အခန်း (၆၅)
Vol. 6 Ch. 65
ကျွင်းဇီက သူ့ဘေးခုံမှသူ၏ အမူအရာပြောင်းလဲသွားခြင်းကို သတိမထားမိဘဲ ချီဟွိုင်ဝမ်ကို တီးတိုးပြောလိုက်သည်။
"ဒီအလုပ်သင်ဆရာက ပိုလီယိုဖြစ်နေတာလား။"
လင်ချောင်ကို ပထမဆုံးအကြိမ်မြင်ပြီး ဝီစီမှုတ်၍ ကျီစယ်ခဲ့တုန်းကနှင့်ယှဉ်လျှင် သူက အများကြီး ပိုလိမ္မာနေခဲ့သည်။ အနီးအနားမှ ပြဿနာရှာတတ်သည့် ကျောင်းသားများကလည်း တီးတိုးပြောနေကြခြင်း ဒါမှမဟုတ် လှုပ်ရှားမှုသေးသေးလေးများ လုပ်နေကြခြင်းလောက်သာ ရှိသည်။ သူတို့က အနည်းငယ်တော့ လေးစားမှုပြပြီး အလွန်ဆူညံအောင် မလုပ်ခဲ့ကြပေ။
ဒုကျောင်းအုပ်ချီက နောက်ဆုံးတန်းမှ ဒီကျောင်းသားများကို ထိန်းရခက်မှန်း သိတော့ ဆက်ပြီး မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါတို့ရဲ့ အလုပ်သင်ဆရာအသစ်၊ ဝူဟိုင်ယန်၊ ယန်ဒူ ဆရာအတတ်သင်တက္ကသိုလ်က ဘွဲ့ရ..."
သူ့စကားမဆုံးခင်မှာပဲ ကုလားထိုင်တစ်လုံးကို ဆွဲယူလိုက်သည့် ကျယ်လောင်သည့်အသံ ထွက်ပေါ်လာပြီး ချီဟွိုင်ဝမ်က အေးစက်စက် မျက်နှာနှင့် ထရပ်လိုက်သည်။
"ဘာလုပ်နေတာလဲ။"
ဒုကျောင်းအုပ်ချီက အလိုလို မျက်မှောင်ကြုတ်မိသွားပြီး ကျန်သည့်ကျောင်းသားများလည်း အံ့သြသွားကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ချီဟွိုင်ဝမ်က ပြဿနာရှာတတ်သူတစ်ယောက်ဖြစ်သည့်တိုင် သူလုပ်ခဲ့သည်များက အိမ်စာမလုပ်ခြင်း ဒါမှမဟုတ် စာမေးပွဲစာရွက်အလွတ်ထပ်ခြင်းမျိုးသာဖြစ်ပြီး သူက တခြားသူများကို မထိခိုက်စေခဲ့ဖူးပေ။
အရင်က ဒုကျောင်းအုပ်ချီကို တမင်တကာ ဆန့်ကျင်ခဲ့တုန်းကတောင် စာသင်ချိန်အတွင်း ဒီလိုကြီးမားသည့် ပြဿနာမျိုး တစ်ခါမှ မဖြစ်စေခဲ့သလို အထူးသဖြင့် မကြာသေးခင်ကာလအတွင်း သူက ယခင်ထက် အများကြီးပိုကောင်းလာခဲ့သည်။
ကျွင်းဇီက သူ့ကို တီးတိုးမေးလိုက်မိသည်။
"ဘာဖြစ်တာလဲ။"
ချီဟွိုင်ဝမ်က ပြန်မဖြေဘဲ သူ၏အေးစက်သည့်အကြည့်က ဒုကျောင်းအုပ်ချီထံမှ ဝူဟိုင်ယန်ထံသို့ ရွေ့သွားခဲ့သည်။ သူက လှည့်ထွက်သွားပြီး အနောက်တံခါးကို ဆောင့်ပိတ်လိုက်သည်။
သစ်သားတံခါးက ဘောင်ကို "ဘုန်း" ဆိုသည့်အသံနှင့် ကျယ်လောင်စွာ ရိုက်ခတ်သွားပြီး ပြန်ကန်ထွက်လာခဲ့သည်။ ဒါက ဘယ်လောက်တောင် အားပါပါနှင့် ပိတ်လိုက်သလဲဆိုသည်က်ို ပြနေ၏။
ကျောင်းသားအများအပြား လန့်သွားကြပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရန် ပြင်နေသည့် ဝူဟိုင်ယန်ကလည်း ရှက်ရွံ့သွားပုံရသည်။
ဒုကျောင်းအုပ်ချီ၏ မျက်နှာက ဖြူဖျော့သွားပြီး သူက ရှေ့တံခါးထံသို့ လျှောက်သွားကာ အော်လိုက်သည်။
"အဲဒီမှာ ရပ်လိုက်စမ်း။"
လင်းချောင်က အတန်းသုံးကို စာသင်နေခြင်းဖြစ်ပြီး ဆူညံသံကြားတော့ အပြင်ကို ပြေးထွက်လာခဲ့သည်။
"ဘာဖြစ်နေတာလဲ။ ချီဟွိုင်ဝမ်!"
ကောင်လေးက ခပ်မြန်မြန်လျှောက်သွားပြီး နောက်ပင်လှည့်မကြည့်ခဲ့ပေ။
လင်းချောင်က ပိုနီးသည့်အတွက် သူ့ကိုဖမ်းမိပြီး လက်မောင်းကို ဆွဲလိုက်သည်။
"ချီဟွိုင်ဝမ်၊ ဘယ်သွားမလို့လဲ။"
"လွှတ်!"
ထိုကောင်လေးက ရုန်းကန်နေပြီး သူ့လေသံကလည်း ရေခဲသဖွယ် အေးစက်နေခဲ့သည်။
လင်းချောင်က မလွှတ်ပေးပေ။
"စာသင်ချိန် ရှိသေးတယ်..."
"လွှတ်လို့၊ လွှတ်ခိုင်းနေတာက်ို မကြားဘူးလား။"
အောက်ကိုငုံ့ကြည့်နေသည့် ကောင်လေးက ရုတ်တရက် ခေါင်းလှည့်လိုက်တော့ လင်းချောင်က သူ့မျက်လုံးများ နီရဲနေသည်ကို မြင်လိုက်ရသည်။ သူမက ချီဟွိုင်ဝမ်၏ ပုံစံပေါင်းစုံကို မြင်ခဲ့ဖူးသည် — အေးစက်ခြင်း၊ ပျင်းရိခြင်း၊ လှောင်ပြောင်ခြင်း — သို့သော် ဒီလိုမျိုးတော့ တစ်ခါမှ မမြင်ဖူးပေ။ သူက ဒဏ်ရာရထားသည့် တိရစ္ဆာန်လေးတစ်ကောင်လိုပင်။ ကြမ်းတမ်းနေပြီး နီးကပ်လာသူမှန်သမျှကို ကိုက်တော့မည့်ပုံ ပေါက်နေသော်လည်း သူ၏မျက်လုံးများကတော့ သူငိုတော့မည်ဆိုသည်ကို သူမကို ပြောပြနေသည်။
ဒီလိုအချိန်တွင် သူက ဘယ်သူ့စကားကိုမှ နားထောင်ချင်မည်မဟုတ်။ သူက တိတ်တိတ်ဆိတ်ဆိတ်နှင့် သူ့ဒဏ်ရာများကို ကုစားဖို့ နေရာတစ်ခုကိုသာ ရှာချင်နေခဲ့လိမ့်မည်။
လင်းချောင်က လက်လွှတ်ပေးလိုက်သည်။
"အရမ်းကြီး အလွန်အကျွံ မလုပ်ပါနဲ့၊ ဆရာ စိတ်ပူနေလိမ့်မယ်။"
သူမ၏ ကြည်လင်နေသည့် ဖီးနစ်မျက်လုံးများက အမျက်ဒေါသ သို့မဟုတ် အပြစ်တင်ခြင်းတစ်စုံတစ်ရာမရှိဘဲ သူ့ကို မော့ကြည့်နေခဲ့ရာ ချီဟွိုင်ဝမ် ခဏတာလောက် စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။ သူကနှုတ်ခမ်းများကို ဖိကပ်ထားပြီး တစ်ခုခုပြောချင်ပုံရပေမဲ့ ဒုကျောင်းအုပ်ချီက အမှီလိုက်လာခဲ့ပြီဖြစ်သည်။
"ချီဟွိုင်ဝမ်၊ ပြန်သွားပြီး ဝူဟိုင်ယန်ကို တောင်းပန်လိုက်စမ်း!"
ဒီစကားက ကောင်လေး၏ စိတ်ထဲမှ တစ်ခုခုကို လှုံ့ဆော်လိုက်သလိုပင်။ သူ့အကြည့်က ရေခဲလို အေးစက်သွားပြန်၏။
"ခင်ဗျားကရော ဘာလို့ ကျွန်တော့်အမေကို ပြန်သွားမတောင်းပန်တာလဲ။"
စကားလုံးများက ကြမ်းတမ်းပြီး မုန်းတီးမှုအပြည့်နှင့် အော်ပြောလိုက်သလိုမျိုးပင်။ ဒုကျောင်းအုပ်ချီ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး သူ၏မျက်နှာသွယ်သွယ်ကလည်း ဖြူဖျော့သွားကာ ဒေါသများ ပျောက်ကွယ်သွားတော့၏။
လင်းချောင်က သူရင်ဘတ်ကို အလိုလိုဆုပ်ကိုင်လိုက်သည်ကို မြင်တော့ အမြန်လှမ်းသွားလိုက်သည်။
"အဆင်ပြေရဲ့လား။"
ဒုကျောင်းအုပ်ချီက လက်ထောင်ပြပြီး အဆင်ပြေကြောင်း ပြောချင်သော်လည်း ရှေ့ကကောင်လေးက အသံကြားပြီးနောက် ခဏရပ်သွားခဲ့သည့်တိုင် နောက်လှည့်မကြည့်ဘဲ စင်္ကြံတစ်လျှောက်လျှောက်သွားကာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။
သူ၏လက်က ပြန်ကျသွားပြီး ခေါင်းပါ ငိုက်ကျသွားခဲ့သည်။ ဒါကိုမြင်တော့ သူတို့နောက်မှ လိုက်လာသည့် ဝူဟိုင်ယန်က သူ့ကို တစ်ဖက်မှ အမြန်တွဲပေးလိုက်သည်။
"အရမ်း စိတ်လှုပ်ရှားမနေပါနဲ့။"
အတွေ့အကြုံရှိသည့် လင်းချောင်က ဝူဟိုင်ယန်ကို ဒုကျောင်းအုပ်ချီ၏ အိတ်ကပ်များအား စစ်ခိုင်းလိုက်ရာ အမြန်ကုသနိုင်သည့် အာနိသင်ရှိသော နှလုံးဆေးပုလင်းလေးတစ်ပုလင်းကို ချက်ချင်းတွေ့လိုက်ရ၏။
ဝူဟိုင်ယန်က ဆေးအနည်းငယ် ထုတ်တော့မည်အလုပ် ဒုကျောင်းအုပ်ချီက လက်ကာပြလိုက်သည်။ သူက ပြန်ကောင်းလာပြီဟု ပြောလိုခြင်းပင်။
"ငါအဆင်ပြပါတယ်။"
သူက အသက်ပြင်းပြင်းနှစ်ခါ ရှူရှိုက်လိုက်သည်။ မျက်နှာက ဖြူဖျော့နေသော်လည်း သူက ခိုင်မာစွာရပ်ပြီး ဝူဟိုင်ယန်ကို စိတ်ချအောင်ပြောလိုက်သည်။
"သူက မင်းကို ပစ်မှတ်ထားတာမဟုတ်ဘူး၊ ငါ့ကြောင့်ပါပဲ။"
ဒါက သူနှင့် တစ်ခုခုတော့ ပတ်သက်ရမည်။ မဟုတ်လျှင် ချီဟွိုင်ဝမ်က မသွားခင်ကတည်းက သူတို့ အချင်းချင်း သိပြီးသားပုံစံမျိုးဖြင့် သူ့ကိုကြည့်သွားမည် မဟုတ်ပေ။
သို့သော် ဒုကျောင်းအုပ်ချီက ဒီလိုပြောလိုက်တော့ ဝူဟိုင်ယန်ကလည်း ခေါင်းသာညိတ်လိုက်တော့သည်။
ဒီအချိန်၌ အတန်းသုံးနှင့်လေးမှ ကျောင်းသားများက ဘာဖြစ်နေလဲဆိုသည်ကို ကြည့်ရန် ခိုးကြောင်ခိုးဝှက် ထွက်ကြည့်လိုက်ကြသည်။ လင်းချောင်က ဒုကျောင်းအုပ်ချီကို မေးလိုက်၏။
"ရုံးခန်းမှာ အရင်ဆုံးသွားနားချင်လား။"
"မလိုပါဘူး။ ကျောင်းစတက်စပဲရှိသေးတယ်၊ သင်စရာသိပ်မရှိသေးဘူး။ ငါမိတ်ဆက်ပေးတာလည်း မပြီးသေးဘူး။"
ဒုကျောင်းအုပ်ချီက ခေါင်းခါလိုက်ပြီး ဝူဟိုင်ယန်နှင့်အတူ ပြန်ဝင်သွားခဲ့သည်။
လင်းချောင်က ဒီကိစ္စကို ခဏထားခဲ့ပြီး အတန်းသုံးကို စာသင်ရန် စာသင်ခန်းထဲ ပြန်ဝင်သွားခဲ့ရသည်။ ကျောင်းဆင်းချိန်မှာတော့ အတန်းလေးထဲ၌ ချီဟွိုင်ဝမ်ကို မတွေ့ရပေ။ နောက်တစ်ချိန် ထပ်စစ်ကြည့်တော့လည်း သူ့နေရာတွင် ဘာမှရှိမနေခဲ့ချေ။
အတန်းထဲမှ ကျောင်းသားအနည်းငယ်ကလည်း ချီဟွိုင်ဝမ် ပြန်မလာသေးဘူးဟု ပြောတော့ လင်းချောင် စိတ်ပူလာ၏။ သူမက ဒီကိစ္စကို ဒုကျောင်းအုပ်ချီနှင့် ဆွေးနွေးရန် တွေးလိုက်သည်။
မထင်မှတ်ထားဘဲ ဒုကျောင်းအုပ်ချီ၏ ရုံးခန်းထဲတွင်လည်း ဘယ်သူမှ မရှိနေပေ။ အရင်အချိန်မတိုင်ခင်ကတည်းက သူထွက်သွားပြီဟု ပြောကြ၏၊ ချီဟွိုင်ဝမ်ကို သွားရှာခြင်း ဖြစ်နိုင်သည်။
လင်းချောင်က ဒီကိစ္စကိုသာ ဆက်တွေးနေခဲ့၏။ နောက်နေ့မနက်၊ မနက်ခင်းစာကြည့်ချိန် ခေါင်းလောင်းထိုးသည်နှင့် သူမက စာသင်ခန်း၏ အနောက်တံခါးကို သွားစစ်ခဲ့သည်။
ချီဟွိုင်ဝမ်က မလာသေးပေ။
ချီဟွိုင်ဝမ်တင်မကဘဲ ဒုကျောင်းအုပ်ချီလည်း မလာသေးပေ။ မွန်းတည့်ချိန်လောက်မှာတော့ သူ နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရသည်ဟု သူမသတင်းကြားလိုက်ရ၏။
"သူ့ရဲ့ကျန်းမာရေးအခြေအနေ ဆိုးနေတာကို ကျောင်းလာနေသေးတယ်။ သူက တံခါးဝမှာ မူးလဲနေတာတဲ့။ အိမ်နီးချင်းရဲ့အမျိုးသမီးကသာ မမြင်ခဲ့ရင် ဘာဖြစ်သွားမလဲ ဘယ်သူသိမှာလဲ။"
အဖွဲ့ခေါင်းဆောင်ကောက လင်းချောင်ကို ပြောပြခဲ့သည်။
လင်းချောင်ကလည်း ဘာလုပ်ပေးရမှန်းမသိခဲ့ပေ။
"ဒုကျောင်းအုပ်ချီကို ရက်နည်းနည်းလောက်နားဖို့ ပြောရမယ်။"
သို့သော် ဆေးရုံရောက်ရောက်ချင်း ဒုကျောင်းအုပ်ချီ၏ မေးခွန်းကြောင့် လင်းချောင် ရင်ထဲလေးလံသွား၏။
"ဟွိုင်ဝမ် ကျောင်းလာရဲ့လား။"
လင်းချောင်က ပြန်မေးလိုက်၏။
"သူ အိမ်ပြန်မလာလို့လား။"
ဒါကိုကြားတော့ ဒုကျောင်းအုပ်ချီ အဖြေကိုသိသွားခဲ့တော့သည်။
"သူ မနေ့ညက နောက်ကျမှ အိမ်ပြန်လာပြီး မနက်အစောကြီးထွက်သွားတာ။"
သူတို့သားအဖက ပြဿနာဖြစ်ပြီး အိမ်မှထွက်ပြေးသည်အထိ ဆိုးသွားပုံရသည်။ ချီဟွိုင်ဝမ်၏ ပုံစံအရဆိုလျှင် သူတို့အခုထိ သေချာစကားပြောရသေးမည်မဟုတ်ပေ။
လင်းချောင် ခေါင်းကိုက်လာ၏။
"ကျွန်မ သူ့ကို ကူရှာပေးပါ့မယ်။ ဆရာက ဆေးရုံမှာ ကောင်းကောင်းအနားယူပါ အပင်ပန်းမခံပါနဲ့။"
ဒုကျောင်းအုပ်ချီ စိတ်ပူနေသေးသည်ကိုမြင်တော့ သူမက မေးလိုက်သည်။
"ဘာလို့လဲသိလို့ရမလား။"
ဒုကျောင်းအုပ်ချီ တိတ်ဆိတ်သွားခဲ့၏။
"ချီဟွိုင်ဝမ်က ဘာလို့ဆရာ့ကို ဆန့်ကျင်နေတာလဲ။သူက ဆိုးတဲ့ကလေးမျိုးလည်း မဟုတ်ပါဘူး။"
ခေါင်းဆောင်ကော ပြောပုံအရဆိုလျှင် ချီဟွိုင်ဝမ်က အတော်လိမ်မာခဲ့သည်။ အရင်က ဒုကျောင်းအုပ်ချီက ကျောင်းသားတွေကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လို့လား။
ပြဿနာကို ဖြေရှင်းရန် ရင်းမြစ်ကိုသိရမည်။ လင်းချောင်က အခြေအနေကို နားမလည်လျှင် သူတို့သားအဖကြားပြဿနာကို ဖြေရှင်းရခက်မည်ဟု တွေးမိသည်။
ဒုကျောင်းအုပ်ချီက တိတ်နေခဲ့ပြီး ခေါင်းဆောင်ကောက ထလိုက်သည်။
"မင်းတို့ စကားပြောကြ၊ ငါ နေ့လည်စာသွာစားဦးမယ်။ နောက်ကျရင် မိသားစုက စိတ်ပူနေမှာ။"
"ဒါက ပြောပြလို့မရတဲ့ ကိစ္စမဟုတ်ဘူး။ အားလုံးက ဟွိုင်ဝမ်နဲ့ သူ့အမေအပေါ် ငါ့အမှားတွေပါ။ မပြောချင်ရတာက ဒါကိုသိသွားရင် ဝူဟိုင်ယန်လည်း ဝန်ပိသွားသလို ခံစားရမှာစိုးလို့။ ပြဿနာက သူနဲ့မဆိုင်ဘူးလေ။ အားလုံးက ငါမှားခဲ့တာတွေပါပဲ။"
တကယ်ကို ဝူဟိုင်ယန်နှင့် ပတ်သက်နေသည်။ မဟုတ်လျှင် မနေ့က ချီဟွိုင်ဝမ် ပြင်းထန်စွာ တုန့်ပြန်ခဲ့မည် မဟုတ်ပေ။
လင်းချောင် ဘာမှမပြောခဲ့ပေ။ သူ ဖုံးကွယ်လိုစိတ် မရှိသည်ကိုမြင်တော့ ခေါင်းဆောင်ကောလည်း ပြန်ထိုင်လိုက်၏။
"ဒါက ဟွိုင်ဝမ်ရဲ့အမေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်နေတာလား။"
"မင်း မှန်းထားတာလား။"
"သူက လိမ်မာတဲ့ကလေးပါ။ အမေဆုံးတော့မှ ပြောင်းလဲသွားတာဆိုတော့ ခန့်မှန်းရမခက်ပါဘူး။"
ဒုကျောင်းအုပ်ချီက သက်ပြင်းချလိုက်သည်။
"ဟွိုင်ဝမ်ရဲ့အမေက အသက် ၂၉ နှစ်မှာ သူ့ကို မွေးခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးချို့ယွင်းလာခဲ့တယ်။ အဲ့ဒီအချိန်က စားနပ်ရိက္ခာရှားပါးမှုကြောင့် ကျန်းမာရေးအခြေအနေက ပိုဆိုးရွားလာခဲ့တယ်။ ဆရာ၊ ဆရာမတွေအတွက် ခက်ခဲတဲ့ကာလအတွင်းမှာ သူမက နှစ်ဝက်လောက် မကျန်းမမာဖြစ်နေခဲ့တာ။"
အာဟာရချို့တဲ့မှု၊ ဂရုစိုက်မှုနည်းပါးမှု၊ ခက်ခဲသည့်အခြေအနေတို့ကြောင့် သူမလဲပြိုသွားခဲ့ရသည်။
"ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပတော့မယ်လို့ သိရတော့ ငါက ကျောင်းသားအချို့ကို စာသင်ကြားပေးနေခဲ့တယ်။ ငါ သတိထားမိတဲ့အချိန်မှာ သူ့အမေက ရက်ပေါင်းများစွာ အိပ်ယာထဲ လဲနေခဲ့ပြီ။ ငါလည်း လန့်သွားပြီး ဆရာဝန်ကို အမြန်ရှာလိုက်တယ်။ ဒါပေမဲ့ သူမ ဆေးသောက်နေရပြီး နှစ်ရက်အကြာမှာပဲ အဲ့ဒီ အဖြစ်အပျက် ဖြစ်ပွားခဲ့တယ်။"
"စာရွက်ဖြူသူရဲကောင်း" အဖြစ်အပျက်ကြောင့် ကျောင်းသားများစွာ၏ မျှော်လင့်ချက်များ ပျက်စီးခဲ့ရသလို ဆရာ၊ ဆရာမများပင် စိတ်ဓာတ်ကျခဲ့ရသည်။ ဒုကျောင်းအုပ်ကြီးချီသည် ဝူဟိုင်ယန် စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်ခဲ့ပြီး သူမြို့ပြမှ ထွက်ခွာသွားပြီ ဖြစ်သော်လည်း နောက်မှ လိုက်သွားကာ အားပေးစကားများ ပြောဆိုခဲ့သည်။
ဝူဟိုင်ယန်သည် ယူနန်ပြည်နယ်သို့ ရောက်ရှိနေခဲ့ပြီး ယန်ဒူမှ ရထားဖြင့် ရက်ပေါင်းများစွာ ခရီးသွားရသည်။ တောင်ပေါ်လမ်းများကို တစ်ဝက်တစ်ပျက် လမ်းလျှောက်ခဲ့ရပြီး နောက်ဆုံးတွင် ဝူဟိုင်ယန်ကိုတွေ့ရှိခဲ့ရာ သူက အလွန်အမင်း စိတ်ပျက်အားငယ်နေခဲ့သည်။ ဝူဟိုင်ယန်က ပြုံးပြရန် ကြိုးစားခဲ့သော်လည်း ငိုနေသည်ထက်ပင် ပို၍ဆိုးရွားခဲ့သည်။
ဒုတိယကျောင်းအုပ်ကြီးချီက ဝူဟိုင်ယန်အား ပြောခဲ့သည့်စကားများကို မှတ်မိနေသေးသည်။
"မြို့ပြက လူတွေကို ငါးနှစ်၊ ဆယ်နှစ်လောက် မလိုအပ်သေးဘူးဆိုပေမဲ့ ထာဝရတော့ မဟုတ်ဘူး။ လူတွေကို လိုအပ်လာပြီဆိုတာနဲ့ အသိပညာရှိတဲ့သူတွေက အခွင့်အလမ်းတွေကို ပိုင်ဆိုင်ရလိမ့်မယ်။"
ထိုသို့ပြောဆိုကာ စာဆက်ကြိုးစားရန်နှင့် လက်မလျှော့ရန် အားပေးခဲ့သည်။ သူက ဝူဟိုင်ယန်အား ယန်ဒူတွင် စောင့်နေမည်ဟု ပြောဆိုခဲ့ပြီး နိုင်ငံအတွက် တန်ဖိုးရှိသောသူ ဖြစ်လာစေရန် ဆန္ဒပြုခဲ့သည်။ သူက ဤကိစ္စအတွက် တစ်ခါမှ နောင်တမရခဲ့ဖူးဘဲ သူ၏စကားများကြောင့် ဝူဟိုင်ယန်၏ စိတ်ဓာတ်များ ပြန်လည်ရရှိလာခဲ့ကာ စာမေးပွဲပြန်လည်ကျင်းပပြီးနောက် ပထမဆုံး ကောလိပ်ကျောင်းသားများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် သူ အိမ်ပြန်ရောက်သောအခါတွင်တော့ ဇနီးသည်၏ အေးစက်နေသော ရုပ်အလောင်းနှင့် သားဖြစ်သူ၏ မုန်းတီးသော မျက်နှာကိုသာ တွေ့မြင်ခဲ့ရသည်။
"ဟွိုင်ဝမ်က အဲ့ဒီတုန်းက ငယ်သေးတယ်။ ငါ ဝူဟိုင်ယန်ကို သွားရှာတာကို သူ မသိဘူးထင်ခဲ့တာ။ ဒါကြောင့် သူ့ကို ငါတို့အတန်းမှာ ထည့်ပေးခဲ့တာ။ အခုတော့ သူ သိနေပုံရတယ်။"
လင်းချောင်နှင့် ခေါင်းဆောင်ကောတို့က တိတ်ဆိတ်စွာ နားထောင်နေခဲ့ကြသည်။ ချီဟွိုင်ဝမ်သည် ဒုကျောင်းအုပ်ကြီးချီကို မကျေနပ်ကြောင်း သူတို့ သိရှိခဲ့ကြသော်လည်း ဤမျှ နက်ရှိုင်းသော အငြိုးအတေး ဖြစ်နေသည်ကိုတော့ မသိခဲ့ကြပေ။ ချီဟွိုင်ဝမ် မိခင်၏ ကျန်းမာရေးအခြေအနေအရ ဒုကျောင်းအုပ်ကြီးချီ အိမ်မှာနေခဲ့လျှင်ပင် သူမကို ကယ်တင်နိုင်မည် မဟုတ်သော်လည်း ချီဟွိုင်ဝမ် သိသည်မှာကတော့ သူ၏ဖခင်မရှိခဲ့ခြင်းသာ ဖြစ်သည်။
လင်းချောင်သည် ချီဟွိုင်ဝမ် မည်ကဲ့သို့ ဤနေ့ရက်များကို ဖြတ်ကျော်ခဲ့သည်ကို မသိခဲ့သော်လည်း ချီဟွိုင်ဝမ်သည် ဖခင်ကို ဆန့်ကျင်နေသည်မှလွဲ၍ အခြားစိတ်ဓာတ်နှင့် စရိုက်လက္ခဏာ ကောင်းမွန်သူတစ်ဦး ဖြစ်သည်ကိုတော့ သိရှိထားခဲ့သည်။
ခေါင်းဆောင်ကောက ဒုကျောင်းအုပ်ကြီးချီအား မေးလိုက်သည်။
"ရက်နည်းနည်းလောက် မစောင့်နိုင်ဘူးလား။"
ဒုကျောင်းအုပ်ကြီးချီက ပြောလိုက်သည်။
"ရှုယွမ်ရဲ့ ကျန်းမာရေးက ပိုကောင်းလာတာကို တွေ့ရတယ်။ ဟင်းတောင် ချက်နိုင်ပြီ။ ဒီတော့ ပိုကောင်းလာပြီလို့ပဲ ထင်ခဲ့တာ။ နောက်ပြီး ဝူဟိုင်ယန် မစောင့်နိုင်တော့မှာကိုလည်း ကြောက်တယ်။"
ချီဟွိုင်ဝမ်၏မိခင် နေမကောင်းဖြစ်ခဲ့လျှင် သူ တစ်ရက်လောက် မသွားလို့ရသည်။ သို့သော် သူမက အမြဲတမ်း နေမကောင်းဖြစ်နေလျှင် သူ ဘယ်တော့မှ မသွားဘဲနေမှာလားဟု ခေါင်းဆောင်ကော ပြန်ပြောရန်လည်း အခက်တွေ့ခဲ့သည်။
"ဒါဆို ဒါကို ဘယ်လိုလုပ်ရမလဲ။ ဒီစိတ်ဒဏ်ရာက ဖြေလို့ရမှာ မဟုတ်ဘူး။"