အခန်း (၆၉)
Vol. 6 Ch. 69
လင်းချောင်က လှေကားပေါ်မှ ခပ်မြင့်မြင့်နေရာသို့ ရောက်နေသည်ကို အခွင့်ကောင်းယူပြီး သူ့ခေါင်းကို လှမ်းပုတ်လိုက်သည်။
"ငါတို့ ရောက်တော့မယ်။ ကောင်းကောင်းမွန်မွန်ပဲ စကားပြောလိုက်ပါ။ မင်းကို သူ့ကို ခွင့်လွှတ်လိုက်ဖို့ ဘယ်သူမှ မတောင်းဆိုပါဘူး။"
အငယ်တစ်ယောက်ကို နှစ်သိမ့်ပေးသည့် လူကြီးတစ်ယောက်၏ ရှင်းလင်းသည့် အပြုအမူကြောင့် ကောင်လေး တိတ်ဆိတ်သွားတော့သည်။ သူက ခေါင်းကိုငုံ့ပြီး သူမနှင့်အတူ စင်္ကြန်လမ်းထဲကို ဝင်သွားလိုက်၏။
ဒုကျောင်းအုပ်ကြီးချီက ခုတင်လေးခုပါသည့် သာမန်လူနာခန်းတွင် ရှိနေသည်။ သူက အပြင်ဘက်နှင့်နီးသော အလယ်အိပ်ရာတွင်ဖြစ်ပြီး သူ့ဘေးတွက်တော့ အခြားသက်ကြီးပိုင်း လူနာများ ရှိနေသည်။ သူ့ကို ပြုစုစောင့်ရှောက်ပေးနေသည့် အမျိုးသမီးတစ်ဦးက ရေနွေးအိုးတစ်အိုး ယူလာပြီး ခုတင်ဘေးစားပွဲပေါ်တင်ပေးလိုက်သည်။
"ရှင့်မိသားစုတွေက ဘယ်မှာလဲ။ ဘာလို့ တစ်ယောက်တည်း ဒီကိုရောက်နေတာလဲ။"
ဒုကျောင်းအုပ်ကြီးချီက နွေးထွေးစွာ ပြုံးလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
"စစ်ဆေးဖို့အတွက်ပဲ ပြောင်းရွှေ့လာတာပါ။ စိုးရိမ်စရာ ဘာမှမရှိလို့ မိသားစုကို မပြောဖြစ်လိုက်ပါဘူး။"
ထိုသို့ပြောလိုက်ပြီးနောက် သူက တံခါးဝတွင်ရှိနေသော လင်းချောင်နှင့် ချီဟွိုင်ဝမ်တို့ကို မြင်လိုက်ရပြီး ငြိမ်သက်သွားခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပဲ သားအဖနှစ်ဦးစလုံး ပိန်သွားကြ၏။ သူတို့က လူနာခန်း၏ တစ်ဝက်လောက် အကွာအဝေးမှ အချင်းချင်း ကြည့်နေကြသည်မှာ မမြင်နိုင်သည့် အဆုံးမရှိသော အကွာအဝေးတစ်ခုဖြင့် သူတို့ကို ခွဲခြားထားသလိုပင်။
တစ်ယောက်က စိုးရိမ်ပူပန်ပြီး အပြစ်ရှိသလိုခံစားရကာ ဘာပြောရမှန်း မသိဖြစ်နေ၏။ နောက်တစ်ယောက်ကတော့ ခေါင်းမာမှုများနှင့် ပြည့်နှက်နေပြီး စကားလုံးတစ်လုံးမှ မပြောချင်ပေ။ လင်းချောင်ကတော့ အေးဆေးတည်ငြိမ်နေပြီး ပြုံးလျက်ဝင်လာ၏။
"ဆရာ့ကို စစ်ဆေးဖို့အတွက် စစ်ဆေးရုံဘက်ကို ပြောင်းလိုက်တယ်လို့ ကြားလို့ ချီဟွိုင်ဝမ်နဲ့ ကျွန်မ လာတွေ့တာပါ။"
လူနာခန်းထဲတွင် လူအများကြီးရှိနေသောကြောင့် တချို့အရာများကို ပြောပြရန်က အဆင်မပြေပေ။ ဒုကျောင်းအုပ်ကြီးချီက ချက်ချင်း တုံ့ပြန်လိုက်၏။
"ငါ အဆင်ပြေပါတယ်။ စစ်ဆေးဖို့အတွက်ပဲ လာခဲ့တာပါ။"
ပြောရင်းနှင့် သူ့မျက်လုံးများကလည်း ချီဟွိုင်ဝမ်ကို ကြည့်နေခဲ့သည်။
လင်းချောင်က သတိထားမိလိုက်သောကြောင့် ပြောလိုက်သည်။
"ကျွန်မ ဘီးတပ်ကုလားထိုင်တစ်လုံး ငှားလိုက်ဦးမယ်။ ဆရာ့ကို အပြင်ဘက်မှာ လေကောင်းလေသန့်ရှူဖို့ခေါ်သွားပေးမယ်။ ရာသီဥတုကလည်း ကောင်းနေတယ်။"
"မလိုပါဘူး၊ ကိုယ့်ဘာသာ လမ်းလျှောက်နိုင်ပါတယ်။"
ဒုကျောင်းအုပ်ကြီးချီက ထိုသို့ပြောပြီး အိပ်ရာမှ ထရန်ကြိုးစားလိုက်သော်လည်း ချီဟွိုင်ဝမ်က အရင်ထွက်သွားလိုက်သည်။
"ကျွန်တော် တစ်ခုသွားငှားလိုက်မယ်။"
မကြာခင်မှာပဲ သူက သူနာပြုဌာနမှ ဘီးတပ်ကုလားထိုင်တစ်လုံးကို ငှားလာခဲ့၏။ လင်းချောင်က သူ့ကို ကုလားထိုင်ပေါ်ထိုင်နိုင်ရန် ကူညီပေးလိုက်သော်လည်း နောက်မှ ဆက်လိုက်မသွားခဲ့ပေ။ သူတို့သားအဖကို လူနာဆောင်ထဲမှ အပြင်ဘက်သို့ပို့ပေးပြီးနောက် သူမက ရပ်လိုက်ပြီးပြောလိုက်သည်။
"ကျွန်မ ဆရာဝန်ကို ဘယ်လောက်အထိ စစ်ဆေးဖို့လိုသေးလဲဆိုတာ သွားမေးလိုက်ဦးမယ်။"
ချီဟွိုင်ဝမ်က သူမကို လှမ်းကြည့်လိုက်ရာ သူမကလည်း အားပေးသည့် အပြုံးမျိုးပြန်ပြုံးပြလိုက်သည်။ ကောင်လေးက မျက်လွှာချလိုက်ပြီး ဘီးတပ်ကုလားထိုင်ကို တွန်းသွားလိုက်သည်။
ခဏအကြာမှာတော့ ကြမ်းပြင်ပေါ်မှ ဘီးသံများသည် စင်္ကြန်လမ်းအဆုံးရှိ ပြတင်းပေါက်နားတွင် ရပ်သွားခဲ့သည်။
နေဝင်ချိန် ရောက်လာတော့ ဆေးရုံ၏ စင်္ကြန်လမ်းမီးများ လင်းလာ၏။ သူတို့၏ အရိပ်များသည်လည်း ပြတင်းပေါက်မှန်ထဲတွင် ထင်ဟပ်နေခဲ့သည်။ မှိန်ဖျော့ဖျော့ အလင်းရောင်ထဲ၌ သူတို့သည် အလွန် ပုံစံတူနေသလိုလို၊ တစ်ခုခုက ကွဲပြားနေသလိုပင်။
ဒုကျောင်းအုပ်ကြီးချီက လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"မင်းနဲ့ မင်းအမေကို ငါ တောင်းပန်ပါတယ်။"
"ဆရာမလင်းက ကျွန်တော့်ကို ရှာပြီး ပြန်ခေါ်လာတာပါ။"
သားအဖနှစ်ယောက်က တစ်ချိန်တည်း၌ စကားပြောလိုက်ကြပြီး သူတို့၏ အကြည့်များက ပြတင်းပေါက်မှန်ထဲ ခဏလောက်ဆုံသွားကာ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြတော့သည်။
ဒီအချိန်အတောအတွင်းတွင် လင်းချောင်က ဒုကျောင်းအုပ်ကြီးချီ၏ ကျန်းမာရေးအခြေအနေကို မေးမြန်းနေခဲ့သည်။
သူက ညတိုင်း အနားမယူနိုင်သလို အိပ်လည်းမအိပ်နိုင်ခဲ့ပေ။ ပုံမှန်ကျန်းမာသူတစ်ယောက်တောင် ဒါကို ခံနိုင်ရည်မရှိသည့်အတွက် နှလုံးရောဂါရှိသူကိုတော့ ထည့်ပြောစရာမလိုပေ။ သို့သော် အခြေအနေများက ဒီလိုဖြစ်နေပြီဖြစ်သည့်အတွက် ဒုကျောင်းအုပ်ကြီးချီက တာဝန်အပြည့်အဝယူရမည်။ လင်းချောင်ကလည်း သူ့အတွက်နှင့် ချီဟွိုင်ဝမ်ကို ဖျောင်းဖျပေးမည် မဟုတ်ပေ။
မေးမြန်းပြီးနောက်မှာတော့ သူမက ရုံးခန်းထဲမှ ထွက်လာခဲ့ပြီး သူနာပြုဌာနတွင် ရင်းနှီးသည့်သူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဒါက အံ့အားသင့်စရာပင်။ ကပ္ပတိန်ကျိက ဒီအထပ်ကိုလည်း လာ၏။
လင်းချောင် ရပ်လိုက်ပြီးနောက် ထိုလူက သူနာပြုကို မေးနေသည်ကို ကြားလိုက်ရ၏။
"ခုနက ဒီလောက်အရပ်ရှိတဲ့ အမျိုးသမီးတစ်ယောက်၊ မျက်လုံးထောင့်မှာ မှဲ့အသေးစားလေးတစ်ခုနဲ့လေ။ သူမ ဘယ်လူနာဆောင်ကို သွားလဲ သိလား။"
သူက သူမကို ရှာနေသည်လား။
ကျိသော်က အပေါ်ထပ်မှ အခုလေးတင် ဆင်းလာခြင်းဖြစ်ပြီး စူးကျန့်ကို အဘိုးကု၏ လူနာခန်းကို ပို့ပေးခဲ့သည်။ ပို့လိုက်ပြီးနောက် လင်းချောင်ကို လာရှာခဲ့ခြင်းဖြစ်၏။
စူးကျန့်က "မင်းတော့ သွားပြီ" ဟူ၍ ချဲ့ကားပြောခဲ့ပေမဲ့ သူက အမှားကြီး လုပ်ထားခဲ့သည်တော့ မဟုတ်။ ကျိသော် အလျင်စလို ထွက်သွားခဲ့ရသည့်အတွက် လင်းချောင်ကို အများကြီး မရှင်းပြလိုက်ရသလို ပြန်ရောက်တော့လည်း အိမ်မပြန်ရသေးပေ။ ဒီနေရာတွင် သူမကို တွေ့လိုက်ရသည်က အထင်အမြင်လွဲမှားမှုများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်၏။
လင်းချောင်ကတော့ ဘာကိုမှ အထင်အမြင်လွဲမှားသည့်ပုံ မပေါ်သော်လည်း ကျိသော်ကတော့ မရှင်းလင်းသည့်ကိစ္စများကို ဒီအတိုင်း ထားခဲ့တတ်သူ မဟုတ်ပေ။ သူတို့ တွေ့လိုက်ချိန်ကတည်းက သူ ရှင်းပြရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဒါ့အပြင် လင်းချောင်ကို ဆေးရုံတွင် တွေ့လိုက်ရသည့်အတွက် တစ်ခုခုများ ဖြစ်နေသလားဆိုသည်ကိုလည်း သူ သိချင်နေ၏။
သူနာပြုက အခြားတစ်ခုခုကို မေးလျှင် မှတ်မိမည်မဟုတ်သော်လည်း လင်းချောင်၏ ထူးခြားသည့်မှဲ့ကြောင့် သူမကို ချက်ချင်းမှတ်မိသွား၏။ သူနာပြုက သတိရသွားပြီး ပြောလိုက်၏။
"သူမ အခုလေးတင် ဆရာဝန်ရုံးခန်းထဲကို ဝင်သွားတယ်။"
သူက ကျေးဇူးတင်စကား ပြောပြီး လှည့်လိုက်တော့ ရုံးခန်းတံခါးဝတွင် ရပ်နေသည့် လင်းချောင်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများကလည်း သူ့ကို ကြည့်နေ၏။ အကြောင်းရင်း တစ်ခုခုကြောင့် ကျိသော်၏ စိတ်ထဲတွင် စကားစုတစ်ခုက လင်းခနဲပေါ်လာခဲ့သည်။
"ကျိသော် မင်းတော့သွားပြီ။"
ဒီအရာက သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်စေသော်လည်း သူက ထိုအတွေးကို ချက်ချင်း ဖယ်ရှားပစ်လိုက်ပြီး လင်းချောင်ဆီ လျှောက်သွားရင်း အသံတိုးတိုးနှင့် မေးလိုက်သည်။
"ဘယ်သူ ဆေးရုံတက်နေတာလဲ။"
လင်းချောင်လည်း နားလည်သွားပြီး ပြန်ပြောလိုက်သည်။
"ကျွန်မတို့ကျောင်းရဲ့ ဒုကျောင်းအုပ်ကြီးလေ၊ ကျွန်မအတန်းက ကျောင်းသားတစ်ယောက်ရဲ့ မိဘလည်းဖြစ်တယ်။ ဒီကို အခုလေးတင် ပြောင်းလာတာပါ။ ကျွန်မလည်း ကျောင်းသားကို ခေါ်ပြီး လာတွေ့တာ။"
ကျိသော်က ယခုနက ကျောင်းသားတစ်ယောက်နှင့်အတူ သူမကို တွေ့ခဲ့သည်ကို မှတ်မိနေပြီး ထပ်ပြီးမမေးတော့ပေ။
"ခဏလောက် ကိုယ်နဲ့ လိုက်ခဲ့ပါဦး။"
ဒါကရော ဘာအကြောင်းဖြစ်ပြန်ပြီလဲ။
လင်းချောင် နားမလည်သော်လည်း သူ့နောက်မှလိုက်ကာ အနီးနားရှိ လှေကားဘေးသို့ ရောက်သွားခဲ့သည်။ သူတို့ ရပ်လိုက်သည်နှင့် သူက ပြောလိုက်၏။
“ကိုယ့်အသိ လူကြီးတစ်ယောက်က အပေါ်ထပ်မှာ ဆေးရုံတက်နေတယ်။”
အစကားမရှိ၊ တည့်တိုးပြောချလိုက်ခြင်းပင်။
သူ အစောပိုင်းက ဆရာဝန်ကို အခြေအနေများ မေးနေသည်ကို ကြားလိုက်ရသဖြင့် လင်းချောင်က အခြေအနေကိုတော့ ခန့်မှန်းမိထားသည်။ ကျိသော်က အမြဲတမ်း တည့်တိုးဆန်ပြီး အချိန်ဆွဲကာ စကားမပြောတတ်သူဖြစ်သည်။ ယခုလို အထူးတလည် ဆင်းလာပြီး ပြောပြခြင်းက အခြားကိစ္စတစ်ခုခု ရှိပုံရ၏။
လင်းချောင်ကလည်း တည့်တိုးပင် ပြန်မေးလိုက်သည်။
“ပိုက်ဆံကိစ္စလား။ ကျွန်မမှာ အများကြီးမပါဘူး၊ ဒါပေမဲ့ သွားယူပေးလို့ရပါတယ်။”
ကျိသော်အတွက် ဒါက လုံးဝမျှော်လင့်မထားသည့် စကားဖြစ်သောကြောင့် ခဏတာ ဆွံ့အသွားခဲ့၏။ ခဏအကြာမှ ပြန်ပြောနိုင်ခဲ့သည်။
“မဟုတ်ဘူး၊ ဆေးဖိုးဝါးခ ကိစ္စက ပြီးသွားပြီ။ ပေးစရာမလိုပါဘူး။”
ဒါဆို ဘာလို့ ဆင်းလာပြီး ပြောပြရသည်လဲ။ အထင်လွဲမည်ကို စိုးသောကြောင့်လား။ မဖြစ်နိုင်သည်တော့ မဟုတ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက် ပြီးခဲ့သည့်လက ယုံကြည်မှုအကြောင်း ပြောခဲ့ကြပြီး သူမက သူ့ကို လုံလောက်စွာမယုံကြည်နေဘူးဟုလည်း သူက အတင်းပြောခဲ့သေးသည်။
လင်းချောင်က သူ စိတ်ချသွားစေရန် ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ရှင် သားဖွားမီးယပ်ဌာနကိုလာတယ်လို့ ကျွန်မ မတွေးပါဘူး။”
ဒါက ဝတ္ထုများထဲမှ အမျိုးသားဇာတ်လိုက်များအားလုံး ဖြူစင်သောကြောင့်တော့ မဟုတ်။ အဓိကကတော့ ဒီလူက သူ၏ စွမ်းရည်ကို ဘယ်နေရာတွင် အသုံးပြုလဲဆိုသည်ကို သူမ သိသောကြောင့်ပင်။ လိုအပ်လာလျှင် သူက အမြဲတမ်း စိတ်အားထက်သန်လေ့ရှိ၏။
သို့သော်လည်း သူမ၏ ဒီလို စိတ်ချရစေရန် ပြောလ်ိုက်သည့်စကားက ကျိသော်အတွက်တော့ လည်ချောင်းထဲ တစ်ခုခုနင်သွားသလို ခံစားသွားရစေသည်။ သူထွက်သွားခဲ့သည့်နေ့ကို ပြန်သတိရသွား၏။ သူမက ထိုနေ့ကလည်း ဒီအတိုင်းပင်။ ဘာကြောင့်ဟုမမေးဘဲ ဘာလုပ်ရန် လိုအပ်လဲဆိုသည်ကိုသာ မေးခဲ့၏။
ဒါက ယုံကြည်မှု မြင့်မားသည့် လက္ခဏာဖြစ်သော်လည်း ဘာကြောင့်မှန်းမသိဘဲ၊ စူးကျန့်၏ ရှင်းပြချက်များထက်ပင် သူမ၏စကားများက ပိုပြီး စိတ်မချမ်းမြေ့စရာ ခံစားရစေ၏။
ကျိသော်က ထိုစိတ်တိုစရာခံစားချက်ကို ထပ်ခံစားလိုက်ရသည့်အတွက် တည့်တိုးပြောလိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။
“စူးကျန့်နဲ့ ကိုယ့်မှာ ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့မိဘတွေက စောစောစီးစီးဆုံးသွားပြီး သူ့ထက် ခြောက်နှစ်ငယ်တဲ့ ညီမလေးတစ်ယောက်ပဲ ကျန်ခဲ့တယ်။ ၁၉၆၇ ခုနှစ်မှာ သူတို့ ပြောင်းရွှေ့နေထိုင်ကြတုန်းက သူ့ညီမလေးက အဘိုးဖြစ်သူနဲ့အတူရှိရင်း ပျောက်ဆုံးသွားခဲ့တယ်။ ဒီတစ်ခါ ကိုယ်ထွက်သွားရတာက အဲ့ဒီမိန်းကလေးကို နိုင်ငံခြားကို လူကုန်ကူးသွားတယ်ဆိုတဲ့ သတင်းရလို့ သူ့အဘိုးကို သွားခေါ်ပြီး အတည်ပြုဖို့ လိုက်သွားခဲ့တာ။”
ပျောက်ဆုံးသူတစ်ဦးအကြောင်းဖြစ်သည်ကို ကြားလိုက်ရတော့ လင်းချောင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“သူက သူ့ဘာသာသူ ပျောက်သွားတာလား၊ ဒါမှမဟုတ်…”
“မသိဘူး။”
ကျိသော်၏ မျက်နှာအမူအရာက တင်းမာသွား၏။
“ဒီလောက်တောင်ကြာနေပြီ၊ အသက်ရှင်လား သေလားဆိုတာ ဘာသတင်းအစအနမှ မရဘူး။”
သူက အမြဲတမ်းလိုလို တည်ငြိမ်ပြီး စိတ်ထိန်းချုပ်နိုင်သူဖြစ်သည်။ ဒီလို တင်းမာသည့် မျက်နှာအမူအရာမျိုးကို လင်းချောင် တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဤဇာတ်လမ်း၌ အခြားအရာများ ရှိနေသည်မှာ သေချာ၏။ ထိုသို့မဟုတ်လျှင် သူငယ်ချင်းဖြစ်သူအစား သူငယ်ချင်း၏ အဘိုးကို ဘာလို့ လိုက်ခေါ်ပေးရသည်လဲ။
သူထွက်သွားသည့်နေ့က စိတ်မကောင်းဖြစ်နေပုံပေါ်နေခဲ့သည်က ဒီကိစ္စနှင့် ဆက်စပ်နေခဲ့ပုံရ၏။
သို့သော်လည်း သူတို့၏ လက်ရှိဆက်ဆံရေးအရ ထပ်ပြီးမေးမြန်းခြင်းက ကိုယ်ရေးကိုယ်တာကိစ္စကို အလွန်အကျွံ စူးစမ်းရာရောက်မည်။
လင်းချောင်က ခဏတာ တိတ်ဆိတ်သွားပြီး မေးလိုက်ပြန်၏။
“အဘိုး အခြေအနေကရော ဘယ်လိုလဲ။”
“မကောင်းဘူး။"
“ကိုယ်တို့ အပြေးအလွှားသွားခဲ့ကြပြီးမှ အဲ့ဒီလူက အတုမှန်း သိလိုက်ရတယ်။ အပြန်လမ်းမှာတင် အဘိုးက နှလုံးရောဂါဖောက်သွားတယ်။”
လင်းချောင်က ဒီခံစားချက်ကို နားလည်နိုင်၏။ သူမ၏ ယခင်ဘဝတုန်းက လူကုန်ကူးခံရသော ကလေးများကို အသည်းအသန် လိုက်ရှာနေကြသည့် မိဘများသည် ဒီလိုမျှော်လင့်ချက်ထားကာ စိတ်ပျက်အားငယ်မှုကို ကြုံတွေ့ခဲ့ကြရ၏။
သူမက နှစ်သိမ့်စကားကို အလွယ်တကူ မပြောတတ်ပေ။
“အလောင်းကို မတွေ့သရွေ့တော့ သူ့ကို ရှာတွေ့ဖို့ မျှော်လင့်ချက် ရှိနေသေးတာပဲ မဟုတ်လား။”
ဒီစကားက လူကို ရှာဖွေရာတွင် အများကြီး အထောက်အကူ မဖြစ်စေသော်လည်း ကျိသော်က သူမ၏ နူးညံ့သည့် စကားလုံးများကို ခံစားလိုက်ရပြီး သူ့ရင်ထဲမှတင်းမာမှုများ သိသိသာသာ လျော့ပါးသွားခဲ့သည်။
ကျိသော် သူမကို ငုံ့ကြည့်ပြီး ပြောလိုက်၏။
“မင်း အပေါ်တက်ကြည့်ချင်တယ်ဆိုရင်…”
စကားလုံးများက သူ့နှုတ်ဖျားတွင်သာ ရှိနေတုန်း သူ့အနောက်ဘက်မှ ရှင်းလင်းပြတ်သားသော လူငယ်တစ်ဦး၏ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဆရာမလင်း၊ ကျွန်တော် စကားပြောလို့ပြီးပြီ။”
သူက လင်းချောင်နှင့်အတူ အောက်ထပ်တွင် ရှိနေခဲ့သည့် ကျောင်းသားလေး ဖြစ်နေ၏။ ကျိသော်က သူ့အပေါ် အထင်အမြင်တစ်ခု ရှိခဲ့သည်။ သူ့မျက်လုံးများကို ကြည့်လိုက်ရုံနှင့် ဘယ်သူ့ကိုမှ မကြောက်ရွံ့သည့်ပုံစံနှင့် အေးစက်ပြီး မာနကြီးသည့် ဟန်ပန်ကို မြင်ရသောကြောင့် သူ၏ စစ်သားများကို ဦးဆောင်လာခဲ့သည့် နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဒီကောင်လေးသည် ပြဿနာရှာတတ်သည့် ကောင်လေးတစ်ယောက်မှန်း သူသိလိုက်သည်။
သ်ို့သော် ဒီပြဿနာရှာတတ်သည့် ကောင်လေးက လင်းချောင်အရှေ့တွင်တော့ တော်တော်လေး စကားနားထောင်ပုံရ၏။ သူမက “ရန်ဖြစ်ခဲ့ကြတာလား” လို့ မေးလိုက်သည့်အခါ သူက သူမကို တစ်ချက်ကြည့်ပြီး “မဖြစ်ခဲ့ပါဘူး” ဟုပြောလိုက်၏။
ထို အကြည့်တစ်ချက်က ကျိသော်တွင် ပြောချင်သည့် စကားတစ်ခုခု ရှိသည်ဆိုသည်ကို ပြသနေ၏။ လင်းချောင်က သတိထားမိလိုက်ပြီး ကျိသော်ကို ချက်ချင်း ပြောလိုက်၏။
“ရှင်ပြောစရာ တစ်ခုခုများ ရှိသေးလား။”
လင်းချောင်က သူ့ကို အတင်းအကျပ် နှင်လွှတ်ချင်နေသည်မှာ သေချာသည်ဆိုသည်ကို ကျိသော် အာမခံနိုင်သည်။
ဘာမှန်းမသိသည့် စိတ်ရှုပ်ထွေးမှုက သူ့ရင်ထဲ ထပ်တလဲလဲ ဖြစ်ပေါ်လာ၏။ သို့သော် လင်းချောင်ကတော့ ဘာကိုမှ မသိသည့်ဟန်ဖြင့် သူမ၏ ဖီးနစ်ငှက်မျက်လုံးများ၊ ကျောင်းသား၏ မက်မွန်ပန်းမျက်လုံးများနှင့်အတူ သူ့အဖြေကို စောင့်နေခဲ့သည်။
ကျိသော် ခဏတာ ရပ်တန့်သွားခဲ့သည်။
“ပြီးရင် အောက်ထပ်မှာ ကိုယ့်ကို စောင့်နေ။ အတူတူ ပြန်ကြမယ်။”
သူ့တွင် ကားရှိသည့်အတွက်ကြောင့် အပြန်ခရီးက ပိုအဆင်ပြေလိမ့်မည်။ လင်းချောင်က မငြင်းခဲ့။ သူထွက်သွားသည်နှင့် သူမက ချီဟွိုင်ဝမ်ကို ဘေးသို့ ခေါ်သွားလိုက်သည်။
ဒီတစ်ကြိမ်တော့ ကောင်လေးက မတွန့်ဆုတ်တော့ဘဲ ပြောလိုက်၏။
“သူ ကျွန်တော့်ကို တောင်းပန်တယ်။”
သူ့မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း အောက်ကို တစ်ဝက်လောက်ငုံ့ထားသည့် မျက်ခွံများတွင်တော့ ရှုပ်ထွေးသည့်စိတ်ခံစားချက်များ ပြည့်နေခဲ့သည်။
ဒီအချိန်တွင် အသေးစိတ်ကို မေးနေစရာ မလိုတော့ပေ။ လင်းချောင်က မေးလိုက်၏။
“အခုတော့ ကျောင်းပြန်တက်နိုင်ပြီလား။”
သူမက ဘာမှထပ်မမေးတော့သည့်အတွက် ကောင်လေးက အများကြီး စိတ်ပေါ့ပါးသွားပုံရသည်။သို့သော်လည်း သူက ပြောလိုက်၏။
“သူ့ကို တကယ် မပင်ပန်းစေချင်သေးလို့ ရက်အနည်းငယ်လောက် ဆက်ပြီး ကျောင်းမတက်ချင်သေးဘူး။”
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သားအဖဖြစ်သည်။ ဘယ်လောက်ပဲ စိတ်မကောင်းစရာများ ရှိနေပါစေ၊ ဆေးရုံတွင်ရှိနေသည့် သူ့အဖေကိုတော့ လုံးဝ လျစ်လျူရှုထားလို့ မရပေ။
လင်းချောင်က ချက်ချင်း သဘောတူလိုက်၏။
“ဆရာမ ခွင့်စာ ရေးပေးလိုက်မယ်။ ဒါပေမဲ့ ပျက်သွားတဲ့ စာတွေတော့ ကိုယ့်ဘာသာ ပြန်လိုက်ရလိမ့်မယ်။”
“ဟုတ်ကဲ့။”
ဒီတစ်ခါမှာတော့ ကောင်လေးက ပိုပြီးကြာကြာ တိတ်ဆိတ်နေပြီးမှ ရုတ်တရက် မျက်ခွံများကို မော့ကြည့်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဆရာမလင်း၊ ကျွန်တော် သူ့ကို ခွင့်မလွှတ်ရသေးဘူး။”
လင်းချောင်ကလည်း လေးနက်စွာ ပြန်ဖြေလိုက်သည်။
“မင်း သူ့ကို ခွင့်လွှတ်ဖို့ မလိုအပ်ပါဘူး။ မင်း ကိုယ့်ဘဝကိုကိုယ် ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ပဲ လိုပါတယ်။”
တစ်ချိန်တည်းမှာပင် ကျိသော်တစ်ယောက် အပေါ်ထပ်ဆေးရုံအဆောင်သို့ ပြန်ရောက်နေသော်လည်း စိတ်မသက်မသာ ဖြစ်နေဆဲဖြစ်သည်။ အထူးသဖြင့် လင်းချောင်၏ “ရှင်ပြောစရာ တစ်ခုခုများ ရှိသေးလား” ဆိုသည့် စကားကို ပြန်တွေးမိနေ၏။
စူးကျန့်က ဆေးရုံခန်းထဲမှ ထွက်လာကာ သူ့အသံကို တိုးပြီး ပြောလိုက်သည်။
“အဘိုးကု အိပ်ပျော်နေပြီ။"
ပြုစုစောင့်ရှောက်သူ ရှိနေသည့်အတွက် ကျိသော်က သူ့ကို ဝင်ပြီး မနှောင့်ယှက်တော့ပေ။
“ဒါဆိုလည်း နောက်နေ့မှ ပြန်လာခဲ့ပါမယ်။”