အခန်း (၃၄+၃၅)
Vol. 2 Ch. 34+35
အခန်း(၃၄) လက်သီးသေးသေးလေးနဲ့ ပြဿနာတွေ အကုန်ဖြေရှင်းပေးမယ်
“ပြီးတော့ မင်းကို အဘွားလာနှိုးခိုင်းတာ။ အခုအိပ်ရာမထရင် ကျောင်းနောက်ကျလိမ့်မယ်”။ ချင်းယုဟွိုင်းက ရှင်းပြလိုက်သည်။
“နောက်ကျလည်းဘာဖြစ်လဲ။ ငါက စာမေးပွဲ အောင်မယ့်ကောင်လည်း မဟုတ်ဘူး။ မင်းနဲ့ အစ်ကိုလတ်တို့က စာဒီလောက်တော်နေတာ မိသားစုအတွက် လုံလောက်ပြီ။ ငါတို့ ၃ ယောက်စလုံး စာကြမ်းပိုးဖြစ်လာဖို့ မလိုပါဘူးကွာ”။ ယုကျီးက ပွစိပွစိ ပြောလိုက်ပါသည်။
ပွစိပွစိပြောရင်း စူစူလေးကို ယုကျီး မသိမသာ လှမ်းကြည့်လိုက်သည်။ စူစူလေးရဲ့ ပျော့ပျော့အိအိ လက်ချောင်းလေးနှစ်ချောင်းက သူ့ခြေသလုံးမွေးကို ဆွဲဆိတ်နေဆဲဖြစ်ပြီး မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကြည့်နေကာ အတော်လေး စိတ်ဝင်စားနေပုံရသည်…။
“ငါတို့ဖာသာငါတို့ ဘာပဲဖြစ်နေဖြစ်နေ မင်းနဲ့ဘာမှမဆိုင်ဘူး။ မင်းဘဝကို မင်းဖာသာမင်း ဖန်တီးရမှာ။ စာကြိုးစားတယ်ဆိုတာ မင်းအတွက်မင်း ကြိုးစားရမှာ။ ငါတို့အတွက် မဟုတ်ဘူး”။ ယုဟွိုင်းက ဆုံးမလိုက်သည်။
“အစ်ကိုကြီး ငါ့ကို နားပူနားဆာ လာမလုပ်စမ်းပါနဲ့။ မင်းလည်း ငယ်တော့တာမဟုတ်ဘူး။ ရည်းစားလေး ဘာလေးရှာဦး။ မင်းရည်းစားထားသင့်တဲ့အရွယ် ရောက်နေပြီလေ။ အဖေနဲ့ အမေတို့တောင် မင်းကို စိတ်ပူနေတာ”။ ယုကျီးက ပြန်လည်တိုက်ခိုက်လိုက်သည်။
ယုဟွိုင်းသူ့ကို စာနဲ့ပတ်သတ်ပြီး လာဆုံးမတိုင်း သူကလည်း ရည်းစားထားဖို့နဲ့ မိန်းမယူဖို့အကြောင်း ပြန်ပြောပြီး ခုခံလေ့ရှိသည်။
သူတို့မျိုးဆက်ရဲ့ သားအကြီးဆုံးဖြစ်သည့်အလျောက် ယုဟွိုင်းချစ်သူရည်းစား မရှိခြင်းက အားလုံးအတွက် စိုးရိမ်စရာဖြစ်နေသည်။
“စကားလမ်းကြောင်းမလွှဲနဲ့”
“ဘာစကားလမ်းကြောင်းမှ မလွှဲပါဘူး။ ငါတို့မိဘတွေ မြေးချီချင်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ အခုတော့ မြေးမချီရဘဲ ညီမတစ်ယောက် ထပ်ရသွားပြီ။ အံ့ဩစရာ မကောင်းဘူးလား”။
ယုဟွိုင်း ဘာမှမပြောနိုင်ပေ။ ယုဟွိုင်း တိတ်ဆိတ်သွားတာကို ကြည့်ပြီး ယုကျီး ရယ်မောကာ ပြောလိုက်သည်။ “အဲ့တော့ အစ်ကိုကြီး၊ ငါ့ဖာသာ နေခွင့်ပေးစမ်းပါကွာ။ ပြန်အိပ်လိုက်ဦးမယ်။ မနေ့ညက မနက် ၃ နာရီထိုးမှ အိပ်တာ။ အသေပင်ပန်းနေပြီ…”
ထိုသို့ပြောပြီးနောက် ယုကျီး သန်းဝေလိုက်ပြီး ခေါင်းပြန်ချကာ အိပ်ဖို့ ပြင်လိုက်စဉ် လက်သေးသေးလေး တစ်ဖက်က သူ့ခြေထောက်တစ်ဖက်ကို လာကိုင်လေသည်။
???
ယုကျီး ကြောင်တောင်တောင် ဖြစ်သွား၏။ စက္ကန့်ပိုင်းလောက်ကြာမှ ဘာတွေဖြစ်နေသလဲ နားလည်သွားသည်။
“လခွီးပဲဟေ့!”
ယုကျီးကို စူစူလေးက ကုတင်ပေါ်မှ ဆွဲချသွားသည်။ ယုကျီးက စကားတွေ ပွစိပွစိ ပြောနေသော်လည်း စူစူလေး တစ်ခွန်းမှ နားမထောင်ပါ။
သူမရဲ့ တူလေးကို အိပ်ရာသွားနှိုးဖို့ သူမအမေ တာဝန်ပေးထားတာကိုသာ သိသည်။ မေမေ့ စကား နားထောင်ပြီး ကျောင်းသွားရမည်။ ဆိုးသွမ်းလို့ မရပါ။
စူစူလေးက ယုကျီး၏ လက်ကို ကိုင်ပြီး လှေကားပေါ်မှ ဆင်းလာသည်။ စူစူလေးက အရပ်ပုသဖြင့် ယုကျီး ပခုံးအဆစ် ပြုတ်ထွက်မသွားအောင် ခါးကုန်းပြီး နောက်မှ လိုက်လာရပါသည်။
“ဖြည်းဖြည်း… ဖြည်းဖြည်းလုပ်ပါ… မမလေးရယ် ဖြည်းဖြည်းသွားပါ…”။ ခြေလှမ်းသေးသေးလေးတွေ နောက်ကို မနည်းလိုက်ရင်း ယုကျီး တောင်းတောင်းပန်ပန် ပြောလိုက်သည်။
စူစူလေးက ပြန်ပြောလိုက်၏။ “မြန်မြန်သွားမယ်။ နောက်ကျလို့မရဘူး”
တာဝန်သိစိတ်တစ်ခုကြောင့် စူစူလေး ခြေလှမ်းတွေ နှေးပေးဖို့ အစီအစဉ်မရှိပါ။
ယုကျီး ခုခံနေလို့ ဘာမှမထူးပေ။ အောက်ထပ်သို့ စူစူလေး ဆွဲခေါ်သွားတာကိုသာ ခံနေရပါသည်။
လောလောဆယ် ယုကျီးက မီးခိုရောင် ညအိပ်ဝတ်စုံကို ဝတ်ထားဆဲဖြစ်ပြီး ဆံပင်တွေလည်း ရှုပ်ပွနေပါသည်။ မျက်ကွင်းတွေလည်း ညိုနေသည်
ကျောင်းမှာ သူ့ကို သဘောကျနေသည့် ကောင်မလေးတွေသာ ဒီပုံစံအတိုင်း မြင်သွားလျှင် ချက်ချင်း အသည်းကွဲသွားနိုင်သည်။
စူစူလေး ဆုံးမတာကို တစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ နာခံနေရသော ညီဖြစ်သူအား ယုဟွိုင်းက အပေါ်ထပ်မှ စောင့်ကြည့်နေသည်။
သူတို့ မိသားစုထဲမှာ သူနဲ့ သူ့မိဘတွေအပါအဝင် ဘယ်သူမှ သူ့ညီကို မဆုံးမနိုင်ကြပါ။
စူစူလေးလို ကလေးမလေးက လုပ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမရှေ့မှာ ယုကျီးက ကြက်ပေါက်လေး တစ်ကောင်လိုပင်။
ဘယ်လိုအကြောင်းပြချက်တွေပေးပဲပဲ စူစူလေးအပေါ်မှာ အလုပ်မဖြစ်ပါ။ လက်သီးဆုပ်လေး တစ်ခုတည်းနဲ့ အရာရာကို ဖြေရှင်းနိုင်သည်။
အခန်း(၃၅) တူအကြီးဆုံးအတွက် ရည်းစားရှာပေးခြင်း
ချင်းယုကျီး ကျောင်းမသွားချင်သော်လည်း ဒေါ်လေးစူစူရဲ့ ဖိအားပေးမှုကြောင့် အိပ်ရာထ၊ မနက်စာစားပြီး ကျောပိုးအိတ်လွယ်ကာ ကျောင်းသွားဖို့ ပြင်ရတော့သည်။
သူမသွားခင် ခါးကုန်းပြီး စူစူလေးနားထဲကို တစ်ခုခု တီးတိုးလေးပြောသွားသည်။
ထို့နောက် ခါးပြန်မတ်လိုက်ပြီး သူ့အစ်ကိုကြီးကို ထူးထူးဆန်းဆန်း အပြုံးဖြင့် ပြုံးပြလိုက်၏။ ထို့နောက် ကျောင်းသို့ ထွက်သွားခဲ့ပါသည်။
ဘာကြောင့်မှန်းမသိဘဲ ချင်းယုကျီး၏ လူယုတ်မာ အပြုံးကြောင့် ယုဟွိုင်း မျက်မှောင်ကြုတ်သွားသည်။
စူစူလေးလည်း ကျောင်းသွားဖို့ အသင့်ဖြစ်နေပါပြီ။
အဘိုးချင်းနဲ့ အဘွားချင်းတို့ရဲ့ စိတ်မချသော အကြည့်တွေအောက်မှာ စူစူလေး နောက်လှည့်မကြည့်ဘဲ ဟုံဖုန်းမူကြိုကျောင်းထဲသို့ ဝင်သွားခဲ့ပြန်သည်။
ဒီနေ့လည်း စူစူလေး ငိုလည်းမငို၊ ဘာမှလည်း အထွန့်မတက်ခဲ့ပါ။ ထို့အပြင် ဒီနေ့ လုပ်ရမည့် မစ်ရှင်တစ်ခု ရှိတာကြောင့် ပုံမှန်ထပ် ခပ်သွက်သွက်လျှောက်ပြီး စာသင်ခန်းထဲ အမြန်ဝင်သွားခဲ့ပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ ဝမ်းလည်းဝမ်းသာ ဝမ်းလည်းဝမ်းနည်းသွားသည်။
သူတို့ သမီးလေး အရွယ်ရောက်လာပြီပဲ…။
စာသင်ခန်းထဲတွင် စူစူလေး မျက်နှာပေါ်က မျက်နှာပေးကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ချင်းလောင်ယွင် မျက်နှာ အကျည်းတန်သွားသည်။
မနေ့က သူမအဘိုးကို ချင်းစူစူ ဘယ်လို အနိုင်ကျင့်ခဲ့သလဲဆိုတာ မမေ့သေးပါ။ မနေ့က သူမအဘိုး တစ်ညလုံးနီးပါး နာကျင်ခဲ့ရသည်။ အဘွားကလည်း ငိုခဲ့သည်။
ဒီ ချင်းစူစူကို သူမ အလွန်မုန်းပါသည်။
ချင်းလောင်ယွင်နဲ့ စကားပြောနေသည့် ကျိုးဟောက်လည်း ချင်းလောင်ယွင်မျက်နှာ ပြောင်းသွားတာကို မြင်ပြီး သူမကြည့်နေသည့် ဘက်ကို လိုက်ကြည့်လိုက်သည်။
ချင်းစူစူကို မြင်သောအခါ ကျိုးဟောက်ရဲ့ ခန္ဓာကိုယ်သေးသေးလေး တုန်ယင်သွား၏။ မနေ့က ချင်းစူစူ ပေးခဲ့သော ကြောက်စရာမှတ်ဉာဏ်တွေ မပျောက်သေးပါ။
“ယွင်ယွင် အဲ့ကျောင်းသူသစ်ကို သွားမရှုပ်နဲ့တော့။ အဲ့ကျောင်းသူသစ်က အရမ်းထူးဆန်းပြီး ကြောက်ဖို့ ကောင်းတယ်!”။ ချင်းစူစူကို ကျိုးဟောက် ကြောက်လန့်နေမှန်း သိသာသည်။
“အင်းပါ”။ ချင်းစူစူကို သူမ ဘာမှလုပ်လို့မရမှန်း ချင်းလောင်ယွင် သိပါသည်။ သို့သော်လည်း သူမကို သဘောမကျတာတော့ သဘောမကျတာပင်။ တော်တော်လေးကို သဘောမကျတာဖြစ်သည်။
စူစူလေး ကျောပိုးအိတ်ချပြီးနောက် အားလုံးကို အော်ပြောလိုက်သည်။ “ဒီအခန်းထဲမှာ ချစ်သူကောင်လေး မရှိတဲ့လူရှိလား”
စာသင်ခန်းထဲ ဝင်လာသည့် ဆရာမကျူး ထိုစကားကိုကြားပြီး ခလုတ်တိုက်လုနီးပါး ဖြစ်သွားခဲ့သည်။
ဘာလဲဟ…။ ခုခေတ် မူကြိုကလေးတွေတောင် ရည်းစားထားနေပြီလား။ သူမမှာတောင် ရည်းစား မရှိသေးပါ။
စူစူလေး၏ အော်သံကိုကြားပြီး ကလေးတွေ ဝန်းရံလိုက်ကြသည်။
စူစူလေးနဲ့ တစ်ရက်တာဖြတ်သန်းပြီးနောက် သူမက ကလေးတွေရဲ့ အမြင်မှာ စံပြပုဂ္ဂိုလ်လေးလို ဖြစ်သွားလေပြီ။ သူမ နောက်ကို တကောက်ကောက်လိုက်သည့် နောက်လိုက်လေးတွေတောင် ရလိုက်ပါသည်။
ကလေးများက စူစူလေးကို စိတ်ဝင်စားစွာ မေးလိုက်သည်။ “စူစူလေး ချစ်သူကောင်လေးဆိုတာ ဘာလုပ်ရတာလဲဟင်”
“ဘာလို့ ချစ်သူကောင်လေးလိုတာလဲဟင်”
“စူစူလေး ဘာလုပ်မလို့လဲ”
“…”
ကလေးတစ်သိုက်က တောက်တောက်ပပ မျက်လုံးများဖြင့် စူစူလေး၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
စူစူလေးက ခေါင်းကုတ်ကာ ပြန်ဖြေလိုက်၏။ “ငါလည်း သေချာမသိဘူး။ ဒါပေမယ့် ဒီနေ့ ငါတူလေးက ငါ့တူအကြီးဆုံးမှာ မိန်းမ မရှိသေးဘူးတဲ့။ အဲ့တာကြောင့် ငါ့ဖေဖေနဲ့ မေမေတို့ စိတ်ပူနေကြတာ။ ငါ့တူအကြီးဆုံးအတွက် ကောင်မလေးတစ်ယောက် ရှာပေးနိုင်ရင် ငါ့ဖေဖေနဲ့ မေမေတို့ အရမ်း ပျော်သွားကြမှာ။ ငါ့ဖေဖေနဲ့ မေမေတို့ကို ပျော်ရအောင် လုပ်ပေးချင်တယ်”
သူမ ဖေဖေ၊ မေမေတို့နဲ့ ပတ်သတ်လာလျှင် စူစူလေး အလွန်အလေးအနက်ထားသည်။
“ဪ အဲ့လိုလား။ အဲ့တာဆို ငါ့မှာ ချစ်သူကောင်လေး မရှိဘူး! ငါကူညီပေးမယ် စူစူလေး!”
“ငါလည်း ကူညီပေးမယ်! ငါ့မှာလည်း မရှိဘူး!”
“စူစူလေး ယောက်ျားလေးဆိုရင်ကော မရဘူးလား”
“…”
ကလေးတွေအားလုံးက စူစူလေး အခက်ကြုံနေမှန်း ကြားလိုက်ရသောအခါ စိတ်အားထက်သန်စွာ ကူညီပေးချင်နေကြသည်။
“ဟုတ်ပြီ ဒါဆို ကျောင်းဆင်းရင် ငါ့အိမ် လိုက်ခဲ့ကြ! ငါ့တူကြီးနဲ့ တွေ့ပေးမယ်!”
ဘယ်သူ့ကို ရွေးရမလဲ မသိသဖြင့် အတန်းဖော်တွေအားလုံးကို အိမ်ခေါ်သွားပြီး သူမ တူအကြီးဆုံးကိုသာ ရွေးချယ်ခိုင်းလိုက်ပါမည်။
… … …