အခန်း (၄၄+၄၅)
Vol. 2 Ch. 44+45
အခန်း(၄၄) ဘယ်သူက ဘယ်သူ့ကို ချော့သိပ်တာလဲ
အိပ်ယာဝင် ပုံပြင်ကို အသေအချာတောင် ပြောနေတာ!
“မရယ်ရဘူး! ပုံပြင်ကို ကောင်းကောင်းနားထောင်၊ ပြီးရင် လိမ်လိမ်မာမာ အိပ်လိုက်တော့!”။ စူစူလေးက နှုတ်ခမ်းလေး စူပြီး ပြောလိုက်သည်။
တစ်ယောက်ယောက်ကို ချော့သိပ်တော့မည်ဆိုလျှင် စိတ်အပြည့်နှစ်ထားရမည်။ ပေါ့ပျက်ပျက် မလုပ်ရပါ။
“နင့်ပုံပြင်က စိတ်ဝင်စားဖို့မှမကောင်းတာ။ ငါပြောပြတာ နားထောင်မလား” ချင်းယုကျီးက မေးသည်။
“နင်က ပုံပြင်ပြောတတ်လို့လား”။ စူစူလေးက သံသယအကြည့်ဖြင့် ကြည့်လိုက်၏။ ချင်းယုကျီး၏ ပုံပြောစွမ်းရည်ကို သံသယဖြစ်နေပါသည်။
“ဘာလို့ မပြောတတ်ရမှာလဲ။ ပုံပြင်တွေ အများကြီး သိတယ်!”။ ဒီကလေးမလေးကများ ငါ့ကို အထင်သေးရဲတယ်ပေါ့?!
ချင်းယုကျီးကိုယ်တိုင် မသိလိုက်ဘဲ သူ့မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာသည်။ စူစူလေး၏ ကျောကို လက်ဖြင့် ဖွဖွပုတ်ပေးရင်း ပုံပြင်တစ်ပုဒ် စပြောပြလေသည်။
“ဟိုးရှေးရှေးတုန်းက အတူတူကြီးပြင်းလာကြတဲ့ ကောင်လေး ၂ ယောက်ရှိတယ်။ သွေးမတော် သားမစပ်ပေမယ့် ညီအစ်ကိုအရင်းတွေထက်တောင် ပိုချစ်ကြတယ်။ ဘတ်စတ်ကတ်ဘောတွေလည်း အတူတူကစား၊ ဗီဒီယို ဂိမ်းတွေလည်း အတူတူ ကစားခဲ့ကြတယ်…”
“တစ်နေ့ကျတော့ ကျောင်းဆင်းတဲ့အချိန် အိမ်မပြန်သေးဘဲ အနီးနားက ဂိမ်းဆိုင်တစ်ဆိုင်ကို သွားဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့ဒီ ဂိမ်းဆိုင်ထဲမှာ နံပါတ် ၁ ကစားသမားတွေ ဖြစ်ဖို့ စိတ်ဆုံးဖြတ်ချက် ချထားခဲ့ကြတာပေါ့။ ဒါပေမယ့် ရုတ်တရက်ကြီး လူတချို့ ထွက်လာပြီး သူတို့ နှစ်ယောက်ကို ပြန်ပေးဆွဲခဲ့ကြတယ်…။ ဖြစ်ချင်တော့ အဲ့ဒီ လူတွေက ကောင်လေး ၂ ယောက်ထဲက တစ်ယောက်ကို ပြန်ပေးဆွဲပြီး ငွေညှစ်ချင်တာလေ”
“ကောင်လေးနှစ်ယောက်ကို ဂိုထောင်သေးသေးလေး တစ်ခုထဲမှာ ချုပ်နှောင်ထားခဲ့ကြတယ်။ သူတို့ ဒီတိုင်း ထိုင်စောင့်မနေနိုင်လို့ ထွက်ပြေးဖို့ ကြံစည်ခဲ့ကြတယ်… နှစ်ယောက်စလုံးက ထက်မြက်ပြီး ကြိုးတွေဖြည်ဖို့ တစ်ယောက်ကို တစ်ယောက် ကူညီခဲ့ကြတယ်။ ပြီးတော့ ဂိုထောင်ပြူတင်းပေါက်တွေမှာ ရိုက်ပိတ်ထားတဲ့ သံချောင်းတွေကိုတောင် ဆွဲခွာခဲ့ကြတယ်…”
“သူတို့ လွတ်သွားပြီ ထင်ပေမယ့်… ပြန်ပေးသမားတွေက သူတို့ကို တွေ့သွားခဲ့တယ်။ ကောင်လေး ၁ ယောက်က အရမ်းသတ္တိရှိခဲ့တယ်။ သူ့သူငယ်ချင်းကို ကာကွယ်ဖို့ သူ…”
ရင်ခွင်ထဲက စူစူလေးကို ချင်းယုကျီး ငုံ့ကြည့်လိုက်သည်။ စူစူလေးတစ်ယောက် မျက်လုံးလေးများကို မှိတ်လျက် အိပ်ပျော်နေပါပြီ။
သူမရဲ့ ကြောင်လေး ဟူကျစ်ကလည်း သူမဘေးမှာ တိုးဝှေ့ဝင်ပြီး အိပ်ပျော်နေသည်။ လူကော ကြောင်ကော အေးအေးချမ်းချမ်း အိပ်ပျော်သွားကြသည်။
ချင်းယုကျီး ပြုံးမိသွားသည်။ ဒါနဲ့များ သူ့ကို ချော့သိပ်ဦးမယ်တဲ့…။
သူပုံပြောလို့တောင် မပြီးသေးပါ။ သူမက အိပ်မောကျနေပါပြီ။
သူမက ကလေးလေးပဲ ရှိသေးတယ် မဟုတ်လား။ ထို့အပြင် အိပ်ပျော်နေသည့်အချိန် တကယ် ချစ်ဖို့ ကောင်းပါသည်။
ပြည့်ပြည့်ဖြိုးဖြိုး မျက်နှာကလေးက ဆွဲဆိတ်ချင်စရာ ကောင်းသည်…။
ထိုတွေးဖြင့် ချင်းယုကျီး၏ လက်က အလိုလို လှုပ်ရှားနေပါပြီ။ သူမ ပါးလေးကို ညင်ညင်သာသာလေး ဆွဲဆိတ်လိုက်သည်။ ဆွဲဆိတ်လို့ အလွန်ကောင်းပါသည်။
နောက်တစ်ခါ ထပ်ဆိတ်ဦးမယ်!
အကြိမ်ပေါင်းများစွာ ဆွဲဆိတ်ပြီးနောက် သူ့ကိုယ်သူ ဘယ်လောက်တောင် ကလေးဆန်နေမှန်း ချင်းယုကျီး သတိထားမိသွားသည်။
ဟာသပဲ… သူဘာတွေ လုပ်မိနေတာလဲ?!
ချင်းယုကျီး လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
စူစူလေးကို စောင်ခြုံပေးလိုက်ပြီး သူမဘေးမှာ ဝင်အိပ်လိုက်ပါသည်။ စူစူလေးထံမှ ရနေသည့် နွားနို့နံ့လေးက အလွန်မွှေးပျံ့သည်။
ချစ်ဖို့ကောင်းပြီး သပ်သပ်ရပ်ရပ် အိပ်ပျော်နေသော စူစူလေး မျက်နှာကို ကြည့်ရင်း ချင်းယုကျီး တီးတိုး ရေရွတ်လိုက်သည်။ “ကလေးမလေး အဲ့ဒီနေ့က နင်ငါ့ကို ကာကွယ်ပေးခဲ့တဲ့ပုံစံက တစ်ယောက်ယောက်ကို ပြန်သတိရစေတယ် သိလား…”
ထို့နောက် ချင်းယုကျီးလည်း မျက်လုံးတွေကို မှိတ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
မျက်လုံးတွေ ပြန်ပွင့်လာတော့ နောက်တစ်နေ့ မနက်မိုးလင်းနေပါပြီ။
မနေ့က လွယ်လွယ်ကူကူနဲ့ ဒီအတိုင်း အိပ်ပျော်သွားတာကို ချင်းယုကျီး ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ပါ။ ခါတိုင်းဆို ဗီဒီယိုဂိမ်းတွေ တစ်ညလုံးကစားပြီး ခြေကုန်လက်ပမ်းကျမှ အိပ်ပျော်သွားတတ်တာ ဖြစ်သည်။
သူ့ဘေးက စူစူလေးလည်း အိပ်ရာမနိုးသေးပါ။
သို့သော် သူမရဲ့ ကြောင် ဟူကျစ်ကတော့ နိုးနေပြီးဖြစ်ပြီး သူ့သခင်ရဲ့ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေး မှိန်းနေသည်။ သူ့သခင်ကို သူ့ခန္ဓာကိုယ်အား ခေါင်းအုံးတစ်လုံးသဖွယ် ပွေ့ဖက်ခွင့် ပြုထားတာ ဖြစ်သည်။
ချင်းယုကျီးနဲ့ ဟူကျစ်တို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်သည်။
လူတစ်ယောက်နဲ့ ကြောင်တစ်ကောင် မျက်လုံးချင်း စကားပြောနေပြီး တစ်ယောက်ကိုတစ်ယောက် စိန်ခေါ်နေသည်။
သို့သော် စူစူလေး မနိုးသေးသဖြင့် သူတို့ နှစ်ကောင်စလုံး အသံမထွက်ကြပါ။
တစ်ယောက်ကို တစ်ယောက် အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် စုံစုံလေး မျက်ခွံတွေ လှုပ်လာပြီး သူမရဲ့ ရီဝေသော မျက်လုံးလေးများ ပွင့်လာသည်။
နိုးနိုးချင်း စူစူလေးတစ်ယောက် မသိစိတ်ဖြင့် သူမဘေးမှာ အိပ်နေသည့် လူ၏ ရင်ခွင်ထဲ တိုးဝင်မိသည်။
ပြင်ဆင်မထားသည့် ချင်းယုကျီးတစ်ယောက် ကလေးမလေးရဲ့ မနက်ခင်း ပွေ့ဖက်မှုကို ခံလိုက်ရပါသည်။
အခန်း(၄၅) ၃ စက္ကန့်ပဲ ချစ်ဖို့ကောင်းတယ်
ကလေးမလေးက သူမရဲ့ ခေါင်းသေးသေးလေးနဲ့ သူ့ရင်ဘတ်ကို ပွတ်သပ်နေပြီး အိပ်လို့ကောင်းမည့် နေရာမျိုးကို ရှာဖွေနေသည်..။
ဒီ လူသားလေးက ဘာလို့ အဲ့လောက် ချစ်ဖို့ကောင်းရတာလဲ… နူးညံ့ပြီး မွှေးပျံ့နေတာပဲ!
ချင်းယုကျီး တစ်ယောက် ပစ္စုပ္ပာန်မှာ ဇိမ်ခံနေလေသည်။
ရုတ်တရက် စူစူလေး အသိစိတ်ဝင်လာပြီး ရေထဲမှ ငါးတစ်ကောင် ခုန်ထွက်သလို ချက်ချင်းခွာကာ လက်နှစ်ဖက်စလုံးဖြင့် ချင်းယုကျီး၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်ပါသည်။
ချင်းယုကျီးလည်း စူစူလေး၏ တွန်းအားကြောင့် ကုတင်ပေါ်မှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
“လခွမ်း…” ချင်းယုကျီး ကုတင်ပေါ် ပြန်ကုန်းတက်ရင်း ငြီးတွားလိုက်သည်။ “ဘာမှ ချစ်စရာမကောင်းဘူး လုံးဝကို ချစ်စရာ မကောင်းတာ… အောင်မယ်လေး…”
ညက ဒဏ်ရာတွေက အခုဒဏ်ရာလောက်တောင် မဆိုးရွားလောက်ဘူးဟု ထင်မိသည်။
ချင်းယုကျီးကို မျက်လုံးဝိုင်းဝိုင်းလေးများနဲ့ စိုက်ကြည့်ပြီးနောက် ညက သူမရဲ့တူလေးကို ဆေးထည့်ပေးခဲ့သည့်အကြောင်း သတိရသွားသည်။
ထို့နောက် တူလေးက သူမကို ပုံပြောပြနေစဉ် သူမ အိပ်ပျော်သွားခဲ့သည်…
ဪ~ သူမရဲ့ တူလေးကို အနိုင်ကျင့်မိပြီ…
ထိုအချိန်တွင် တံခါးအပြင်ဘက်မှာ စောင့်နေသည့် အဘိုးချင်းနဲ့ အဘွားချင်းတို့ အခန်းထဲ အပြေးဝင်လာကြ၏။
စူစူလေး တစ်ညလုံး ချင်းယုကျီး၏ အခန်းထဲမှာ အိပ်နေမှန်း သူတို့ သိကြပါသည်။ စူစူလေးနဲ့ တခြားမိသားစုဝင်တွေရဲ့ ဆက်ဆံရေး တိုးတက်လာတာ သူတို့ ဝမ်းသာသော်လည်း ရင်ထဲမှာတော့ အနည်းငယ် စိုးရိမ်နေဆဲပင်။
ထို့ကြောင့် မနက်အစောကြီးထပြီး အခန်းအပြင်ဘက်မှာ စောင့်နေကြခြင်းဖြစ်သည်။
စူစူလေး အိပ်နေတာကို နှိုးမိမှာစိုးသဖြင့် ဝင်မလာခဲ့ကြခြင်းသာဖြစ်သည်။ သို့သော် အခန်းထဲမှ ဆူညံသံ တချို့ ကြားတာနဲ့ တစ်ပြိုင်နက် ချက်ချင်း ပြေးဝင်လာကြသည်။
“သမီးလေး မေမေနဲ့ ဖေဖေတို့ ရှိတယ်! မကြောက်နဲ့ မကြောက်နဲ့!”
အဘွားချင်းက စူစူလေးကို ပွေ့ချီလိုက်ပြီး ခေါင်းလေးကို ပွတ်ပေးကာ ချော့လိုက်သည်။
“အဘွား ကျွန်တော့်ကို ချော့ရမှာမဟုတ်ဘူးလား” ချင်းယုကျီးက ဂျစ်ကန်ကန်ဖြင့် ပြောလိုက်၏။
ဒဏ်ရာရထားတာ သူမဟုတ်ဘူးလား။
“နင် အချော့ခံချင်ရင် နင့်အမေ သွားပြော!” အဘွားချင်းက ပြန်ငေါက်လိုက်၏။
“မြေးတွေက အဘိုးအဘွားတွေနဲ့ ပိုရင်းနှီးတယ်ဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်ဘူးလား။ အဲ့အထဲမှာ အဘွားမပါဘူးလား” ချင်းယုကျီးက မေးလိုက်ပါသည်။
“နင်က ငါတို့ အသဲလေးလောက် ချစ်ဖို့ကောင်းလို့လား!” အဘွားချင်းက ချင်းယုကျီးကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။
ချင်းယုကျီး အရှုံးပေးရုံကလွဲပြီး ဘာလုပ်နိုင်ဦးမည်နည်း။
ချစ်စရာကောင်းသည့်နေရာမှာ မကောင်းဆိုးဝါးမလေးကို သူ အနိုင်မယူနိုင်ပါ။
--- --- ---
မျက်နှာသစ် သွားတိုက်ပြီးကြသောအခါ ချင်းမိသားစု မနက်စာ အတူတူ ထိုင်စားကြသည်။
ထိုစဉ် ခံစားချက်မရှိသော မျက်နှာဖြင့် မနက်စာစားနေသည့် ချင်းယုဟွိုင်းအား အဘိုးချင်းက ရုတ်တရက် လှမ်းပြောလိုက်သည်။ “ယုဟွိုင်း၊ ဒီနေ့ စူစူလေးရဲ့ ကျောင်းမှာ ကလေးမိဘတွေ့ဆုံပွဲ ရှိတယ်။ မင်းလိုက်သွားလိုက်”။
တူကိုင်ထားသည့် ချင်းယုဟွိုင်း၏ လက် ရုတ်တရက် ရပ်တန့်သွားပါသည်။
“ကျွန်တော်က ဘာလို့ သွားရမှာလဲ”။ ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွားသည်။
“ဒီနေ့ ကလေးမိဘတွေ့ဆုံပွဲမှာ ကလေးမိဘတွေ ပါဝင်ရမယ့် လုပ်ငန်းတွေ ရှိတယ်။ မင်းက ငါတို့ထက် ပိုသန်မာတယ်လေ”။ အဘိုးချင်းက အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
ယုဟွိုင်းက ပြန်ပြော၏။ “တခြားတစ်ယောက်ယောက်ကို သွားခိုင်းလိုက်လို့ မရဘူးလား”
“ဘယ်သူ့ကို သွားခိုင်းရမှာလဲ။ တချို့တွေက အလုပ်ကိစ္စနဲ့ ခရီးသွားနေတယ်။ တချို့က ကျောင်းတက်နေတယ်။ မင်းတစ်ယောက်တည်း အခုအားတာ”
ဘေးမှ ချင်းယုကျီးတစ်ယောက် ကြိတ်ပျော်သွားသည်။ ကံကောင်းလို့ သူကျောင်းသွားရဦးမည်။ မဟုတ်ပါက ဒီတာဝန် သူယူရလောက်သည်။
“ကျွန်တော်လည်း မအားဘူး” ချင်းယုဟွိုင်းက ပြောသည်။
“မင်းအားပါတယ်။ ဒီနေ့ ကုမ္ပဏီ အစည်းအဝေး တက်စရာမလိုဘူးမလား။ ဥက္ကဌကြီးကိုယ်တိုင် ထုတ်ပြန်လိုက်ပြီ။ ကုမ္ပဏီခွဲတိုင်းရဲ့ အထွေထွေ မန်နေဂျာတွေ တစ်ရက် အနားယူရမယ်။ မင်းဘာ ကန့်ကွက်ချင်သေးလဲ”။ အဘိုးချင်းက ပြောလိုက်၏။
အဘိုးချင်းနဲ့ အဘွားချင်းတို့က ကုမ္ပဏီမှာ ရာထူးတွေ မရှိကြတော့သော်လည်း ရှယ်ယာတွေ ပိုင်ဆိုင်ထားဆဲဖြစ်ကာ အာဏာလည်း မဆုံးရှုံးသေးပါ။
ချင်းယုကျီး ကြိတ်ပြုံးလိုက်ပါသည်။ သူ့ အဘိုးအဘွားတွေက အလွန်ရက်စက်၏။
ဥက္ကဌအာဏာကို အသုံးချပြီး အမိန့်ပေးလိုက်သည်။ အခုတော့ သူ့အစ်ကိုကြီး ဘာမှ မတတ်နိုင်တော့ဘူး မလား။
ချင်းယုကျီးတစ်ယောက် ကျောင်းပြေးပြီး မူကြိုကျောင်းမှာ သူ့အစ်ကိုကြီး ဘာတွေ လုပ်ရမလဲဆိုတာ သွားကြည့်ချင်မိသည်။
ချင်းယုဟွိုင်း မျက်မှောင်ပို ကြုတ်သွားသည်။ သူ့မျက်နှာပေါ်မှာ ကန့်ကွက်မှုတို့ အထင်းသား ပေါ်နေ၏။
သို့သော်လည်း သူ့အဘိုးအဘွားတွေက ဒီအတိုင်းအတာထိတောင် လုပ်နေပြီဖြစ်သဖြင့် ချင်းယုဟွိုင်း ငြင်းဆန်နိုင်ပါဦးမလား။
… … …