အခန်း (၄၈+၄၉+၅၀)
Vol. 2 Ch. 48+49+50
အခန်း(၄၈) ဒီကောင်လေးက စိတ်ဝင်စားဖို့ ကောင်းသားပဲ
အဘိုးချင်းနဲ့ အဘွားချင်းတို့ရဲ့ အားပါပါ အော်သံများကြောင့် ဘေးကလူတွေ လန့်ကုန်ကြသည်။
ဒီအဘိုးကြီးနဲ့ အဘွားကြီး အရမ်းတက်ကြွမနေလွန်းဘူးလား။
ကစားပွဲ စစချင်းမှာပင် ချင်းကျင်းဖန် ဒိုက်ဆက်မထိုးနိုင်တော့ပါ။
ပထမတစ်ချက်က သူ အသက်ကြီးနေတာကြောင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့ လေ့ကျင့်ခန်း မလုပ်တာ နှစ်အတော်ကြာပြီ ဖြစ်တာကြောင့်ပင်။ လေ့ကျင့်ခန်းလုပ်ရမည့်အစား အချိန်တိုင်း စားသောက်လိုက် ပျော်ပါးလိုက်နဲ့ ဒီလို ဒိုက်ထိုးတာမျိုး ဘယ်လို လုပ်နိုင်မည်နည်း။
တစ်ခေါက်လောက် ဒိုက်ထိုးရတာ ပြဿနာမရှိသော်လည်း အကြိမ်ကြိမ် လုပ်ဖို့ကတော့ သူ့အတွက် မဖြစ်နိုင်ပါ။
ချင်းလောင်ယွင်၏ မျက်နှာလေးလည်း စိတ်ပျက်မှုများနဲ့ ပြည့်နှက်သွားသည်။ တခြားကလေးတွေ ဆက်ကစားနေကြတုန်း သူမကတော့ ကော်ဇောဘေးမှာ ဒီတိုင်း ထိုင်ကြည့်နေရသည်။
ချင်းစူစူကို လှမ်းကြည့်လိုက်သောအခါ သူမလည်း ချင်းယုဟွိုင်းနဲ့ ဆက်ကစားနေဆဲ ဖြစ်၏။ ချင်းလောင်ယွင်၏ မျက်လုံးထဲ မနာလိုမှု အရိပ်အယောင်တို့ ပေါ်လာသည်။
အစ်ကိုယုဟွိုင်းနဲ့ ကစားရလျှင် သူမလည်း အနိုင်ရနိုင်သည်…။
၅ မိနစ်လောက်ကြာသောအခါ အုပ်ထိန်းသူ အတော်များများက ခြေကုန်လက်ပမ်း ကျကုန်ကြပါပြီ။
ချင်းယုဟွိုင်းကတော့ ဒိုက်တွေ တစ်ချက်ပြီးတစ်ချက် ထိုးနေဆဲပင်။ ချင်းယုဟွိုင်းက အမြဲတမ်းလိုလို ထိုင်းမှိုင်းကာ စူပုပ်နေတတ်ပြီး ကုမ္ပဏီမှာ တစ်နေကုန်နေကာ ဘယ်မှ သွားသွားလာလာ လှုပ်လှုပ်ရှားရှား မရှိပါ။ ထို့ကြောင့် ဒီလောက်တောင် ဒိုက်ထိုးတာ တော်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ချေ။
စူစူလေးကလည်း အားကစား ပါရမီပါသည့်ပုံပင်။ ပင်ပန်းမှု အရိပ်အယောင် တစ်စက်ကလေးမျှ မတွေ့ရဘဲ တွားသွားလိုက် ခုန်ပေါက်လိုက်နဲ့ ကစားနေဆဲ ဖြစ်၏။
သူတို့ နှစ်ယောက်သား အလျှင်အမြန်ပဲ လူတွေအားလုံးရဲ့ အာရုံစိုက်ရာ ဖြစ်လာခဲ့ပါသည်။
တခြားအဖွဲ့တွေထက် ရူပကာကော အစွမ်းအစကော သာလွန်နေကြသည်။ နောက်ဆုံးမှာ တခြား ဘယ်အသင်းမှ ဆက်မကစားနိုင်တော့ချိန် စူစူလေးနဲ့ ချင်းယုဟွိုင်းတို့ကတော့ မမောမပန်း ဆက်ကစားနေကြဆဲဖြစ်၏။
အားလုံး သူတို့နှစ်ယောက်ကို ဘေးမှ ရပ်ကြည့်နေကြသည်။
ဒီနှစ်ယောက်က အချိန်အကိုက် ညီလွန်းလှ၏။ တစ်ယောက်က အမြန် ခုန်ကျော်လွှားနေစဉ် တစ်ယောက်က ဒိုက်ကို အမြန်ဆုံးဖြစ်အောင် ထိုးနေသည်။
တဖြည်းဖြည်းနဲ့ စောင့်ကြည့်နေကြသူတွေ သူတို့နှစ်ယောက်ကို အားပေးလာသည်။
စူစူလေးကို လူတိုင်း အားပေးနေကြမှန်း မြင်သောအခါ ချင်းလောင်ယွင် စိတ်ထဲ ခါးသီးသွား၏။ နှုတ်ခမ်းလေးစူပြီး မျက်လုံးထဲမှာလည်း မနာလို ဖြစ်မှုတွေ ပြည့်နှက်လာသည်။
နောက်ဆုံးကျတော့ တူရီးနှစ်ယောက် အပြတ်အသပ် အနိုင်ရရှိသွားလေတော့သည်။
ချင်းယုဟွိုင်း ခေါင်းတစ်ခေါင်းလုံး ချွေးတွေရွှဲနေလေပြီ။ ကော်ဇောပေါ်မှာ ထိုင်လိုက်ပြီး ချွေးသုတ်ဖို့အတွက် တစ်ရှူးတစ်ရွက်ယူရန် ပြင်လိုက်စဉ် လက်ကိုင်ပဝါတစ်ထည် ကိုင်ထားသည့် လက်သေးသေးလေးက သူ့နဖူးပေါ်မှ ချွေးသီးတွေကို လာသုတ်ပေးလေသည်။
ချင်းယုဟွိုင်း ချက်ချင်း လှည့်ကြည့်လိုက်ရာ သူ့ကို ချွေးသုတ်ပေးနေတာ စူစူလေး ဖြစ်မှန်း တွေ့လိုက်ရ၏။
“မလှုပ်နဲ့!” စူစူလေး အမိန့်ပေးလိုက်၏။ “ချွေးတွေကို ပြောင်သွားအောင် သုတ်ရမယ်! နင်တို့ လူသားတွေက အရမ်းပျော့ညံ့တာပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့!”
ချင်းယုဟွိုင်းလည်း စူစူလေးကို အံ့ဩမှင်သက်စွာ စိုက်ကြည့်နေမိသည်။ စူစူလေးက ချင်းယုဟွိုင်း၏ မျက်နှာထားကို ဂရုမစိုက်ဘဲ ချွေးတွေကိုသာ ဆက်သုတ်ပေးနေလိုက်ပါသည်။
ဪ… ညံ့လိုက်တဲ့ တူကြီး၊ သူမ ဂရုစိုက်ပေးမှ ဖြစ်မည်။
ခေတ္တ အနားယူပြီးနောက် ဒုတိယ ကစားနည်းကစားဖို့ အချိန်ကို ရောက်လာပါပြီ။ “ကဏန်းသယ် ကစားနည်း’ ဟုခေါ်သည်။
ဒီတစ်ခေါက် စူစူလေးနဲ့ ချင်းယုဟွိုင်းတို့ ပူပေါင်းတစ်လုံးကို မပေါက်စေအောင် ကျောချင်းကပ်ကာ ညှပ်ယူပြီး သတ်မှတ်ထားသည့် မျဉ်းအထိ ရောက်အောင် သယ်သွားရမည်ဖြစ်သည်။
“ဖောင်း--”
ပူပေါင်းကို ကျောနှစ်ဖက်နဲ့ ညှပ်လိုက်သောအခါ ချက်ချင်းဆိုသလို ပေါက်သွားခဲ့ပါသည်။
“ဖောင်း--”
နောက်တစ်လုံးလည်း ထိုနည်းလည်းကောင်းပင်။
“ဖောင်း--”
တတိယတစ်လုံး ပေါက်သွားသောအခါ ချင်းယုဟွိုင်း ရပ်လိုက်ပြီး စူစူလေးကို စိုက်ကြည့်လိုက်သည်။
စူစူလေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီး ချင်းယုဟွိုင်းကို ပြုံးဖြီးဖြီးကြည့်လိုက်သည်။ ထို့နောက် သူမ ပြောလိုက်၏။ “ဒီကစားနည်း မကစားဘဲ နေရအောင်!”
“သေချာလို့လား”
“အွန်း! နိုင်ဖို့က အရေးမကြီးပါဘူး။ တခြားကလေးတွေကို အခွင့်အရေး ပေးရအောင် ဟီးဟီး!”
စူစူလေး ရယ်မောလိုက်သည်။
သူမကိုယ်သူမ နှစ်သိမ့်သည့် စကားလုံးတွေက သူ့ကို နှစ်သိမ့်တုန်းက စကားလုံးတွေထက် ပိုချိုသာလို့ နေပါသည်…။
စူစူလေးရဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပုံက ရယ်ချင်စရာ ကောင်းလှသည်။။
ယခင် ကစားပွဲတုန်းက ဆိုးဆိုးရွားရွား ရှုံးနိမ့်ထားသည့် ချင်းလောင်ယွင်ကတော့ စူစူလေးလို သဘောထား မကြီးနိုင်ပါ။
ဒီတစ်ပွဲမှာတော့ သူမ ဂုဏ်ယူဝံ့ကြွားချင်သည်။ ထို့ကြောင့် သူမ အဘိုးဖြစ်သူ ချင်းကျင်းဖန်ကို လမ်း မြန်မြန်လျှောက်ဖို့နဲ့ သေချာ ကစားဖို့ တွန်းအားပေးခဲ့၏။
“အဘိုး မြန်မြန်လုပ်ပါ! တခြားသူတွေ မှီတော့မယ်! မြန်မြန်လျှောက်လို့ မြန်မြန်!!”
ပူပေါင်းကို ကျောချင်းညှပ်ပြီး လမ်းလျှောက်ရတာ ပထမကစားနည်းလောက် မပင်ပန်းရသော်လည်း ချင်းကျင်းဖန်အတွက်တော့ ခက်ခဲနေဆဲဖြစ်သည်။ ချင်းကျင်းဖန်တစ်ယောက် ဟောဟဲဆိုက်နေပြီး ချွေးတွေလည်း စီးကျနေပါပြီ။
ထိုစဉ် ချင်းကျင်းဖန်၏ ခြေထောက်များ ရုတ်တရက် ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ် လဲကျသွားပါသည်။
ကျောချင်းကပ်ထားရသည့်အတွက် ချင်းလောင်ယွင်လည်း ဟန်ချက်ပျက်ပြီး သူမ အဘိုးနဲ့အတူတူ ကြမ်းပြင်ပေါ် လဲကျသွားလေသည်။
ကံကောင်းစွာဖြင့် မူကြိုကျောင်း ကြမ်းပြင်မှာ ရာဘာကော်ဇောတွေ ခင်းထားသဖြင့် အကျမနာပေ။
သို့သော် ထိုအချိန်တွင် မျက်စိလျှင်သည့် စူစူလေးက ချင်းလောင်ယွင် အိတ်ကပ်ထဲမှ ထွက်ကျသွားသော သလင်းကျောက် လက်ကောက်ကလေးကို မြင်သွားလေတော့သည်။
… … …
အခန်း(၄၉) သမီးပစ္စည်းကို ခိုးသွားတယ်!
ချင်းလောင်ယွင် ခြေထောက်ကို မနည်းအားယူပြီး ပြန်ထလိုက်နေစဉ် ကြမ်းပြင်ပေါ် ပြုတ်ကျနေသည့် သလင်းကျောက်လက်ကောက်လေးကို မြင်သောအခါ ကြက်သေသေသွားလေသည်။
သူမ အမြန်ကောက်ဖို့ ကြိုးစားသော်လည်း စူစူလေးက ပိုမိုလျှင်မြန်သဖြင့် လက်ကောက်ကို အရင် ကောက်ယူသွားပါသည်။
ချင်းလောင်ယွင် ထိတ်လန့်သွား၏။ သူမ ဒီလက်ကောက်လေးကို အလွန်သဘောကျသဖြင့် အိတ်ကပ်ထဲ ထည့်သိမ်းထားခဲ့သည်။
သို့သော်လည်း ဒီနေ့လို နေ့မျိုးကျမှ မတော်တဆ ပြုတ်ကျသွားလိမ့်မည်ဟု လုံးဝ မထင်ထားပါ။
ချင်းလောင်ယွင်က လက်ကောက်လေးကို ပြန်လိုချင်သော်လည်း စူစူလေး၏ လက်ထဲ ရောက်နေပြီ ဖြစ်သဖြင့် သူမ ထိတောင် မထိနိုင်တော့ပါ။
မူကြိုခန်းတစ်ခန်းလုံး ချက်ချင်း တိတ်ဆိတ်သွားကြသည်။
ချင်းလောင်ယွင်၏ အိတ်ကပ်ထဲမှ လက်ကောက်လေး ပြုတ်ကျသွားတာကို အားလုံး မြင်ကြသည်။ သို့သော်လည်း အခုတော့ စူစူလေးက ထိုလက်ကောက်ကို ပြန်မပေးဘဲ ကောက်ယူထား၏။
“ဘာတွေဖြစ်နေတာလဲ”။ ချင်းယုဟွိုင်း စူစူလေး၏ ဘေးကို ရောက်လာပြီး မေးလိုက်သည်။
ချင်းယုဟွိုင်းက အသံဩဩကြီးဖြင့် မေးလိုက်ခြင်းဖြစ်ကာ အမိန့်အာဏာသံ ဆန်သည်။
“ဒါသမီးဟာ!” စူစူလေးက မျက်နှာတည်တည်တံ့တံ့ဖြင့် ပြောလိုက်သည်။ ထို့နောက် ချင်းလောင်ယွင်ကို စတင် စွပ်စွဲလေသည်။ “ဘာလို့ ငါ့ပစ္စည်းကို ခိုးထားတာလဲ”
ဒါကိုကြားတော့ ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွားပြီး တစ်ဖက်ရှိ ချင်းလောင်ယွင်ကို လှည့်ကြည့်လိုက်သည်။
ချင်းလောင်ယွင် အလွန် စိတ်ဖိစီးသွားသဖြင့် လက်တောင် ဘယ်နားထားရမှန်း မသိတော့ပေ။
“ငါ… ငါမခိုးဘူး! ငါဘာမှ မခိုးပါဘူး!” ချင်းလောင်ယွင် အမြန် ငြင်းဆန်လိုက်ပါသည်။
ဒါကိုမြင်တော့ ချင်းကျင်းဖန်လည်း စိတ်ပူပန်သွား၏။ “ဒီလက်ကောက်က နင့်ဟာဆိုတာ ဘာသက်သေ ရှိလို့လဲ။ သူများတွေကို မဟုတ်မမှန် မစွပ်စွဲနဲ့! ငါ့မြေးမလေးက လူကောင်းသူကောင်းလေး! ဘယ်သူ့ ပစ္စည်းမှ မခိုးတတ်ဘူး!”
တကယ်တော့ ချင်းကျင်းဖန်လည်း လက်ကောက်အကြောင်း သေချာ မသိပါ။ သို့သော် လူတွေ အများကြီး ဝိုင်းကြည့်နေကြသဖြင့် သူ့မြေးမလေးကို ကာကွယ်ပေးမှဖြစ်မည်။
သူ့မြေးမလေး တကယ်ခိုးထားတာ ဆိုရင်တောင် ဝန်ခံလို့ မဖြစ်ပါ။
“ဟွန်း! ဒါသမီးပစ္စည်း သူ့ဆီရောက်နေတာ။ သူမခိုးရင် ဘယ်လို ရောက်နေတာလဲ”။ စူစူလေးက ခါးထောက်ပြီး ဒေါသထွက်နေသော မျက်နှာပေးဖြင့် မေးခွန်းထုတ်လိုက်သည်။
ပြဿနာ ပိုကြီးလာသဖြင့် အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း အမြန်ရောက်လာကြသည်။
“ဒေါသမထွက်ပါနဲ့ သမီးလေး! မေမေနဲ့ ဖေဖေတို့ ရှင်းလိုက်မယ်နော်!”
“ဟုတ်တယယ် ဟုတ်တယ် စိတ်မညစ်နဲ့ အသဲလေး။ သမီး ဖေဖေနဲ့မေမေရှိတယ်။ သမီး ပစ္စည်းကို ခိုးတဲ့လူက လူဆိုးပဲ! အဲ့လူဆိုးကို မေမေ ရိုက်ပေးမယ်နော်!”
သူတို့ သမီးလေးရဲ့ စိတ်ကို သူတို့ကောင်းကောင်း သိသည်။ သူတို့ သမီးလေး ဒေါသထွက်သည့်အခါ အကျိုးဆက်တွေ ဆိုးရွားပါလိမ့်မည်။
စူစူလေးကို ချော့ပြီးနောက် အဘွားချင်းက ချင်းလောင်ယွင်ကို မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။ “ယွင်ယွင် ဘယ်လိုဖြစ်တာလဲ။ ဒီလက်ကောက်က စူစူလေးရဲ့ လက်ကောက်ပဲ။ သူစာအုပ်ဖတ်တိုင်း အမြဲတမ်း စာမျက်နှာမှတ်ဖို့ သုံးတာ။ ဘာလို့ သမီးအိတ်ကပ်ထဲက ထွက်လာတာလဲ”
တကယ်တော့ ဒီလက်ကောက်က တန်ဖိုး သိပ်မရှိပါ။ စိန်လည်းမဟုတ် ကျောက်မျက်ရတနာလည်း မဟုတ်ပေ။ သာမန် သလင်းကျောက် လက်ကောက်ကလေးသာ ဖြစ်သည်။
စူစူလေးက ဒီလို ရောင်စုံပစ္စည်းလေးတွေနဲ့ သူမ ရုပ်ပြစာအုပ်တွေမှာ စာမျက်နှာ မှတ်သားရတာ သဘောကျသည်။
အဘွားချင်း၏ မေးခွန်းကို ကြားပြီး ချင်းလောင်ယွင် လုံးဝ ချောက်ချားသွားသည်။ သူမရဲ့ ခန္ဓာကိုယ်လေး အလွန်တုန်ယင်နေပြီး လက်ကလည်း အဘိုးဖြစ်သူ၏ အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပါသည်။
ဒါကိုမြင်တော့ ချင်းကျင်းဖန်က ချင်းလောင်ယွင်ကို ထပ်မံ ကာကွယ်ပေးလိုက်သည်။ “သာမန် ဖန်စီ လက်ကောက်လေးမဟုတ်ဘူးလား။ အဲ့တာမျိုးတွေ ပေါလွန်းလို့ နေရာတိုင်းမှာ ရှိနေနိုင်တာပဲ။ မင်းတို့ဟာဆိုတာ ဘယ်လိုလုပ် သေချာသိလဲ။ ငါတို့ ယွင်ယွင်လေးကို ဝယ်ပေးထားတာကော မဖြစ်နိုင်ဘူးလား?!
အဘွားချင်းက မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။ “စူစူလေးရဲ့ လက်ကောက်မှာ သီးသန့် အမှတ်စဉ် ဂဏန်းပါတယ်! ဝယ်ခဲ့တဲ့ ဆိုင်ကို ပြန်သွားပြီး စစ်ပြရမလား?!”
“အဲ…” ချင်းကျင်းဖန် ဆွံ့အသွားသည်။ စိတ်ထဲမှလည်း အတင်းတုပ်လိုက်၏။
ဒီအဘွားကြီးက ဘာမှ မဟုတ်တာအတွက်လည်း ငွေအသုံးကြမ်းတာပဲ! သူ့သမီးရဲ့ လက်ကောက်ကိုတောင် အဆင့်မြင့် ဆိုင်တစ်ဆိုင်မှာ သီးသန့် ဖန်တီးခိုင်းထားတာလား?!
ချင်းကျင်းဖန် ပြောစရာစကား ကင်းမဲ့နေစဉ် ချင်းလောင်ယွင် သည်းမခံနိုင်တော့ပါ။
“ဗြဲ--“ကနဲ မြည်သံနဲ့အတူ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ငိုကြွေးလေတော့သည်။ သူမ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ ရင်ကွဲနာကျသည့်အလား ငိုကြွေးလေသည်။ “သမီးဘာမှ မခိုးဘူး။ သမီးဘာမှ မခိုးဘူး…”
… … …
အခန်း(၅၀) စိတ်လျှော့ပါ စူစူလေး
ချင်းလောင်ယွင်၏ ငိုသံကြောင့် ရပ်ကြည့်နေသူတွေ စိတ်မကောင်း ဖြစ်ကုန်ကြသည်။ ချင်းကျင်းဖန်က အခြေအနေကို အခွင့်ကောင်းယူပြီး မေးလိုက်၏။ “အစ်ကိုကြီးနဲ့ မရီးတို့ စကားတွေ တော်တော် လွန်လာပြီနော်! ယွင်ယွင်လေးက အသက် ဘယ်လောက် ရှိသေးလို့လဲ။ သူများပစ္စည်း ဘယ်လိုလုပ် ခိုးတတ်မှာလဲ။ ပြီးတော့ အားလုံးက မိသားစုတွေ မဟုတ်ဘူးလား။ ချင်းစူစူရဲ့ လက်ကောက်တစ်ကွင်း ယွင်ယွင်လေးဆီမှာ ရှိနေတာ အရမ်းထူးဆန်းလို့လား”
ဝိုင်းကြည့်နေကြသူတွေ၊ မိဘတွေနဲ့ ဆရာမတွေအားလုံးကို ချင်းကျင်းဖန်က သူတို့ မိသားစု ဆက်နွယ်မှုအကြောင်း တမင်တကာ အသိပေးလိုက်ခြင်း ဖြစ်သည်။
“အဲ့တာ ဘာစကားလဲ။ မျိုးရိုးနာမည် ချင်းဖြစ်တာချင်း တူတာမှန်တယ်။ ဒါပေမယ့် ပေးတာကိုပဲ ယူရမယ် မပေးတာကို မယူရဘူးဆိုတာ နားမလည်ဘူးလား”။ အဘွားချင်းက ဒေါသတကြီး ပြောလိုက်သည်။
“ကျုပ်ပြောချင်တာက ယွင်ယွင်လေးက မရီးရဲ့ မြေးမလေးပါပဲ! အရင်တုန်းက ယွင်ယွင်လေးကို လက်ကောက်တစ်ကွင်း လက်ဆောင် ပေးထားတာကို မေ့သွားတာမျိုး မဖြစ်နိုင်ဘူးလား။ အဲ့တာကြောင့် ယွင်ယွင်လေး ခိုးတယ်ဆိုပြီး စွပ်စွဲနေတာလား”
“ဘယ်သူက မေ့တာလဲ။ ဒီလက်ကောက်က စူစူလေးရဲ့လက်ကောက်ဆိုတာ သေချာတယ်! ငါတို့ သူများတွေကို ပေးကမ်းစွန့်ကြဲရင် ငါတို့ကလေးတွေရဲ့ ပစ္စည်းတွေ လုံးဝ မပါတတ်ဘူး!”
ချင်းကျင်းဖန်က ပြန်ချေပသည်။ “ဒါဖြင့်ရင် ယွင်ယွင်လေးကို မရီးသမီးက လက်ဆောင်ပေးခဲ့တာ ဖြစ်မှာပေါ့။ အခုမှ မေ့သွားတာလား ဒါမှမဟုတ် ပြန်လိုချင်လို့လား မသိဘူး။ အဲ့တာကြောင့် ယွင်ယွင်လေးကို ခိုးတယ်ဆိုပြီး ပြောတာနေမှာ! ကျုပ်တို့ ယွင်ယွင်လေးက အမြဲတမ်း လိမ္မာပြီး ရိုးသားတယ်။ အတန်းဖော်တွေနဲ့ မူကြိုဆရာမတွေကို မေးကြည့်ရင် သိလိမ့်မယ်!”
“ငါတို့ စူစူလေးကလည်း မှတ်ဉာဏ် ကောင်းပြီးသားပါ! သူပေးထားတဲ့ ပစ္စည်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး!”။ အဘွားချင်းက ချင်းကျင်းဖန်ကြောင့် ဒေါသ အလွန်ထွက်နေပါပြီ။
ချင်းမိသားစုမှာ ဘာလို့ ဒီလောက် အရှက်မဲ့တဲ့လူ ရှိနေရတာလဲ?!
ချင်းကျင်းဖန်၏ စကားကို ကြားပြီး စူစူလေး ဒေါသထွက်လာသည်။ “သမီး တစ်ခါမှ မပေးဖူးဘူး! သမီး မေ့လည်မမေ့ဘူး။ မဟုတ်မမှန်တာလည်း မစွပ်စွဲဘူး!”။
စူစူလေး မခံချင်စိတ်ဖြင့် အော်ဟစ်လိုက်သည်။ ပါးတွေလည်း ဖောင်းလာပါသည်။ ထိုသို့ ပြောပြီးနောက် စူစူလေး နောက်လှည့်ကာ သူမထက် အရွယ်အစား အများကြီး ပိုကြီးသော ပလတ်စတစ် လျှောကြီးကို ပွေ့ဖက်လိုက်သည်။
ဝိုင်းကြည့်နေကြသူတွေလည်း မှင်သက်သွားပြီး ကြောင်စီစီ ဖြစ်ကုန်ကြ၏။ စူစူလေး ဘာလို့ လျှောကြီးကို ဖက်နေတာလဲ နားမလည်နိုင်ကြပါ။
စူစူလေး ဘာလုပ်ဖို့ ကြံနေတာလဲ နားလည်သည့် အဘွားချင်းက အမြန်ပြေးတားလိုက်သည်။ “သမီးလေး ဒေါသမထွက်ပါနဲ့။ အဲ့ဒါကြီး ချထားလိုက်နော်။ အန္တရာယ်များပါတယ်!”
သူမသာ နည်းနည်းလောက် နောက်ကျသွားပါက မကြာခင် ထိုလျှောကြီးမှာ စူစူလေး၏ ရွှေတင်းပုတ် ဖြစ်သွားတော့မှာကို မြင်ယောင်နေပါသည်။
“သူလိမ်တယ်! သူက လူဆိုးကြီး! မေမေ့ကိုလည်း ဒေါသထွက်အောင်လုပ်တယ်! သူ့ကို ကိုင်ပေါက်ပစ်မယ်!” စူစူလေး ခက်ထန်စွာ ပြောလိုက်သည်။
“ဟုတ်ပါတယ် သူက ဆိုးတယ်။ အရမ်းဆိုးတယ်။ ဒါပေမယ့် ဖေဖေ့ကို ကတိပေးထားတာ မေ့သွားပြီလား။ မူကြိုမှာ အကြမ်းပတမ်း လုပ်လို့ မရဘူးလေ။ ဟုတ်တယ်မလား”။ အဘိုးချင်းပါ မနည်း ဝင်တားလိုက်ရသည်။
“သူက လူဆိုးကြီး! ကိုင်ပေါက်ပစ်မှ ဖြစ်မယ်!”
“ကိုင်ပေါက်စရာ မလိုပါဘူး! မလိုဘူး မလိုဘူး ဖေဖေနဲ့ မေမေတို့ ရှင်းနိုင်ပါတယ်! ဖေဖေ အစွမ်းပြဖို့ အခွင့်အရေးပေးဦး ဟုတ်ပြီလား”
“တကယ်လား”
“တကယ်ပေါ့!” အဘိုးချင်း ခေါင်းငြိမ့်လိုက်၏။
“ဒါဆိုလည်း ပြီးတာပဲ”။ စူစူလေး လျှောကြီးကို လွှတ်လိုက်ပါသည်။ ဒီတစ်ခါတော့ သူမ ဖေဖေကို အစွမ်းပြခွင့် ပေးလိုက်မည်။
စူစူလေး လက်ထဲ လျှောကြီး မရှိတော့မှ အဘိုးချင်း အသက်ဝဝ ရှူနိုင်တော့သည်။
အဘိုးချင်းက စူစူလေးကို ချော့နေစဉ် အဘွားချင်းကတော့ ချင်းကျင်းဖန်ကို မျက်နှာသာ လုံးဝ မပေးဘဲ ငေါက်ငမ်းနေပါသည်။
“ချင်းကျင်းဖန် ငါတကယ်ပြောတာနော်! ဒီကိစ္စကို နင်တို့ သေချာ ဖြေရှင်းတာ ပိုကောင်းမယ်! မဟုတ်ရင် ငါအခုချက်ချင်း ရဲခေါ်မှာ! ငါတို့အိမ်မှာလည်း CCTV တွေ တပ်ထားတယ်! ငါ့သမီးလေးရဲ့ ပစ္စည်းကို နင့် မြေးခိုးတဲ့ ဗီဒီယို ထုတ်ပြရအောင် မလုပ်နဲ့!”
CCTV ဟူသည့် အသံကို ကြားသောအခါ ကြမ်းပြင်ပေါ် ထိုင်ငိုနေသည့် ချင်းလောင်ယွင်၏ ငိုသံ ပိုကျယ်လောင်သွားပါသည်။
သူမ တကယ် ကြောက်နေပါပြီ။
ရဲခေါ်တယ်ဆိုတာ ပေါ့သေးသေး ကိစ္စမဟုတ်မှန်း ချင်းလောင်ယွင်လေး ကောင်းကောင်းသိသည်။ စူစူလေး၏ ပစ္စည်းကို ယူခဲ့တုန်းက ဘာမှ သေချာ မစဉ်းစားခဲ့ပါ။
ဒီပွဲကြောင့်သာ သူမ ယူခဲ့မှန်း ပေါ်သွားခြင်းဖြစ်၏။
သူမ ရဲဖမ်းတာ မခံချင်ပါ။