← Chapters

အခန်း (၄၆+၄၇)

Vol. 2 Ch. 46+47

အခန်း (၄၆+၄၇)

Vol. 2 Ch. 46+47

အခန်း(၄၆) ကလေးမိဘတွေ့ဆုံပွဲ

အတော်ကြာအောင် တိတ်ဆိတ်သွားပြီး ချင်းယုဟွိုင်း ပြန်ဖြေလိုက်သည်။ “ဟုတ်ပါပြီ”

လေသံကို နားထောင်ရုံနဲ့ စိတ်မပါ လက်မပါ သဘောတူလိုက်ရမှန်း သိသာသည်။

အဘိုးချင်းက စူစူလေးကို ရယ်ရယ်မောမော ပြောလိုက်သည်။ “သမီးလေး တူကြီးက ဒီနေ့ ကလေးမိဘ တွေ့ဆုံပွဲမှာ သမီးလေးကို အဖော်လုပ်ပေးလိမ့်မယ်။ အဲ့တာ သဘောတူလား မတူဘူးလား”

စူစူလေးက ချင်းယုဟွိုင်းကို မျက်လုံးမှေးကာ သေချာအကဲခတ်လိုက်ပြီး သံသဖြစ်စွာ မေးလိုက်၏။ “သူ လုပ်နိုင်ပါ့မလား။ သူ့ပုံစံက ပျော့တိပျော့ဖတ်နဲ့!”

ချင်းယုဟွိုင် နှုတ်ခမ်းအနည်းငယ် တွန့်သွားသည်။

အဘိုးချင်းက ရှင်းပြပေးလိုက်၏။ “သမီးကလည်း ဖေဖေတို့ကို ငဲ့ပါဦး။ ဖေဖေတို့လည်း ရွေးချယ်စရာ မရှိဘူးလေ။ သမီးရဲ့ တခြားတူလေးတွေကလည်း အိမ်မှာမရှိတော့ ဒီနှစ်ယောက်ထဲကပဲ ရွေးရမှာပေါ့။ ဒီတစ်ယောက်က နည်းနည်း ပျော့တိပျော့ဖတ်နိုင်တယ်။ အဲ့တာကြောင့် ဘာပဲဖြစ်ဖြစ် ယွင်ဟွိုင်းက ပိုသန်မာတဲ့ပုံ ပေါက်ပါတဘ်”

အဘိုးချင်းက ချင်းယုကျီးကို နှိုင်းယှဉ်စရာ အရုပ်တစ်ခုလို သဘောထားလိုက်သည်။

အနှိမ်ခံလိုက်ရသည့် ချင်းယုကျီးလည်း ချက်ချင်း လက်မောင်းကြွက်သားတွေ ထုတ်ပြလိုက်ပြီး ပြန်ချေပလိုုက်သည်။

အဘိုးကြီး သေချာမြင်အောင် အင်္ကျီလက်တိုကို ထပ်တိုသွားအောင် ဆွဲတင်ပြလိုက်သည်။

“အဘိုး ဒီမှာကြည့်၊ ကျွန်တော်က ဘယ်မှာ ပျော့ညံ့လို့လဲ။ ဒီမှာ ကြွက်သားတွေ။ သန်မာပြီးသား။ ကျွန်တော်က ဒီတိုင်း နည်းနည်းပိန်တာပဲ ရှိတာ!”

အဘွားချင်းက သူမမြေးကို အထင်သေးစွာ ကြည့်လိုက်ပြီး ဝင်ပြောလိုက်သည်။ “နင်ကများ အဲ့လို ပြောရဲသေးတယ် အဲ့ကြွက်သားတွေက ဘတ်စ်ကတ်ဘော ကစားလိုက် ရန်ဖြစ်လိုက် လုပ်ရင်း ရလာတာ မလား။ နင့်အစ်ကို နှစ်ယောက်ကို အတုယူပြီး ဘယ်တော့မှ လိမ္မာမှာလဲ။ ငါတို့ကို အမြဲတမ်း စိတ်ပူရအောင် မလုပ်နဲ့!”

ချင်းယုကျီးက ပွစိပွစိပြန်ပြောလိုက်၏။ “အဘွားကလည်း အသုံးကျတဲ့ မြေး ၂ ယောက်လောက် ရှိရင် တော်ပြီပေါ့။ ကျန်တဲ့ မြေးတွေကို နည်းနည်း လွတ်လပ်ခွင့်ပေးလိုက်လို့ မရဘူးလား”

“အဲ့လို ပေါ့တီးပေါ့ပျက် အကြောင်းပြချက်နဲ့ နင်တစ်ယောက်တည်း ပြန်ခံပြောတတ်တာ!” အဘွားချင်းက စူစူလေးကို လှည့်ပြောလိုက်သည်။ “သမီးလေး ဒီတူဆိုးတူဆုတ်ကို အတုမယူရဘူးနော် ကြားလား။ စာကြိုးစားပြီး လိမ်လိမ်မာမာ နေရမယ်!”

“အွန်း! သူ့ကို အတုမယူဘူး!”။ စူစူလေးက အားမာန်ပြည့်ဝစွာ ခေါင်းငြိမ့်ရင်း နာခံလိုက်ပါသည်။

ချင်းယုကျီး နှုတ်ခမ်းတွန့်သွား၏။

ဒီမကောင်းဆိုးဝါးမလေးကတော့၊ မနက်တုန်းကတော့ သူ့ရင်ခွင်ထဲမှာ လာအိပ်နေပြီးတော့! အခုမှ သူ့ကို သစ္စာဖောက်နေတာလား?!

မနက်စာစားပြီးနောက် အဘိုးချင်းနဲ့ အဘွားချင်းတို့ရဲ့ တိုက်တွန်းမှုကြောင့် ချင်းယုဟွိုင်းတစ်ယောက် သူဝတ်နေကျ Suit ကို ချွတ်လိုက်ပြီး ကိုယ်လက်လှုပ်ရှားရတာ အဆင်ပြေသည့် အဝတ်အစားများကို ဝတ်ဆင်လိုက်ပါသည်။

ထို သာမန်ဝတ်စုံများနဲ့ဆို ချင်းယုဟွိုင်းက အရင်ကလောက် ကြောက်စရာ မကောင်းတော့ပါ။ သို့သော်လည်း မျက်နှာကတော့ အရင်တိုင်း ခံစားချက်မဲ့နေဆဲပင်။

ထို့နောက် အဘိုးအဘွား၊ စူစူလေးတို့နဲ့အတူ မူကြိုကျောင်းဆီ လိုက်လာခဲ့ပါသည်။

အဘိုးအဘွားများရဲ့ တိုက်တွန်းမှုကြောင့် ယုဟွိုင်း စူစူလေး၏ လက်ကိုဆွဲရင်း မူကြိုကျောင်းထဲ ဝင်လာခဲ့သည်။

စူစူလေးက အလွန်လူကောင်သေးပြီး ချင်းယုဟွိုင်းက အရပ် ၆ ပေ ကျော်ရှည်သည်။

စူစူလေးကို လက်တွဲဖို့အတွက် ချင်းယုဟွိုင်း ခါးနည်းနည်း ကုန်းပေးရပါသည်။ ထို့ကြောင့် သူ့ပုံစံက အနည်းငယ် ကြည့်ရဆိုးနေ၏။

“တူကြီး! မြန်မြန်လျှောက်စမ်း! အရမ်းနှေးတာပဲ! ကျောင်းနောက်ကျတော့မယ်!” စူစူလေးက ငေါက်လိုက်၏။

မှောင်မိုက်နေသော မျက်နှာနဲ့ ချင်းယုဟွိုင်းတစ်ယောက် ဘာမှ မပြောနိုင်ဘဲ တိုးတိုးတိတ်တိတ် ခပ်မြန်မြန်သာ လျှောက်လိုက်ရသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့က အပြုံးကိုယ်စီနဲ့ အနောက်မှ လိုက်လာကြသည်။ လက်ထဲမှာလည်း ကင်မရာ တစ်လုံးစီ ကိုင်ထား၏။ သူတို့ သမီးလေးရဲ့ မူကြိုကျောင်းသူ ဘဝနဲ့ သူတို့မြေးရဲ့ လုပ်ပုံကိုင်ပုံတွေကို မှတ်တမ်းတင်ဖို့ဖြစ်သည်။

မူကြိုထဲကို ရောက်သောအခါ ချင်းယုဟွိုင်း၏ မျက်နှာကို လူတိုင်း ဝိုင်းကြည့်ကြသည်။

ကျောင်းဆရာမတွေကော တခြားကလေး မိဘတွေပါ ငေးကြည့်ကြပါသည်။

လူအများကြားမှာ အရမ်းထင်ရှားနေတဲ့သူပဲ!

မျက်နှာ၊ ကိုယ်လုံးကိုယ်ပေါက်တို့က မော်ဒယ်တွေနဲ့ ဆယ်လီတွေထက် အများကြီး ပိုသာပြီး အလွန် ယောက်ျားပီသသည်။ တစ်ချက်ကြည့်မိလျှင် နောက်တစ်ခါ မကြည့်ဘဲ မနေနိုင်ပါ။

သို့သော် သူ့ပုံစံက ဒီကို လာချင်သည့်ပုံ မပေါ်ပါ။။ မျက်နှာလည်း မကောင်းပေ။ ကလေးမိဘ တွေ့ဆုံပွဲကို လာရတာ စိတ်အားထက်သန်မနေသည့် ပုံစံမျိုး။

ချင်းယုဟွိုင်း၏ ဘေးက စူစူလေးဆီ အားလုံး အကြည့်ရောက်သွားကြသည်။

ထိုကလေးမလေးက နှင်းလိုဖြူဖွေးသော အသားအရည်၊ လုံးဝန်း တောက်ပနေသော မျက်လုံးကလေးများကို ပိုင်ဆိုင်ထားပြီး အရုပ်ကလေးတစ်ရုပ်နဲ့ တူလှသည်။

ဘေးချင်းကပ်လျက် လမ်းလျှောက်သောအခါ တစ်ယောက်က မှင်သက်လောက်အောင် ချောမောပြီး နောက်တစ်ယောက်က မျက်လုံးမခွာနိုင်လောက်အောင် ချစ်ဖို့ကောင်းလွန်းပါသည်။

သူတို့ ဘယ်လို တော်စပ်သလဲ ဘယ်သူမှ မသိကြပါ။

သားအဖတွေလား? မောင်နှမတွေလား?

စိတ်ဝင်စားလွန်းသဖြင့် လူတစ်ယောက်က အနားကပ်လာပြီး သားအဖတွေလားဟု လာမေးသည်။

ချင်းယုဟွိုင်းက ခက်ထန်နေသော မျက်နှာဖြင့် ဘာမှ ပြန်မဖြေပါ။

စူစူလေးက ကိုယ်စား ပြန်ဖြေလိုက်သည်။ “မဟုတ်ဘူး! တူရီးတွေ!”

“ဪ သူက သမီးဦးလေးပေါ့!” တဖက်လူ သဘောပေါက်သွားပါသည်။

အခန်း(၄၇) သူ့စိတ်ထဲမှာ အဲ့လောက်ပျော့ညံ့တာလား

“မဟုတ်ဘူး မဟုတ်ဘူး သူက သမီးတူလေး။ သမီးက သူ့အဒေါ်!” စူစူလေးက သူမရဲ့ လက်ကလေးကို ခါရင်း အမြန် ရှင်းပြလိုက်သည်။

“ဟမ်” တစ်ဖက်လူ ကြက်သေသေသွား၏။ ဘေးမှ နားထောင်နေသူတွေလည်း ကြက်သေသေသွားသည်။

“သမီး စကားမှားတာတော့ မဟုတ်ပါဘူးနော်။ သမီးက အဒေါ် သူက တူလေးပေါ့။ ဒါပေမယ့် သူက သမီးထက် အသက်အများကြီး ကြီးတဲ့ဥစ္စာ!”

“သမီးမမှားဘူး! သမီးက ဒေါ်လေး! အသက်ဆိုတာ အရေးမကြီးဘူးလို့ ဖေဖေက ပြောတယ်။ သမီးက သူ့ထက် ပိုဝါရင့်တယ်!”။ စူစူလေးက အခိုင်အမာ တုန့်ပြန်လိုက်ပါသည်။

ကလေးမိဘတွေ အကြည့်ချင်းဖလှယ်ကုန်ကြသည်။

တကယ်ကြီးလား? ချင်းမိသားစုရဲ့ လူကြီးတွေက ဒါကို လက်ခံနိုင်ရဲ့လား?

သူတို့ရဲ့ သံသယ အကြည့်တွေကို ချင်းယုဟွိုင်းဘက်သို့ လှည့်လိုက်ကြသည်။

ချင်းယုဟွိုင်းက ထိုမေးခွန်းကို မဖြေချင်သဖြင့် စူစူလေး၏ လက်ကို ဆွဲပြီး လှည့်ထွက်သွားပါသည်။

ချင်းလောင်ယွင်နဲ့ ချင်းကျင်းဖန်တို့လည်း ချင်းယုဟွိုင်းနဲ့ စူစူလေးတို့ကို စောင့်ကြည့်နေကြသည်။

ဒီနေ့ စူစူလေးနဲ့အတူ သူ့အစ်ကိုကြီးတစ်ယောက်တည်း လိုက်လာလိမ့်မည်ဟု ချင်းကျင်းဖန် ထင်ထားခဲ့သည်။ ဒီအခွင့်အရေးကို ယူပြီး သူတို့ ဆက်ဆံရေး ပြန်လည်ပြေလည်အောင် လုပ်ဖို့ စဉ်းစားထားခဲ့သည်။

သို့သော် ရောက်လာတာက သွေးအေးပြီး ခံစားချက်မဲ့သည့် သူ့မြေးအကြီးဆုံး ဖြစ်နေ၏။

ဒီကလေးက ပြောရဆိုရတာ မလွယ်ပါ။

အရင်တစ်ခေါက်က ချင်းအိမ်တော်မှာ ပိုက်ဆံသွားချေးတုန်းက ဒီကလေး အဖေနဲ့ တွေ့လျှင် ပိုက်ဆံ ရနိုင်ချေရှိသည်။ သို့သော်လည်း သူ့အဖေနဲ့မတွေ့ဘဲ ဒီကလေးနဲ့ တည့်တည့်တိုးသဖြင့် အခွင့်အရေးတောင် မရခဲ့ပါ။

ဒီလိုဖြစ်မယ်မှန်း ကြိုသိပါက သူလာခဲ့မှာ မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာ အားထုတ်ရသည့် ကစားနည်း တချို့ ပါဝင်လျှင် သူ့လို အဘိုးကြီးက ဘာခွန်အား ထုတ်နိုင်မှာလဲ။

ချင်းလောင်ယွင်လည်း အနည်းငယ် စိတ်ဓာတ်ကျသွား၏။။

ကလေးတွေနဲ့ မိဘတွေ တွဲဖက်ပြီး ကစားရသည့် ကစားနည်းတွေတိုင်းမှာ သူမ တစ်ခါမှ မထူးချွန်ခဲ့ပါ။ တခြား ကလေးတွေရဲ့ အနိုင်ယူခြင်း ခံခဲ့ရသည်။

ဒီနှစ်တော့ အမြင်ကပ်စရာကောင်းသည့် ထိုချင်းစူစူလည်း ရှိနေပြီး သူမ သဘောကျသည့် အစ်ကိုကြီး ယုဟွိုင်းကိုပါ ခေါ်လာသဖြင့် ပိုဆိုးပါသည်…။

ဒီတစ်ခေါက် ကလေးမိဘတွေ့ဆုံပွဲအတွက် အစီအစဉ်ကျင်းပသူအဖြစ် တာဝန်ယူထားသော ဆရာမကျူးက ကလေးနဲ့ အုပ်ထိန်းသူတို့ တစ်တွဲစီကို နေရာယူခိုင်းလိုက်ပြီး ပထမဆုံး ကစားနည်း ဖြစ်သော ‘တောင်တန်းကြီးကို ကျော်ဖြတ်ခြင်း’ ကစားနည်းအား ရှင်းပြလေသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် မိဘတွေက ဒိုက်ထိုးရမှာဖြစ်သည်။

မိဘတွေ ကြမ်းပြင်ပေါ်မှာ လက်နှစ်ဖက်ထောက်ပြီး ခန္ဓာကိုယ်ကို မ,ထားသည့်အခါ ကလေးတွေက သူတို့ ခန္ဓာကိုယ်အောက်မှ တွားသွားရမည်။

ထို့နောက် မိဘတွေ ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်လိုက်သောအခါ ကလေးတွေက အပေါ်မှ ခုန်ကျော်ရမည်။

ထို လုပ်ဆောင်ချက် ၂ မျိုးကို အကြိမ်ရေ များများလုပ်နိုင်လေလေ ပန်းပွင့်နီလေးတွေ များများ ရရှိလေ ဖြစ်သည်။

ဆရာမရှင်းပြတာကို နားထောင်ပြီးနောက် ချင်းယုဟွိုင်းနဲ့ စူစူလေးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ချင်းယုဟွိုင်း : “စည်းမျဉ်း ရှင်းပြသွားတာ နားလည်လား”

ချင်းယုဟွိုင်းက စူစူလေး၏ နားလည်နိုင်စွမ်းကို အထင်သေးနေ၏။

စူစူလေး : “ဒိုက်ထိုးနိုင်လား”

စူစူလေးက ချင်းယုဟွိုင်း၏ ကြံ့ခိုင်မှုကို အထင်သေးနေ၏။

ချင်းယုဟွိုင်း : “စိတ်မပူပါနဲ့ ငါ့ကို တက်မနင်းမိအောင်သာ သတိထား”

စူစူလေးက ရင်ဘတ်ကို လက်ဖြင့် ထုရင်း ပြောလိုက်သည်။ “တက်မနင်းပါဘူး! နင်ပဲ အကောင်းဆုံး ကြိုးစား! မလုပ်နိုင်လည်း ကိစ္စမရှိဘူးနော်! ငါမရယ်ပါဘူး! ကစားနည်းတွေ ကစားတဲ့အခါ နိုင်ဖို့က အဓိက မကျဘူး ပျော်ရဖို့က အဓိကပဲလို့ ဖေဖေ ပြောဖူးတယ်”

စူစူလေးက အနိုင်ရဖို့ သိပ်မမျှော်လင့်ဘဲ ချင်းယုဟွိုင်းကိုတောင် နှစ်သိမ့်ပေးခဲ့ပါသေးသည်။

စူစူလေး၏ နှစ်သိမ့်စကားကို ကြားသော်လည်း ချင်းယုဟွိုင်း စိတ်မအေးနိုင်ပါ။ ချင်းစူစူ မျက်လုံးထဲမှာ သူက အဲ့လောက် ပျော့ညံ့နေလား။

ထိုအတွေးကြောင့် ချင်းယုဟွိုင်း ယှဉ်ပြိုင်လိုစိတ်တွေ ပြင်းထန်လာသည်။

“စကြရအောင် အသင့်ပြင်”။ ချင်းယုဟွိုင်းက စူစူလေးကို အသံဩဩဖြင့် ပြောလိုက်၏။

ချင်းယုဟွိုင်းက စည်းမျဉ်းအတိုင်း လေ့ကျင့်ခန်းကောဇောပေါ်မှာ လက်နှစ်ဖက်ထောက်ရင်း အသင့် ဖြစ်နေပါပြီ။

ဆရာမက ပွဲစဖို့ အချက်ပြလိုက်တာနဲ့ တစ်ပြိုင်နက် ချင်းယုဟွိုင်း စတင် ဒိုက်ထိုးလေသည်။

စူစူလေးကလည်း ချင်းယုဟွိုင်း၏ အောက်မှ တွားသွားလိုက်၊ အပေါ်မှ ခုန်ကျော်လိုက်နဲ့ အစွမ်းကုန် ကြိုးစားနေသည်။

ခပ်လှမ်းလှမ်းမှ အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း သူတို့မြေးနဲ့ သမီးလေးကို အားကြိုးမာန်တက် အားပေးနေကြပါသည်။

“သမီးလေး တော်လိုက်တာ! ကြိုးစားထား သမီးလေး!”

“သမီးလေး အားတင်းထား! ၃ ယောက်ပဲ ကျန်တော့တယ်! ၃ ယောက်ပဲ!”

“သမီးလေး အရမ်းတော်တယ်! ဖေဖေနဲ့ မေမေတို့ ဂုဏ်ယူတယ်နော်!”

“…”

ချွေးတွေ တဒီးဒီး ကျနေသည့် ချင်းယုဟွိုင်းကိုတော့ အဘိုးအဘွားများက တစ်ခေါက်တောင် မခေါ်ပါ။

သူက ပိုပင်ပန်းရတာ သိသာသော်လည်း အားပေးမှုကို မခံစားရပေ။

All Chapters