← Chapters

အခန်း (၆၁)

Vol. 6 Ch. 61

အခန်း (၆၁)

Vol. 6 Ch. 61

အရွယ်ရောက်ပြီးသူများကြားတွင် အချို့အရာများကို တိုက်ရိုက်ပြောရန် မလိုအပ်ပေ။ သူတို့၏ မျက်လုံးများက နှစ်စက္ကန့်ပင် မပြည့်သည့်အချိန်လေးအတွင်း ဆုံမိလိုက်ကြပြီး လင်းချောင်က မျက်တောင်ခတ်လိုက်သည်။

"နောက်တစ်ခါ ထပ်ဖတ်ကြည့်ရမလား။"

ကျိသော်က အင်းဟု မပြောသည့်တ်ိုင် ဟင့်အင်းဟုလည်း မပြောခဲ့ပေ။

"မင်း အရင်ဖတ်လိုက်။"

လင်းချောင်က စိတ်တည်ငြိမ်စွာဖြင့် နောက်ထပ် နာရီဝက်ခန့် စာဖတ်ပြီးမှ ကန့်လန့်ကာများကိုချကာ မီးပိတ်ရန် ပြင်ဆင်လိုက်သည်။

ဒီတစ်ခါတော့ အနှောင့်အယှက်မဖြစ်စေရန် ကျိသော်က တစ်ခုထုတ်ယူပြီး အရင်စစ်ဆေးလိုက်သည်။

ထို့နောက် "အဲ့ဒီနောက်" ဆိုသည့်အရာ မရှိတော့ပေ။

နောက်တစ်နေ့တွင် ကျိသော် အလုပ်သွားပြီး ပထမဆုံး လုပ်သည့်အရာက စာတိုက်ခန်းမှ သူ့ပစ္စည်းကို စစ်ဆေးခြင်း ဖြစ်သည်။

ကျိယန်ကို မွေးနေ့ရက်က ဖုန်းဆက်မေးခဲ့သည်။ ကျိယန်က ပို့လိုက်ပြီ၊ လမ်းမှာဟု ပြောပြီး သူ့ကို လှောင်ပြောင်ခဲ့သေး၏။

ရက်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ကျိသော်က ကျိယန်၏ နိုင်ငံခြားပါဆယ်ကို လက်ခံရရှိခဲ့ပြီဖြစ်သည်။ ညနေကျလျှင် အိမ်ကို ယူသွားမည်ဟု စဉ်းစားနေတုန်း ကျိဇယ်နှင့် ဆုံမိ၏။

အရင်က ရှိခဲ့သော သူ၏ယုံကြည်မှုနှင့် နှိုင်းယှဉ်လျှင် သူ့တူ၏ မျက်လုံးများထဲ၌ ဒေါသနှင့် စိုးရိမ်ပူပန်မှုများကို ထင်ရှားစွာ မြင်နေရ၏။ သူက ကျိသော်ကို မြင်သည်နှင့် ပြေးလာပြီး ပြောလိုက်သည်။

"ဦးလေး၊ ကျွန်တော် ငှားထားတဲ့ လူသစ် ထွက်ပြေးသွားပြီ။"

"ဆပ်ပြာလုပ်တဲ့သူလား။"

ကျိသော်က ချက်ချင်းဆိုသလို ခန့်မှန်းမိလိုက်သည်။

ကျိဇယ်က ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် သူ့ကို လစာတောင် မပေးရသေးဘူး၊ သူက ပြန်မလာတော့ဘူး။ ဆပ်ပြာလုပ်ဖို့ ကုန်ကြမ်းတွေထဲက အချို့လည်း ပျောက်နေတယ်။"

လစာမလိုချင်ဘူးဆိုသည်က ပိုကြီးမားသည့် အကျိုးအမြတ် ရှိနေသောကြောင့် ဆိုသည်မှာ ထင်ရှား၏။ ကျိသော်ကတော့ စိတ်အေးအေးထားကာ ပြောလိုက်သည်။

"မင်းအဒေါ်က ဒီလိုလုပ်တဲ့ ဖော်မြူလာကို ကိုယ်တိုင်ကိုင်တွယ်ဖို့ ပြောထားတာ မဟုတ်လား။ မင်း သူ့ကို မပေးခဲ့ဘူး မဟုတ်လား။"

"ဟင့်အင်း။ ကျွန်တော် ဘယ်သူ့ကိုမှ မထိခိုင်းခဲ့ဘူး။ ကျွန်တော် ကိုယ်တိုင်ပဲ အမြဲယူပြီး လုပ်ခဲ့တာ။"

သို့သော်လည်း သူ စိုးရိမ်နေဆဲပင်။

"ဒါမပါဘဲ လုပ်လို့ရနေသေးတာလား မသိဘူး။ သုံးရတဲ့ ပမာဏကလည်း မများဘူး။ အဒေါ့်ရဲ့ နည်းလမ်းက စိတ်ချရရဲ့လား။"

စိုးရိမ်စိတ်က စိတ်ရှုပ်ထွေးမှုကို ဖြစ်စေ၏။ ဒါက သူ၏ ပထမဆုံး စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် မရေရာမှုများကို ပို၍ ခံစားနေရသည်။

ကျိသော် အိမ်ပြန်သွားပြီး မေးကြည့်လိုက်မည်ဟု ပြောရန်ပြင်လိုက်ချိန်တွင် ကျိဇယ်က ပြောလိုက်သည်။

"ကျွန်တော် အတူလိုက်ခဲ့ပြီး အဒေါ့်ကို မေးလိုက်တာ ကောင်းမယ်။ ကျွန်တော် ပြောလိုက်မယ်..."

ကျိသော်၏ လက်ထဲက ပါဆယ်ကို သတိထားမိတော့ သူက ချက်ချင်းဆွဲယူလိုက်၏။

"ကျွန်တော် ဦးလေးအတွက် တစ်ခုခု လာပို့ပေးတယ်လို့ ပြောလိုက်ပါ့မယ်။"

ကျိဇယ် သူ့လက်ထဲ ရောက်လာသော ပစ္စည်းကို ကိုင်လိုက်သည်နှင့် တုံ့ဆိုင်းသွား၏။

"ဘာလို့ ဒီလောက် ပေါ့နေရတာလဲ။"

ကျိသော်က သူ့ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

ပုံမှန်ဆိုလျှင် ကျိဇယ်က သူ့ဦးလေးကို စိန်ခေါ်ရဲမည်မဟုတ်သော်လည်း ယခုတော့ စိုးရိမ်စိတ်ဖြင့် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

"အဒေါ်က ဒီအချိန်ဆို အိမ်မှာ ရှိနေသင့်တယ် မလား။"

ကျိဇယ် သူ့ရှေ့မှ လျှောက်သွားသည်ကို မြင်တော့ ကျိသော်က သူ့ကို ကြည့်ကာ ပြောလိုက်၏။

"မင်း အခု အနေရခက်သလို မခံစားရတော့ဘူးလား။"

ထိုအကြည့်သည် ရှင်းပြ၍မရအောင် အေးစိမ့်နေသဖြင့် ကျိဇယ် လက်မောင်းကို အလိုလို ပွတ်လိုက်မိသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက အဒေါ်ပေးထားတဲ့ ဖော်မြူလာလေ။ ပျောက်သွားရင် ကျွန်တော်က အပြစ်လုပ်မိတဲ့သူ ဖြစ်သွားမယ်။"

"ဒီဟာပျောက်သွားရင် မင်းက အပြစ်ရှိတဲ့သူပဲ။"

ကျိသော်၏ အသံသည် လုံးဝမနူးညံ့နေသောကြောင့် ကျိဇယ်ကို ထိုပစ္စည်းကို ပြန်ပေးလုနီးပါးဖြစ်သွားစေခဲ့သည်။ ပြန်တွေးလိုက်ပြီးမှ သူက လျင်မြန်စွာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

"ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်။"

ဒါက ဘာများလဲ။ သူ့ဦးလေးက ကပ်စေးနဲသူလည်း မဟုတ်၊ သန့်ရှင်းရေးကို အလွန်အမင်း စွဲလမ်းသူမျိုးလည်းမဟုတ်ပေ။

ကျိဇယ် အနည်းငယ် စပ်စုချင်သော်လည်း စကားပြောရန် သို့မဟုတ် မေးရန်ကိုတော့ မဝံ့ရဲဘဲ သူ့ဦးလေးကို တိတ်တဆိတ် ပြောလိုက်၏။

"နောက်မှ ဦးလေးအတွက် ထားခဲ့တော့မယ်။"

ကျိသော် ဘာမှ ပြန်မပြောနိုင်ဘဲ မျက်လုံးများကလည်း မှိုင်တွေစွာ ကြည့်နေဆဲဖြစ်သည်။

သူတို့ အိမ်ရောက်တော့ ကျွင်းဇီက လင်းချောင်နှင့် ခြံထဲတွင် စကားပြောနေသည်။ သူ့လက်ထဲ၌လည်း လက်လုပ်ဆပ်ပြာ တစ်ခဲကို ကိုင်ထား၏။

"ဆရာမလင်း၊ ဆရာမ မှာထားတဲ့အတိုင်း ဒုတိယနေ့မှာ ပုံစံခွက်ထုတ်ပြီး လေးပိုင်း ပိုင်းလိုက်တယ်။ တော်တော် ညီတယ် မဟုတ်လား။ အစွန်းတွေကို ခြစ်ဖို့ပဲ မေ့သွားတာ။ အခုတော့ နည်းနည်း မာပြီး ကြမ်းနေတယ်။ အသုံးမဝင်ရင်လည်း အလှသဘောအတွက်ပဲ သုံးလိုက်ပါ။ ကျွန်တော့်နာမည်လည်း ရေးထားတယ်။"

ကျွင်းဇီ အစွန်းခြစ်ဖို့ မေ့သွားသည်ကို လင်းချောင် မအံ့ဩတော့ပေ။ ကျွင်းဇီက သူမကို ဆပ်ပြာပေးလာသည်ကိုတော့ သူမ တကယ် မမျှော်လင့်ထားခဲ့ချေ။

"ကောင်းပြီလေ။"

သူမက ပြုံးပြီး ယူလိုက်၏။

"ဒါက နောက်ပိုင်းမှာ ငါ့ရဲ့ နမူနာဖြစ်လာလိမ့်မယ်၊ ငါ့ရဲ့ ပထမဆုံး တပည့်လေးရဲ့လက်ရာ။"

သူမက မြှောက်ပြလိုက်၏။ အပေါ်ဘက် မျက်နှာစာတွင် ကျွင်းဇီ၏ ကောက်ကွေးနေသည့် "ကျွင်း" စာလုံး ပါနေပြီး လင်းချောင် ကြည့်နေသည်ကိုမြင်သောအခါ ကျွင်းဇီက အနည်းငယ် ရှက်သွားတော့သည်။

"ကျွန်တော် ပိုပြီး ကောင်းအောင် ရေးခဲ့သင့်တာ။"

"အခုကစပြီး ပိုကောင်းအောင် ရေးလို့ရပြီပေါ့။"

လင်းချောင်က ပြုံးပြီး သူ့ကို အားပေးရင်း ပြောလိုက်သည်။

"မင်း နောက်နှစ်ကျရင် ဘွဲ့ရတော့မယ်။ ဘာလုပ်မယ်စီစဉ်ထားလဲ။"

"ဘာစီစဉ်စရာ ရှိမှာလဲ။ တခြား ဘာမှ မရှိရင် စစ်တပ်ထဲ ဝင်မယ်။"

ကျွင်းဇီက ရယ်လိုက်သည်။

ရယ်လိုက်ပြီးနောက် သူ့အသံကို တိုးလိုက်၏။

"ဆရာမ၊ ကျွန်တော် အမေ့ကို မပြောရသေးဘူး။ ကျွန်တော် အိမ်ထောင်စုစာရင်း ပြောင်းပြီး ဆောင်းဦးမှာ စစ်တပ်ထဲ ဝင်ချင်တယ်။"

"ဆောင်းဦးမှာလား။"

ဒါဆို သူက အထက်တန်း ဒုတိယနှစ် ပြီးအောင် မတက်တော့ဘူးလား။ ဒါက လင်းချောင်ကို တကယ် အံ့ဩသွားစေ၏။

ကျွင်းဇီက ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်တို့ အတန်းထဲက ဆွန်းထျဲ့ကျွင်းနဲ့ ဝမ်ကောချန်တို့က ဆောင်းဦးကျရင် အသက်ပြည့်ပြီ။ သူတို့နဲ့အတူ ဝင်ချင်တာ။"

ဆွန်ထျဲ့ကျွင်းနှင့် ဝမ်ကောချန်တို့က နောက်တန်းမှ ဆိုးသွမ်းသူများထဲကဖြစ်သည်။ စာမေးပွဲ အမှတ်မကောင်း၍ တစ်နှစ်ထပ်ကျခဲ့သောကြောင့် ကျွင်းဇီနှင့် အတန်းတူသွားခြင်းဖြစ်၏။

"မင်း မိဘတွေကို မြန်မြန် ပြောပြသင့်တယ်။ စောစောပြောပြလေ၊ စောစော ပြင်ဆင်နိုင်လေပဲ။"

လင်းချောင်က သတိပေးရုံသာ တတ်နိုင်သည်။ ဒါက ကျွင်းဇီ၏ အနာဂတ်နှင့် ပတ်သက်နေ၏။

ကျွင်းဇီက ခေါင်းညိတ်လိုက်သည်။ ကျိသော် ပြန်လာသည်ကို မြင်တော့ ပြုံးပြီး နှုတ်ဆက်ကာ အိမ်ပြန်သွားတော့သည်။

ပစ္စည်းတစ်ခုကို ကိုင်ထားသော ကျိဇယ်က တံခါးအပြင်ဘက်တွင် ရပ်နေကာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့၏။

"အဒေါ်က ကျောင်းသားတွေနဲ့ တော်တော် သင့်မြတ်တာပဲ။"

လင်းချောင် အလုပ်ဝင်သည်မှာ လအနည်းငယ်သာ ရှိသေးသည်ဟု သူ သတိရမိသော်လည်း ကျွင်းဇီက သူ့ကို လေးစားသလို ရင်းနှီးစွာ ဆက်ဆံသည်ကို မြင်တော့ အံ့ဩမိခဲ့၏။ ထိုစကားများ ပြောထွက်သွားပြီးနောက် သူ စကားမှား၍ပြောမိကြောင်း သဘောပေါက်လိုက်သည်။ လင်းချောင်ကို ကျောင်းသားများနှင့် သင့်မြတ်လို့ မရဘူးဟု ပြောလိုက်သလို ဖြစ်နေ၏။

လင်းချောင်ကတော့ စိတ်ထဲမထားပေ။

"သူ့မိသားစုက ဘေးအိမ်မှာ နေတာဆိုတော့ ငါတို့ တော်တော် ရင်းနှီးပါတယ်။"

ထို့နောက် သူမက နှုတ်ဆက်လိုက်သည်။ "ရှောင်ဇယ်၊ ရောက်လာတာပဲ။"

"ဟုတ်တယ်၊ ဦးလေးကို ပစ္စည်းတစ်ခု လာပို့တာပါ။"

ကျိဇယ်က အိတ်ကို မြှောက်ပြရင်း ကြိုတင်ပြင်ဆင်ထားသည့် အကြောင်းပြချက်ကို ပေးလိုက်သည်။ သူ့ဦးလေးက ဘာကြောင့် သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်နေသလဲဆိုသည်ကိုတော့ သူ မသိခဲ့ပေ။

လင်းချောင်လည်း နားမလည်နိုင်ခဲ့။ ဘယ်လိုပစ္စည်းမျိုးကို ကျီဇယ်ကိုယ်တိုင် လာပို့ဖို့ လိုအပ်တာလဲ။ သူမက ယူရန် လက်လှမ်းလိုက်သည်။

"ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်။ အရေးကြီးတဲ့ ပစ္စည်းထင်တယ်။"

ကျိဇယ်က ဒါကို အကြောင်းပြချက်အဖြစ် သုံးပြီး အထဲဝင်လာခဲ့သည်၊ ဒါကို အလွယ်တကူ ပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ထိုသို့ပြောပြီးသည်နှင့် သူ့ဦးလေးက သူ့ကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်၏။ ဒီတစ်ခေါက်မှာတော့ ပြောမပြနိုင်သည့် အရိပ်အယောင်လေးတစ်ခု ပါနေခဲ့သည်။

ကျိဇယ်၏ စိတ်ထဲ၌ မတင်မကျ ဖြစ်လာခဲ့သည်။ ဒီအကြည့်တွေက ဘာသဘောလဲ။ သို့သော် သူက ဒီကို ရောက်နေပြီဖြစ်ပြီး ပြောလည်း ပြောပြီးပြီဆိုတော့ လင်းချောင် ဘေးဖယ်ပေးသည်ကို မြင်သည်နှင့် ချက်ချင်းပဲ အိတ်ကို ဧည့်ခန်းထဲ သယ်သွားလိုက်၏။

"ဘယ်မှာ ထားရမလဲ။"

သူက ကျိသော်ကို မေးနေခြင်းဖြစ်သော်လည်း တကယ်တော့ အချက်ပြနေခြင်းပင်။

ကျိသော်က ဒါကို အပေါ်ထပ် တိုက်ရိုက်ယူသွားချင်သော်လည်း အိတ်က သူ့တူလက်ထဲမှာဆိုတော့ တစ်စက္ကန့်တောင် ပိုမကိုင်စေချင်သည့်အတွက် ကော်ဖီစားပွဲဘေးကို ညွှန်ပြလိုက်သည်။

ကျ်ိဇယ်က တုံ့ဆိုင်းသွားပြီး ဖြည်းဖြည်းချင်း ချလိုက်သည်။ တစ်ချိန်တည်းမှာပဲ ကျိသော်က လင်းချောင်ကို ပြောလိုက်၏။

"ကိုယ့်သူငယ်ချင်းရဲ့ အလုပ်သမားတစ်ယောက် ထွက်ပြေးသွားတယ်တဲ့။"

အိတ်ကို အာရုံစိုက်နေသည့် လင်းချောင်က ချက်ချင်း သူ့ကို ပြန်ကြည့်လိုက်၏။ သူမ၏အကြည့်က ရှင်းနေသည်။ တူရှေ့မှာ ဒါကို ပြောလို့ရလို့လား။

ကျိသော်၏ မျက်နှာအမူအရာက မပြောင်းလဲပေ။

လင်းချောင် နားလည်လိုက်သည်။ သူဖုံးကွယ်ထားသည်ကို ကောင်းကောင်းမွန်မွန် အဆင်ပြေနေသည်ဟု သူ ထင်နေခဲ့ပြီး သူ့တူ ကြားသွားမည်ကိုလည်း ဂရုမစိုက်သည့်ပုံပင်။ ဘာပဲဖြစ်ဖြစ် သူ့တွင် "သူငယ်ချင်း" တစ်ယောက်တော့ ရှိ၏။

သူမက ခဏတာ စဉ်းစားလိုက်သည်။

"ဆပ်ပြာရည် လုပ်တဲ့သူ ထွက်ပြေးသွားတာလား။"

မဟုတ်လျှင် ကျိသော်က ဒါကို သီးသန့်ထုတ်ပြောလာမည် မဟုတ်ပေ။

သူမ၏ တုံ့ပြန်မှုက တကယ်ကို မြန်ဆန်နေ၏။

ကျိဇယ်က လင်းချောင်နှင့် တစ်ခါမှ အလေးအနက် အပြန်အလှန် ဆက်ဆံဖူးခြင်းမရှိသေးသောကြောင့် သူမက ဒီလိုမျိုးဆိုသည်ကို မသိခဲ့ပေ။

သူ့လှုပ်ရှားမှုများ နှေးကွေးသွားပြီး နားရွက်များလည်း ထောင်လာ၏။

ကျိသော်က သူ့မျက်လုံးထောင့်မှ သတိထားမိပြီး တည်ငြိမ်သည့် "အင်း" ဆိုသော အသံနှင့် တုံ့ပြန်လိုက်သည်။

"ဒါဆို ကျွန်မ ရှင့်သူငယ်ချင်းကို သီးသန့်ထားခိုင်းတဲ့ ပစ္စည်းတွေကိုတော့ တခြားဘယ်သူ့ကိုမှ မပေးခဲ့ဘူး မဟုတ်လား။"

လင်းချောင်က ထပ်မေးလိုက်သည်။

"မပေးခဲ့ဘူး။"

ဒီတစ်ခေါက်တော့ ကျိသော်က အနည်းငယ် ပိုပြောလိုက်၏။

"သူက အမြဲတမ်း ကိုယ်တိုင်ယူပြီး ကိုယ်တိုင်ထားထားတာတဲ့။"

"ဒါဆို ဘာလို့ စိတ်ပူနေတာလဲ။"

လင်းချောင်က ပြုံးပြီး ကျွင်းဇီ သူမကို ပေးထားသည့် လက်လုပ်ဆပ်ပြာကို ကော်ဖီစားပွဲပေါ် တင်လိုက်သည်။ စိတ်ပြေလက်ပျောက်ဖြစ်နေပုံမှာ ပေါ်လွင်၏။

ကျိဇယ် ဇဝေဇဝါ ဖြစ်သွားပြီး သူ့ဦးလေးကို ထပ်ပြီး လျင်မြန်စွာ အချက်ပြလိုက်သည်။

သူ ထိုသို့ လုပ်လိုက်သည်နှင့် လင်းချောင်က လှမ်းကြည့်ပြီး မေးလိုက်သည်။

"မင်း မျက်လုံးထဲ တစ်ခုခုဝင်သွားတာလား။"

"ဪ၊ ဟုတ်တယ်၊ တစ်ခုဝင်သွားတာ။"

ကျိဇယ်က လျင်မြန်စွာပဲ မျက်လုံးများကို ပွတ်ပြီး ပြောလိုက်သည်။

"အဒေါ်၊ ကျွန်တော် အဒေါ့် မီးဖိုချောင်ကိုခဏ သုံးလို့ရမလား။"

"သုံးလို့ရတာပေါ့။"

ကျိဇယ်က ချက်ချင်းပဲ မျက်လုံးများကို ပွတ်ပြီး မီးဖိုချောင်ထဲ ဝင်သွားလိုက်ကာ ရေပိုက်ကို ဖွင့်ပြီး ဆေးကြောဟန်ဆောင်လိုက်၏။

လင်းချောင်က စိုးရိမ်တကြီးနှင့် သူ့နောက်မှ မီးဖိုချောင်တံခါးအထိ လိုက်သွားခဲ့သည်။

"လက်နဲ့ မျက်လုံးကို မပွတ်နဲ့နော်၊ လက်က မသန့်ဘူး။"

ကျိဇယ်က လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"အဒေါ်၊ အဒေါ်တို့ကိစ္စတွေကို ဆက်ဆွေးနွေးနေလိုက်ပါ။ ကျွန်တော် ကိုယ့်ဘာသာ လုပ်နိုင်ပါတယ်။"

သို့သော်လည်း လင်းချောင်က ဝါစဉ်ကြီးသူတစ်ယောက်ဖြစ်သောကြောင့် ခဏတာ စဉ်းစားပြီး တံခါးဝတွင် ဆက်ရပ်နေခဲ့သည်။ တစ်ချိန်တည်းမှာပဲ ကျိသော်က ပြောလိုက်၏။

"အဲဒီလူက ထွက်သွားတုန်းက ကုန်ကြမ်းတွေလည်း နည်းနည်း ခိုးသွားသေးတယ်။"

"အဲဒါက ပြဿနာမရှိပါဘူး။ ကျွန်မချန်ထားခဲ့တဲ့ ပစ္စည်းကို ဘယ်သူမှ မထိသရွေ့ သူတို့က ပုံတူကူး လုပ်ရင်တောင် ကောင်းကောင်း ဖြစ်လာမှာ မဟုတ်ဘူး"

လင်းချောင် နောက်ဆုံးချန်ထားခဲ့သည်က ဆိုဒီယမ်ကလိုရိုက် ဖြစ်သည်။ ဒါက ဆပ်ပြာရည်လုပ်ခြင်းနှင့် မသက်ဆိုင်ဘူးဟု ထင်ရသော်လည်း ဆပ်ပြာဖြစ်ပြီးနောက် အရည်ကို သန့်စင်ဖို့နှင့် ပိုသိပ်သည်းအောင် ဆားထုတ်နည်းကို မသုံးလျှင် ရလာသည့်အရာက ဆပ်ပြာရေသာ ဖြစ်ပါလိမ့်မည်။ အရည်ကျဲသည့် ဆပ်ပြာရေကို ဘယ်သူမှ ဝယ်ချင်ကြမည် မဟုတ်သည်ကတော့ ရှင်း၏။

ကျိဇယ် နောက်ဆုံးတော့ စိတ်သက်သာရာရသွားပြီး အထက်ကို မော့ကြည့်လိုက်ရာ သူ့ဦးလေးက သူ့ကို တိတ်တဆိတ် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

လင်းချောင်က ဧည့်ခန်းကို ကျောပေးထားသောကြောင့် သတိမထားမိဘဲ ကျိဇယ်ကိုပြောလိုင်သည်။

"ရောက်နေမှတော့ အိမ်မှာ ထမင်းစားသွားပါဘား။ စားသောက်ဆိုင်ကို သွားပြီး အစားအသောက် သွားယူလိုက်မယ်။"

ကျိဇယ်က ရုတ်တရက် အသိဝင်သွား၏။

"မစားတော့ပါဘူး၊ ကျွန်တော် လာခါနီးကတည်းက စားပြီးပါပြီ။"

သူစားပြီးပြီဟု အခိုင်အမာပြောနေသည်က သူကတကယ်က်ို ကျိကျွင်း၏သားဆိုသည်ကို ပြသနေ၏။

"စားသောက်ဆိုင်ကို အတူတူသွားကြရအောင်။"

ကျိသော်က သူ့တူကို ကြည့်ရင်း ပြောလိုက်သည်။ သူက ကျိဇယ်ကို မောင်းထုတ်ချင်သည်တော့ မဟုတ်သော်လည်း သူ့တူက သူ့ကို ပါဆယ်ထုပ်ဖွင့်ဖို့ ကူညီပေးမည်ဟု ရုတ်တရက် ပြောလာမည်ကို စိုးရိမ်နေခြင်းသာဖြစ်သည်။

ကျိဇယ် ငြင်းလို့မရတော့သည့်အတွက် သူတို့သုံးယောက်က ကန်တင်းထဲက စားပွဲတစ်လုံးတွင် ထိုင်လိုက်ကြသည်။ ကျိဇယ်က တစ်ဖက်၊ ကျိသော်နှင့် လင်းချောင်တို့ကတစ်ဖက် ထိုင်ခဲ့ကြသည်။

ဒီလောက် လူနည်းနည်းနှင့် ထမင်းစားရသည်က ကျိဇယ်အတွက် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် သူ မခံစားနိုင် ဖြစ်နေသော်လည်း မျက်နှာတွင် ပေါ်မလာအောင်တော့ ထိန်းထားခဲ့သည်။ သူက ပေါ့ပေါ့ပါးပါးပဲ စကားစလိုက်၏။

"အဒေါ်၊ အဒေါ်က ကျောင်းသားတွေကို ဆပ်ပြာလုပ်တာ သင်ပေးနေတုန်းပဲလား။"

"ဟုတ်တယ်၊ ရိုးရှင်းတဲ့ အခြေခံဆပ်ပြာလေးတွေပေါ့။ ဒါက သူတို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်စေပြီး ဓာတုဗေဒက ဘာတွေလုပ်ပေးနိုင်လဲဆိုတာ နားလည်အောင် ကူညီပေးတယ်လေ။"

လင်းချောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း တစ်ဖက်က မေးပြီးမှ ဘာလို့ ရုတ်တရက် တိတ်ဆိတ်သွားသလဲဆိုသည်ကိုတော့ သူမ မသိခဲ့ပေ။

ကျိသော် အနည်းငယ်တော့ မှန်းဆနိုင်ခဲ့သော်လည်း ထောက်ပြခြင်းမျိုးတော့ မလုပ်ခဲ့ပေ။ သူနှင့် လင်းချောင်က ကျိဇယ်စိတ်ပျံ့လွင့်နေချိန်တွင် တိတ်တဆိတ် ထမင်းစားလိုက်ကြ၏။

သူ့တူကို လိုက်ပို့ပြီးနောက် လင်းချောင်က ပါဆယ်ထုပ်ကို သတိရမိသွားပြီး မေးလိုက်သည်။ "အထဲမှာ ဘာတွေပါတာလဲ။"

ဧည့်ခန်းမီးများကို ပိတ်ထားပြီး ကျိသော်က တီဗွီကြည့်နေခဲ့သည်။ ခေါင်းမလှည့်ဘဲ သူက ပြန်ဖြေလိုက်၏။

"ကွန်ဒုံးတွေလေ။"

တီဗွီ၏ အလင်းက သူ၏ချောမောသည့် ဘေးတိုက်ပုံစံကို မီးထိုးပြနေခဲ့သည်။

သို့သော် လင်းချောင်တွင်တော့ ထိုအရာများကို အကဲဖြတ်ကြည့်ရှုနေရန် အချိန်မရခဲ့ပေ။

"ဒီဟာတွေကို အရင်က အစ်မယန်ဆီက တောင်းထားတာမလား။ မဟုတ်ဘူး၊ ဘာလို့ ရှောင်ဇယ်ကို ဒါတွေပို့ခိုင်းရတာလဲ။"

အနေမခက်ဘူးလား။ သူမလိုမျိုး ရှက်ရကောင်းမှန်းမသိသူတောင် ခြေချောင်းလေးများ ကုပ်မိလောက်အောင် ရှက်စရာကောင်းနေ၏။

ကျိဇယ်ကတော့ သိပုံမရဘဲ သူ့ဦးလေးအတွက် အရေးကြီးသည့် ပစ္စည်းဟုသာ ပြောခဲ့သည်။

အလွန်အံ့ဩသွားသောကြောင့် လင်းချောင်က လူနှစ်ယောက်သာ ရှိသည့်အခန်းမှာတောင် အလိုအလျောက် အသံကိုနှိမ့်ပြီး သူ့အနား ပိုတိုးသွားခဲ့သည်။

ကျိသော် နောက်ဆုံးမှာတော့ ရပ်တန့်လိုက်ပြီး သူမကို မော့ကြည့်ကာ ပြောလိုက်သည်။

"သူက စေတနာ့ဝန်ထမ်းလာလုပ်တာလေ။ သူတစ်ခုခုကို သိထားပုံရတယ်။"

"သူ ဘာသိလို့လဲ။"

လင်းချောင်က သေချာစဉ်းစားလိုက်ပြီးနောက် ယဲ့မင်ရှူး အိမ်ပြန်လာပြီး ပြဿနာရှာသည့် ကိစ္စကိုသာ မှတ်မိနေသည်။

"သူက သူ့အမေကြောင့် အားနာနေတာလား။"

မဟုတ်လျှင် ဘာလို့ ကန်တင်းမှာ သူမကို ထူးဆန်းစွာ ကြည့်နေမည်လဲ။

ကျိသော် ဘာစကားမှမပြောဘဲ သူ့မျက်လုံးများက တီဗွီရှိရာ ပြန်ရောက်သွားခဲ့သည်။ သူက ခဲတံနှင့် မှတ်စုစာအုပ်ကို လက်ထဲ ကိုင်ထားပြီး မှတ်စုယူရန် အသင့်ပြင်ထားသလို တည်တည်ကြည်ကြည် ပုံစံမျိုးနှင့်ဖြစ်နေသော်လည်း လင်းချောင်က သူတကယ်ပဲ ဒီလောက် တည်ကြည်သည်ဟု ယုံလျှင်တော့ ဒါက ဟာသတစ်ခု ဖြစ်သွားလိမ့်မည်။

ပစ္စည်းများက ရက်အနည်းငယ်အတွင်း ရောက်လာသည်ကို ကြည့်လျှင် သူ ကျိယန်ကို ယခင်ကတည်းက ဖုန်းဆက်ထားပြီးသားဖြစ်လောက်၏။ နောက်ဆုံးတစ်ကြိမ်တုန်းက ကျိယန်က ပစ္စည်းများပို့ရန် တစ်လကျော်လောက် ကြာခဲ့သည်။ ထိုအချိန်ဇယားအရဆိုလျှင် သူတို့က နှစ်ရက်အတွင်း ငါးခုသုံးပြီးပြီးချင်း သူ ဖုန်းခေါ်ခဲ့ပုံရ၏။

ဒီလူက တကယ်ကို စေ့စပ်သေချာပြီး အရာရာကို ကြိုတင်ပြင်ဆင်ထားတတ်သည်။ ပါဆယ်ထုပ်၏ အရွယ်အစားကို ကြည့်လျှင် တော်တော်များများ ပို့ထားပုံရ၏။ လင်းချောင်က ကျိဇယ် ရိုရိုသေသေ လက်နှစ်ဖက်နှင့် ပါဆယ်ထုပ်ကို ပေးနေသည်ကို ပြန်သတိရမိသည်။

သို့သော် ကျိဇယ်ပြောသည့်အထဲမှ တစ်ချက်ကတော့ မှန်၏။ အထဲက ပစ္စည်းများက တကယ်ကို အရေးကြီးသည်၊ အသက်ကယ်ပစ္စည်းများဖြစ်သည်။

All Chapters