အခန်း (၆၈)
Vol. 6 Ch. 68
ချီဟွိုင်ဝမ်က ခေါင်းငုံ့လိုက်ပြီး သီးသန့်နေရာတစ်ခုထံ လမ်းလျှောက်သွားလိုက်သည်။
လင်းချောင်က နောက်ကနေလိုက်သွားပြီး နေရာကိုရောက်တော့ ကောင်လေးက ခပ်တင်းတင်းပြောလာ၏။
"ဆရာမ၊ ကျွန်တော်ပြန်မသွားဘူး။ ကျွန်တော့်ကို လာမစည်းရုံးပါနဲ့။"
"ဘယ်သူက မင်းကို စည်းရုံးမယ်လို့ပြောလို့လဲ။"
လင်းချောင်က မျက်ခုံးပင့်ပြီး မေးလိုက်၏။
ချီဟွိုင်ဝမ် အံ့အားသင့်သွားခဲ့သည်။
လင်းချောင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အမြန်ကြည့်ပြီး အကြောင်းအရာပြောင်းလိုက်၏။
"ဒီမှာ အလုပ်လုပ်ရင် တစ်ရက်ကို ဘယ်လောက်ရလဲ။"
လုံးဝမသက်ဆိုင်သည့်မေးခွန်းဖြစ်ပေမဲ့ ချီဟွိုင်ဝမ်က အလိုလို ပြန်ဖြေမိလိုက်သည်။
"တစ်ရက်ကို ယွမ် ၁.၅၇ လောက်ရပါတယ်"
"ဒါက ဆရာမတစ်ယောက်ရဲ့လစာထက်တောင် နည်းနေသေးတယ်။ ဝင်ငွေကလည်း မမှန်ဘူး။ ဆောင်းတွင်း မိုးရွာရင်၊ နှင်းကျရင် အလုပ်မရှိဘူး။"
လင်းချောင်က ထိုသို့ မှတ်ချက်ပေးလိုက်ပြီး သူ့ကိုတည့်တည့်ကြည့်လိုက်၏။
"ဒီအလုပ်ကို တစ်သက်လုံးလုပ်မယ်ဆိုရင် မင်းမိသားစု နာမကျန်းဖြစ်ရင် သူတို့ရဲ့ကုသစရိတ်နဲ့ ဆေးဖိုးတွေကို မင်းပေးနိုင်မှာလား။"
ကောင်လေးက နောက်တစ်ခါ အံ့အားသင့်သွားပြန်၏။
လင်းချောင်က သူ့ကိုတုံ့ပြန်နိုင်မည့် အချိန်မပေးခဲ့ပေ။
"ဒီအလုပ်ကို တစ်သက်လုံးလုပ်ပြီး နေ့တိုင်းကြိုးစားလုပ်နေမယ်ဆိုရင် မင်းမိသားစုက မင်းကိုလိုအပ်တဲ့အချိန်မျိုးမှာ အိမ်ကို အမြန်ပြန်လာနိုင်မှာလား။"
ဒီမေးခွန်းက သူ၏ခံစားချက်ကို ထိသွားသည့်အခါ ကောင်လေး၏ မျက်လုံးများ ချက်ချင်းနီရဲလာပြီး ထွက်သွားရန်လှည့်လိုက်၏။
လင်းချောင်က သူ့နောက်ကို မလိုက်သွားသလို အသံကိုလည်း မကျယ်ခဲ့ပေ။
"မင်းသာ သူ့ကိုမုန်းနေတယ်၊ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သက်သေပြလိုက်ပါ။ သူနဲ့တူတဲ့သူမျိုး မဖြစ်စေနဲ့။"
ချီဟွိုင်ဝမ်က အတော်လေးဥာဏ်ကောင်းသည်။ အခြေခံအချက်များကို နားလည်သော်လည်း ခံစားချက်များကိုတော့ မကျော်လွှားနိုင်ခဲ့ပေ။
ဒုကျောင်းအုပ်ကြီးချီက ကျောင်းသားများ၏ အမှတ်ကို တန်ဖိုးအထားဆုံးဖြစ်သည့်အတွက် ချီဟွိုင်ဝမ်က စာကောင်းကောင်းမလုပ်ခဲ့ပေ။ ဒုကျောင်းအုပ်ကြီးချီက ကောလိပ်ကျောင်းသားတစ်ယောက်ကို မွေးထုတ်ခဲ့သည့်အတွက် ချီဟွိုင်ဝမ်က ကျောင်းကထွက်ခဲ့သည်။ သူက ဒါကို လက်စားချေဖို့သက်သက် လုပ်နေသည်လား၊ ဒါမှမဟုတ် သူ့အဖေ၏ အာရုံစိုက်မှုကို ရချင်လို့လား။ သူကိုယ်တိုင်တောင် သေချာမပြောနိုင်ခဲ့ပေ။
ဒါကြောင့် လင်းချောင်က သူ့ကိုစည်းရုံးမည့်အစား ပြင်းထန်သည့်အမှန်တရားနှင့် ထိခိုက်စေခဲ့၏။
"သူနဲ့တူတဲ့သူ မဖြစ်စေနဲ့" ဆိုသည့်စကားက ကောင်လေးကို နေရာမှာတင် ရပ်တန့်သွားစေခဲ့၏။
လင်းချောင်က သူလက်သီးဆုပ်ထားသည်ကိုမြင်လိုက်ရသည်။
"ကျွန်တော်က သူ မဟုတ်ဘူး။ ကျွန်တော့်ကို သူ့နဲ့လာမနှိုင်းပါနဲ့။"
"ဒါပေမဲ့ မင်းက သူ့လမ်းကို လျှောက်နေတာပဲလေ။"
လင်းချောင်က ရှေ့တိုးလိုက်ပြီး သူမ၏ အသံကလည်း အေးဆေးတည်ငြိမ်နေ၏။
"သူက သူ့မိသားစု၊ ဇနီးနဲ့ကလေးကို လစ်လျူရှုပြီး တခြားသူတွေအတွက် လုပ်ခဲ့တယ်။ မင်းကတော့ သူ့ကြောင့် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ရဲ့အနာဂတ်မိသားစုကို စွန့်လွှတ်နေတယ်။ အကျိုးရလဒ်ကတော့ အတူတူပဲလေ။"
ရလဒ်က တကယ် အတူတူပဲလား။ ချီဟွိုင်ဝမ် ငြင်းခုံချင်သည့်တိုင် လင်းချောင်၏ စကားများကို မငြင်းနိုင်ခဲ့ပေ။
သူတိတ်ဆိတ်သွားသည်ကိုမြင်တော့ လင်းချောင်က သူ့ပခုံးကို ပုတ်လိုက်၏။
"မင်းအသက် ၁၇ နှစ်ရှိပြီ။ မင်းအမေက မင်းနဲ့အတူ ၁၀ နှစ်ရှိခဲ့ပြီး သူကတော့ ၇ နှစ်ရှိခဲ့တယ်။ မင်းအခု ကိုယ့်အတွက် ကိုယ်နေရမဲ့ အချိန်ရောက်ပြီ။ မင်းစာကျက်နိုင်တယ်ဆိုရင် ကျက်လိုက်။ မကျက်နိုင်ရင် မင်းကို တခြားအတန်းကို ပြောင်းပေးဖို့ နည်းလမ်းရှာပေးမယ်။ ချီဟွိုင်ဝမ်၊ မင်းအမေပေးခဲ့တဲ့ ဥာဏ်ထက်တဲ့ ဦးနှောက်ကို အလဟဿမဖြစ်ပါစေနဲ့။"
ချစ်ခြင်းဖြစ်ဖြစ်၊ မုန်းတီးခြင်းဖြစ်ဖြစ်၊ လူတစ်ယောက်က အခြားတစ်ယောက်၏ ဘဝကို အပြည့်အဝထိန်းချုပ်လိုက်သည့်အခါ ဒါက ဝမ်းနည်းစရာ၏ အစဖြစ်လာခဲ့သည်။
လင်းချောင်က သူ ကိစ္စတစ်ခုချင်းစီတိုင်းကို တခြားတစ်ယောက်ကို မနာလိုသောကြောင့် မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်ကြည့်၍ ဆုံးဖြတ်စေချင်ခဲ့၏။ ဒါမှသာ အနာဂတ်တွင် နောင်တမရနိုင်တော့ပေ။
သူ့ပခုံးက အနည်းငယ်တုန်ယင်လာသည်ကို ခံစားမိလိုက်တော့ သူမက အသံကို တမင်တကာ လျှော့ပြောလိုက်၏။
"မင်းကြောင့် ကျွင်းဇီနဲ့ တခြားသူတွေကို ငါ ဆူပူခဲ့ရတယ်။ မင်းပြန်မလာရင် ငါလည်း ဝေဖန်ခံရလိမ့်မယ်။ ငါက တရားဝင်အတန်းပိုင်ဖြစ်လာတာ မကြာသေးဘူး၊ ကျောင်းသားတစ်ယောက် ပျောက်သွားပြီ။ ငါဘယ်လောက်တောင် လူကြိုက်နည်းလိုက်သလဲ။"
ဒီစကားကိုပြောလိုက်သည်က ချီဟွိုင်ဝမ်ကို ဘဝဆိုသည်မှာ လူတစ်ယောက်တည်းအကြောင်းမဟုတ်ဘဲ သူ့ကို ဂရုစိုက်သည့် တခြားသူများလည်း အများကြီးရှိသေးသည်ဆိုသည့်အကြောင်း သိစေချင်သောကြောင့်ပင်။
မမျှော်လင့်ထားဘဲ ကောင်လေးက ပြန်ဖြေလိုက်၏။
"ဆရာမ၊ ကျွန်တော် တောင်းပန်ပါတယ်။"
သူ့အသံက အက်ကွဲနေပြီး လည်ချောင်းထဲ တစ်စို့နေပုံရသည့်တိုင် အစပိုင်းကဲ့သို့ ခက်ထန်သည့်ပုံမပေါ်နေတော့ပေ။
"ဒါဆို ပြန်လာပြီး စကားလုံး ၃,၀၀၀ ပါတဲ့ နောင်တရကြောင်း စာတစ်စောင်ရေးပေး။"
လင်းချောင်က တင်းတင်းမာမာပြောလိုက်၏။
ကောင်လေးက ခဏလောက် တိတ်ဆိတ်သွားပြီး ပြောလိုက်၏။
"ဆရာမလင်၊ ကျွန်တော် ဆရာမကို ဖက်လို့ရမလား။"
ဒီတောင်းဆိုမှုက ရုတ်တရက်ဆန်သော်လည်း သူ့အမေက သူ ၁၀ နှစ်အရွယ်မှာ ဆုံးပါးသွားသည်ဆိုသည်ကို ထည့်တွေးလိုက်တော့ လင်းချောင်စိတ်ထဲနူးညံ့သွားပြီး ပြောလိုက်သည်။
"လီရှောင်ချို့ပြောသလို မင်းကလည်း ငါ့ကို မင်းအမေနဲ့တူတယ်လို့ မပြောသရွေ့တော့ ရပါတယ်။"
ချီဟွိုင်ဝမ်က တုံ့ဆိုင်းနေခဲ့ပေမဲ့ နောက်ဆုံးတော့ လှည့်ပြီး သူမကို ယဉ်ကျေးစွာ၊ ထိန်းချုပ်ထားသည့်ပုံစံမျိုးနှင့် ဖက်လိုက်သည်။ သူမ၏ ကိုယ်ခန္ဓာကိုလည်း မထိခဲ့ပေ။ လင်းချောင်ကတော့ နားအနီးတွင် သဲ့ရှိုက်သံသဲ့သဲ့ကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
သူမက ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့၏။ သူမ၏အံ့သြပြီး မျက်လုံးပြူးနေသော တူကိုမြင်လိုက်ရတော့ သူမက လက်ကို ညင်သာစွာမြှောက်ပြီး အဆင်ပြေကြောင်း အချက်ပြလိုက်ကာ အသံမပြုဖို့ ပြောလိုက်သည်။
ကျိဇယ်က ချီဟွိုင်ဝမ်ကိုမြင်တော့ ပိုလို့ မကျေမနပ်ဖြစ်သွားခဲ့သည်။ သူက သူ့အဒေါ်ကို အလုပ်ကူလုပ်ပေးနေတုန်း ဒီသူကတော့ သူ့အဒေါ်ကို ဖက်နေ၏။ သူ့ဦးလေးသာသိသွားလျှင်...
တည်ငြိမ်ပြီး ခပ်တည်တည်နေတတ်သည့် သူ့ဦးလေးက အကြောင်းအရာကိုသိလျှင်တော့ ဂရုစိုက်မည်မဟုတ်။ သို့သော် ကျိဇယ်ကတော့ သူတို့နှစ်ယောက်ခွဲသွားသည်အထိ စိတ်မအေးနိုင်ဘဲ ကြည့်နေခဲ့သည်။
"ဒီရက်ပိုင်း ဘယ်မှာနေလဲ။ မင်းပစ္စည်းတွေကို သွားသိမ်းလိုက်။"
"ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာပါ။"
ချီဟွိုင်ဝမ်၏ မျက်လုံးများက နီရဲနေသော်လည်း လူကတော့ ငြိမ်သက်နေ၏။ သူက အလုပ်သမားခေါင်းဆောင်ကို သူအလုပ်ထွက်မည့်အကြောင်း ပြောလိုက်ပြီး အနီးအနားက ယာယီတဲလေးထဲသို့ သူ့အိတ်သွားယူလိုက်၏။ သူက တစ်ဝက်တစ်ပျက်သာ အလုပ်လုပ်ခဲ့ရသောကြောင့် ဘာမှပြန်မရခဲ့ပေ။ သို့သော် အလုပ်သမားခေါင်းဆောင်ကတော့ သူသည် ထွက်ပြေးလာသည့်ကလေးဖြစ်ပြီး သူ့မိသားစုက လာရှာသွားခြင်းဖြစ်သောကြောင့် ဘာမှမပြောခဲ့တော့ပေ။
ချီဟွိုင်ဝမ် ပစ္စည်းများထုပ်ပိုးနေသည်ကို ကြည့်ပြီး လင်းချောင်က ကျိဇယ်ကို ကျေးဇူးတင်စကားပြောလိုက်၏။
"ဒီတစ်ခါ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
"ကိစ္စမရှိပါဘူး၊ ကူညီပေးရလို့ ဝမ်းသာပါတယ်။"
ကျိဇယ်က လင်းချောင်ကို ကူညီပေးရသည်က သူမအနားတွင် ရှိနေရသည်ကို ပို၍ စိတ်အေးစေသည်ဟု ခံစားရသည်။
လာတုန်းကတော့ တစ်ယောက်တည်းဖြစ်သော်လည်း ပြန်တော့ နှစ်ယောက်ဖြစ်သွားလေပြီ။ ချီဟွိုင်ဝမ်က လင်းချောင်ဘေး ထိုင်နေပြီး သူမ၏ လက်များကို ကြည့်နေခဲ့၏။
"နည်းနည်းနီသွားတာပါ၊ မနာပါဘူး။"
လင်းချောင်က သူမလက်ချောင်းများကို လှုပ်ရှားပြလိုက်တော့ ကောင်လေးက ပြတင်းပေါက်အပြင်ကို ပြန်ကြည့်လိုက်ပြီး စိတ်မသက်မသာဖြစ်နေခဲ့သည်။
သူ့ကိုကျောင်းကို ပြန်ခေါ်လာခဲ့သည့် လင်းချောင်က ပန်ဒါဝက်ဝံကြီးတစ်ကောင်ကို ပြန်ခေါ်လာသလိုပင်။ သူ့ကိုမြင်သူတိုင်းအားလုံး ကြည့်နေကြ၏။
ဆရာပိုင်ကတော့ အကဲအပိုဆုံးပင်။
"သူ့ကို ရှာတွေ့ခဲ့တာလား။ မင်းက ဆရာမလုပ်နေတာ နိုင်ငံအတွက် ဆုံးရှုံးမှုဖြစ်နေပြီ။ လူတွေနဲ့ ပစ္စည်းတွေ ရှာတဲ့နေရာမှာ အထူးပြုတဲ့ရဲအရာရှိတစ်ယောက်ပဲ ဖြစ်သင့်တယ်။"
သူက သူမကို ရဲခွေးဖြစ်သင့်သည်ဟု ဘာလို့တိုက်ရိုက် မပြောလိုက်သည်လဲ။
လင်းချောင်က ဘာမှမပြောနိုင်ခဲ့ဘဲ သူ့ကို အတန်းထဲ ပြန်ပို့ပေးလိုက်၏။
"နေ့လယ်ခင်းတစ်ခုလုံးက ကိုယ်တိုင်စာကြည့်ချိန်ပဲ။ မင်းလွတ်သွားတဲ့ သင်ခန်းစာတွေကို ပြန်လိုက်လုပ်လိုက်။"
ချီဟွိုင်ဝမ်က တုံ့ဆိုင်းနေခဲ့သော်လည်း ခေါင်းညိတ်လိုက်၏။ သူက အနောက်တံခါးမှ ဝင်ဝင်ချင်းတွင် ကျွင်းဇီက သူ့ပေါ်ခုန်အုပ်လိုက်၏။
"ချီဟွိုင်ဝမ် ပြန်လာပြီ။"
"ဘာ! ချီဟွိုင်ဝမ် ပြန်လာပြီ!"
အခြားအတန်းဖော်များကလည်း ကြားပြီးသည်နှင့် ဝိုင်းအုံလာကြ၏။
"ချီဟွိုင်ဝမ်၊ ဒီရက်ပိုင်း မင်းဘယ်ရောက်နေတာလဲ။ ဒုကျောင်းအုပ်ကြီးချီ ဆေးရုံတက်နေရတယ်ဆိုတာ သိလား။"
ဒုကျောင်းအုပ်ကြီးချီအကြောင်းကို ပြောလိုက်သည့်အခါ သူငယ်ချင်းများ၏ စိုးရိမ်မှုကြောင့် ပူနွေးလာခဲ့သည့် ချီဟွိုင်ဝမ်၏ မျက်လုံးများက အေးစက်သွားပြန်၏။
ကျွင်းဇီက တစ်ခုခုမှားနေပြီဆိုသည်ကို သိလိုက်ပြီး ထိုလူကို အမြန်ဆွဲဖယ်လိုက်ကာ စကားကို အလျင်အမြန်ပြောင်းပြောလိုက်သည်။
"ဆရာမလင်းက မင်းကိုရှာတွေ့တာလား။ ဆရာမလင်းက အံ့ဩစရာကောင်းလိုက်တာ!"
ထိုအချိန်မှာပဲ အဖွဲ့ခေါင်းဆောင်ကောက အလျင်အမြန်ပြေးလာခဲ့သည်။
"ဟွိုင်ဝမ်ကို ရှာတွေ့ပြီလို့ကြားတယ်။"
"ခုလေးတင် ရှာတွေ့တာ၊ ဒုကျောင်းအုပ်ကြီးချီကို သတင်းမပို့ရသေးဘူး။"
လင်းချောင်က တိုးတိုးလေးပြောလိုက်၏။
"ဒါဆို သူ့ကို စစ်ဆေးရုံကို ခေါ်သွားလိုက်ပါ။ ကျောင်းအုပ်ကြီးချီရဲ့အခြေအနေက မကောင်းဘူး၊ ဒီဆေးရုံက သေးတယ်။ သူတို့က စစ်ဆေးရုံကို ပြောင်းဖို့ အကြံပြုပြီး ဒီမနက်ကမှပြောင်းလိုက်တာ။"
"ကျွန်တော် မသွားဘူး။"
မထင်မှတ်ဘဲ ကောင်လေးက ကြားသွားပြီး နောက်တံခါးတွင် အေးစက်စွာရပ်နေခဲ့သည်။
"ဒီကိစ္စက..."
သူ့စိတ်ထဲက အခက်အခဲကို သိနေသည့် အဖွဲ့ခေါင်းဆောင်ကောက သူ့ကိုရှာတွေ့သည်ကတောင် ခက်ခဲနေပြီဟု ခံစားရပြီး လင်းချောင်ကို လှမ်းကြည့်လိုက်သည်။ လင်းချောင်က အဖေနှင့်သားကြားမှ ပဋိပက္ခကို ဖြေရှင်းပေးနိုင်မည်ဟု သူထင်နေပုံပင်။
သို့သော် လင်းချောင်ကတော့ ကောင်လေးကို ပြောလိုက်၏။
"ဒါဆိုလည်း မသွားနဲ့။ မင်းပြန်လာပြီဆိုတာကို ငါသွားပြောလိုက်မယ်။"
ကောင်လေးက တုံ့ဆိုင်းနေခဲ့ပြီး အဖွဲ့ခေါင်းဆောင်ကောက ပိုလို့တောင် အံ့အားသင့်သွား၏။
လင်းချောင်က ကောင်လေး၏ ပခုံးကို ပုတ်လိုက်သည်။
"ပြန်သွားလိုက်တော့။ မင်းကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မင်းကို ခွင့်လွှတ်ခိုင်းလို့ မရဘူး။"
တခြားသူများက သူ့ကို စည်းရုံးပြီး သူ့အဖေအတွက်လည်း မလွယ်ကူပါဘူးဟု ပြောနိုင်သော်လည်း လင်းချောင်တစ်ယောက်တည်းကသာ ဘယ်သူမှ သူ့ကို ခွင့်လွှတ်ခိုင်း၍ မရဘူးဟု ပြောခဲ့သည်။
ချီဟွိုင်ဝမ်က နှုတ်ခမ်းများကို စေ့လိုက်ပြီး ရုတ်တရက်စိတ်ပြောင်းသွား၏။
"ကျွန်တော် သွားမယ်။"
သူ၏ ကြည်လင်သည့်မျက်လုံးများက လင်းချောင်ကိုကြည့်ပြီး တဖြည်းဖြည်းခိုင်မာလာခဲ့၏။
"ကျွန်တော် ကိုယ်တိုင် သူ့ကို သွားပြောမယ်။"
နေဝင်စတွင် သူတို့အဖွဲ့လိုက် စစ်ဆေးရုံကို အလျင်အမြန် သွားခဲ့ကြ၏။ လင်းချောင်က လူနာဆောင်ထဲ ဝင်ဝင်ချင်းတွင် ရင်းနှီးသည့် အသံခပ်တိုးတိုးကို ကြားလိုက်ရ၏။
"အခြေအနေက ဘယ်လိုလဲ။"
"သိပ်မကောင်းဘူး။ အဓိကက သူ့စိတ်အခြေအနေ မတည်ငြိမ်တာ။ သူစိတ်လှုပ်ရှားနေတယ်။"
သူမအလျင်အမြန် နှစ်လှမ်းတိုးလိုက်တော့ အမျိုးသားတစ်ယောက်က ဆရာဝန်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရပါတယ်။ သူက ပခုံးကျယ်ပြီး ခြေတံရှည်၏။ သူ့ယူနီဖောင်းအောက်တွင် ထူးခြားသည့် ခန္ဓာကိုယ်တည်ဆောက်ပုံရှိနေခဲ့သည်။
သူမက မျက်ခုံးပင့်လိုက်သည်။
ဒါက ရက်အတော်ကြာ အပြင်ရောက်နေသည့် သူမခင်ပွန်း မဟုတ်ဘူးလား။ သူက အဝေးကြီးသွားရမည်ဟုပြောခဲ့ပြီး ဒီကိုရောက်နေသည်။
လင်းချောင်၏ခြေသံကို အာရုံခံမိလိုက်တော့ ချီဟွိုင်ဝမ်က "ဆရာမလင်း" ဟုတိုးတိုးလေး ခေါ်လိုက်၏။
သူ့အသံက အတော်တော်လေး တိုးသော်လည်း လေ့ကျင့်ထားသည့်နားရှိသော အမျိုးသားက ချက်ချင်းလှည့်ကြည့်လိုက်ပြီး လင်းချောင်နှင့် မျက်လုံးချင်းဆုံသွားခဲ့သည်။
ကျိသော် ခဏတာ အံ့အားသင့်သွားပေမဲ့ လင်းချောင်ကတော့ လက်ထောင်ပြီး သူ့ကို နှုတ်ဆက်လိုက်၏။
"တိုက်ဆိုင်လိုက်တာ ကပ္ပတိန်ကျိ"
သူ့ဇနီး၏ နှုတ်ဆက်စကားကို ခံယူလိုက်ရသည့် ကပ္ပတိန်ကျ်ိကတော့ စကားမပြောနိုင်တော့ပေ။
သူဘာမှမပြောခင်မှာပဲ လင်းချောင်က လှေကားဘက်ကို ညွှန်ပြလိုက်သည်။ "ကျွန်မ အရင်တက်နှင့်လိုက်မယ်။"
ကောင်လေးကိုလည်း ချက်ချင်းခေါ်သွားလိုက်၏။
သူတို့ထွက်သွားသည်နှင့် စူးကျန့်က အလျင်အမြန်ပြေးလာခဲ့သည်။
"ဒုကျောင်းအုပ်ကြီးချီ ဘယ်လိုနေလဲ။"
"သိပ်မကောင်းဘူး။"
ကျိသော်က ဆရာဝန်၏ စကားကို ပြန်ပြောပြလိုက်ပေမဲ့ သူ့မျက်နှာအမူအရာကတော့ အခြေအနေက ပိုပြီးဆိုးနိုင်သည်ဆိုသည်ကို ပြသနေခဲ့သည်။
စူးကျန့်၏ မျက်နှာအမူအရာကပြောင်းသွားခဲ့သည်။
"အမှန်အတိုင်းပြောပါ။ ငါလက်ခံနိုင်ပါတယ်။"
ထို့နောက် သူက ကျိသော်၏ စူးရှသည့်အကြည့်ကို ခံလိုက်ရ၏။
စူးကျန့်က ထပ်မေးချင်သေးသော်လည်း ကျိသော်၏ ခြေလှမ်းများကတော့ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ သူတို့သွားမည့် အထက်တန်းအထပ်မှ လူနာဆောင်ဘက်ကို ဦးတည်မနေခဲ့ပေ။
စိတ်ရှုပ်ထွေးနေတုန်းမှာပဲ စင်္ကြံထဲမှ ရင်းနှီးသည့် အမျိုးသမီးအသံကို ကြားလိုက်ရ၏။
"မင်းရဲ့ဇနီးလား။"
"ဟုတ်တယ်။"
"ခုလေးတင် သူမနဲ့ မင်းတွေ့ခဲ့တာလား။"
"ဟုတ်တယ်။"
"အိမ်မပြန်ဘဲ၊ သူမကိုမပြောဘဲ ဒီကို တန်းလာခဲ့တာလား။"
"ဟုတ်တယ်။"
"မင်း ဘာလို့ဒီရောက်နေတာလဲဆိုတာရော သူမ သိလား။"
ကျိသော်၏ ခြေလှမ်းများက ထပ်ပြီး ရပ်တန့်သွားပြန်၏။
"မသိထားဘူး။"
"ဒါဆို မင်းတော့ ဒုက္ခရောက်ပြီ။"
အခန်း၏ မျက်နှာစာမှ လူနာဆောင်များရှိသော စင်္ကြန်လမ်းများ အမြဲလိုလို တိတ်ဆိတ်နေသည်ကို တွေ့ရတတ်သည်။။ လှေကားထစ်အနည်းငယ်တက်ရုံနှင့် တက်နေသော လူနှစ်ယောက်၏ ခြေသံများကိုသာ ကြားနေရ၏။
ချီဟွိုင်ဝမ်က လင်ချောင်ကို လှမ်းကြည့်ပြီး မေးလိုက်သည်။
"ခုနက ဘယ်သူလဲ ဆရာမ။"
သူက ကျိသော်ကို တစ်ခါ တွေ့ဖူးပြီးသားဖြစ်သည်။ ထိုအချိန်တုန်းက လီရှောင်ချို့၏အမေက သမီးဖြစ်သူကိုလာကြည့်ချိန်ဖြစ်ပြီး ကျိသော်က လင်းချောင်ကို ဆပ်ပြာရည်ဘူးများ ကူသယ်ကာ ကျောင်းသို့ပို့ပေးခဲ့သည်။ သို့သော် ကျိသော်ကလည်း ကားပေါ်မှ မဆင်းခဲ့ဘဲ၊ သူကလည်း အဝေးကြီးကနေသာ မြင်ခဲ့ခြင်းဖြစ်သည်။ သူတို့ နှစ်ဦးသား ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင်တွေ့ခြင်းကတော့ ခုနက အောက်ထပ်တွင်သာဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ကျိသော်၏ အရှိန်အဝါက အားကောင်းသည်။ ပခုံးပေါ်တွင် ရာထူးတံဆိပ်မပါသည့်တိုင် သူ၏ ရာထူးအဆင့်အတန်းက ထင်ရှားနေ၏။
သူ၏ဟန်ပန်နှင့်အတူ ထူးခြားသည့် ရုပ်ရည်ကလည်း သိသာထင်ရှားနေသည်။ ထို့အပြင် လင်းချောင်၏ သူ့အပေါ်ပြုမူသည့် အမူအရာက အတော်လေး ရင်းနှီးနေပုံရ၏။ သို့သော် သူမက သူ့ကို ကပ္ပတိန်ကျိဟု ခေါ်ခဲ့သည်။
သူမေးလိုက်သည့်အသံကိုကြားတော့ လင်းချောင် လှည့်ကြည့်လိုက်ရာ ကောင်လေး၏ အေးစက်နေသည့် မျက်လုံးများက ကြမ်းပြင်ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူက လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပြီး အခုမှ စပြီး စကားပြောခြင်းဖြစ်၏။
လင်းချောင်က သူ ဒုကျောင်းအုပ်ကြီး ချီကို သွားတွေ့တော့မည်ဆိုသည်က်ို သိနေသည်။ သူ့ရင်ထဲတွင်လည်း မငြိမ်မသက်ဖြစ်နေမည်မှာ သေချာ၏။ သူမက သူ့စကားအတိုင်း ပြန်ပြောလိုက်သည်။
"အဲ့ဒါက မင်းဆရာမရဲ့ ယောက်ျားလေ။"
"ဆရာမရဲ့ ယောက်ျား" ဆိုသည့် စကားလုံးက ကျိသော်နှင့်တော့ ဘာမှ မသက်ဆိုင်နေသလိုပင်။
ချီဟွိုင်ဝမ်၏ မျက်နှာအမူအရာက ငြိမ်သက်သွားသည်ကို သိသိသာသာ တွေ့လိုက်ရ၏။
"ဘာလို့ သူ ဒီကို ရောက်နေတာလဲ။ ဆရာမတို့မိသားစုထဲက တစ်ယောက်ယောက် နေမကောင်းလို့လား။"
သူက လင်းချောင်ကို မကြည့်ခဲ့သော်လည်း ဒီမေးခွန်းထဲတွင်တော့ စိုးရိမ်စိတ် အချို့ပါနေခဲ့သည်။ လင်းချောင်ပြုံးလိုက်သည်။
"ဘယ်သူသိမှာလဲ။ ပြန်ရောက်တော့မှ သူ့ကို မေးကြည့်လိုက်မယ်။"
သူမ မသိဘူးလား။ ဒီတစ်ကြိမ်မှာတော့ ကောင်လေးက အံ့အားသင့်စွာနှင့် သူမကို လှည့်ကြည့်လိုက်သည်။