အခန်း (၆၃)
Vol. 6 Ch. 63
ကျောင်းအုပ်ကြီးကျန်းက လင်းချောင်ကို ခေါ်နေကြောင်းနှင့် ဆရာကျောက်လည်း ရှိနေကြောင်း ကြားလိုက်သည်နှင့် ဆရာမကျန်းကို ဘယ်သူမှ ဂရုမစိုက်တော့ပေ။
တစ်ယောက်က ချက်ချင်းပဲ ချီဟွိုင်ဝမ်၏ ကျောကို တွန်းပြီးမေးလိုက်သည်။
"ဘာဖြစ်နေတာလဲ။"
"မသိဘူးလေ။"
ချီဟွိုင်ဝမ်က သူ့ဘေးက ဆရာမကျန်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့ မကောင်းတာတော့ မဖြစ်နိုင်ပါဘူး။"
"ကိစ္စက မဆိုးဘူး မဟုတ်လား။"
တစ်ယောက်ကတော့ စိတ်ပူနေဆဲပင်။
ဆရာကျောက်က စိတ်ကောင်းရှိပြီး ကြင်နာတတ်သည့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူကတော့ ဆရာမလင်းကို ဘာမှ လုပ်မည်မဟုတ်ပေ။ သို့သော် ကျောင်းအုပ်ကြီးကျန်းကတော့ အရင်က ဆရာမလင်းကို သူတို့နှင့် စမ်းသပ်ခြင်း မလုပ်ရန် တားမြစ်ထားဖူး၏။ အခု ဘာလို့ ခေါ်ရသည်လဲဆိုသည်ကိုတော့ ဘယ်သူမှမသိနိုင်ပေ။
တချို့ဆိုလျှင် ဒီမှာ ငြင်းခုံနေသည်ကို မြင်သွားခဲ့ပြီးနောက် ဆရာမလင်းကို အပြစ်တင်မည်ကိုပါ စိုးရိမ်နေတတ်ကြသည်။ ကျောင်းသားများက တကယ်ကို စိတ်ပူနေကြ၏။ ချီဟွိုင်ဝမ် ပြောသော်လည်း သူတို့က ဆရာမကျန်းကို ထားခဲ့လ်ိုက်ပြီး လင်းချောင်ကို ဝိုင်းပြီး လိုက်ပို့ရန်သာလုပ်ကြတော့သည်။
လင်းချောင် အနည်းငယ်တော့ ကူရာမဲ့သလို ဖြစ်သွားခဲ့သည်။
"ကျောင်းအုပ်ရုံးခန်းကို သွားတာပါ၊ ဘုရင့်နန်းတော်ကို အသက်ချမ်းသာခွင့်တောင်းဖို့ သွားတာမှ မဟုတ်တာ"
"ဟား!"
တစ်ယောက်ကတော့ သူမ၏ဟာသကို ရယ်မောမိသွားခဲ့၏။
တခြားသူများလည်း စိတ်လျှော့လိုက်ကြပြီး လင်းချောင်က တကယ်ကို စိတ်အေးလက်အေး ရှိနေသည်ကို မြင်တော့ တဖြည်းဖြည်း စိတ်သက်သာရာရလာကြတော့သည်။
လင်းချောင် တံခါးဖွင့်ပြီး ဝင်သွားတော့ ကျောင်းအုပ်ကြီးကျန်းသာမက ဒုတိယကျောင်းအုပ်ချီလည်း ရှိနေခဲ့သည်။ ဆံပင်ဖြူဖြူနှင့် ကြင်နာတတ်ပုံပေါ်နေသော အဘိုးကြီးတစ်ယောက်က နံရံဘေးမှ ကုလားထိုင်တွင် ထိုင်နေပြီး သူ့ကို မြင်သည်နှင့် ထရပ်လိုက်ကာ ပြောလိုက်သည်။
"မင်းက ဆရာမလင်းပဲ ဖြစ်ရမယ်။"
လင်းချောင်က သူ၏ပုံစံကိုကြည့်၍ ဘယ်သူဆိုသည်က်ို မှန်းမိပြီးသားဖြစ်သောကြောင့် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဆရာကျောက်။"
"မင်္ဂလာပါ၊။ ကျွန်တော် မရှိခဲ့တုန်းက အတန်းသုံးနဲ့လေးကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဆရာကျောက်က တကယ်ကို ပေါ့ပေါ့ပါးပါးနေတတ်သည့် လူကြီးတစ်ယောက်ကဲ့သို့ ဖြည်းဖြည်းချင်း ညင်သာစွာ စကားပြောတတ်သည်။ သို့သော် သူ၏ အလွန်ညင်သာသည့် သဘောသဘာဝကြောင့် အတန်းထဲက ပြဿနာရှာတတ်သူများကို ထိန်းချုပ်ရန်တော့ ခက်ခဲနိုင်သည်။
သူနှင့် နှုတ်ဆက်ခဲ့ပြီးနောက် လင်းချောင်က ကျောင်းအုပ်ကြီးကျန်း သူမကို ဘာကြောင့် ခေါ်တာလဲဆိုသည်ကို နားထောင်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ကျောင်းအုပ်ကြီးကျန်း၏ အကြည့်က သူမလက်ထဲက ပစ္စည်းများထံ ရောက်သွားခဲ့၏။
"ဒါတွေက ဘာတွေလဲ။"
"ကျောင်းသားတွေ ကိုယ်တိုင်လုပ်ထားတဲ့ လက်လုပ်ဆပ်ပြာတွေပါ။"
လင်းချောင်က ကျောင်းသားများနှင့် အတူတူလုပ်ခဲ့ခြင်းဖြစ်လို့ သူ မေးသည်ကို မကြောက်ပေ။ ဘာလို့လဲဆိုတော့ သူမက စမ်းသပ်ခန်းကိုလည်း မသုံးခဲ့သလို၊ ကျောင်းရန်ပုံငွေကိုလည်း မသုံးခဲ့ပေ။
သို့သော် ဆရာကျောက် ရှိနေသေးသောကြောင့် သူက မြန်မြန် ထပ်ဖြည့်ပြောလိုက်သည်။
"ကျွန်မ ပြန်တော့မယ်ဆိုတာကို သိလို့ ကျောင်းသားတွေက အမှတ်တရ တစ်ခုအဖြစ်ပေးတာပါ။"
ဆရာကျောက်က ဒီအသေးစိတ် အချက်အလက်များကို ဂရုမစိုက်ဘဲ မေးလိုက်သည်။
"သူတို့ကိုယ်တိုင် မီးနဲ့ ဆီကိုအသုံးပြုပြီး လုပ်ထားတာလား။"
"ဟုတ်ပါတယ်။"
သူ၏ စူးစမ်းလိုစိတ်ကို မြင်တော့ လင်းချောင်က ဆပ်ပြာတစ်တုံးကို သူ့ထံ လှမ်းပေးလိုက်သည်။
မမျှော်လင့်ထားဘဲ သူမ ပေးလိုက်သည့် ဆပ်ပြာတုံးက ချီဟွိုင်ယန်၏ ဆပ်ပြာဖြစ်ပြီး သေသေချာချာ ထွင်းထုထားသည့် "ချီ" စာလုံးပါဝင်နေသည်။ ဆပ်ပြာကို ကြည့်ပြီးနောက် ဆရာကျောက်က ဒုတိယကျောင်းအုပ်ချီကို ပေးလိုက်ပြီး ပြောလိုက်သည်။
"ကောင်းကောင်း လုပ်ထားတာပဲ။"
ဒုကျောင်းအုပ်ချီလည်း အံ့သြသွားခဲ့သည်။ လင်းချောင်က ကျောင်းသားများနှင့် စမ်းသပ်ပစ္စည်းများလုပ်နိုင်ရုံသာမက သုံးလို့သည့် ပစ္စည်းများကိုပါ ထုတ်လုပ်နိုင်သည်ဆိုသည်ကို သိလိုက်ရလို့ပင်။
"အဲ့ဒီကောင်လေးက ကျွန်တော့်ကို ဘယ်တုန်းကမှ မပြဖူးဘူး။"
နောက်ဆုံးတော့ ထိုပစ္စည်းက ကျောင်းအုပ်ကြီးကျန်း၏ လက်ထဲ ရောက်သွားခဲ့သည်။ သူက ပွတ်သပ်ကြည့်ပြီး ရုတ်တရက် လင်းချောင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အရင်တုန်းက ငါ့စကားတွေ ကြမ်းသွားတယ်။"
ဒါက တောင်းပန်စကားနှင့် တူနေသောကြောင့် လင်းချောင်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ကျောင်းအုပ်ကြီးကျန်းက ပစ္စည်းကို သူမဆီ ပြန်ပေးရင်း ပြောလိုက်သည်။ “ကောင်းကောင်းလုပ်ခဲ့တာပဲ။”
လင်းချောင် ချက်ချင်း သဘောပေါက်လိုက်သည်။ ဒါက သတင်းစာဆောင်းပါးကြောင့် ဖြစ်ရမည်။ အရင်တုန်းက ကျောင်းအုပ်ကြီးကျန်းက သတိထားခဲ့ပြီး သူမကို ဆက်မလုပ်ခိုင်းခဲ့ပေ။ အခု လူသိရှင်ကြား ချီးမွမ်းခံရပြီဆိုတော့ သူ ဘာကိုမှ စိတ်ပူစရာ မရှိတော့ပေ။
ဒီကိစ္စကို အစပြုလာခြင်းဆိုလျှင် ဒီနေ့ သူမကို ခေါ်ခြင်းက ဆိုးသည့်ကိစ္စ မဖြစ်နိုင်ချေ။
တကယ်ကိုပဲ ကျောင်းအုပ်ကြီးကျန်းက သူမကို ထိုင်ဖို့ ဖိတ်ခေါ်ပြီး ပြောလိုက်သည်။
“မင်းရဲ့ လာမယ့် စီစဉ်မှုတွေနဲ့ ပတ်သက်ပြီး ကျောင်းက အတိအကျ အဖြေမပေးနိုင်သေးဘူး။ အဓိက ချီတုံချတုံဖြစ်နေတာက ဒီနှစ်မှာ မင်းကို ပထမနှစ် အထက်တန်းကို စသင်ခိုင်းသင့်လား ဒါမှမဟုတ် တတိယနှစ် အလယ်တန်းကို တစ်နှစ်သင်ပြီးမှ ဆရာကျောက် အငြိမ်းစားယူတဲ့အခါ သူ့အတန်းတွေကို လာမယ့်နှစ်မှာ လွှဲပြောင်းယူခိုင်းသင့်လားဆိုတာပဲ။”
ဓာတုဗေဒကို အလယ်တန်း တတိယနှစ်မှ စတင်သင်ကြားခြင်းဖြစ်သောကြောင့် တစ်နှစ်တာစာသင်နှစ်သို့ ကူးပြောင်းခြင်းက အသင့်တော်ဆုံးပင်။ လက်ရှိမှာတော့ ဒုတိယနှစ် အထက်တန်းအတွက် ဆရာလိုအပ်ချက် မရှိသေးပေ။
လင်းချောင် ခေါင်းညိတ်ပြီး နားလည်ကြောင်း ပြလိုက်သည်။
ကျောင်းအုပ်ကြီး ကျန်းက ဆရာကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဆရာကျောက်က ဒီနေ့လာပြီး သူ အသက်ကြီးလာပြီ၊ ဒဏ်ရာရခဲ့ကတည်းက ခြေထောက်က မကောင်းသေးဘူးလို့ ပြောတယ်။ သူ အခု အငြိမ်းစားယူချင်တယ်တဲ့။ မင်းကရော အတန်းသုံးနဲ့ လေးကို တရားဝင် လွှဲပြောင်းယူမယ်ဆိုရင် သူတို့ကို ကောင်းကောင်း သင်ကြားပေးနိုင်မယ်လို့ ယုံကြည်မှုရှိလား။”
အတန်းသုံးနှင့် လေးကို လွှဲပြောင်းယူခိုင်းခြင်းပဲဆိုသည်ကို သိလိုက်ရတော့ လင်းချောင် နည်းနည်းတော့ အံ့အားသင့်သွားပြီး သူမဘေးက ဆရာကျောက်ကို အလိုလို ကြည့်လိုက်မိသည်။
ဆရာကျောက်က သူ၏ဒဏ်ရာရနေသည့် ခြေထောက်ကို ပုတ်လိုက်ပြီး ပြောလိုက်သည်။
“သိပ်အလုပ်မလုပ်နိုင်တော့ဘူး။ နည်းနည်းလေး ပိုလျှောက်လိုက်တာနဲ့ ရောင်လာတယ်။ စင်ပေါ်မှာလည်း ဆက်မရပ်နိုင်တော့ဘူး။ မင်းက သူတို့ကို တစ်ဝက်လောက် သင်ပေးပြီးသားဖြစ်သလို ကောင်းကောင်းလည်း လုပ်နိုင်တာကြောင့် ငါ့ကိုယ်စား သူတို့ကို ဂရုစိုက်ပေးပါဦး။”
သူ့လေသံက အနည်းငယ် စိတ်မကောင်းဖြစ်နေပုံရပေမဲ့ သူ့စကားများကတော့ ရိုးသားသည်။ သူက အတန်းနှစ်ခုလုံးကို လင်းချောင်ထံ လွှဲအပ်ရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။
လင်းချောင်ကလည်း ကြောက်တတ်သူ မဟုတ်ပေ။
“ကျွန်မ လွှဲပြောင်းယူနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်မက လာမယ့်နှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဖို့ စီစဉ်ထားတယ်၊ ဒါကြောင့် ဒီအတန်းတစ်ခုတည်းကိုပဲ သင်ပေးနိုင်မှာပါ။”
ထိုအချိန်ရောက်လျှင် သူမက စာမေးပွဲဖြေရန် ထွက်သွားမည်ဖြစ်ပြီး ဆရာကျောက်ကလည်း အငြိမ်းစားယူသွားမည်ဖြစ်သောကြောင့် ကျောင်းတွင် ဓာတုဗေဒဆရာ ဆက်လက် လိုအပ်နေဦးမည်ဖြစ်သည်။
လင်းချောင်က ကျောင်းတွင် ဆရာမရှိဘဲ ဖြစ်မနေရအောင် ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြရမည်။
ကျောင်းအုပ်ကြီးကျန်းက ဒါကို ထည့်မစဉ်းစားမိသေးသောကြောင့် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
ဒုကျောင်းအုပ်ချီကတော့ သူမ၏ သင်ကြားရေးပစ္စည်းများ ငှားရမ်းခြင်းကနေ တစ်ခုခုကို မှန်းဆမိပြီးသားဖြစ်ပြီး ပြောလိုက်သည်။
“မင်း လာမယ့်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေတဲ့အချိန်ဆိုရင် ဆရာအတတ်သင်ကျောင်းက ပထမဆုံးအသုတ် ကျောင်းသားတွေက အသင့်ဖြစ်လောက်ပြီ။”
ဒါက မှန်သည်။ ကျောင်းအုပ်ကြီးကျန်း၏ မျက်မှောင်ကြုတ်ထားခြင်းက ပြေလျော့သွားပြီး ပြောလိုက်တော့သည်။
“ဒါဆို ဒီအတန်းကို အဆုံးထိသင်ကြားပေးပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ရအောင် ကြိုးစားလိုက်ပါ။”
လင်းချောင်ကဲ့သို့ စာကောင်းကောင်းသင်ကြားနိုင်သူကို ဆုံးရှုံးရသည်က နှမြောစရာကောင်းပေမဲ့ သူမက ဆယ့်ကိုးနှစ်သာ ရှိသေးပြီး ငယ်သေးသည့်အတွက် ပညာဆက်သင်ကြားချင်သည်က ပုံမှန်ပင်။ ဒီလို အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးသည့် လူငယ်တစ်ယောက်အတွက် အထက်တန်းကျောင်းဘွဲ့တစ်ခုတည်းနှင့်ဆိုလျှင်လည်း ပညာကို ဖြုန်းတီးရာ ရောက်လိမ့်မည်။
ကိစ္စအားလုံး ပြေလည်သွားတော့ လင်းချောင်က လက်လုပ်ဆပ်ပြာကို ကိုင်ထားသည်ကို ပြန်မြင်မိပြီး ဆပ်ပြာပေါ်တွင် ထွင်းထုထားသည့် နာမည်များကို ပြန်တွေးလိုက်ရာ အနည်းငယ် ရယ်ချင်သွားခဲ့သည်။
“ငါ ထွက်သွားတဲ့အခါရော သူတို့ ဘာပေးမလဲဆိုတာ မေးရဦးမယ်။”
ဆရာကျောက်က မျက်လုံးလေး မှိတ်ပြီး ကျီစယ်ကာ ပြောလိုက်သည်။
ဒုကျောင်းအုပ်ချီက ပြုံးလိုက်ပြီး ကျောင်းအုပ်ကြီးကျန်း၏ တင်းမာနေသည့် နှုတ်ခမ်းများပင် အနည်းငယ် လှုပ်သွားခဲ့သည်။
လေထုအနေအထား ပေါ့ပါးသွားတော့ ကျောင်းအုပ်ကြီးကျန်းက မကြာသေးမီက အစည်းအဝေးကို သတိရသွားပြီး လင်းချောင်ကို ပြောလိုက်သည်။
“ငါတို့ စမ်းသပ်ခန်းတွေကို စတင်တော့မယ်ဆိုရင် တခြား အကြံပြုချက်တွေ ရှိသေးလား။”
ကျောင်းအုပ်ကြီးကျန်းက အလွန် သတိကြီးသူဖြစ်သည်။ သူက “ဖြစ်နိုင်လျှင်” ဟုအစချီ၍ ပြောလိုက်သေးသည်။ ဒီကိစ္စအတွက် မျှော်လင့်ချက် ရှိသည်ဟုဆိုလ်ိုသည်လား။
လင်းချောင်၏ ရင်ထဲ လှုပ်ရှားသွားပြီး သူမက အလျင်စလို မဖြေဘဲ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
“စိတ်ဝင်စားစရာကောင်းတဲ့ အခြေခံတွေနဲ့ပဲ စလိုက်ရအောင်။ ကျောင်းသားအများစုကို စမ်းသပ်မှုတွေ လုပ်ခွင့်ပေးဖို့က အရေးကြီးဆုံးပဲ။ ကျောင်းအုပ်ကြီး ပြောတာ မှန်ပါတယ်။ ရန်ပုံငွေက တကယ်ပဲ ပြဿနာတစ်ခုပါ။ နိုင်ငံတော်က ကျောင်းတိုင်းအတွက် ပစ္စည်းအပြည့်အစုံတပ်ဆင်ထားတဲ့ ဓာတ်ခွဲခန်းတွေ ဆောက်ဖို့ ရန်ပုံငွေ ခွဲဝေမပေးနိုင်ပါဘူး။”
ဒါက တကယ်ပဲ ကိစ္စမပြေလည်သေးသည့် အကြောင်းရင်းများထဲက တစ်ခုဖြစ်ပြီး ကျောင်းအုပ်ကြီးကျန်းကလည်း ခေါင်းညိတ်လိုက်သည်။
လင်းချောင်က ဆက်ပြောလိုက်သည်။
“ဒါဆိုရင် ဆရာ၊ ဆရာမတွေ ကိစ္စလည်း ရှိသေးတယ်။ အချို့သော စမ်းသပ်မှုတွေမှာ အရက်မီးခြစ်လိုမျိုး အန္တရာယ်ရှိတာတွေ ရှိတယ်။ ကျောင်းသားတွေကို မလုပ်ခိုင်းရင်တောင် ဆရာတွေ သရုပ်ပြတဲ့အခါ သတိထားရမယ်။ စမ်းသပ်ခန်းမှာ စာသင်တဲ့ ဆရာတွေမှာ အရည်အချင်း အတိုင်းအတာတစ်ခုထိတော့ ရှိထားမှရမယ်။”
ကျောင်းအုပ်ကြီးကျန်းက ချက်ချင်းပဲ သရုပ်ပြနေရင်း သူ့ကိုယ်သူ ထိခိုက်မိသွားခဲ့သည့်တဲ့ ကျန်းဟွေ့ဖန်ကို သတိရသွားခဲ့သည်။ နောက်ပိုင်းတွင် သူ ရှောင်ကောကို မေးကြည့်လိုက်ရာ လုပ်ထုံးလုပ်နည်းအတိုင်း မှန်မှန်ကန်ကန်သာ လုပ်ဆောင်မည်ဆိုလျှင် စမ်းသပ်မှုက သူထင်သလောက် အန္တရာယ်မရှိဘူးဆိုသည်ကို တွေ့ရှိခဲ့ရ၏။ ကျန်းဟွေ့ဖန်က အမှားနှစ်ခု လုပ်မိသည့်အတွက် ပက်ထရီပန်းကန် ကွဲသွားခြင်းဖြစ်သည်။ ရေမပါသည့် အရက်ကို သုံးမိခြင်းနှင့် ပမာဏ အလွန်များခြင်း။
ကျောင်းအုပ်ကြီးကျန်းက စဉ်းစားဟန်နှင့် ခေါင်းထပ်ညိတ်ရင်းပြောလိုက်သည်။
“ဒီကိစ္စကို သတိထားဖို့လိုတယ်။”
“ဒါတွေက ကျွန်မ အခုလောလောဆယ် စဉ်းစားမိတာတွေပါ။ ထပ်ရှိရင် ပြောပြပါ့မယ်”
“ကောင်းပြီ။ မင်းနဲ့ ဆရာကျောက် ပြန်ပြီး အလုပ်လွှဲပြောင်းလိုက်ကြ။ ရှောင်ချီကတော့ ဒီမှာနေခဲ့ဦး။”
သူတို့ ထွက်သွားပြီးသည့်တိုင် ကျောင်းအုပ်ကြီးကျန်းက ချက်ချင်း မပြောသေးပေ။ ခဏလောက် တိတ်ဆိတ်နေပြီးမှ ဒုကျောင်းအုပ်ချီကို ပြောလိုက်သည်။
“မင်း ကောလိပ်ကျောင်းသား အလုပ်သင်တွေ ထပ်ခန့်ချင်တယ်လို့ ပြောတာလား။”
ဒုကျောင်းအုပ်ချီက ကောလိပ်ကျောင်းသား အလုပ်သင်များ ထပ်ခန့်ရန်သာမကဘဲ စစ်မှုထမ်းဟောင်း မိသားစုဝင်များကို ကျောင်းအလုပ်ပေးအပ်မည့်အစား စာမေးပွဲဖြေခိုင်းဖို့ပါ အကြံပြုခဲ့သည်။ အောင်သူများက ဆရာဖြစ်နိုင်ပြီး၊ မအောင်သူများကိုတော့ ထောက်ပံ့ရေးဘက်တွင် ခန့်ထားပြီး ကျောင်းသားများ ထိခိုက်မှုမရှိစေရအောင် လုပ်ဆောင်ရန် တာဝန်ပေးမည်။ ဒီအကြံက လင်းချောင်နှင့် စုန့်ကျင်းတို့ထံမှ ရခဲ့ခြင်းဖြစ်သည်။
သူတို့ကျောင်းက စစ်မှုထမ်းဟောင်း မိသားစုဝင်များကို အလုပ်စီစဉ်ပေးရပြီး ခန့်ထားသူများက ကောင်းသော်လည်း တာဝန်ပေးခံရသူများကတော့ အရည်အသွေး အမျိုးမျိုး ကွဲပြားကြသည်။
ဒါကြောင့် လင်းချောင်ကဲ့သို့ အရည်အချင်းရှိသူများ လျစ်လျူရှုခံရပြီး ကျန်းဟွေ့ဖန်လို လူတချို့ကတော့ အေးအေးဆေးဆေး လုပ်ကိုင်နေနိုင်သည်။ သို့သော် ကျောင်းအုပ်ကြီးကျန်းက သူ၏ ကိုယ်ပိုင်အတွေ့အကြုံများကြောင့် အသက်ကြီးသူတိုင်းကို ကာကွယ်ပေးချင်စိတ်ရှိပြီး ဘယ်လိုပြောင်းလဲမှုမျိုးကိုမဆို သတိထားလုပ်ကိုင်တတ်သည်။
သူခေါင်းညိတ်လိုက်သည်ကို မြင်တော့ ဒုကျောင်းအုပ်ချီက ဆက်ပြောလိုက်သည်။
“ဒါဆိုရင် ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်တွေအတွက် အလုပ်သင်နည်းနည်းငယ် ထပ်ခန့်ပြီး သူတို့ရဲ့ အဆင့်ကို ကြည့်ကြတာပေါ့။”
ဒီဘာသာရပ်သုံးခုလုံးတွင် စမ်းသပ်မှုများ ရှိသော်လည်း တချို့ကတော့ ပိုများသည်။ စမ်းသပ်ခန်း အတန်းများကို ခွင့်ပြုမလား၊ ဘယ်လိုဟာတွေကို ခွင့်ပြုမလဲဆိုသည်ကတော့ ဘယ်သူမှ မသိနိုင်ပေ။
ဒုကျောင်းအုပ်ချီက ခေါင်းညိတ်လိုက်ပြီး စောင့်နေသော်လည်း ကျောင်းအုပ်ကြီးကျန်းကတော့ စစ်မှုထမ်းဟောင်း မိသားစုဝင်များအတွက် ဝင်ခွင့်စာမေးပွဲကိစ္စနှင့်ပတ်သက်၍ ဘာမှမပြောခဲ့ပေ။
သူက ထိုကိစ္စကို သဘောမတူနိုင်သေးပေ။ ဒုကျောင်းအုပ်ချီက ဘာမှမတတ်နိုင်ခဲ့သော်လည်း တခြားရွေးချယ်စရာလည်း မရှိနေပေ။
“တခြား ဘာကိစ္စများ ရှိသေးလဲ။ မရှိရင် ကျွန်တော် ပြန်တော့မယ်။”
ကျောင်းအုပ်ကြီးကျန်းက သူဘာကို စောင့်နေလဲဆိုသည်ကို သိသော်လည်း ဘာမှမပြောခဲ့ပေ။
“မင်း ပြန်လို့ရပါပြီ။”
တစ်ဖက်မှာတော့ ဆရာကျောက်နှင့် လင်းချောင်တို့ နှစ်ယောက်က မြေးအဖိုးအရွယ်ဖြစ်နေပြီး တကယ်လည်း ခင်မင်ရင်းနှီးနေခဲ့ကြသည်။
ဆရာကျောက်၏ ခြေထောက်ကြောင့် လင်းချောင်က သူ့အနောက််မှ ဖြည်းဖြည်းလေး လျှောက်ရင်း ကူညီပေးရန်မပြောဘဲ ရည်ရွယ်ချက်ရှိရှိ လမ်းလျှောက်နှုန်းကို အရှိန်လျှော့ထားခဲ့သည်။ ဒါက အတော်လေး စဉ်းစားပေးရာ ရောက်၏။
သက်ကြီးရွယ်အို အများစုက သူတို့ အသက်ကြီးပြီဆိုသည်ကို ဝန်မခံချင်ကြဘဲ တုတ်ကောက်သုံးခြင်း ဒါမှမဟုတ် အကူအညီယူရခြင်းထက် ကိုယ်တိုင် လမ်းဖြည်းဖြည်းလျှောက်ရခြင်းကို ပိုနှစ်သက်တတ်ကြသည်။
ဆရာကျောက်က သူမကို ပြုံးပြရင်း ပြောလိုက်သည်။
“မင်း ကျောင်းသားတွေကို ထိန်းတာ အရမ်းတော်တယ်လို့ ကြားတယ်။”
“ကျောင်းသားတွေ အားလုံးကလည်း အရမ်းတော်ကြပါတယ်။”
လင်းချောင်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။ မူလဇာတ်လမ်းနှင့် မသက်ဆိုင်သည့် ဒီကျောင်းသားများက သူမကို လက်ရှိလောက၏ တက်ကြွသည့်ဘက်ကို ပြသခဲ့ကြသည်။
မူလဇာတ်လမ်းအကြောင်း ပြောရရင် သူမက ဒီခန္ဓာကိုယ်ကို မူပိုင်ခွင့်ရခဲ့သည့် အခါမှလွဲလျှင် မေ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဇာတ်လမ်းက ဘယ်လို တိုးတက်ပြောင်းလဲသွားလဲဆိုသည်က်ိုပင် သူမ မသိပေ။
ဘယ်လိုပဲ တိုးတက်ပြောင်းလဲသွားပါစေ၊ သူမနှင့် ကျိသော်တို့၏ ပူးပေါင်းဆောင်ရွက်မှုက အိမ်ထောင်ရေးမှ အိပ်ခန်းနှင့် အလုပ်အထိပါ ကျယ်ပြန့်လာသည့်အတွက် ဇာတ်လမ်းက မူလဇာတ်လမ်းနှင့် လမ်းကြောင်းပြောင်းနေလောက်ပြီဖြစ်သည်။
သူတို့ စကားပြောနေရင်းနှင့် အတန်းလေးသို့ ရောက်လာ၏။ လင်းချောင်က အထဲမဝင်ဘဲ ဆရာကျောက်ကို ကျောင်းသားများနှင့် တစ်ယောက်တည်း စကားပြောရန် နေရာပေးလိုက်သည်။
မမျှော်လင့်ဘဲ ကျွင်းဇီက သူမကို မြင်တော့ အနောက်တံခါးမှ ခိုးထွက်လာပြီး မေးလိုက်သည်။
“ဆရာမ လင်း၊ ကျောင်းအုပ်ကြီးက ဘာလိုချင်တာတဲ့လဲ။”
သူက စကားများသည့်အချိန်တုန်းက ထိုနေရာတွင် မရှိနေခဲ့ဘဲ ဒီအကြောင်း ကြားပြီးနောက် စိတ်ပူနေခဲ့ကာ လင်းချောင်အတွက် စိတ်ပူနေခဲ့သည်။
လျိုကွေ့ယင်း ပြောခဲ့သည်ကို သတိရမိပြီး လင်းချောင်က သူ့ကို စလိုက်သည်။ “ခန့်မှန်းကြည့်လေ။”
“ကျွန်တော် ခန့်မှန်းလို့ မရဘူး။”
ကျွင်းဇီက သူ့ခေါင်းကို ကုတ်လိုက်သည်။
“ဒါပေမယ့် ဆရာမကို ဒီလိုမြင်ရတော့ ဆိုးတဲ့ကိစ္စ မဖြစ်လောက်ဘူးနော်။”
“ကောင်းပြီ၊ မင်း မြန်မြန်ပြန်တော့။”
လင်းချောင်က သူ့ကို အတင်းတိုက်တွန်းလိုက်သည်။
ဆရာကျောက်က စင်မြင့်ပေါ်မှ ဒါကို မြင်သွားပုံ၏။
"လျန်ကျွင်း။"
ကျွင်းဇီက အနောက်ပေါက်မှ အလျင်အမြန် ပြေးဝင်လာခဲ့သည်။
ထိုင်လိုက်သည်နှင့် ဆရာကျောက်က ပြုံးပြီး ပြောလိုက်သည်။
"ဒီတစ်ခေါက် ငါလာတာက မင်းတို့ကို နှုတ်ဆက်ဖို့ပဲ။"
နှုတ်ဆက်မည်။ ကျောင်းသားများ အားလုံး အံ့အားသင့်သွားကြ၏။
"ငါက အသက်ကြီးပြီ၊ ခြေထောက်တွေလည်း မကောင်းတော့ဘူး။ နောက်နှစ်အတွက် ဆရာမအသစ်တစ်ယောက် လာသင်လိမ့်မယ်။"
အောက်က ကျောင်းသားများကတော့ နားမလည်သေးပေ။
'ဆရာမအသစ်လား။ ဘယ်သူလဲ။ ဆရာကျောက်က ဘာလို့ ထွက်သွားတာလဲ။'
ချီဟွိုင်ဝမ်ကဲ့သို့ တချို့ကျောင်းသားများကတော့ မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး စင်္ကြံဘက်ကို ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။