← Chapters

အခန်း (၃၂+၃၃)

Vol. 2 Ch. 32+33

အခန်း (၃၂+၃၃)

Vol. 2 Ch. 32+33

အခန်း(၃၂) ချစ်စရာကောင်းပြီး လိမ္မာသော အကြမ်းပတမ်းလေး

အဘိုးချင်းလည်း ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး အဘွားချင်းကိုကော စူစူလေးကိုကော ပွေ့ဖက်ထားလိုက်သည်။

“စိတ်မညစ်ပါနဲ့ အဘွားကြီးရယ်။ စူစူလေးကို ငါကာကွယ်ပေးပါ့မယ်။ ဘယ်သူမှ သူ့ကို အထင်မသေးစေရဘူး”

သူတို့ သမီးလေးရဲ့ ထူးခြားမှုကို မပြောင်းလဲနိုင်မှန်း အဘိုးချင်းနဲ့ အဘွားချင်းတို့ နှစ်ယောက်စလုံး သိကြပါသည်။

သူတို့ လုပ်နိုင်တာဆိုလို့ သူတို့ အသက်ရှိနေစဉ် ကာလအတွင်း စူစူလေးအတွက် တတ်နိုင်သမျှ လမ်းခင်းပေးခဲ့ဖို့ ဖြစ်သည်။ သူမကို အကောင်းမြင်တတ်အောင်၊ သန်မာအောင်၊ တခြားသူတွေနဲ့ လိုက်လျောညီထွေးနေတတ်အောင် သင်ကြားပေးရမည်။

မိဘများ၏ ပွေ့ဖက်မှုကို ခံထားရသော စူစူလေးမှာ သူမ မိဘတွေ ဘာကြောင့် စိတ်ညစ်နေသလဲဆိုတာ နားမလည်ပါ။

သူမ နားမလည်နိုင်သော်လည်း သူမ ဖေဖေနဲ့ မေမေတို့ကို မပျော်မရွှင် မဖြစ်စေချင်ပါ။

ထို့ကြောင့် စူစူလေးက အဘွားချင်း၏ ပခုံးပေါ်မှာ ခေါင်းမှီရင်း ပြောလိုက်သည်။ “ဖေဖေလည်း စိတ်မညစ်နဲ့ မေမေလည်း တူတူပဲ။ မငိုရဘူး”

သူမရဲ့ နူးနူးညံ့ညံ့ အသံလေးကြောင့် အဘိုးချင်းနဲ့ အဘွားချင်း စိတ်သက်သာရာ ရသွားခဲ့သည်။

--- --- ---

နောက်တစ်နေ့မနက် စူစူလေး အိပ်ရာနိုးလာတော့ အောက်ထပ်ကို ဆင်းဖို့ လှေကားထစ်နားမှာ ချင်းယုဟွိုင်းနဲ့ ဝင်တိုက်မိလေသည်။

ချင်းယုဟွိုင်းက ချက်ချင်း မျက်နှာလွှဲလိုက်၏။

ထို့နောက် စူစူလေးကို တမင်တကာ လျစ်လျူရှုလိုက်ပြီး အောက်ထပ်သို့ အမြန်ရောက်အောင် လှေကားကို တစ်ထစ်ကျော်စီ ဆင်းလိုက်သည်။

အောက်ထပ်သို့ ရောက်သွားပြီး နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ခြေတံတိုတိုလေးများနဲ့ စူစူလေးတစ်ယောက် လှေကားပေါ်မှ တော့တီးတော့တ ဆင်းလာတာကို ချင်းယုဟွိုင်း မြင်လိုက်ရသည်။

ကြောင်ဖြူလေးကလည်း သူမနောက်ကို လိုက်လာ၏။ နောက်ဆုံး လှေကားထစ်တွေနား ရောက်တော့ ကြောင်ဖြူလေးက အပျင်းကြီးပြီး သူ့ခန္ဓာကိုယ်လေးကို ဒီတိုင်း လှိမ့်ချပစ်လိုက်သည်။ ကြမ်းပြင်ပေါ်ကို ရောက်သောအခါ ဘာမှမဖြစ်သလို ပြန်ထပြီး သူ့သခင်နဲ့အတူ ထမင်းစားစားပွဲဆီ လိုက်သွားခဲ့ပါသည်။

စားပွဲကို ရောက်သောအခါ စူစူလေးက သူမထိုင်ခုံပေါ် တက်လိုက်ပြီး စနစ်တကျ ထိုင်လိုက်ပါသည်။ စားပွဲပေါ်မှာ အရသာရှိသည့် အစားအသောက်တွေနဲ့ ပြည့်နှက်နေသော်လည်း စူစူလေး တစ်ချက်မှ မလှုပ်ပါ။

ဟူကျစ်ကလည်း စူစူလေး၏ ထိုင်ခုံအောက်မှာ လိမ်လိမ်မာမာနဲ့ စားရမည့်အချိန်ကို စောင့်နေသည်။

ချင်းယုဟွိုင်းက စူစူလေးနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပါသည်။ အခုချိန်မှာ စူစူလေးက အလွန် လိမ္မာနေပုံပေါက်ပြီး ချစ်စရာလည်း ကောင်းနေပါသည်။

သို့သော် ဒီကလေးမလေးရဲ့ သရုပ်မှန်ကို လက်ခံနိုင်ဖို့ ခက်ခဲနေသေး၏။ ထို့အပြင် မနေ့က သူ့ကို လုပ်ခဲ့သည့် လုပ်ရပ်ကိုလည်း ယုဟွိုင်း မေ့မရသေးပါ…။

အခု သူ့ရှေ့က ကောင်မလေးက လိမ္မာ ယဉ်ကျေးမှုရှိသည်။ မနေ့ကတော့…

ချင်းယုဟွိုင်းက မျက်နှာလွဲပြစ်လိုက်သည်။ မှတ်ဉာဏ်ဆိုးတွေ ပြန်ဝင်မလာအောင် စူစူလေး၏ နူးညံ့ပြီး ချစ်ဖို့ကောင်းသည့် မျက်နှာလေးကို မကြည့်မိအောင် ရှောင်နေရပါသည်။

စူစူလေးလည်း ချင်းယုဟွိုင်းကို မြင်ပါသည်။ သို့သော်လည်း သူ့လောက်တော့ အတွေးမများပါ။

သူမရဲ့ မျက်လုံးဝိုင်းဝိုင်းလေးများက အစားအသောက်ကလွဲပြီး ဘာကိုမှ စိတ်မဝင်စားပါ။

အိပ်ရာစောစော ထတတ်သူများဖြစ်သည့် အလျောက် အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း မနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီး မနက်စာ စားပွဲဝိုင်းကို ရောက်လာခဲ့ပါသည်။

ချင်းယုဟွိုင်းနဲ့ စူစူလေးတို့ အေးအေးချမ်းချမ်း မျက်နှာချင်းဆိုင်ပြီး ထိုင်နေကြတာကိုမြင်တော့ အဘိုးချင်းနဲ့ အဘွားချင်းတို့ စိတ်အေးစွာ သက်ပြင်းချမိသည်။

ယခု စားပွဲမှာ ယုကျီးတစ်ယောက်တည်းသာ လိုပါတော့သည်။

“ဒီ ခွေးကောင်လေး အိပ်ရာထဲ ဘာလုပ်နေသေးတာလဲ။ ကျောင်းသွားရမှာ မဟုတ်ဘူးလား။ ကျောင်းနောက်ကျအောင် လုပ်နေပြန်ပြီလား”။ အဘွားချင်းက ဘဝင်မကျစွာ ပွစိပွစိ ပြောလိုက်သည်။

ထိုသို့ ပြောဆိုပြီးနောက် လက်ထဲမှာ ကိုင်ထားသည့် တူကို ချလိုက်ပြီး အပေါ်ထပ် တက်ကာ မြေးဖြစ်သူကို ကိုယ်တိုင် သွားနှိုးဖို့ ပြင်လိုက်ပါသည်။

“မေမေ သမီး သွားလိုက်မယ်! အားလုံး မနက်စာ စားထားနှင့်!”။ စူစူလေးက အဘွားချင်းကိုယ်စား ယုကျီးကို သွားနှိုးပေးဖို့ တာဝန်ယူလိုက်သည်။

သူမ မေမေ အသက်ကြီးနေပြီဖြစ်မှန်း စူစူလေး သိပါသည်။ လှေကားအတက်အဆင်း ခဏခဏ မလုပ်သင့်ပါ။

သူမက ငယ်ရွယ်သည်။ အားအင်တွေလည်း အပြည့်ရှိသည်။ ထို့ကြောင့် သူမ မေမေ ကိုယ်စား အပင်ပန်းခံရမည်ဟု ခံယူထားပါသည်။

“စူစူလေး သွားနှိုးမလို့လား”

“အွန်း။ စိတ်မဆိုးပါနဲ့ မေမေရဲ့။ သမီးတာဝန်သာ ထားလိုက်!”

“ဟုတ်ပါပြီ ဒါဆိုလည်း အားကိုးပါတယ်။ ဒါပေမယ့် သမီးတူလေးကို ညှင်ညှင်သာသာ ကိုင်တွယ်ဖို့တော့ မေမေ့ကို ကတိပေးနော် ဟုတ်ပြီလား”။ အဘွားချင်းက သေချာ မှာလိုက်ပါသည်။

“အွန်း အွန်း။ ဘာမှ မဖြစ်ဘူး။ သမီးတာဝန်သာ ထားလိုက်”။ စူစူလေးက ရင်ဘတ်ကို ပုတ်ရင်း ယုံကြည်ချက်ရှိစွာ အာမခံလိုက်ပါသည်။

ထို့နောက် ထိုင်ခုံပေါ်မှ ခုန်းဆင်းကာ အပေါ်ထပ် အမြန်ပြေးတက်သွား၏။ ဟူကျစ်လည်း သူမနောက် လိုက်သွားခဲ့ပါသည်။

လူသေးသေးလေးတစ်ယောက်နဲ့ ကြောင်သေးသေးလေးတစ်ကောင်တို့ တာဝန်ကို ထမ်းဆောင်ဖို့ အားမာန် ပြည့်ဝနေကြပါသည်။

စူစူလေး အပေါ်ထပ် ပြေးတက်သွားတာကို ကြည့်ရင်း အဘွားချင်း သက်ပြင်းချကာ ပြောလိုက်သည်။ “ဟူး… အသက်ငယ်ပေမယ့် စူစူလေးက အရမ်းသိတတ်တာပဲနော်။ သူ့အဖေနဲ့အမေ အသက်ကြီးလို့ သွက်သွက်လက်လက် မရှိတော့မှန်းသိတယ်။ အဲ့တာကြောင့် အမြဲတမ်း တောက်တိုမယ်ရတွေဆို သွက်သွက်လက်လက် ကူညီပြီး လုပ်ပေးတာ”

အဘွားချင်းက စူစူလေး၏ သိတတ်ပုံကို မြေးအကြီးဆုံးရှေ့မှာ တမင်တကာ ထုတ်ပြောလိုက်ခြင်းဖြစ်၏။

ချင်းယုဟွိုင်း၏ မျက်နှာပေါ်မှာ ခံစားချက်မရှိပါ။ သူ နားထောင်နေရဲ့လား ဆိုတာတောင် မသေချာပါ။

ထိုစဉ် ယုကျီးကတော့ အခန်းထဲမှာ အိပ်မောကျနေဆဲဖြစ်၏။

မနက် ၃ နာရီလောက်အထိ မအိပ်သေးဘဲ သူ့ဘော်ဒါတွေနဲ့ အွန်လိုင်းဂိမ်းကစားခဲ့သည်။ ထို့ကြောင့် အခုတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူ့အခန်းတံခါးကို လာဖွင့်သံတောင် မကြားတော့။ လူတစ်ကောင်နဲ့ ကြောင်တစ်ကောင် ဝင်လာတာကိုလည်း သူ မသိပါ။

စူစူလေးက ကုတင်စွန်းကို လက်ဖြင့်ကိုင်လျက် အားယူပြီး ကုတင်ပေါ် တက်လိုက်သည်။ ထို့နောက် စောင်အောက်က လူကို နားပူနားဆာ စလုပ်လေတော့သည်။

“အိပ်ရာထချိန်ရောက်ပြီ! ထစမ်း ငပျင်းကြီး! မထရင် ဖင်ကို ရိုက်မှာနော်!”

အခန်း(၃၃) ခြေသလုံးမွေးပါ

စူစူလေးဘေးမှာ ဟူကျစ်ကလည်း ကုတင်ပေါ် ခုန်ဆွခုန်ဆွလုပ်နေပြီး ချင်းယုကျီးကို နှိုးဖို့ အကူအညီ ပေးနေပါသည်။

အသံတွေကို ကြားသောအခါ ချင်းယုကျီး အိပ်ရာမနိုးသည့်အပြင် စောင်ထဲ ခေါင်းထပ်တိုးဝင်ပြီး အိပ်မက်တွေကို လာဖျက်ဆီးမည့် အသံတွေအား မကြားချင်ယောင် ဆောင်လိုက်သည်။

စူစူလေးနဲ့ ဟူကျစ်တို့ ဘယ်လောက်ပဲ အော်နှိုးပါစေ ချင်းယုကျီးက သေချင်ယောင် ဆောင်နေသည်။

ခဏလောက် ထပ်သည်းခံလိုက်လျှင် စူစူလေး လက်လျှော့သွားလိမ့်မည်ဟု ထင်ထား၏။

ခဏလောက်ကြာတော့ စောင်အပြင်ဘက်မှာ တကယ်ပဲ ဘာအသံမှ မကြားရတော့ပါ။ ချင်းယုကျီး စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး အိပ်မက်ထဲ ပြန်ဝင်ဖို့ ပြင်လိုက်သည်။

သို့သော် ရုတ်တရက် သူ့ခြေထောက်ပေါ် တစ်ခုခုက တက်ဖိထားသလို ခံစားလိုက်ရ၏။ စူစူလေး သူ့ခြေထောက်ပေါ် တက်ထိုင်နေခြင်း ဖြစ်သည်။

ချင်းယုကျီး စောင်ကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။

သည်းခံ… သည်းခံမှ ရမယ်…။ ချင်းယုကျီး မင်းအခု အိပ်ရာထလို့ မဖြစ်ဘူး လုံးဝ မဖြစ်ဘူး! မင်း အိပ်ရာထလိုက်ရင် မင်းရှုံးသွားပြီပဲ!

စူစူလေးက ချင်းယုကျီး၏ ခြေထောက်ပေါ် တက်ထိုင်ပြီး စောင်အောက်ပိုင်းကို ဆွဲလှန်လိုက်ရာ ချင်းယုကျီး၏ အမွေးထူထူ ခြေသလုံး ၂ ဖက် ထင်းခနဲ ပေါ်လာသည်…။

သူမရဲ့ လက်သေးသေးလေးနဲ့ ချင်းယုကျီး၏ ခြေသလုံးမွေးတစ်ချောင်းကို ကိုင်ကာ ခပ်ကြမ်းကြမ်း ဆွဲနှုတ်ပစ်လိုက်တော့သည်။

“အား!!!”

ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေနှစ်ခုစလုံးကို တုန်လှုပ်သွားစေပြီး သရဲတစ္ဆေတွေပါ လန့်ပြေးစေနိုင်သည့် အော်သံနက်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။

အောက်ထပ်မှာ မနက်စာစားနေသည့် လူ ၃ ယောက်ပါ လန့်ဖျပ်သွားပြီး စားသောက်နေတာတွေ ရပ်တန့်လိုက်ကြ၏။ ထို့နောက် ၃ ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

“အဲ… ခုနလေးတင် ညှင်ညှင်သာသာ လုပ်ဖို့ ကျွန်မ သတိပေးလိုက်ပါတယ်။ သူမှတ်မိမှာပါ… ဟုတ်တယ်မလားဟင်”

အဘွားချင်း၏ လေသံက သိပ်မသေချာတော့ပါ။

“ဟုတ်တယ်နော် ဟုတ်တယ်မလား”။ အဘိုးချင်းလည်း မသေချာပါ။

စိုးရိမ်စွာဖြင့် နှစ်ယောက်သား လှေကားထစ်ကို လှမ်းကြည့်လိုက်ကြသည်။

ချင်းယုဟွိုင်းက မျက်မှောင်ကြုတ်လျက် မနေ့က သူ့ကိုယ်ပိုင်အတွေ့အကြုံကို ပြန်စဉ်းစားလိုက်သည်။ သူ့ညီလေးအတွက် စိတ်ပူသလိုလို ရှိလာ၏။

အသုံးမကျသည့် သူ့ညီကို သင်ခန်းစာ ပေးသင့်တာ မှန်ပါသည်။ သို့သော်လည်း ဒီကောင်မလေးက…။

ချင်းယုဟွိုင်း မတ်တပ်ရပ်လိုက်သည်။ “ကျွန်တော် သွားကြည့်လိုက်မယ်”

ထို့နောက် ချင်းယုဟွိုင်း အပေါ်ထပ်သို့ ခပ်သုတ်သုတ် တက်လာခဲ့ပြီး ချင်းယုကျီး အခန်းထဲသို့ ဝင်လာခဲ့ပါသည်။

ချင်းယုကျီးတစ်ယောက် စောင်လေးပတ်ပြီး ကုတင်ထောင့်မှာ ကွေးနေတာကို ချင်းယုဟွိုင်း မြင်လိုက်ရသည်။

သူ့ရဲ့ ချောချောမောမော မျက်နှာလေးက ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေပါသည်။ အနိုင်ကျင့်ခံထားရသည့် ဇနီးမယား တစ်ယောက်နဲ့တောင် တူနေသည်။

ချင်းယုဟွိုင်း ဝင်လာတာကို မြင်သောအခါ ချင်းယုကျီးက အံ့လည်းအံ့ဩ ဝမ်းလည်း ဝမ်းသာသွားသည်။ “အစ်ကိုကြီး! မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ”

“မနေ့ညက”

“ဒါဆို ဘာလို့ ငါ့ကို လာမပြောတာလဲ”

“ငါလုပ်စရာ အလုပ်တွေ ရှိသေးလို့”။ ချင်းယုဟွိုင်း တည်တည်တံ့တံ့မျက်နှာဖြင့် ပြောလိုက်သည်။

မနေ့ညက သူ့ကို စူစူလေး ကြိုးတုပ်ခဲ့သည့်အကြောင်း တစ်ခွန်းမှ မဟပါ။

“အစ်ကိုကြီး ဒီဟာလေး… ဒီဟာလေးနဲ့ တွေ့ပြီးပြီလား။ ဒီဟာလေးလေ… သူ့ကို ဘယ်လို ခေါ်ရမလဲ”

ချင်းယုကျီးက စူစူလေးကို လက်ညှိုးထိုးပြီ ချင်းယုဟွိုင်းအား မေးလိုက်ပါသည်။

အချိန်အတော်ကြာ စဉ်းစားပြီးတာတောင် စူစူလေးကို သူဘယ်လို ခေါ်ရမလဲ မသေချာသေးပါ။ မကောင်းဆိုးဝါးလေးလို့ ခေါ်ဖို့ကတော့ မဖြစ်နိုင်ပါ။ သူ လမ်းလျှောက်ချင်သေးသည်။

ထို့အပြင် မနေ့က ဒီကောင်မလေး သူ့ကို ကယ်ခဲ့သေးသည်။ သူမကို မကောင်းဆိုးဝါးလေးဟု ခေါ်ဖို့ မသင့်တော်တော့ပါ။

သို့သော် သူမကို ‘ဒေါ်လေး’ဟု လုံးဝ မခေါ်နိုင်သေးပေ။

“တွေ့ပြီးပြီ။ ဒီနေ့လယ်ခင်း အဘိုးနဲ့ အဘွားတို့ကို DNA စစ်ခိုင်းထားတယ်။ ဆေးစစ်ချက် အဖြေအရ အဘိုးနဲ့ အဘွားတို့ရဲ့ သမီးအရင်းဖြစ်မှန်း သေချာရင် တခြား မိသားစုဝင်တွေကိုပါ ငါအသိပေးလိုက်မယ်”။ ချင်းယုဟွိုင်းက ဆို၏။

“ဒါဆိုလည်း အခု သူ့ကို ဒီကနေ ခေါ်ထုတ်သွားပေးပါလား။ ငါအိပ်ရေး မဝသေးလို့ပါ…။ ကြည့်ပါဦး သူ ငါ့ခြေသလုံးမွေးတစ်ချောင်း ဆွဲနှုတ်သွားတယ်…”။ ချင်းယုကျီးက ချက်ချင်းပဲ ချင်းယုဟွိုင်းကို အကူအညီ တောင်းလိုက်ပါသည်။

“ခြေသလုံးမွေးတစ်ချောင်းတည်းပါ ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ဘူး”

ထိုင်ခုံမှာ ကြိုးတုပ်ခံရတာထက်စာရင် ခြေသလုံးမွေး အနှုတ်ခံရတာက ဘာမှ မပြောပလောက်ပါ…။

“ခြေသလုံးမွေးတစ်ချောင်းတည်း ဆိုတာ ဘာစကားလဲကွ! အရမ်းနာတာ! ပြီးတော့ ယောက်ျား တစ်ယောက်က အသက်သာအသေခံသွားမယ် သိက္ခာ အကျမခံနိုင်ဘူး။ ခြေသလုံးမွေးဆိုတာ စိတ်ထင်တိုင်း ဆွဲနှုတ်ရတဲ့ အရာမဟုတ်ဘူး!”။ ချင်းယုကျီးက သူ့အစ်ကိုကြီးကို သနားစရာ ကောင်းစွာ အထွန့်တက်လိုက်ပါသည်။

“ခြေသလုံးမွေးတစ်ချောင်းက ဘာာအရေးကြီးလို့လဲလို့ ငါပြောနေတယ်”။ ဘာကြောင့်မှန်းမသိဘဲ ချင်းယုဟွိုင်း၏ မျက်နှာ မှောင်မိုက်သွားသည်။

“အစ်ကိုကြီးကလည်း…”။ သူမျှော်လင့်ထားသည့် အဖြေကို မရသဖြင့် ချင်းယုကျီး ပိုဝမ်းနည်းသွားသည်။

ငါ့ခြေသလုံးမွေးလေး သနားစရာ ကောင်းလိုက်တာ…။

… … …

All Chapters