အခန်း (၆၆)
Vol. 6 Ch. 66
လင်းချောင်လည်း အခြေအနေက ရှုပ်ထွေးနေသည်ဟု ခံစားခဲ့ရသည်။ ဖြေရှင်း၍မရနိုင်သော နှလုံးသားတွင်းက ဒဏ်ရာဖြစ်နေပြီး အခုတော့ ထိုပုဂ္ဂိုလ်က သူ၏ရှေ့တွင် ရှိနေသည်။ ချီဟွိုင်ဝမ် စိတ်မတိုဘဲ နေနိုင်မည်ဆိုလျှင်သာ အံ့သြစရာဖြစ်မည်။ သူမက ဒုကျောင်းအုပ်ကြီးချီကို ပြောလိုက်သည်။
"ဝူဟိုင်ယန်ကို ရှာဖို့သွားတာကို ချီဟွိုင်ဝမ်ကို မပြောပြခဲ့ဘူးဆိုရင် ဘာပြောခဲ့လဲ။"
ခေါင်းဆောင်ကောက ဝူဟိုင်ယန် အကြောင်း ပြောပြသောအခါ လူရှာဖွေခြင်းအကြောင်း မပြောပြခဲ့သောကြောင့် ဒုကျောင်းအုပ်ကြီးချီ လျှို့ဝှက်ထားခဲ့သည်မှာ သေချာသည်။ ဒုကျောင်းအုပ်ကြီးချီသည် တိတ်ဆိတ်စွာဖြင့် ခဏတာ နေခဲ့ပြီးနောက် ပြောလိုက်သည်။
"အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ ခရီးဝေးသွားခဲ့ရတယ်လို့ပဲ ပြောခဲ့တယ်။"
လင်းချောင်က ထပ်မေးလိုက်သည်။
"သူ့ကို တောင်းပန်ခဲ့လား။"
ထိုသို့မေးမြန်းခဲ့ရာ ဒုကျောင်းအုပ်ကြီးချီက ပိုမိုကြာရှည်စွာ တိတ်ဆိတ်သွားခဲ့သည်။
လင်းချောင်သည် တရုတ်မိဘများတွင် "တောင်းပန်ပါတယ်" ဟု ပြောဆိုရန် တွန့်ဆုတ်နေသော အဖြစ်များသော ပြဿနာတစ်ခု ရှိသည်ကို သိရှိခဲ့သည်။ သူတို့ မှားယွင်းစွာ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ သူတို့၏ ကလေးများကို မှားယွင်းစွာ ဆက်ဆံခဲ့သည်ဖြစ်စေ "တောင်းပန်ပါတယ်" ဟု ပြောဆိုခြင်းသည် မိဘ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆကြသည်။
သို့သော် မကြာခဏဆိုသလို ဤကဲ့သို့ပင် ပဋိပက္ခများ ပေါ်ပေါက်လာတတ်၏။ လူကြီးများ၏ အာဏာကို ထိန်းသိမ်းထားနိုင်သော်လည်း ကလေးများ၏ ခံစားချက်များက ဘယ်လိုဖြစ်သွားမည်လဲ။ သူတို့ကရော အရာအားလုံးကို ဘယ်လို လုပ်ဆောင်မည်လဲ။ ထို့ပြင် ဒုကျောင်းအုပ်ကြီးချီနှင့် ချီဟွိုင်ဝမ်အကြားတွင် အခြားအရာတစ်ခုလည်း ရှိနေခဲ့သည်။
လူတို့တွင် မိမိကိုယ်ကို ကာကွယ်သော ယန္တရားရှိသည်။ ထို့ကြောင့် ပြင်းထန်သော စိတ်ဒဏ်ရာရပြီးနောက် အချို့သူများသည် နာကျင်စေသော အရာများကို မသိစိတ်က မေ့ပစ်တတ်သည်။ အပြစ်ရှိသည်ဟု ခံစားရခြင်းမှာလည်း အလားတူပင်။ ၎င်းကို ရင်ဆိုင်ရတိုင်း နာကျင်ရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ လူတို့သည် မသိစိတ်က ရှောင်လွှဲရန် ရွေးချယ်တတ်သည်။ ဤသို့ ရှောင်လွှဲခြင်းသည် ဖခင်နှင့်သားကြား ကွာဟချက်ကို ပိုမိုကျယ်ပြန့်စေသည်။
ဒုကျောင်းအုပ်ကြီးချီ သည် ယင်းအကြောင်းကို ရှောင်ရှားရန်ဖြစ်စေ၊ သားဖြစ်သူကို ရင်မဆိုင်ဘဲနေရန် ကျောင်းသားများနှင့် အချိန်ပိုကုန်ဆုံးရန်ဖြစ်စေ မည်သို့ပင်လုပ်ဆောင်ခဲ့ပါစေ၊ ၎င်းသည် ချီဟွိုင်ဝမ်ကို ထိခိုက်စေခဲ့သည်။ ဒုကျောင်းအုပ်ကြီးချီသည် ဆရာကောင်းတစ်ဦးဖြစ်ပြီး သူ သင်ကြားခဲ့သော ကျောင်းသားတိုင်းအတွက် ထိုက်တန်သူဖြစ်သော်လည်း ခင်ပွန်းကောင်း သို့မဟုတ် ဖခင်ကောင်း တစ်ဦးတော့ မဟုတ်ခဲ့ပေ။
လင်းချောင်က ဒုကျောင်းအုပ်ကြီးချီ၏ မျက်လုံးများကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျောင်းအုပ်ကြီချီ၊ ကျွန်မသာ ချီဟွိုင်ဝမ် နေရာမှာဆိုရင်၊ ကျွန်မရဲ့ အမေက ဆိုးဆိုးရွားရွား နာမကျန်းဖြစ်နေပြီး၊ ကျွန်မအဖေက အတင်းထွက်သွားမယ်ဆိုရင်၊ ပြီးတော့ သူမရှိဘဲ ကျွန်မအမေ နောက်ဆုံးထွက်သက်ကို ရှုရှိုက်သွားရတာကို ကျွန်မ ကြည့်နေခဲ့ရမယ်ဆိုရင်၊ တောင်းပန်ခြင်း ဒါမှမဟုတ် ရှင်းပြခြင်းမရှိဘူးဆိုရင် ကျွန်မလည်း ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။"
ဒုကျောင်းအုပ်ကြီးချီက မျက်လွှာချကာ သူ၏မျက်နှာတွင် နောင်တနှင့် အပြစ်ရှိခြင်းတို့ဖြင့် တဖြည်းဖြည်း ပြည့်နှက်လာခဲ့သည်။ လင်းချောင်က သူသည် တုံးအသူ မဟုတ်ကြောင်း သိသည်။ သူ နားလည်နိုင်လျှင် နားလည်လိမ့်မည်။ နားမလည်နိုင်လျှင် ဘယ်လောက်ပြောပြော အကူအညီဖြစ်မည် မဟုတ်ဘဲ သူ၏ နာကျင်စရာနေရာကို တက်နင်းမိသလို ဖြစ်နေလိမ့်မည်။ သူမသည် စကားဝိုင်းကို ပြောင်းကာ ပြောလိုက်၏။
"ဒါက တစ်ရက်၊ နှစ်ရက်နဲ့ ဖြေရှင်းနိုင်မယ့် ကိစ္စမဟုတ်ဘူး။ ကလေးကို အရင်ရှာကြစို့။ သူ့နဲ့ ရင်းနှီးတဲ့ ကျောင်းသားတွေကို ကျွန်မ ပြန်မေးကြည့်မယ်။"
ဒုကျောင်းအုပ်ကြီးချီက ခေါင်းညိတ်ပြီး သူမကို ပြန်ကြည့်ကာ ပြောလိုက်သည်။
"ဟွိုင်ဝမ်အတွက် ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဆရာတစ်ဦးအနေဖြင့် သူမသည် ကျောင်းတွင် ကောင်းသော အမှတ်များ ရရှိရန်နှင့် ကျောင်းသားများကို စီမံခန့်ခွဲရန်သာ လိုအပ်သည်။ သူတို့အတွက် ဤမျှလောက် လုပ်ပေးရန် မလိုအပ်ပေ။
လင်းချောင်က သူ့ကို ပြန်ကြည့်ကာ ပြောလိုက်၏။
"ကျောင်းအုပ်ကြီးချီ၊ ဆရာ ဝူဟိုင်ယန်ကို ယူနန်အထိ လိုက်ရှာခဲ့တုန်းကလည်း ကျောင်းသားမိဘတစ်ဦးဆီက ဒီလိုပြောတာကို ကြားချင်လို့လား။"
မဟုတ်သည်မှာ သေချာ၏။ သူက ဆရာတစ်ဦး၏ အသိစိတ်ဓာတ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
ဒုကျောင်းအုပ်ကြီးချီက ဘာမှ ထပ်မပြောခဲ့ဘဲ လင်းချောင်နှင့် အဖွဲ့ခေါင်းဆောင်ကောတို့လည်း နှုတ်ဆက်ကာ နေ့လယ်ဘက်တွင် စာသင်ခန်းသို့ ပြန်လာခဲ့ကြသည်။
ဤတစ်ကြိမ်တွင်တော့ ချီဟွိုင်ဝမ် ပျောက်ဆုံးနေရုံသာမက သူ၏စားပွဲခုံပါ ဗလာဖြစ်နေခဲ့သည်။ လင်းချောင်သည် မကောင်းသော ခံစားချက်ရရှိကာ အနီးနားတွင် ထိုင်နေသောကျွင်းဇီကို ချက်ချင်း မေးမြန်းခဲ့သည်။ နောက်ကျမှ ရောက်ရှိလာသော ကျွင်းဇီက မသိခဲ့သော်လည်း အခြားအတန်းဖော်များက သိခဲ့ကြသည်။
သူတို့က ချီဟွိုင်ဝမ် နေ့လယ်စာစားချိန်အတွင်း လာရောက်ပြီး သူ၏ပစ္စည်းများအားလုံးကို သိမ်းဆည်းသွားကြောင်း ပြောခဲ့သည်။ အခြားသူများက မေးမြန်းသောအခါ သူက အရာအားလုံးကို လျစ်လျူရှုထားခဲ့သည်။ မေးမြန်းခဲ့သော အတန်းဖော်သည် သူ့နှင့် သိပ်မရင်းနှီးသည့်အပြင် သူ၏ ခက်ထန်သော အမူအရာကို မြင်သဖြင့် ဆက်မမေးခဲ့တော့ပေ။
လင်းချောင်က ကျောင်းကို အသစ်ရောက်သူ မဟုတ်သောကြောင့် ကျောင်းသားတစ်ဦး ပစ္စည်းများအားလုံးကို သိမ်းဆည်းသွားခြင်းသည် မည်သို့ အဓိပ္ပာယ်ရှိသည်ကို သိရှိခဲ့သည်။ ချီဟွိုင်ဝမ်က ပညာဆက်သင်ကြားလိုခြင်း မရှိတော့ပုံရသည်။ ဒုကျောင်းအုပ်ကြီးချီက ဝူဟိုင်ယန်ကို ကျောင်းသို့ အလုပ်သင်အဖြစ် ခေါ်လာနိုင်ခဲ့လျှင် ချီဟွိုင်ဝမ်ကလည်း ကျောင်းမတက်ရန် ငြင်းဆန်နိုင်သည်။ ၎င်းသည် ပြိုင်ဆိုင်မှုတစ်ခု ဖြစ်နေခဲ့သည်။
ခေါင်းကိုက်လာသဖြင့် လင်းချောင်လည်း ချီဟွိုင်ဝမ်၏ အိမ်လိပ်စာကို တောင်းခံကာ ဝန်ထမ်းအိမ်ရာသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။ စစ်မှုထမ်းကလေးများအတွက် ကျောင်းဖြစ်သောကြောင့် ပြင်ပမှ ငှားရမ်းထားသော ဝန်ထမ်းများ များများစားစား မရှိပေ။
အလယ်တန်းနှင့် မူလတန်းကျောင်းများသည် ခြောက်ထပ်အဆောက်အအုံတစ်ခုကို မျှဝေသုံးစွဲကြသည်။ ဒုကျောင်းအုပ်ကြီးချီ၏ မိသားစုသည် ထိပ်ဆုံးထပ်တွင် နေထိုင်ပြီး ထိုနေရာသည် ကျောင်းခေါင်းဆောင်တစ်ဦးအတွက် ကောင်းမွန်သောနေရာတော့ မဟုတ်ပေ။
လင်းချောင် တက်သွားပြီး အချိန်အတော်ကြာ တံခါးခေါက်သော်လည်း မည်သူမျှ တံခါးမဖွင့်လာခဲ့ပေ။ သူမ အောက်ဆင်းပြီး မေးမြန်းခဲ့ရာ အဘွားအိုတစ်ဦးက သူ မနက်စောစောက အိတ်တစ်လုံးဖြင့် ထွက်ခွာသွားကြောင်း ပြောပြခဲ့သည်။
ထို့နောက် လင်းချောင် သူ့ကို နှစ်ရက်ကြာသည်အထိ မတွေ့ရတော့ပေ။ ဒုကျောင်းအုပ်ကြီးချီလည်း သူ့ကို မတွေ့ရတော့ ရဲကို အကြောင်းကြားခဲ့ရသည်။ ရဲများက ကျောင်းသို့ လာရောက်စုံစမ်းသောအခါ လင်းချောင် ခေါင်းကိုက်လာတော့သည်။
လွန်ခဲ့သောလက လင်းဝေ့ကို ရှာဖွေခဲ့ကြရပြီး ယခုအခါတွင် ချီဟွိုင်ဝမ်ကို ထပ်မံရှာဖွေနေရပြန်သည်။ အိမ်မှ ထွက်ပြေးခြင်းသည် ခေတ်စားလာပြီလားဟု လင်းချောင် တွေးမိခဲ့သည်။
လင်းဝေ့က အိမ်တွင် တိုးတက်ရန် အခြေအနေမရှိတော့၍ ထွက်သွားခဲ့ခြင်းဖြစ်သော်လည်း ချီဟွိုင်ဝမ်မှာမူ စာတော်သောကျောင်းသားတစ်ဦးဖြစ်ပြီး အရွယ်ရောက်ပြီးသူပင် မဟုတ်သေးပေ။
ရဲများကို ပြန်ပို့စဉ် လင်းချောင်က မေးလိုက်သည်။
"သူ ဘာတွေ ယူသွားလဲ မေးလို့ရမလား။"
သူတို့၏ မျက်လုံးများတွင် ရှုပ်ထွေးမှုကို မြင်သောအခါ လင်းချောင်ပြောလိုက်သည်။
"သူ ပစ္စည်းတွေယူဖို့ ပြန်လာတာဆိုတော့ ထွက်မသွားခင် ကြိုတင်ပြင်ဆင်ထားခဲ့မှာပဲ။ သူ့အိမ်ထောင်စုစာရင်းနဲ့ ရိက္ခာကတ်တွေ ယူသွားလားဆိုတာ သိချင်မိတယ်။ ယူသွားတယ်ဆိုရင်တော့ သူ ယန်ဒူကနေ ထွက်သွားသေးမှာမဟုတ်ဘူး။ ဒါက ရှာဖွေရမယ့် ဧရိယာကို ကျဉ်းမြောင်းစေလိမ့်မယ်။"
လင်းဝေ့ကလည်း အိမ်ပြန်ရန်မလိုချင်ခဲ့သလို ချီဟွိုင်ဝမ်ကလည်း ကျောင်းတက်ရန် မလိုချင်တော့ပေ။ သူက အခြားနေရာတစ်ခုသို့ သွားရောက်၍ တရားမဝင်နေထိုင်သူတစ်ဦး ဖြစ်လာစရာအကြောင်း မရှိပေ။
ရဲများက စဉ်းစားပြီး စစ်ဆေးခဲ့ရာ လင်းချောင်၏ ခန့်မှန်းချက် မှန်ကန်နေသည်။ ချီဟွိုင်ဝမ်က သူ၏ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။ ဤအချက်သည် အလျင်စလို လုပ်ဆောင်ခြင်းနှင့် မြို့ပြင်ပသို့ ထွက်ခွာခြင်းကို ပယ်ဖျက်ပေးခဲ့ပြီး ရှာဖွေရေးအတွက် အကြမ်းဖျင်း လမ်းညွှန်ချက်တစ်ခု ပေးခဲ့သည်။
လင်းချောင် စိတ်သက်သာရာရကာ ရုံးခန်းသို့ ပြန်ရန်ပြင်ဆင်နေစဉ် အတန်းလေးမှ ထွက်လာသော ဝူဟိုင်ယန်ကို တွေ့လိုက်ရပြီး သူက စိတ်မကောင်းဖြစ်နေပုံရသည်။
ဒုကျောင်းအုပ်ကြီးချီက နှလုံးရောဂါဖြင့် ဆေးရုံတက်နေရပြီး ကျန်းမာရေး မကောင်းသေးသဖြင့် ဝူဟိုင်ယန်သည် လွန်ခဲ့သည့်ရက်အနည်းငယ်က အတန်းသုံးနှင့် လေးကို သင်ကြားပေးနေခဲ့သည်။ လင်းချောင်က အနောက်တံခါးမှနေ၍ သူ့သင်ခန်းစာ၏ တစ်ဝက်ခန့်ကို နားထောင်ခဲ့ရာ အတော်လေး ကောင်းမွန်ကြောင်း တွေ့ရှိခဲ့သည်။ သူသည် ယန်ဒူတက္ကသိုလ်မှ ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အခြေခံခိုင်မာသူတစ်ဦးလည်း ဖြစ်သည်။
လင်းချောင်ကို မြင်သောအခါ သူက အလျင်အမြန် စိတ်ကို ထိန်းချုပ်ကာ မေးလိုက်၏။
"ချီဟွိုင်ဝမ်ကို တွေ့ပြီလား။"
လင်းချောင်က အမှန်အတိုင်းဖြေလိုက်သည်။
"မတွေ့သေးပါဘူး။"
ဝူဟိုင်ယန် ဘာမှထပ်မပြောသော်လည်း သူ စိတ်ပူနေကြောင်း ထင်ရှား၏။
အဘယ်ကြောင့်ဆိုသော် ချီဟွိုင်ဝမ်က သူရောက်ပြီးနောက်မှ ထွက်သွားခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ဒုကျောင်းအုပ်ကြီးချီ မပြောခဲ့သော အချို့အရာများကို လင်းချောင်ကလည်း သူနှင့် ဆွေးနွေးရန် မဖြစ်နိုင်ပေ။ သူမက မေးလိုက်၏။
"ဆရာ မျက်နှာမကောင်းတာ သတိထားမိတယ်။ အတန်းထဲမှာ ဘာဖြစ်ခဲ့လို့လဲ။"
"ဘာမှမဖြစ်ပါဘူး။ ချီဟွိုင်ဝမ်ကို မတွေ့လို့ နည်းနည်း စိတ်ပူတာပါ။"
ဝူဟိုင်ယန်၏ မျက်နှာတွင် ဘာမှများများစားစား ထုတ်မပြခဲ့သော်လည်း သူ၏ ငြင်းဆိုမှုမှာ အလွန်လျင်မြန်ခဲ့သည်။ လင်းချောင်က သူ တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု သံသယရှိသဖြင့် သူ၏ နောက်ထပ်အတန်းကို စင်္ကြန်လမ်းမှ နားထောင်ကြည့်ခဲ့သည်။
သူမက ပြဿနာကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ ဝူဟိုင်ယန် အတန်းထဲသို့ ဝင်လာသောအခါ နောက်တန်းရှိ ဒုက္ခပေးတတ်သူ အနည်းငယ်သည် သူ လမ်းလျှောက်ပြီး ခြေထောက်ထော့နဲ့နေသည်ကို မြင်ရတိုင်း ထူးဆန်းသောအသံများကို ပြုလုပ်တတ်ကြသည်။
သူ စင်မြင့်ပေါ်တွင် ငြိမ်ငြိမ်လေး ရပ်နေသောအခါ သူတို့က မျက်နှာပြောင်ကာ စားပွဲခုံနောက်ကွယ်ရှိ သူ၏ ခြေထောက်များကို တမင်တကာ ကြည့်ရှုကြသည်။ ဝူဟိုင်ယန်က အလွန် စိတ်ထိန်းချုပ်ထားပြီး သူ၏ ပို့ချချက်ကို မရပ်တန့်ခဲ့သော်လည်း သူ့မျက်နှာ မကောင်းတော့သည်မှာက ထင်ရှား၏။
လူတစ်ဦး၏ အားနည်းချက်များကို အများသူငါရှေ့တွင် လှောင်ပြောင်ခံရလျှင် မည်သူမဆို စိတ်မသက်မသာ ဖြစ်မည်ဖြစ်သည်။
လင်းချောင်၏ မျက်နှာ မည်းမှောင်သွားသော်လည်း သူမက ချက်ချင်း တုံ့ပြန်ခြင်းမရှိပေ။ အတန်းပြီးနောက် သူမသည် စာသင်ခန်းသို့ သွားကာ နာမည်လေးငါးခုကို တစ်ပြိုင်နက်တည်း ခေါ်လိုက်သည်။ ထိုအထဲတွင် ကျွင်းဇီလည်း ပါဝင်၏။
ထိုကောင်လေးများအုပ်စုက သူမရှေ့တွင် တန်းစီရပ်နေကြပြီး အားလုံးက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သူမနောက်မှ လိုက်ပါပြီး လှေကားထစ်သို့ ရောက်သောအခါ သူတို့က အကြိမ်ကြိမ် အချင်းချင်း ကြည့်ရှုကြပြီး သူမ ဘာကြောင့် သူတို့ကို ခေါ်လိုက်မှန်း မသေချာကြပေ။
"ငါ မင်းတို့အတန်းကို စမ်းသပ်သင်ကြားဖို့ ပထမဆုံး လာတုန်းက ဘာလို့ မင်းတို့ ငါ့ကို လှောင်ပြောင်ခဲ့တာလဲ။"
ဒုက္ခပေးသူများက အံ့အားသင့်သွားကြသည်။ လင်းချောင်က ကျွင်းဇီကို တိုက်ရိုက်လက်ညှိုးထိုးကာ ပြောလိုက်၏။
"လျန်ကျွင်း၊ မင်းဖြေ။"
"ကျွန်တော်၊ ကျွန်တော်က ဆရာမအသစ်လေးကို လှောင်ပြောင်ရတာ ပျော်စရာကောင်းမယ်လို့ ထင်ခဲ့လို့ပါ။"
ကျွင်းဇီက စိတ်မသက်မသာ ခေါင်းကုတ်ရင်း ပြောခဲ့သည်။ လင်းချောင်က အခြားကောင်လေးများကို ကြည့်လိုက်ရာ သူတို့၏ ရှက်ရွံ့သော အပြုံးများကို မြင်ရပြီး ရုတ်တရက် မေးလိုက်၏။
"ဒါဆို ဆရာဝူကို လှောင်ပြောင်တာကလည်း ပျော်စရာကောင်းလား။"
ကျောင်းသားများ တိတ်ဆိတ်သွား၏။
ကလေးများ စာသင်သည်ဖြစ်စေ၊ မသင်သည်ဖြစ်စေ သူတို့ကိစ္စသာ ဖြစ်သည်။ ဆရာမတစ်ဦးအနေဖြင့် လင်းချောင် သူတို့ကို လမ်းညွှန်၊ သင်ကြားပေးနိုင်သော်လည်း ဘယ်တော့မှ ဆူပူကြိမ်းမောင်းခြင်း မပြုခဲ့ပေ။ သို့သော် တစ်စုံတစ်ယောက်၏ အားနည်းချက်ကို လှောင်ပြောင်ခြင်းသည် စရိုက်လက္ခဏာ ကိစ္စဖြစ်သည်။ သူမ မြင်တွေ့ရသောအခါ လျစ်လျူရှု၍ မရနိုင်ခဲ့ပေ။
"မင်းတို့ လှောင်ပြောင်ခဲ့တဲ့သူတွေ ဘယ်လို ခံစားရတယ်ဆိုတာ မင်းတို့ တွေးကြည့်ဖူးလား။ သူတို့အတွက် ပျော်စရာ ကောင်းတယ်လို့ ထင်ခဲ့ကြလား။"
လင်းချောင်က တည်တည်ငြိမ်ငြိမ် မေးခဲ့သည်။ အဖြေမရသောအခါ သူမ ဆက်ပြောလိုက်သည်။
"ငါသာ ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ဘဲ မင်းတို့ကြောင့် မောင်းထုတ်ခံရတာ ဒါမှမဟုတ် ငိုခဲ့ရရင်ရော ဘယ်လိုလုပ်မလဲ။"
ကောင်လေးများ ခေါင်းငုံ့သွားကြ၏။ လင်းချောင်ကို သူတို့ မောင်းထုတ်ခဲ့လျှင် စိတ်ဝင်စားစရာကောင်းသော ဓာတုဗေဒ အတန်းများ သို့မဟုတ် ထိုမျှ ကောင်းသော ဆရာမတစ်ဦးကို သူတို့ ရရှိမည် မဟုတ်ပေ။
"နောက်ပြောင်တာက သင့်တော်တဲ့အတိုင်းအတာရှိရမယ်။" လင်းချောင်က ပြတ်သားစွာ ပြောခဲ့သည်။
"မင်းတို့ရဲ့ နောက်ပြောင်မှုကြောင့် တစ်ယောက်ယောက် ထိခိုက်နာကျင်ရတယ်ဆိုရင် အဲ့ဒါက ပျော်စရာ ကိစ္စ မဟုတ်တော့ဘူး"
'နောက်ပြောင်တာပါ။ အခြား ရည်ရွယ်ချက် မရှိပါဘူး' ဆိုသည့် အကြောင်းပြချက်ကို သူမ ယုံကြည်ခြင်း မရှိပေ။
တစ်စုံတစ်ယောက်က သူတို့၏ လုပ်ရပ်ကြောင့် နာကျင်ရပြီး သူတို့က နောင်တမရဘဲ၊ နောက်ပြောင်သည်ကိုတောင် မခံနိုင်ဘူးဟု တွေးနေမည်ဆိုရင် အဲ့ဒါကအန္တရာယ်ရှိနေခဲ့ပြီ။
မမျှော်လင့်ထားဘဲ ကျွင်းဇီက ခဏတာ တိတ်ဆိတ်ပြီးနောက် မော့ကြည့်ကာ ပြောလိုက်၏။
"ကျွန်တော်တို့ သူ့ကို လှောင်ပြောင်တာ မဟုတ်ပါဘူး။ သူက ချီဟွိုင်ဝမ်ကို မောင်းထုတ်လိုက်တာ။"
လင်းချောင်က ဤအချက်ကိုလည်း သံသယရှိခဲ့မိသည်။
"ချီဟွိုင်ဝမ်က သူ့ကြောင့် ထွက်သွားတာလို့ ဘယ်လိုလုပ် သေချာသိတာလဲ။"
"သူ လာတာနဲ့ ချီဟွိုင်ဝမ် ထွက်သွားတာပဲ။ သူ့ကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်မှာလဲ။"
"ဟုတ်တယ်။ သူက ဒုကျောင်းအုပ်ကြီးချီရဲ့ ကျောင်းသားဟောင်းလို့ ကြားတယ်။ ဒုကျောင်းအုပ်ကြီးချီက ချီဟွိုင်ဝမ်ထက် သူ့ကို ပိုပြီးကောင်းကောင်း ဆက်ဆံခဲ့တာတဲ့။"
တကယ်တော့ အချိန်က မဖော်ထုတ်နိုင်သည့် လျှို့ဝှက်ချက်ဆိုသည်မှာ မရှိပေ။ လင်းချောင်က သူတို့ စကားဆုံးသည်အထိ တိတ်တိတ်လေး နားထောင်ပြီးမှ ပြောလိုက်၏။
"ချီဟွိုင်ဝမ်က သူ့ဘာသာသူ ဒီအကြောင်းပြချက်ကို ပြောပြခဲ့တာလား၊ ဒါမှမဟုတ် မင်းတို့ကို ဒီလိုလုပ်ဖို့ တောင်းဆိုခဲ့တာလား။"
ယခင်က ဒေါသထွက်နေခဲ့သော ကျောင်းသားများ တိတ်ဆိတ်သွားကြ၏။
လင်းချောင် သက်ပြင်းချလိုက်သည်။
"မင်းတို့ ချီဟွိုင်ဝမ် ဘက်က ရပ်တည်ပေးနေတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ အခြေအနေကို နားမလည်ဘဲ ဆရာဝူကို ဒီလို ဆက်ဆံတာက ဖုန်ကန် လုပ်ခဲ့တာနဲ့ မတူဘူးလား။"
ကျွင်းဇီက ဖုန်ကန် လီရှောင်ချိြ့ကို မှားယွင်းစွာ စွပ်စွဲခဲ့သောကြောင့် ဖုန်ကန်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ဤစကားကို ကြားရသောအခါ ကျွင်းဇီ ခေါင်းချက်ချင်း ငုံ့သွားခဲ့၏။
ကျောင်းသားများ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လင်းချောင်လည်း ထပ်မပြောတော့ပေ။
"အတန်းထဲ ပြန်သွားကြတော့။ အချိန်ရရင် ငါ့အကြောင်းနဲ့ အဲ့တုန်းက လီရှောင်ချို့ အကြောင်းကို ပြန်စဉ်းစားကြည့်ကြပါ။"
ကိစ္စများတစ်ခုပြီးတစ်ခု ဖြစ်ပျက်နေခဲ့သည်။ ဘေးအိမ်က လျိုကွေ့ရင်းကသာ ဖုန်းခေါ်သူက ကျိသော်ကို ရှာနေသည်ဟု မအော်ခဲ့လျှင် လင်းချောင် သူ့ကို မေ့နေလုနီးပါးပင် ဖြစ်နေခဲ့ပြီ။ မစ်ရှင်ကိစ္စမဟုတ်သောကြောင့် လျိုကွေ့ရင်းက သိပ်တော့ အာရုံမစိုက်ခဲ့ပေ။ လင်းချောင်ကို မြင်သောအခါ သူမက နဖူးကို ရိုက်လိုက်ကာ ပြောလိုက်၏။
"ရှောင်ကျိ အိမ်မှာ မရှိတာကို ငါ မေ့သွားတယ်"
"ဘာမှမဟုတ်ပါဘူး၊ သူနဲ့ ကျွန်မ စကားပြောလိုက်ပါ့မယ်။"
လင်းချောင် ဖုန်းကို ကောက်ကိုင်လိုက်ပြီး စကားပြောရန်ပင် မလုပ်နိုင်ခင်မှာပဲ ကျိဇယ်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဦးလေး၊ စုန့်ကျင်းက အဒေါ်ရဲ့ကျောင်းမှာ အလုပ်သင်လုပ်နေတာ။ အမေက တပ်ထဲမှာ သူ့ကို ဂရုစိုက်ပေးဖို့ ပြောနေတယ်။ သူမက ဒီလောက်ထိနီးကပ်နေတာ အဒေါ် သိသွားမယ်လို့ ထင်လား။"
စုန့်ကျင်းရော ယဲ့မင်ရှုးပါ ပါလာသောအခါ လင်းချောင် စိတ်ရှုပ်ထွေးသွားသည်။
" 'သူ သိသွားမယ်' ဆိုတာက ဘာကို ဆိုလိုတာလဲ။"
တစ်ဖက်က အသံ ရုတ်တရက် တိတ်ဆိတ်သွား၏။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျိဇယ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အဒေါ်လား။"