အခန်း (၃၈+၃၉)
Vol. 2 Ch. 38+39
အခန်း(၃၈) ကလေးစကားတွေက ကြောက်ဖို့ကောင်းလိုက်တာ
ကလေးတွေ တစ်ယောက်တစ်ပေါက် ပြောနေသည့် စကားတွေကို ကြားသောအခါ ချင်းယုဟွိုင်း နှုတ်ခမ်းတွေ စည်းတင်းသွားပြီး လည်ပင်းပေါ်က သွေးကြောတွေလည်း ထောင်လာကာ တစ်ခုခုကို မနည်း ချုပ်တည်းထားရသလို ပုံစံ ဖြစ်သွားသည်။
နောက်ဆုံးတော့ သူ မချုပ်တည်းနိုင်တော့ဘဲ မေးလိုက်တော့၏။ “ချင်းစူစူ နင်ဒါဘာလုပ်တာလဲ”
“နင့်ကို မိန်းမရှာပေးနေတာလေ!”။ စူစူလေးက ‘မိန်းမ’ဟူသည့် စကားလုံးကို အသားပေး ပြောလိုက်ပါသည်။
ပုံမှန်ဆို တည်ငြိမ်အေးဆေးသည့် ချင်းယုဟွိုင်း၏ မျက်နှာ အရင်လို မဟုတ်တော့ပါ။ အသက်ဝဝ ရှူကာ ခံစားချက်ကို ချုပ်တည်းလိုက်ပြီး အသံဩဩဖြင့် မေးလိုက်၏။ “နင့်ကို အဲ့လို ဘယ်သူပြောတာလဲ”
“ဟမ်”။ စူစူလေး ခေါင်းစောင်းကာ ချင်းယုဟွိုင်းအား ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။
“မိန်းမဆိုတဲ့ စကားလုံးကို နင့်ကို ဘယ်သူပြောတာလဲလို့။ ပြီးတော့ ငါမိန်းမယူရမယ်လို့ နင့်ကို ဘယ်သူ ပြောတာလဲ”
စူစူလေးလို ၃ နှစ်ခွဲအရွယ် ကောင်မလေးက ဒီအရာတွေကို နားလည်မှာ မဟုတ်မှန်း ချင်းယုဟွိုင်း သိသည်။ သူ့ကို ရည်းစားရှာပေးလိုသည့် ဆန္ဒက တစ်စုံတစ်ယောက်ဆီမှ ကူးစက်လာတာ ဖြစ်မည်။
“တူဆိုးလေးက ပြောတာ။ နင် အသက်ကြီးပြီး မိန်းမမရှိဘူးတဲ့။ ဖေဖေနဲ့ မေမေတို့ စိတ်ပူနေပြီ။ နင်သာ မိန်းမရှိရင် ဖေဖေနဲ့ မေမေတို့ ပျော်မှာ။ ငါက ဖေဖေနဲ့ မေမေတို့ကို ပျော်စေချင်တယ်!”
စူစူလေးက ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
လူဆိုးကောင် တူလေး ချင်းယုကျီးကို သူမ သဘောမကျသော်လည်း ဖေဖေနဲ့ မေမေတို့ ပျော်ဖို့ဆို သူမ ကူညီပေးပါမည်။
ထင်တဲ့အတိုင်းပဲ!
ထို ဆန်ကုန်မြေလေး ချင်းယုကျီး ပယောဂမကင်းတာ ချင်းယုဟွိုင်း သိနေပါသည်။
“ငါဘာမိန်းမမှ မလိုဘူး။ ချင်းယုကျီး မဟုတ်တာတွေ ပြောတာကို နားမထောင်နဲ့”။ ချင်းယုဟွိုင်းက အေးစက်သော မျက်နှာဖြင့် ပြောလိုက်သည်။
“တူဆိုးလေး ပြောတာ မှားလို့လား။ နင့်မှာ မိန်းမ ရှိပြီးသားမို့လို့ မလိုချင်တာလား။ ဒါမှမဟုတ် သူများ မိန်းမဖြစ်ချင်လို့လား”။ စူစူလေးက နားမလည်စွာ မေးလိုက်၏။
ဒီလို ချစ်စရာမကောင်းသည့် တူကြီးကို ဘယ်သူက မိန်းမအဖြစ် ယူမှာလဲ စူစူလေး မတွေးတတ်ပါ။
“ဘာမိန်းမမှ မရှိဘူး! ပြီးတော့ လိုလည်း မလိုအပ်ဘူး!” ချင်းယုဟွိုင်း အံကြိတ်ကာ ပြောလိုက်သည်။ စကားလုံးတိုင်းက သွားကြားထဲမှ ထွက်လာသလိုပင်။
“ဘာလို့ မလိုတာလဲဟင်။ မိန်းမမယူဘူးဆိုတော့ ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း ကလေး မွေးလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား”
အကြောင်းအရာက အနည်းငယ် ရှုပ်ထွေးသော်လည်း အကြမ်းဖျင်းအားဖြင့်တော့ နတ်သားရဲဘုံမှာ မိတ်ဖက် ရှာဖွေတာနဲ့ တူညီနိုင်ပါသည်။
အမှန်ပဲ။ တူကြီး အရွယ်ရောက်နေပြီ။ မိန်းမယူပြီး ကလေးတွေ မွေးသင့်တယ်!။ ဒီလို ဆက်ဆိုးပြီး ဖေဖေနဲ့ မေမေကို စိတ်ညစ်အောင် လုပ်လို့မရဘူး!
ချင်းယုဟွိုင်း၏ မျက်နှာ မှောင်မိုက်လွန်းသဖြင့် စုတ်တံရှိလျှင် မျက်နှာမှာသုတ်ပြီး ပန်းချီဆွဲလို့တောင် ရနေလောက်ပါပြီ။
ပြောချင်တာပြောပြီးနောက် စူစူလေးက နောက်လှည့်ပြီး သူမခေါ်လာသည့် သူငယ်ချင်းလေးတွေကို မေးလိုက်သည်။ “လူတစ်ယောက်က သူ့ဖာသာသူ ကလေးမွေးလို့ရလား”
“မသိဘူး… ငါ့အမေပြောတာတော့ ငါ့ကို အမှိုက်ပုံထဲက ကောက်လာတာတဲ့။ အမှိုက်ပုံမှာ တစ်ယောက်တည်း သွားရှာရင် ရလောက်မယ်ထင်တယ်…”
“ငါလည်းမသိဘူး။ ငါ့အဖေနဲ့အမေပြောတာတော့ ငါ့ကို သူများ လက်ဆောင်ပေးတာတဲ့”။ နောက်ထပ် ကလေးတစ်ယောက်ကလည်း ဝင်ပြောသည်။
“ငါ့ကို ငါ့အမေတစ်ယောက်တည်းမွေးတာ! ငါ့အဖေက ဘာမှ အသုံးမဝင်ဘူး!”
“…”
ဖြူစင် ရိုးအသည့် ကလေးလေးတွေအကြား စကားဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နောက်ဆုံးတော့ စူစူလေး ပြောလိုက်သည်။ “ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် အရွယ်ရောက်ပြီးသား အထီးတစ်ကောင်က မိတ်ဖက်ရှာပြီး ကလေးမွေးသင့်တယ်။ တူဆိုးလေးပြောတာက အရင်ဆုံး ရည်းစားရှာရမယ်၊ ပြီးရင် ရည်းစားက မိန်းမ ဖြစ်လာမယ်။ ပြီးရင် ကလေးမွေးလို့ရပြီတဲ့! အဲ့တော့ ရည်းစားအရင်ရှာတာ မှန်ကန်တဲ့ အလုပ်ပဲ!”
စူစူလေးနဲ့ သူငယ်ချင်းတွေ ‘လူသားမျိုးပွားခြင်း’ကိစ္စ ဆွေးနွေးနေကြစဉ် ယုကျီး အိမ်ပြန်ရောက်လာပါသည်။
စူစူလေး၏ သုံးသပ်ချက်ကို ကြားသောအခါ ယုကျီး မနေနိုင်ဘဲ အကျယ်ကြီး အော်ရယ်လိုက်ပါသည်။
“ဟားဟားဟား! ဟားဟားဟား! နင်ပြောတာ အရမ်းအဓိပ္ပာယ်ရှိတာပဲ။ ငါ့အစ်ကိုကြီးက နင့်လောက် အသိဉာဏ်မရှိဘူး! နင့်လောက်သာ အသိဉာဏ်ရှိရင် အခုလောက်ဆို ငါ တူမလေးချီနေရလောက်ပြီ! ဟားဟားဟားဟား!”
အခန်း(၃၉) လောလောဆယ်တော့ တူကြီးရဲ့ ဇနီးလုပ်လို့မရသေးဘူး
ချင်းယုကျီး အူနာအောင် ရယ်မောနေစဉ် ချင်းယုဟွိုင်း၏ အရိုးထဲထိစိမ့်သွားလောက်သော အကြည့်ကို ခံစားလိုက်ရသည်။ “မင်းတော်တော် အားနေတဲ့ ပုံပဲ”
စူစူလေးကို ချင်းယုဟွိုင်း ဘာမှလုပ်လို့မရပါ။ သို့သော် သူ့ညီ ချင်းယုကျီးနဲ့ စာရင်းရှင်းဖို့ နည်းလမ်းတွေတော့ ရှိပါသေးသည်။
“အစ်ကိုကြီးကလည်း စူစူလေးကို ငါပြောတာမှန်သမျှ အမှန်တရားတွေချည့်ပဲလေ! အဘိုးနဲ့ အဘွားနဲ့ မင်းမိန်းမမှ ရပါ့မလားလို့ စိုးရိမ်နေကြတာ! မင်းသာ ရည်းစားတစ်ယောက်လောက် ရရင် အဘိုးနဲ့ အဘွားတို့ ကျိန်းသေပေါက် ပျော်သွားကြမှာ! ပြီးတော့ သူတို့ပျော်ရင် စူစူလေးလည်း ပျော်မှာပဲ ဟုတ်တယ်မလား”။ ချင်းယုကျီးက တည်ကြည်ဖြောင့်မတ်သော ဆရာကြီးအသွင်းဖမ်းကာ ပြန်ပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူပြောတာ အမှားမပါပေ။ ဒီအကြောင်းကို အဘိုးနဲ့အဘွားကို သွားတိုင်ရင်တောင် သူ့ဘက်က အမှန်ဖြစ်သည်။
ချင်းယုဟွိုင်း အေးစက်စွာ မေးလိုက်၏။ “မင်းပြောနေတဲ့ မဟာအမှန်တရားဆိုတာ သူ့ကို ကလေးတစ်သိုက် ခေါ်လာခိုင်းတာကိုလား”
“အဟွတ် အဟွတ်”။ ချင်းယုကျီး ၂ ချက်လောက် ချောင်းဟပ်လိုက်ပြီး ရှင်းပြလိုက်သည်။ “ငါ့စကားကို စူစူလေး အဲ့လိုအဓိပ္ပာယ်ကောက်မယ် ထင်မထားဘူး။ မင်းအတွက် အရွယ်ရောက်ပြီးသား ကောင်မလေး တစ်ယောက် နှစ်ယောက်လောက် သွားရှာပေးမယ် ထင်ထားတာ!”
ချင်းယုဟွိုင်း ပြတ်ပြတ်သားသား အမိန့်ပေးလိုက်၏။ “ဒီပြဿနာကို ရှင်းဖို့ မင်းမှာ အချိန် ၅ မိနစ် ရှိမယ်။ အဲ့အချိန်အတွင်း မဖြေရှင်းနိုင်ရင် မင်းဖုန်းတွေ လက်ပ်တော့တွေ အကုန်သိမ်းမယ်။ အိမ်က ဝိုင်ဖိုင်ကို ဖျက်ပစ်မယ်။ ပြီးတော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မေးခွန်းဟောင်း ၅ စုံစလုံးကို ဖြေဖို့ ငါကိုယ်တိုင် ကြီးကြပ်မယ်”
ချင်းယုဟွိုင်းက တစ်ခုခုကို ပြောပြီးလျှင် တကယ်လုပ်တတ်သူဖြစ်သည်။
“လခွမ်း… မင်းတော်တော် ရက်စက်တဲ့ အစ်ကိုကြီးပဲ!”။ အင်တာနက် မရှိဘဲ နေရမည့်ဘဝက ချင်းယုကျီးအတွက် ငရဲခန်းလိုပင်။
ထို့အပြင် သူ့အစ်ကိုကြီးရဲ့ စောင့်ကြည့်မှုအောက်မှာ စာလုပ်ရမှာ ပိုဆိုးသည်။
“တကယ်လုပ်မလုပ် မင်းစမ်းကြည့်လိုက်လေ”။ ယုဟွိုင်းက ဆို၏။
“မစမ်းရဲပါဘူး! မစမ်းရဲပါဘူး! ခုချက်ချင်း ရှင်းလိုက်ပါ့မယ်!” ချင်းယုကျီး ကျုံ့ကျုံ့လေးဖြစ်သွားသည်။
တူတော်မောင်တွေရဲ့ ငြင်းခုံသံတွေကို နားထောင်ရင်း စူစူလေး ခါးထောက်ကာ ပါးလေးများ ဖောင်းလာသည်အထိ မျက်နှာလေးကို ခက်ထန်ပြလိုက်ပြီး အတည်ပေါက် ပြောလိုက်သည်။ “ငါအရေးကြီးတဲ့ ကိစ္စပြောနေတယ်။ ရန်မဖြစ်ရဘူး! နင်တို့ မိန်းမလိုချင်လား မလိုချင်ဘူးလား ပြော!”
ချင်းယုကျီးက စူစူလေးကို အမြန်ရှင်းပြလိုက်ပါသည်။ “ချင်းစူစူ အဲ့လိုမဟုတ်ဘူး။ နင်ခေါ်လာတဲ့ ကောင်မလေးတွေက အရမ်းငယ်သေးတယ်။ ငါ့အစ်ကိုကြီးက လူကြီးဖြစ်နေပြီ။ အရွယ်ရောက်ပြီးသား ကောင်မလေးကို ရှာရမှာ! မဟုတ်ရင် တရားမဝင်ဘူး။ အနည်းဆုံး ၃ နှစ်ပဲ!”
“တရားမဝင်ဘူး ဟုတ်လား” စူစူလေးက စိတ်ရှုပ်သွားသော မျက်လုံးလေးဖြင့် မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။
“ဟုတ်တယ်! တရားမဝင်ဘူး! အရမ်းကြောက်ဖို့ကောင်းတယ်! ရဲသားကြီးတွေ ဖမ်းတာခံရပြီး အချုပ်ထဲ ရောက်သွားလိမ့်မယ်!”
“အဲ့လောက်တောင်လား”
“ဟုတ်တယ်လို့! အရမ်းကြောက်ဖို့ ကောင်းတယ်!” ချင်းယုကျီးက ဆိုသည်။ “အဲ့တာကြောင့် နောက်တစ်ခါ ငါတို့ အသက်နည်းနည်းပိုကြီးတဲ့ မိန်းကလေးတွေကို ရွေးရအောင်နော်”
လူသားတွေ မိတ်ဖက်ရွေးချယ်သည့် စည်းမျဉ်းစည်းကမ်းတွေကို စူစူလေး နားမလည်ပါ။ နှစ်ဦးနှစ်ဖက် သဘောတူလျှင် လုံလောက်ပြီဟု ထင်ခဲ့သည်။ လူသားမျိုးနွယ်မှာ အသက်ကန့်သတ်ချက်တွေ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
“နားလည်ပြီ။ ဒါဆိုလည်း ကောင်းပြီလေ”။ ထို့နောက် စူစူလေး သူမ သူငယ်ချင်းတွေဘက်ကို လှည့်ကာ ပြောလိုက်သည်။ “နင်တို့က ငယ်သေးတယ်လို့ ငါ့တူလေးက ပြောတယ်။ အဲ့တော့ လောလောဆယ် ငါ့တူကြီးရဲ့ မိန်းမလုပ်လို့ မရသေးူး”
ဒါကိုကြားတော့ ကလေးတွေ အနည်းငယ် စိတ်ဓာတ်ကျသွားပုံပင်။ သူတို့ စူစူလေးရဲ့ တူကြီးနဲ့ သူငယ်ချင်းတွေလုပ်ဖို့ အပင်ပန်းခံပြီး ဒီအထိတောင် လာပေးခဲ့ရတာ ဖြစ်သည်။
ချင်းယုကျီးက ကလေးတွေကို ပြောလိုက်သည်။ “ဟေ့ ကလေးလေးတွေ၊ ငါတို့ အိမ်မှာ အရသာရှိတဲ့ မုန့်တွေ အများကြီးရှိတယ်။ ဒီနေ့ ပင်ပန်းသွားကြပြီ။ မုန့်သွားစားကြ သွား!”
ပေါ့ပေါ့ပါးပါး နေတတ်သည့် ချင်းယုကျီးက သူ့အစ်ကိုကြီးထက် ကလေးတွေကို ပိုပြောတတ်ဆိုတတ်သည်။
“ရေး!! ကျေးဇူးပါ ကိုကြီး!”
ကလေးတွေအားလုံး မုန့်အကြောင်းကြားသောအခါ ချက်ချင်း အာရုံပြောင်းသွားကြပြီး ချင်းမိသားစု၏ အိမ်စေတွေ ပြင်ဆင်ပေးထားသော အချိုမုန့်များကို စားဖို့ အပြေးထွက်သွားကြလေသည်။
ချင်းလောင်ယွင် တစ်ယောက်တည်းသာ လိုက်မသွားဘဲ နေခဲ့၏။
ချင်းယုဟွိုင်းကို ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူ့နားကို လျှောက်သွားခဲ့ပါသည်။
“အစ်ကိုကြီး…” ချင်းလောင်ယွင် ခေါင်းမော့လျက် ရှက်ကြောက်စွာ ခေါ်လိုက်ပါသည်။
အလန့်လွယ်သည့် ယုန်ဖြူလေးတစ်ကောင်နဲ့တောင် တူနေသည်။
… … …