အခန်း (၃၆+၃၇)
Vol. 2 Ch. 36+37
အခန်း(၃၆) သူငယ်ချင်းတွေ အိမ်ခေါ်လာတာ အားပေးတယ်
စူစူလေးနဲ့ ကလေးတွေရဲ့ စကားဝိုင်းကြောင့် ဆရာမကျူး ရယ်လည်းရယ်ချင် ကြောင်စီစီလည်း ဖြစ်သွားသည်။
သို့သော်လည်း ကလေးတွေအချင်းချင်း ပြောသည့် စကားဖြစ်သဖြင့် ဆရာမတစ်ယောက်အနေနဲ့ ဝင်မရှုပ်သင့်ပါ။
သို့သော် စူစူလေး၏ မြေးအကြီးဆုံး ချင်းယုဟွိုင်းအကြောင်းကိုတော့ ဆရာမကျူး သိပါသည်။
သူက တခြားသူမဟုတ်ဘဲ ဟွာချန့်မြို့ရဲ့ ရွှေလူပျိုချော ဖြစ်၏။
ချင်းမိသားစုရဲ့ အကြီးဆုံးသားတစ်ယောက်ဖြစ်ပြီး အရာရာကို အမွေဆက်ခံရမည့်လူလည်း ဖြစ်သည်။ ငယ်စဉ်းကတည်းက စရိုက်လက္ခဏာကော၊ ရုပ်ရည်ရူပကာကော ပြည့်စုံသူဖြစ်သည်။
နှစ်တွေအတော်ကြာသည့်အချိန်ထိ သူ့မှာ ချစ်သူကောင်မလေး တစ်ယောက်မှ မရှိသလို မိန်းကလေးတွေနဲ့လည်း လုံးဝ မပတ်သတ်ဘူးဟု ကောလဟာလတွေ ထွက်ထားသည်။ စည်းစနစ် အလွန်ရှိသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။
ချင်းယုဟွိုင်းက ယောက်ျားတွေကို စိတ်ဝင်စားတာလားဟူ၍ သုံးသပ်ထားသည့် မဂ္ဂဇင်းတွေတောင် ရှိသေးသည်…။
မဂ္ဂဇင်းတွေထဲမှာ မြင်ဖူးသည့် ချင်းယုဟွိုင်း၏ ဓာတ်ပုံတွေကို ပြန်စဉ်းစားရင်း စူစူလေးကို ဆရာမကျူး မေးချင်စိတ် ပေါ်လာသည်။ ‘ဆရာမတွေကော ပါလို့ရလား’
အမှန်ပင်။ ဒါ ဆရာမကျူး စိတ်ထဲမှ အပြောင်အပျက် တွေးနေခြင်းသာဖြစ်၏။
စူစူလေးကို ကလေးတွေ ပျော်ပျော်ကြီး ဝန်းရံနေကြချိန် ကျိုးဟောက်နဲ့ ချင်းလောင်ယွင်တို့ကတော့ မသွားခဲ့ပါ။ သို့သော် ခပ်လှမ်းလှမ်းမှ စူစူလေး၏ တူအကြီးဆုံး ဆိုသူ ဓာတ်ပုံကို ကျိုးဟောက် မြင်သွားသည်။
ထိုဓာတ်ပုံထဲကလူကို ကျိုးဟောက် သိပါသည်။
“ယွင်ယွင် အဲ့တာ နင့်အစ်ကို မဟုတ်ဘူးလား”
အရင်တစ်ခေါက်က သူ့ကို ချင်းလောင်ယွင် မဂ္ဂဇင်းတစ်စောင်လာပြပြီး ထိုအထဲက ရုပ်ချောချော အစ်ကိုကြီးမှာ သူမ အစ်ကိုဖြစ်သည်ဟု ပြောဖူးသည်။
အခုကျတော့ သူက ချင်းစူစူရဲ့ တူအကြီးဆုံးတဲ့လား။
ချင်းလောင်ယွင် ပျာယာခတ်ကာ အမြန် ရှင်းပြလိုက်သည်။ “ဟုတ်တယ်လေ သူက ငါ့အစ်ကို”
ချင်းယုဟွိုင်းကို သူမအစ်ကိုဟု ပြောတာ ဘာမှမမှားဘူးဟု ချင်းလောင်ယွင် ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။
မောင်နှမအရင်းတွေ မဟုတ်ကြသော်လည်း သူမတို့ အဘိုးတွေက ညီအစ်ကိုအရင်းတွေ ဖြစ်ကြသည်။ ထို့ကြောင့် ယုဟွိုင်းက သူမရဲ့ အစ်ကိုဟု ဆိုနိုင်သည်။
“ဒါပေမယ့် မဟုတ်သေးဘူးလေ။ သူက နင့်အစ်ကို၊ ပြီးတော့ ကျောင်းသူသစ်ရဲ့ တူအကြီးဆုံးဆိုရင်… ဘယ်လိုကြီးလဲ ထူးဆန်းလိုက်တာ”
ကျိုးဟောက်၏ ဦးနှောက်သေးသေးလေးတောင် တစ်ခုခု မူမမှန်တာကို နားလည်နိုင်ပါသည်။ ဒီ ၃ ယောက်ရဲ့ တော်စပ်ပုံကို ကျိုးဟောက် လေးလေးနက်နက် စဉ်းစားကြည့်နေသည်။
သို့သော် အချိန်အတော်ကြာတာတောင် ဘာမှ စဉ်းစားလို့မရခဲ့ပေ။ ဒီပြဿနာက သူ့စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေပါသည်။
စူစူလေးဘေးမှာ ကလေးတွေ အများကြီးနဲ့ စည်ကားပျော်ရွှင်နေသည့် မြင်ကွင်းကို မြင်သောအခါ ချင်းလောာင်ယွင် ရင်ထဲ ရှုသိုးသိုး ခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာပြန်သည်။
ညနေခင်း ကျောင်းဆင်းသောအခါ အဘိုးချင်းနဲ့ အဘွားချင်းတို့က ကျောင်းရှေ့မှာ စူစူလေးကို အစောကြီး လာကြိုကြသည်။
သို့သော်လည်း စူစူလေး ထွက်လာသောအခါ အနောက်မှာ ကလေးတွေ အများကြီး ပါလာပါသည်။
သူတို့အားလုံး တန်းစီပြီး မူကြိုကျောင်းထဲမှ စနစ်တကျ ထွက်လာခဲ့ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဆရာမကျူးလည်း ရယ်ချင်သလိုလို ဖြစ်သွားမိသည်။
မနေ့က ပိုးဟပ်ကိစ္စဖြစ်ပြီးကတည်းက ကလေးတွေအားလုံး စူစူလေး စကားကို နားထောင်ကြသည်။ စူစူလေးက မူကြိုကျောင်း၏ အစ်မကြီးတစ်ယောက်လို ဖြစ်လာပါပြီ။
အဘိုးချင်းနဲ့ အဘွားချင်းတို့က စူစူလေးကို မေးလိုက်သည်။ “စူစူလေး သူတို့က သမီးအတန်းဖော်တွေလား”
စူစူလေးက ခေါင်းငြိမ့်လိုက်သည်။ “ဖေဖေနဲ့ မေမေ၊ သမီး အတန်းဖော်တွေကို အိမ်ခေါ်သွားချင်တယ်!”
“ဪ ကောင်းတာပေါ့!” အဘိုးချင်းက ချက်ချင်း သဘောတူလိုက်ပြီး အလွန်ကျေနပ်သွားပါသည်။
စူစူလေး သက်တူရွယ်တူ သူငယ်ချင်းတွေ ရထားတာ အလွန်ကောင်းသည်။ အချိန်ခဏလေးနဲ့ ဒီလောက် သူငယ်ချင်းတွေ အများကြီး ရသွားလိမ့်မည်ဟုတော့ မထင်ထားခဲ့ပါ…။
အဘိုးချင်းနဲ့ အဘွားချင်းတို့နှစ်ယောက် သူတို့သမီးလေး သူငယ်ချင်းတွေကို အိမ်ခေါ်ချင်သည့် အကြောင်းအရင်းကို မသိကြသေးပါ။။
“ဒါဆို သမီးဖေဖေနဲ့ မေမေနဲ့ သူတို့ကို ဖိတ်လိုက်မယ်နော်”။ အဘွားချင်းက ဆိုသည်။
ကလေးတွေကို ခေါ်မည်ဆို လူကြီးတွေကိုပါ ဖိတ်ကြားရမည်။
စူစူလေးက သူမ သူငယ်ချင်းတွကို အိမ်အသည်းအသန် ခေါ်ချင်နေသဖြင့် အဘွားချင်းကလည်း ကလေး မိဘတွေကို ချက်ချင်း စကားသွားပြောလေသည်။
ချင်းမိသားစုဆိုတာ ဟွာချန့်မြို့၏ နာမည်ကျော် ပုဂ္ဂိုလ်များဖြစ်၏။ အဘိုးချင်းနဲ့ အဘွားချင်းတို့ ဆိုတာလည်း ချင်းမိသားစုမှာ အကြွင်းမဲ့ အာဏာရှိသူတွေ ဖြစ်ကြသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ကို လေးစားသမှုအရကော၊ သူတို့ ကလေးတွေကို ပျော်ရွှင်စေချင်သည့် အတွက်ကော မိဘတွေ ဘာမှ ကန့်ကွက်စရာ မရှိပါ။
အခန်း(၃၇) အသက်ကြီးပြီး ရည်းစားမရှိတော့ ဝမ်းနည်းဖို့ကောင်းလိုက်တာ
ဒီလိုနဲ့ သူငယ်ချင်းတွေကို အိမ်ခေါ်မည့် စူစူလေး၏ အစီအစဉ် ချောချောမွေ့မွေ့ အောင်မြင်သွားပါသည်။
“သွားကြစို့! တန်းစီ! လျှောက်မပြေးနဲ့! လမ်းဘေးမှာ ကပ်လျှောက်!” လူတန်းကြီးရဲ့ ရှေ့ဆုံးမှာ မတ်တပ်ရပ်ရင်း စူစူလေး သူမအတန်းဖော်တွေကို အော်ပြောလိုက်ပါသည်။
သူမရဲ့ ညှောင်နာနာ အသံလေးက ကလေးတွေအကြားမှာ ထင်မထားလောက်စွာ အာဏာကြီးမား နေပါသည်။
“ဟုတ်ကဲ့!”
ကလေးတွေကလည်း သူမနည်းတူ ညှောင်နာနာ အသံလေးများဖြင့် တညီတညာတည်း ပြန်ပြောလိုက်ကြသည်။
ထို့နောက် စူစူလေး၏ ဦးဆောင်မှုဖြင့် အားလုံး စနစ်တကျ တန်းစီလိုက်ပြီး တစ်ယောက်နောက် တစ်ယောက် ကပ်လျှောက်ကာ အိမ်ရာ လမ်းမကြီးဘေးမှ ချီတက်လာကြသည်။
ကလေးမိဘတွေကလည်း သူတို့ ကလေးတွေလိုပဲ တန်းစီကာ အနောက်မှ လိုက်လာကြပါသည်။ ဒီမြင်ကွင်းလင်းက စကားဖြင့် ဖော်ပြလို့ မရလောက်အောင် ချစ်ဖို့ ကောင်းလွန်းသည်။
ထိုစဉ် လောင်ယွင်ကို ကျောင်းလာကြိုသည့် ချင်းကျင်းဖန်လည်း ထိုမြင်ကွင်းကို မြင်သွားပါသည်။ လောင်ယွင်ကို သူအမြန် မေးလိုက်၏။ “ယွင်ယွင် နင့်အတန်းဖော်တွေ ဘယ်သွားကြတာလဲ”။
“ကျောင်းသူသစ်ရဲ့ အိမ်ကို လိုက်သွားကြတာ”။ လောင်ယွင် ခေါင်းငုံ့လျက် မပျော်မရွှင် ပြန်ဖြေလိုက်သည်။
သူမရဲ့ အချစ်ဆုံး သူငယ်ချင်းတွေတောင် စူစူလေးနောက် လိုက်သွားတာ သူမ ပျော်နိုင်ပါဦးမလား။
“ဒါဖြင့်ရင် နင်ကကော ဘာလို့ လိုက်မသွားတာတုန်း”။ ချင်းကျင်းဖန် အမြန်မေးလိုက်သည်။
“သမီး စူစူကို မကြိုက်ဘူး! သူနဲ့ မကစားချင်ဘူး!”
“အရူးမလေး! နင့်ဘကြီးနဲ့ ဘွားလေးတို့ သူ့ကို ဘယ်လောက်ချစ်လဲ မတွေ့ဘူးလား။ နင်သူနဲ့ သူငယ်ချင်း ဖြစ်ပြီး ခင်မင်ရင်းနှီးသွားရင် နင့်ဘကြီးတို့ နင့်ကိုလည်း ချစ်ရင်ချစ်လာမှာပေါ့! အဲ့တာဆို နင် နောက်ပိုင်း စားစရာ သောက်စရာတွေ၊ အဝတ်အစားတွေအတွက် ပူပန်စရာ မလိုတော့ဘူးဟဲ့!”
“ဒါပေမယ့် အဘိုးကလည်း… သူတို့ အဘိုးကို ရိုက်တယ်လေ။ သူတို့အကုန် လူဆိုးတွေ!”
“အရူးမလေး သူတို့က လူကောင်းမဟုတ်ပေမယ့် သူတို့နဲ့ အဆက်အသွယ်ဖြတ်လို့ မရသေးဘူးဟဲ့! ငါတို့ ချမ်းသာပြီး သူတို့ မွဲတေသွားတဲ့အချိန်ကျမှ ငါတို့ ကလဲ့စားပြန်ချေဖို့ အခွင့်အရေးတွေ အများကြီး ရလိမ့်မယ်!။ လောလောဆယ်တော့ ငါတို့ မငတ်အောင် သူတို့ကို အားကိုးပြီးနေရမှာပဲ!”
ချင်းကျင်းဖန်က လောင်ယွင်ကို လေးလေးနက်နက် ရှင်းပြလိုက်သည်။ သူမ နားလည်သွားပြီး ကျိုးသင့် ကြောင်းသင့် စဉ်းစားတတ်အောင် သင်ပေးနေခြင်း ဖြစ်သည်။
လောင်ယွင်၏ မျက်နှာသေးသေးလေး စိတ်ရှုပ်သွားသည့်ပုံစံ ဖြစ်သွားသည်။ သူမ အဘိုးရဲ့ စကားလုံးတွေကို သူမ နားမလည်နိုင်ပါ။
ချင်းကျင်းဖန်က အမြန် တိုက်တွန်းလိုက်၏။ “ဘာမှ စဉ်းစားမနေနဲ့! အခုချက်ချင်း နင့်ဘကြီးအိမ်ကို သွားကြစို့!”
ဒီလောက်ကောင်းသည့် အခွင့်အရေးကို ချင်းကျင်းဖန် လက်လွှတ်အဆုံးရှုံး မခံနိုင်ပါ။
အရင်တစ်ခေါက် မောင်းထုတ်ခံရပြီးကတည်းက သူ့အစ်ကိုကြီးနဲ့ မရီးထံ သွားလည်ဖို့ အခွင့်အရေး မရခဲ့ပါ။
ဒီနေ့တော့ တခြား ကလေးမိဘတွေလည်း ရှိနေသဖြင့် သူတို့ရှေ့မှာတော့ သူ့ကို မောင်းထုတ်မှာ မဟုတ်လောက်ပါ။
ထိုအတွေးဖြင့် ချင်းကျင်းဖန်တစ်ယောက် လောင်ယွင်ကို ခေါ်ပြီး လူအုပ်ထဲ တိုးဝင်သွားခဲ့ပါသည်။
သေချာပါသည်။ သူထင်ထားသည့်အတိုင်းပဲ အဘိုးချင်းနဲ့ အဘွားချင်းက သူတို့ကို မြင်သွားသည်။ သို့သော် မောင်းမထုတ်ခဲ့ပါ။
အဘိုးချင်းနဲ့ အဘွားချင်းတို့က သူတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကော၊ လောင်ယွင်လေးရဲ့ အရှက်သိက္ခာကိုကော ငဲ့ပေးနေတာကြောင့် ဘာမှမပြောခြင်း ဖြစ်သည်။
ချင်းအိမ်တော်ကို ရောက်တာနဲ့ တစ်ပြိုင်နက် စူစူလေးက ကလေးတွေကို ဧည့်ခန်းထဲမှာ ကစားဖို့ ခေါ်သွားပြီး အဘိုးချင်းတို့ လင်မယားကတော့ ကလေးမိဘတွေကို ဧည့်ခံနေပါသည်။
ဒီနေ့တစ်နေကုန် ချင်းယုဟွိုင်း အိမ်ကနေပဲ လက်ပ်တော့တစ်လုံးနဲ့ အလုပ်လုပ်နေသဖြင့် အောက်ထပ်မှ ပျားအုံကို တုတ်နဲ့ထိုးလိုက်သလို ဆူညံသံတွေကို ကြားသောအခါ စိတ်ဝင်စားစွာ အောက်ဆင်း လာခဲ့လေသည်။
ဧည့်ခန်းတစ်ခန်းလုံး ကလေးတွေနဲ့ ပြည့်နှက်နေတာကို မြင်သောအခါ ပုံမှန်ဆို ခံစားချက်မဲ့နေတတ်သည့် သူ့ချောချောမောမော မျက်နှာပေါ်မှာ ချက်ချင်း နာကျင်မှုတွေ ပေါ်သွားသည်။
“တူကြီး! နင်ရွေးဖို့ ငါအားလုံးကို ခေါ်လာခဲ့တယ်!”။ စူစူလေးက ယုဟွိုင်းထံသွားပြီး နူးနူးညံ့ညံ့ အသံလေးနဲ့ အတည်ပေါက် ပြောလိုက်ပါသည်။
“ဘာကို ရွေးရမှာလဲ”။
စူစူလေး၏ စကားလုံးများက အစမရှိ အဆုံးမရှိဖြစ်နေသည်။
“ချစ်သူကောင်မလေးလေ၊ ဇနီးလောင်းပေါ့!”
စူစူလေး ထိုသို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် အနောက်က ကလေးတွေအားလုံး လက်တွေမြှောက်ပြီး သံယောင်ဝင်လိုက်ကြသည်။
“ဟုတ်တယ် ဟုတ်တယ်။ ကိုကြီးမှာ ရည်းစားမရှိတာ သနားဖို့အရမ်းကောင်းတာပဲလို့ စူစူလေးက ပြောတယ်!”
“ကိုကြီးက အသက်ကြီးနေပေမယ့် စူစူလေးရဲ့ မျက်နှာကြောင့် လက်ခံပေးလိုက်ပါမယ်!”
“သမီးမှာလည်း ကောင်လေးမရှိဘူး။ အဲ့တာကြောင့် လာကူညီပေးတာ!”
“ကိုကြီးက အရမ်း သနားဖို့ကောင်းတာပဲ။ အခုချိန် သမီးတို့မှာ ကောင်လေးမရှိသေးဘူးဆိုပေမယ့် သမီးတို့က ငယ်သေးတယ်လေ။ ဒါပေမယ့် သမီးတို့ ကိုကြီးအရွယ်ရောက်ရင် သေချာပေါက် ကောင်လေး ရမှာ!”
“… … …”
… … …