အခန်း (၄၀+၄၁)
Vol. 2 Ch. 40+41
အခန်း(၄၀) စူစူလေးရဲ့ လက်ကောက် အခိုးခံရပြီ
ချင်းယုဟွိုင်းက ချင်းလောင်ယွင်ကို ငုံ့ကြည့်လိုက်သည်။ “နင်လည်း သူတို့နဲ့အတူတူ သွားစားလေ”
ချင်းယုဟွိုင်းက ချင်းကျင်းဖန်တို့ မိသားစုကို ဘဝင်မကျသော်လည်း ချင်းလောင်ယွင်ကိုတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါသေးသည်။
ကလေးတွေက အပြစ်ကင်းစင်သည်။ ချင်းကျင်းဖန်တို့ မိသားစုရဲ့ လုပ်ရပ်တွေက ၄ နှစ်သမီး ချင်းလောင်ယွင်လေးနဲ့ ဘာမှ မသက်ဆိုင်ပါ။
သူမက နူးညံ့ သိမ်မွေ့သည့် ညီမလေးတစ်ယောက် ဖြစ်ပြီး သူတို့ ဒုတိယအဘိုးရဲ့ အုပ်ချုပ်မှုအောက်မှာ ဒုက္ခတွေ ခံစားနေရသူဖြစ်သည်။ သနားစရာပင် ကောင်းပါသည်။
သို့သော် ချင်းယုဟွိုင်းက ချင်းလောင်ယွင်ကို အရမ်းကြီးလည်း မခင်ပါ။ နဂိုကတည်းက ကလေး မချစ်တတ်တာကြောင့်လည်း ပါမည်။
ချင်းလောင်ယွင် ခေါင်းခါလိုက်၏။ “သမီး ကိုကြီးနားမှာ နေချင်လို့”
“နင်နဲ့ ကစားဖို့ ငါမအားဘူး။ နင့်အစ်ကိုယုကျီးကို သွားရှာ”
ချင်းယုဟွိုင်းက ကလေးတွေကို စကားမပြောဆိုတတ်ပါ။ ထို့အပြင် အခု တကယ်လည်း သူအလုပ် များနေသည်။
စူစူလေး ရှာထားသည့် ပြဿနာကြောင့်သာ မဟုတ်လျှင် သူအောက်ထပ်ကို ဆင်းလာပြီး အချိန်ဖြုန်းစရာ အကြောင်းတောင် မရှိပါ။
ဒါကိုကြားတော့ ချင်းယုကျီးက လှမ်းပြောလိုက်၏။ “ငါလည်း မဆော့ချင်ဘူးနော်! ငါ့ဆီမလာနဲ့! အခုမှ ကျောင်းဆင်းတာ ငါဂိမ်းဆော့ချင်သေးတယ်!”
ချင်းယုကျီး လျှပ်စီးလို အမြန်နှုန်းနဲ့ ထွက်ပြေးသွားလေသည်။
ချင်းလောင်ယွင် စိတ်မကောင်းဖြစ်စွာ ခေါင်းငုံ့လိုက်ပြီး လက်ချောင်းလေးတွေကို စိတ်လှုပ်ရှားစွာ ပွတ်သပ်နေမိသည်။
ချင်းယုဟွိုင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ငါနဲ့ စာကြည့်ခန်းထဲ ခဏလိုက်ခဲ့”
သူ့ဝမ်းကွဲညီမကို ချင်းယုဟွိုင်း ဒီလိုပုံစံမျိုးနဲ့ မမြင်ချင်သဖြင့် သူ့စာကြည့်ခန်းထဲ ခေါ်လိုက်ပါသည်။ ချင်းလောင်ယွင်၏ ပုံစံက အနေအေးမည့် ပုံစံမျိုး ဖြစ်တာကြောင့်လည်း ပါသည်။
ဒါကိုကြားတော့ ချင်းလောင်ယွင် မျက်လုံးလေးများ ချက်ချင်း တောက်ပသွားပြီး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ချင်းယုဟွိုင်းနဲ့အတူ အပေါ်ထပ်သို့ လိုက်သွားခဲ့ပါသည်။
ချင်းယုဟွိုင်း၏ စာကြည့်ခန်းထဲ ရောက်တော့လည်း ချင်းလောင်ယွင်က အလွန် လိမ္မာသည်။ ချင်းယုဟွိုင်း ပေးထားသည့် ရုပ်ပြစာအုပ်လေး တစ်အုပ်ကို ယူကာ စာကြည့်ခန်းထောင့်က ကော်ဇော ပေါ်မှာထိုင်ရင်း တစ်ယောက်တည်း ဖတ်နေပါသည်။
သူမက အလွန် တည်ငြိမ် တိတ်ဆိတ်သည်။ ထို့ကြောင့် ချင်းယုဟွိုင်း အနည်းငယ် သဘောကျသွားခဲ့ပါသည်။
အလွန်သပ်ရပ် လှပသော စာကြည့်ခန်းကြီးကို ကြည့်ရင်း ဒီအိမ်က သူမအိမ်ဖြစ်လျှင် သိပ်ကောင်းမည်ဟု ချင်းလောင်ယွင် တွေးလိုက်မိသည်။
ချင်းစူစူကျတော့ ဒီလို အိမ်ကောင်းကောင်းမှာနေရပြီး သူမကျတော့ ဘာလို့ အဘိုးအဘွားတွေနဲ့ ထိုအိမ်စုတ်မှာ နေနေရတာလဲ။
ချင်းစူစူက သူများတွေကို လိုက်ရိုက်တတ်ပြီး သူမအဘိုးကိုလည်း အနိုင်ကျင့်ခဲ့သည့် လူဆိုးမတစ်ယောက် ဖြစ်သည်။
ချင်းလောင်ယွင် ရုပ်ပြစာအုပ်ကို လှန်ရင်းနဲ့ သလင်းကျောက် လက်ကောက်လေး တစ်ကွင်း စာအုပ်ကြားထဲမှ ထွက်ကျလာ၏။
ထိုလက်ကောက်လေးမှာ ရောင်စုံ သလင်းကျောက်လုံးလေးများ ပါရှိပြီး အလွန်လှပါသည်။
ထိုလက်ကောက်လေးကို ချင်းလောင်ယွင် အလွန်သဘောကျသွား၏။
အလုပ်ထဲ အာရုံများနေသည့် ချင်းယုဟွိုင်းကို ချင်းလောင်ယွင် တိတ်တဆိတ် ခိုးကြည့်လိုက်၏။ ချင်းလောင်ယွင် ရင်ထဲ ခေတ္တ ပဋိပက္ခဖြစ်သွားသော်လည်း နောက်ဆုံးမှာတော့ လက်ကောက်လေးကို သူမ အိတ်ကပ်ထဲ ထည့်လိုက်ပါသည်။
အိမ်ပြန်ချိန်ရောက်သောအခါ ချင်းလောင်ယွင် အနည်းငယ် စိတ်လှုပ်ရှားမိသည်။ အထူးသဖြင့် ချင်းစူစူကို မြင်လိုက်ရချိန်မှာဖြစ်သည်။
ကံကောင်းစွာဖြင့် ဘယ်သူမှ သတိမထားမိကြပေ။
ချင်းအိမ်တော် အပြင်ရောက်သည့်အချိန်ထိ ချင်းလောင်ယွင်ကို ဘယ်သူမှ သံသယ မဖြစ်ခဲ့ကြပါ။
ထို့နောက် အိတ်ကပ်ထဲက လက်ကောက်လေးကို ကိုင်ကြည့်ရင်း ချင်းလောင်ယွင် ချိုချိုမြိန်မြိန် ပြုံးလိုက်တော့သည်။
--- --- ---
စူစူလေး၏ သူငယ်ချင်းများကို နှုတ်ဆက်ပြီးနောက် ချင်းမိသားစုလည်း ညစာစားဖို့ စားပွဲဝိုင်းမှာ ထိုင်လိုက်ကြသည်။
ညစာစားပြီးနောက် ချင်းယုကျီးက အပြင်ထွက်ဖို့ ပြင်နေ၏။
ချင်းယုဟွိုင်းက လှမ်းအော်သည်။ “မင်း ဘယ်သွားမလို့လဲ”။
ချင်းယုကျီးက ကြိုတင်စဉ်းစားထားသည့် ဆင်ခြေအား ပေးလိုက်ပါသည်။ “ဘတ်စ်ကတ်ဘော သွားကစားမလို့။ သူငယ်ချင်းတွေနဲ့ ချိန်းထားပြီးသား”
ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွားသည်။ “ဘတ်စ်ကတ်ဘော ကစားလိုက်၊ ဂိမ်းဆော့လိုက်နဲ့။ အဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခုခု လုပ်ဖို့ အစီအစဉ်မရှိဘူးလား”
“အစ်ကိုကြီးကလည်း အဲ့စကား ငါအကြိမ် ၁,၀၀၀ လောက်ကြားဖူးပြီးသွားပြီ. ငါတို့ မိသားစုမှာ မင်းနဲ့ အစ်ကိုလတ်တို့ ရှိနေရင် တော်ပြီပေါ့! တကယ်ပါပဲ! ငါ့ကို လွှတ်ထားစမ်းပါ!”။ ချင်းယုကျီးက ပေါ့ပျက်ပျက် အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။
ထို့နောက် ချင်းယုဟွိုင်းကို တာ့တာပြပြီး အိမ်အပြင် ခပ်သုတ်သုတ် ထွက်သွားတော့သည်။
ချင်းယုဟွိုင်း မျက်မှောင်ကြုတ်ကာ မျက်နှာထားလည်း ထိုင်းမှိုင်းလို့နေသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက ထိုမတော်တဆမှု ဖြစ်ပြီးကတည်းက သူ့ညီ ဘဝကို ပေါ့ပျက်ပျက်ပဲ နေထိုင်နေသည်။
သူ့မိဘတွေကော သူကော ဘာမှ မလုပ်ပေးနိုင်ပါ။
အခန်း(၄၁) ယုန်ယောင်ဆောင်ခြင်း
ညအချိန်…
မြို့ဈေးထဲရှိ အမှောင်ထု လွှမ်းမိုးနေသော လမ်းကြားတစ်ခုထဲတွင်…
လူငယ်တချို့ မြေကြီးပေါ်မှာ ခြေပစ်လဲပစ် လဲကျနေကြသည်။ မျက်နှာပေါ်မှာလည်း နာကျင်မှုတွေ အထင်းသား ပေါ်နေ၏။
ကောင်လေးတစ်ယောက်က တခြားတစ်ယောက်ကို နံရံပေါ်မှာ ကပ်လျက် ချုပ်ထားသည်။
“ဝုန်း!”
ထိုကောင်လေး၏ လက်သီးက တခြားကောင်လေး၏ မျက်နှာဘေး နံရံပေါ် ကျရောက်သွားသည်။ တမင်သက်သက် ကောင်လေး၏ မျက်နှာကို မထိအောင် ထိုးလိုက်ခြင်းဖြစ်ပြီး သူ့မျက်နှာနဲ့ ၁၀ စင်တီမီတာလောက်သာ ကွာပါသည်။
နံရံပေါ်က ဆေးတချို့ ကွာကျလာ၏။
နံရံပေါ်မှာ အချုပ်ခံထားရသော ရှုယီချန့်တစ်ယောက် ကြောက်လန့်စွာ ပြောလိုက်သည်။ “ချင်းယုကျီး မင်း… စိတ်အေးအေးထားစမ်းပါ… လူသတ်တာ ဥပဒေနဲ့ မညီဘူးနော်”
ရှုယီချန့်ကို ချုပ်ထားသူမှာ တခြားသူ မဟုတ်ဘဲ ချင်းယုကျီးဖြစ်၏။ သို့သော် ယခု သူ့မျက်နှာပေါ်က ကြမ်းကြမ်းကြုတ်ကြုတ် အမူအရာက ပုံမှန် ချင်းယုကျီးနဲ့ အလွန်ခြားနားနေပါသည်။
ချင်းယုကျီး လက်သီးဆုပ်ကို ပြန်ခွာလိုက်သည်။ သူ့လက်သီးမှာ သွေးစတချို့ ပေနေပါသည်။ သို့သော်လည်း ဘာနာကျင်မှုမှ မခံစားရသည့်ပုံစံပင်။
လူသတ်ချင်နေပြီး မရိုးသော အပြုံးတစ်ခု သူ့မျက်နှာပေါ် ပေါ်လာခဲ့သည်။
ရှေ့က သူမတွေ့ဖူးသော ချင်းယုကျီး၏ ပုံစံကြောင့် ရှုယီချန့် သွေးချောက်ချားနေပါပြီ။ ယခင်တုန်းက သူတွေ့ဖူးသော ချင်းယုကျီးမှာ ဘာကိုမှ အလေးမထားဘဲ ပေါ့ပေါ့ပျက်ပျက်နေတတ်သော ကောင်လေး ဖြစ်၏။
သို့သော် ယခု သူ့ရှေ့က ချင်းယုကျီးကတော့ တိုက်ရည်ခိုက်ရည်ကော အရှိန်အဝါကော အလွန် မြင့်မားပြီး အလွန်ကြောက်စရာကောင်းလွန်းသည်။
ခုနလေးတင် သူ့နောက်လိုက် ၇ ယောက် ၈ ယောက်လောက်ကို ချင်းယုကျီး တစ်ယောက်တည်း အမှောက်သိပ်လိုက်တုန်းက ရှုယီချန့် ကြက်သေသေခဲ့ရသည်။
ဟိုကလေးမလေးလို မဟုတ်ဘဲ ချင်းယုကျီးက တကယ် လူသတ်မည့် ပုံစံမျိုးဖြစ်၏။
ဒါဆို သူပေါ့တီးပေါ့ပျက်နေတာတွေက ဟန်ဆောင်နေတာလား?!
“ရှုယီချန့်၊ မင်းချင်းစူစူကို မကောင်းကြံနေတယ်လို့ ငါကြားတယ်”။ ချင်းယုကျီး၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပါသည်။ သို့သော် လေသံကတော့ ကြက်သီးထစရာ ကောင်းလှသည်။
ချင်းယုကျီးက ရှုယီချန့်ကို နံရံပေါ်မှာချုပ်ထားပြီး ရှုယီချန့် မျက်နှာနဲ့ သူ့လက်သီးနဲ့ သိပ်မဝေးလှပါ။
ရှုယီချန့်သာ သူကြားချင်သည့် စကားကို မပြောလျှင် သူ့မျက်နှာတည့်တည့် လက်သီးချက် ကျရောက်သွားမည် ဖြစ်သည်။
“ငါ… ငါမကြံစည်ရဲပါဘူး…” ရှုယီချန့်က အမြန်ငြင်းလိုက်၏။
ဒီကိစ္စကို ချင်းယုကျီး ဘယ်လိုသိသွားသလဲ ရှုယီချန့် မသိပါ။ ထို မကောင်းဆိုးဝါးမလေးကို ကလဲ့စားချေဖို့ သူတကယ် ကြံစည်ထားပါသည်။
သို့သော်လည်း အကြံအစည် အဆင့်မှာသာ ရှိသေးပြီး လက်တွေ့ အကောင်အထည် မဖော်ရသေးပါ။ ဒါကို ချင်းယုကျီးက သူ့ဆီ ကိုယ်တိုင်ရောက်လာပြီး သောင်းကျန်းသည်။
“မကြံစည်ရဲဘူးဟုတ်လား”။ ချင်းယုကျီး အပြုံးပိုကျယ်သွားပြီး ကြောက်ဖို့လည်း ပိုကောင်းလာသည်။ “တကယ်ကြောက်ပြီပေါ့”
“ကြောက်ပါပြီ! ချင်းယုကျီး! မင်းတို့နှစ်ယောက်ကို ပြဿနာ ထပ်မရှာတော့ဘူးလို့ ကတိပေးပါတယ်!”
နှစ်ယောက်စလုံး မကောင်းဆိုးဝါးတွေ!
ထိုစဉ် ချင်းယုကျီးက ရှုယီချန့်ကို မြေကြီးပေါ် ပစ်ချလိုက်ပြီး ဗိုက်ကို တက်နင်းလိုက်သည်။
“ရှုယီချန့် မင်းစကားကို မင်းမှတ်ထား။ ပြီးတော့ မင်းညီဆိုတဲ့ကောင်ကိုလည်း သေချာ ထိန်းထား။ မင်းတို့ကောင်တွေကို ငါအမြဲတမ်း လွှတ်မပေးဘူး။ လူသတ်တာ ဥပဒေနဲ့ မငြိရင် မင်းနဲ့ မင်းညီကို ငါသတ်ပြီးတာ ကြာပြီ! ငါ့မှာ လူစိတ်ရှိသေးတာ မင်းတို့ ကျေးဇူးတင်သင့်တယ်!”
“ငါ… ငါနားလည်ပါပြီ…” ရှုယီချန့် ခက်ခက်ခဲခဲ ပြန်ဖြေလိုက်သည်။
“ပြီးတော့ ဒီနေ့ကိစ္စကို ဘယ်သူမှ ပြန်မပြောနဲ့”
တချို့လျှို့ဝှက်ချက်တွေက ချင်းယုကျီး၏ လက်အောက်မှာ လုံခြုံသည်။ ထိုသို့ပြောပြီးနောက် ချင်းယုကျီး လမ်းကြားထဲမှ အေးအေးဆေးဆေး ထွက်လာပါသည်။
လရောင်နဲ့ လမ်းမီးတိုင်တွေရဲ့ အလင်းရောင်ကြောင့် သူ့ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်၏ အရိပ်တစ်ခု မြေကြီးပေါ်မှာ ကျရောက်နေသည်။ လမ်းကြားအပြင်ကို ရောက်ရောက်ချင်း အေးစက်သော လေပြည်တစ်ချက်က သူ့မျက်နှာပေါ် တိုးဝှေ့လာသည်။
ထိုအေးစက်မှုကြောင့် ချင်းယုကျီး အသိစိတ် နည်းနည်း ပြန်ကပ်သွား၏။
သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုလည်း သတိထားမိသွားသည်။
ခုနက လူတွေအများကြီးနဲ့ တစ်ယောက်တည်း တိုက်ခိုက်ခဲ့ရသဖြင့် သူလည်း ဒဏ်ရာရခဲ့ပါသည်။ မနက်ဖြန်ဆို ပွန်းပဲ့ရာတွေ ဖူးယောင်ရာတွေ ပိုပြီးထွက်လာလောက်သည်။
ချင်းယုကျီး သူ့လက်သူ ငုံ့ကြည့်လိုက်သည်။ လက်ပေါ်က သွေးကို မြင်သောအခါ ဦးနှောက်ကို လှုံ့ဆော်သလို ဖြစ်သွားပြီး သွေးစွန်းနေသည့် မှတ်ဉာဏ်တစ်ခု အာရုံထဲမှာ ပြန်လည် ပေါ်လွင်လာသည်။
ချင်းယုကျီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လက်ပေါ်က ဒဏ်ရာလည်း ပိုပြဲသွားခဲ့သည်။
ခဏကြာမှ သတိပြန်ကပ်ပြီး တစ်ရှူးတစ်ရွက်ထုတ်ကာ လက်ပေါ်မှ သွေးစက်တွေကို အေးအေးဆေးဆေး သုတ်လိုက်ပါသည်။
သွေးစွန်းနေသော တစ်ရှူးကို အမှိုက်ပုံးထဲ ပစ်ပြီးနောက် လမ်းဘေးမှာ ရပ်ရင်း တက္ကစီငှားကာ အိမ်သို့ ပြန်ခဲ့တော့သည်။
… … …