဒူးထောက်ချလိုက်ပြီး စူစူလေးကို ပွေ့ဖက်ကာ နှစ်သိမ့်လိုက်သည်။ “ဝမ်းမနည်းပါနဲ့ သမီးလေး”
“ဝမ်းမနည်းပါဘူး မေမေရဲ့”။ သူမက ဘာလို့ ဝမ်းနည်းရမှာလဲ။ သူမ လုံးဝ ဝမ်းမနည်းပါ။
ခုနက အမှားကြောင့် နည်းနည်း ရှက်နေရုံသာဖြစ်သည်။
အဘွားချင်းက စူစူလေးကို ပြောလိုက်၏။ “တောင်းပန်ပါတယ် သမီးလေး။ အရမ်းနောက်ကျမှ မွေးပေးခဲ့မိလို့…။ သမီးရဲ့ တူတွေက သမီးကို လက်ခံနိုင်မယ့်ပုံ မပေါ်ဘူး။ ဒါပေမယ့် ဝမ်းမနည်းပါနဲ့ ဖေဖေနဲ့ မေမေက သမီးကို အမြဲတမ်း ချစ်နေမှာ”
သူမတို့ အသက်ရှည်ရှည် နေရအောင် ကြိုးစားမည်။ သူမတို့ သမီးလေး အရွယ်ရောက်သည့် အချိန်အထိ အသက်ရှင်နေနိုင်အောင် ကြိုးစားပါမည်။
“ဝမ်းမနည်းပါဘူး။ သူတို့ သမီးကို သဘောမကျလည်းရတယ်။ သမီးလည်း သူတို့ကို သဘောမကျဘူး!” စူစူလေး ပြန်ပြောလိုက်သည်။
“သမီးလေး…”။ အဘွားချင်းက စူစူလေး၏ မျက်နှာလေးကို ငေးကြည့်လိုက်သည်။ စိတ်သက်သာရာလည်း ရသလို ရင်လည်းနာမိပါသည်။
… … …