အခန်း (၄၂+၄၃)
Vol. 2 Ch. 42+43
အခန်း(၄၂) မကောင်းဆိုးဝါးမလေးကို ဘာလုပ်ရမလဲ မသိတော့ဘူး
ချင်းအိမ်တော်ရှေ့တွင် တက္ကစီရပ်သွားပြီး ချင်းယုကျီးဆင်းလာသည်။ ထို့နောက် ခြံထဲ ဝင်လာခဲ့ပါသည်။
ခြံထဲဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ချင်းယုဟွိုင်းကို မြင်ပြီး ခြေလှမ်းတွေ ရပ်တန့်သွား၏။
“ဘတ်စ်ကတ်ဘော သွားကစားတာဆို။ ဘာလို့ ဒီပုံစံနဲ့ ပြန်လာတာလဲ”
သူ့လက်ပေါ်က ဒဏ်ရာတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်နိုင်သည်။ ထို့အပြင် သွေးစတွေကလည်း အကုန်မပြောင်သေးပါ။
အနီးကပ်သေချာကြည့်လျှင် လက်မောင်းပေါ်က ဒဏ်ရာတွေကိုပါ မြင်နိုင်သည်။
ထို့အပြင် သူ့ ကော်လံမှာ အနီရောင် အမှတ်အသားတွေလည်း ထင်နေ၏။ ကုတ်ရာတွေလား၊ ထိုးချက် ဒဏ်ရာတွေကြောင့်လား မသိပါ။
ချင်းယုဟွိုင်း၏ မေးခွန်းကို ကြားသောအခါ ချင်းယုကျီး စပ်ဖြီးဖြီးဖြင့် ပြန်ဖြေလိုက်သည်။ “ဘတ်စ်ကတ်ဘော ကစားပါတယ်ဆိုနေမှ ခလုတ်တိုက်တာ ချော်လဲတာတော့ ရှိမှာပေါ့။ ငါလည်း ခလုတ်တိုက်လဲသွားလို့ ဒီလိုပုံစံဖြစ်နေတာ။ အဲ့လိုပါပဲ”
“သူများတွေက ချော်လဲရင် လက်ဖဝါးမှာ ဒဏ်ရာရကြတာ မင်းက လက်ဖမိုးမှာ ဒဏ်ရာရလာတယ်ပေါ့”
“ငါချော်လဲတဲ့ပုံစံက ထူးခြားလို့ပေါ့ကွာ! ဘယ်လို ချော်လဲသလဲဆိုတာ အသေးစိတ် ပြန်သရုပ်ပြရဦးမှာလား”
“ထားလိုက်ပါတော့”။ ဘာပြောပြော ထူးမှာ မဟုတ်မှန်း ချင်းယုဟွိုင်းသိသည်။ “ရေချိုးပြီးရင် ဆေးလိမ်းဖို့သာ မမေ့နဲ့။ ပိုးဝင်နေမယ်”
“အိုကေ အိုကေ လုပ်လိုက်မယ်!”
စိတ်မရှည်လက်မရှည်ဖြင့် ချင်းယုကျီး အပေါ်ထပ် ပြေးတက်ပြီး သူ့အခန်းထဲသူ ဝင်လိုက်သည်။
အိပ်ခန်းထဲရောက်တာနဲ့ ညစ်ပတ်နေသည့် အဝတ်အစားတွေကို ချွတ်လိုက်ပြီး သူ့ကိုယ်ပိုင် ရေချိုးခန်းထဲ ဝင်ကာ ရေစိမ်ဖို့ ပြင်လိုက်ပါသည်။
ရေနွေးများထည့်ထားသည့် ရေချိုးကန်ထဲမှာ စိမ်ရင်း ချင်းယုကျီး မျက်လုံးမှိတ်ကာ အနားယူလိုက်ပါသည်။
ထိုစဉ် ရုတ်တရက် ရေချိုးခန်းတံခါး ပွင့်သွားသည်။
ချင်းယုကျီး မျက်လုံး ဆတ်ခနဲ ပွင့်သွားပြီး သူ့ရေချိုးကန်ရှေ့မှာ မတ်တပ်ရပ်နေသည့် စူစူလေးနဲ့ ဟူကျစ်တို့ကို တွေ့လိုက်ရလေသည်။
“လခွီး!” ချင်းယုကျီး ထခုန်မိလုနီးပါး ဖြစ်သွားပြီး ဘေးက ရေသုတ်ပဝါကို ယူပြီး အောက်ပိုင်းကို ဖုံးလိုက်သည်။
ထို့နောက် မိန်းကလေးတစ်ယောက်လို ရေချိုးကန်ထဲ ကျုံ့ဝင်သွားပြီး မလှုပ်ရဲတော့ပါ။
“မဆဲနဲ့။ ဆဲတာ မကောင်းဘူးလို့ ဖေဖေက ပြောတယ်”။ စူစူလေး ဆုံးမလိုက်သည်။
“ဆဲတာ မဆဲတာ အရေးမကြီးဘူး! နင်က ဘာလို့ ငါ့ရေချိုးခန်းထဲ ဝင်လာတာလဲ”
အိုင်အိုဒင်း ဆေးဘူးလေးကို မြှောက်ပြလျက် စူစူလေး ပြောလိုက်၏။ “ဆေးထည့်ပေးမလို့။ မေမေ တာဝန်ပေးထားတာ”
စူစူလေးနဲ့ ချင်းယုကျီးတို့ရဲ့ ဆက်ဆံရေး ပိုမိုတိုးတက်လာစေချင်တာကြောင့်ပဲလား၊ သို့မဟုတ် ချင်းယုကျီးကို နိုင်တာ စူစူလေးတစ်ယောက်သာ ရှိသည်ဟု ထင်တာကြောင့်လားမသိ၊ အဘွားချင်းက စူစူလေးကို တာဝန်ပေးလိုက်ခြင်းဖြစ်၏။
“မလိုပါဘူး! ဘာဆေးမှ ထည့်ဖို့မလိုဘူး! ပြီးတော့ ငါကယောက်ျားလေး နင်က မိန်းကလေး! ငါ့ရေချိုးခန်းထဲ စိတ်ထင်တိုင်း ဝင်လာလို့ မရဘူး နားလည်လား”
“ဒါပေမယ့် နင်က ငါ့တူလေးလေ”
“တူလေးမကလို့ မောင်လေးဖြစ်ဖြစ် ဦးလေးဖြစ်ဖြစ် အရေးမကြီးဘူး! နင်က မိန်းကလေး! မိန်းကလေးတွေက ယောက်ျားလေးတွေရဲ့ ရေချိုးခန်းထဲ ဝင်လို့ မရဘူး ကြားလား”
“ဘာလို့လဲ” စူစူလေး နားမလည်ပါ။
“ဘာလို့လဲ မမေးနဲ့။ မကောင်းဘူးဆိုတာသာ သိထား!”။ ချင်းယုကျီး ခေါင်းမီးတောက်တော့မည်။
ဒီမကောင်းဆိုးဝါးမလေးက အလွန်စိတ်ရှုပ်ဖို့ ကောင်းလွန်းပါသည်။
စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး ဟူကျစ်ကို ပြောလိုက်သည်။ “ဟူကျစ် သွားကြစို့”
ကလေးမလေးနဲ့ သူမရဲ့ ကြောင်ဖြူလေး ရေချိုးခန်းထဲမှ ထွက်သွားပါသည်။
သူတို့ထွက်သွားမှ ချင်းယုကျီး စိတ်အေးလက်အေး သက်ပြင်းချနိုင်သည်။ သို့သော် ရေစိမ်ချင်စိတ် ပျောက်သွားပါပြီ။
ရေချိုးကန်ထဲမှ ထွက်လိုက်ပြီး ခန္ဓာကိုယ်ကို ရေသုတ်ကာ အနက်ရောင် အိမ်ဝတ် ချည်ဘောင်းဘီတစ်ထည် ဝတ်ဆင်လိုက်သည်။ ထို့နောက် အပေါ်ပိုင်းဗလာဖြင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့ပါသည်။
အခန်းပြင်ရောက်တာနဲ့ တစ်ပြိုင်နက် သူ့ကုတင်ပေါ်မှာ လှဲနေသော စူစူလေးနဲ့ ဟူကျစ်တို့ကို မြင်လိုက်ရသည်။
“လခွမ်း! နင်ဘာလို့ အခုထိ မသွားသေးတာလဲ?!”
“မဆဲရဘူးလို့ ပြောနေတယ်!” စူစူလေးက ထပ်ဆုံးမလိုက်သည်။
ဒီတူက တော်တော်ဆိုးတာပဲ!
“တကယ်ပါပဲ နင်ဘာဖြစ်ချင်နေတာလဲ”
“နင့်ကို ဆေးထည့်ပေးဖို့”။ စူစူလေးက အိုင်အိုဒင်းဆေးပုလင်းနဲ့ ဂွမ်းတို့ကို ကိုင်ပြီး ခေါင်းမာစွာ ပြောလိုက်သည်။
ချင်းယုကျီး အရှုံးပေးသော သက်ပြင်းချကာ ကုတင်ပေါ်တက်လိုက်ပြီး ခြေတွေ လက်တွေ ထုတ်ပေးလိုက်သည်။
“ပြီးတာပဲ လုပ်စရာရှိတာလုပ်!”။ ချင်းယုကျီး မခုခံနိုင်တော့ပါ။
ဒီမကောင်းဆိုးဝါးမလေးကို ဘယ်လိုနှိမ်နှင်းရမလဲ သူမသိတော့ပေ။
အခန်း(၄၃) ခဏလောက် ဖက်ထားမယ်
စူစူလေးက ဂွမ်းတံတစ်ချောင်းထုတ်ကာ အိုင်အိုဒင်းဆေးရည် စွတ်လိုက်ပြီး ချင်းယုကျီး၏ ဒဏ်ရာများကို သုတ်ပေးလိုက်ပါသည်။
စူစူလေးက ပုံမှန်ဆို ကြမ်းကြမ်းတမ်းတမ်း ပြုမူတတ်သော်လည်း ဆေးထည့်ပေးသည့်အခါ သူမရဲ့ တည်တည်ငြိမ်ငြိမ်ပုံစံလေးက အလွန်ချစ်ဖို့ကောင်းပါသည်။
ချင်းယုကျီးက စူစူလေးကို အတန်ကြာအောင် ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ “ငါ့ကို သဘောမကျဘူးဆို။ ဘာလို့ ဆေးထည့်ပေးနေတာလဲ”။
“သဘောမကျပါဘူး။ ဒါပေမယ့် နင်က ငါ့တူလေးလေ၊ တူလေးက ဒဏ်ရာရတော့ အဒေါ်က ဆေးထည့်ပေးရမှာပေါ့”
စူစူလေး၏ အကြောင်းပြချက်က ရှင်းပါသည်။
သဘောမကျတာက မကျတာပဲဖြစ်သည်။ သို့သော် မိသားစုဝင် ဒုက္ခရောက်နေချိန် ဒီတိုင်း ပစ်ထားလို့ မရပါ။ မဟုတ်လျှင် ဖေဖေနဲ့ မေမေတို့ စိတ်မကောင်းဖြစ်လိမ့်မည်။ တခြား မိသားစုဝင်တွေလည်း စိတ်မကောင်း ဖြစ်သွားပါလိမ့်မည်။ သူတို့ကို စူစူလေး ဝမ်းမနည်းစေချင်ပါ။
ချင်းယုကျီး ရယ်မောလိုက်သည်။ အပြင်မှ ပြန်လာတုန်းက ဒီမကောင်းဆိုးဝါးလေးအတွက် ဘယ်လို အတွေးမျိုးနဲ့ သူဒုက္ခခံခဲ့တာလဲဟု ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေမိခဲ့သည်။
ယခု ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်မှ မကောင်းဆိုးဝါးမလေးကို အဒေါ်အဖြစ် အပြည့်အဝ လက်မခံနိုင်သေးသော်လည်း လူတစ်ယောက်အနေနဲ့တော့ သဘောကျပါသည်။
ဒီကလေးမလေးက ကြမ်းတမ်းသော်လည်း သူမရဲ့ ရူးသွပ်မှုက ချစ်စရာကောင်းသည်။ သူမကို ကြည့်မိလေလေ သဘောကျလာမိလေလေဖြစ်သည်။
ချင်းယုကျီး အတွေးနက်နဲနေစဉ် စူစူလေးက သူ့ကို ရုတ်တရက် ဆွဲလှန်ပစ်လိုက်ပါသည်။
“အား!!!” ချင်းယုကျီး နာကျင်မှုကြောင့် အော်ဟစ်မိသွား၏။
“ဪ… တောင်းပန်ပါတယ်။ ငါအားသုံးတာ များသွားတယ်”။ စူစူလေးက ရှက်ကိုးရှက်ကန်းဖြင့် တောင်းပန်လိုက်ပါသည်။
နောက်တစ်ဖက်ကို ဆေးထည့်ပေးဖို့ သူမ လှန်လိုက်တာသာ ဖြစ်သည်။
“ငါက ပန်ကိတ်မဟုတ်ဘူးဟဲ့! ဘာလို့ အဲ့လို ဆွဲလှန်ပစ်လိုက်တာလဲ?! ပါးစပ်က ထုတ်ပြောရင် ငါ့ဖာသာငါ လှည့်ပေးမှာပေါ့…”
စူစူလေး၏ ချစ်စရာ မျက်နှာလေးကို ကြည့်ရင်း သူ့ဒေါသက သူ့ရင်ထဲမှာပဲ အလိုလို ပျောက်ကွယ်သွားသည်။
“ထားလိုက်ပါတော့… ဆက်လုပ် ဆက်လုပ်”။ ချင်းယုကျီး အလျှော့ပေးလိုက်ပါသည်။ ရွေးချယ်စရာ မရှိဘဲ မျက်ရည်တွေကို ချုပ်တည်းလိုက်ရသည်။
အခန်းအပြင်ဘက်မှာ အဘိုးချင်းနဲ့ အဘွားချင်းတို့ ခိုးနားထောင်နေကြသည်။
ချင်းယုကျီးက စူစူလေးစကားကို နားထောင်သလိုလို ရှိသဖြင့် သူတို့ စိတ်အေးသွားကြသည်။
ဒီ ဆန်ကုန်မြေလေးကို စူစူလေး တကယ် ကိုင်တွယ်နိုင်သည့်ပုံပင်။
ချင်းယုဟွိုင်းလည်း အနားမှာ ရှိနေပါသည်။ သူ့အဘိုးအဘွားတွေလိုတော့ တံခါးရှေ့မှာ ခိုးနားထောင်မနေပါ။ သို့သော် သူတို့ရဲ့ အကြံအစည်ကို စိတ်ထဲမှ ထောက်ခံပါသည်။
ဧကန္တ စူစူလေးသာဆို သူ့ညီကို လမ်းကြောင်းမှန် ပြန်ရောက်သွားအောင် ပြုပြင်ပေးနိုင်လောက်သည်…။ တစ်ချိန်တုန်းကလို ထက်မြက်ပြီး အကောင်းမြင်တတ်သည့် ကောင်လေးပြန်ဖြစ်သွားအောင် လုပ်ပေးနိုင်လောက်သည်…။
အခန်းထဲတွင် ချင်းယုကျီးကို စူစူလေး ဆေးထည့်ပေးလို့ ပြီးသွားပြီဖြစ်သည်။
ဆေးပုလင်းတွေနဲ့ သုံးပြီးသား ဂွမ်းတ့တွေကို စူစူလေး သိမ်းဆည်းနေစဉ် ချင်းယုကျီးက စူစူလေးကို ရုတ်တရက် ဆွဲခေါ်ကာ သူ့ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်။
“ခဏလောက် ဖက်ထားမယ်”။ ချင်းယုကျီးက မျက်လုံးမှိတ်ရင်း ပြောလိုက်၏။ သူ့ပုံစံက အိပ်ပျော်တော့မည့် ပုံစံမျိုးပင်။
သူမကို ပွေ့ဖက်ထားသည့် သန်သန်မာမာ လက်ကြီးကို ကြည့်ရင်း စူစူလေးမျက်နှာ ဇဝေဇဝါဖြစ်မှုများနဲ့ ပြည့်နှက်သွား၏။
ဒီလိုအခြေအနေမှာ သူ့ကို ဆွဲထိုးလိုက်ရမလား…။ သူမ ဒီလို အခြေအနေမျိုးနဲ့ တစ်ခါမှ မကြုံဖူးပါ။
ချင်းယုကျီးက ဆက်ပြော၏။ “နင်က ငါ့ဒေါ်လေး မဟုတ်ဘူးလား။ အခု နင့်တူလေး နာကျင်နေလို့ ချော့သိပ်ရမယ်လေ!”
ဒီအကြောင်းပြချက်နဲ့ မလုံလောက်ဘူးလား။ သူမက သူ့ဒေါ်လေးဆို? ဒါဆို သူ့ကို ချော့သိပ်သင့်တာပေါ့!
ချင်းယုကျီးက စူစူလေးကို ဆက်လက်ပွေ့ဖက်ထားဆဲ ဖြစ်သည်။ စူစူလေးကို ဖက်ထားရတာ သက်တောင့်သက်သာ ရှိတာကို သူမငြင်းနိုင်ပါ။ နွားနို့နံ့ သင်းသင်းလေးလည်း ရနေသည်။
ထို့အပြင် ဘာကြောင့်မှန်းမသိဘဲ သူဘေးကင်း လုံခြုံသွားသလို ခံစားရပြီး အိပ်တောင် အိပ်ငိုက်လာပါပြီ။
သူမကို ဖက်ထားရတာ သက်တောင့်သက်သာ ရှိကာ မွှေးပျံ့နေပြီး သူ့ကို အိပ်ငိုက်စေသော်လည်း ခဏနေလျှင် စူစူလေးက သူမရဲ့ လက်သီးဆုပ်လေးဖြင့် သူ့ကို ဆွဲထိုးတော့မှာကို ချင်းယုကျီး မြင်ယောင်နေပါပြီ။
ထို့နောက် သူမရဲ့ ကြောင်စုတ်ကလည်း လက်သည်းလေးတွေနဲ့ သူ့တစ်ကိုယ်လုံး ရစရာမရှိအောင် ကုတ်ခြစ်ပစ်လိမ့်မည်။
ချင်းယုကျီး ခေတ္တစောင့်ဆိုင်းနေလိုက်သည်။ သို့သော် သူမျှော်လင့်ထားသည့် လက်သီးဆုပ်နဲ့ ကုတ်ချက်တွေ ပေါ်မလာပါ။
ထို့အစား စူစူလေး၏ သာယာ ပျော့ပြောင်းသော အသံလေးသာ ထွက်ပေါ်လာသည်…။
“ဟိုးရှေးရှေးတုန်းက တောင်ကြီးတစ်တောင်ရှိတယ်…။ အဲ့တောင်ပေါ်မှာ ကိုရင်လေး တစ်ပါး နေထိုင်တယ်…”
ချင်းယုကျီး မျက်လုံးချက်ချင်း ဖွင့်ကြည့်လိုက်ရာ စူစူလေး သူ့ကို အတည်ပေါက်ကြီး ပုံပြင်ပြောပြနေတာ ဖြစ်မှန်း တွေ့လိုက်ရပါသည်။
“ဖွီး--” စူစူလေး၏ လေးလေးနက်နက် အပြုအမူကြောင့် ချင်းယုကျီး ပွဲကျသွားသည်။
ချော့သိပ်ခိုင်းတာကို တကယ်ကြီး ပုံပြင်လာပြောပြနေတာပဲ!
… … …