← Chapters

အပိုင်း (၇၁)

Vol. 6 Ch. 71

အပိုင်း (၇၁)

Vol. 6 Ch. 71

လင်းချောင် မရောက်ခင်တုန်းက ကျောင်းသားများသည် သူတို့ကိုယ်တိုင် စမ်းသပ်မှုများ လုပ်လာနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးကြပေ။ ဆရာ၊ ဆရာမများကလည်း လက်တွေ့ပြသမှုများကို လုပ်ပြလေ့ခဲပြီး စိတ်ဝင်စားစရာလည်း မကောင်းခဲ့ပေ။

ပျော်စရာကောင်းသည့် ကျောင်းတွင်း လက်တွေ့စမ်းသပ်မှုလေးများကို ကျောင်းသားများနှင့် ပထမဆုံး စတင်လုပ်ဆောင်ခဲ့သူက လင်းချောင်ဖြစ်သည်။

လက်လုပ်ဆပ်ပြာကဲ့သို့ လက်တွေ့အသုံးဝင်သောပစ္စည်းများကို ပထမဆုံး ကျောင်းသားများနှင့်အတူတူ ပြုလုပ်ခဲ့သူကလည်း လင်းချောင်ပဲဖြစ်သည်။

ကျောင်းမှ လက်တွေ့စမ်းသပ်မှုလုပ်ခွင့် ပိတ်ပင်လိုက်ပြီးနောက်တွင်လည်း ကျောင်းသားများအတွက် ဓာတ်ခွဲခန်းများဖွင့်ပေးရန် အကြံပြုစာကို ကျောင်းအုပ်ကြီးထံ ပေးပို့ခဲ့သူကလည်း လင်းချောင်သာဖြစ်သည်။

အခုတော့ သူမ၏ အကြံပြုချက်ကို လက်ခံလိုက်ပြီဖြစ်သောကြောင့် သူတို့ကျောင်းတွင် ဓာတ်ခွဲခန်းတစ်ခု ဆောက်တော့မည်ဖြစ်ပြီး ကျောင်းသားတိုင်းကလည်းလက်တွေ့စမ်းသပ်မှုများကို ကိုယ်တိုင်လုပ်နိုင်တော့မည်ဖြစ်သည်။

ကျောင်းအုပ်ကြီးကျန်း၏ စကားမဆုံးသေးခင်မှာပဲ အောက်ဘက်မှ ကျောင်းသားများကတော့ ပွက်လောရိုက်နေကြလေပြီ။ ထိုနောက်မှာတော့ အတန်းသုံးနှင့်လေးက ဦးဆောင်ပြီး ကျောင်းသားအားလုံး လက်ခုပ်တီးကြတော့သည်။

လက်တွေ့စမ်းသပ်မှုအတန်းကို တစ်ခါမှ မတက်ဖူးသည့်ကျောင်းသားများပင် စိတ်လှုပ်ရှားနေကြ၏။ နိုင်ငံတွင်းက ရှေ့ပြေးစမ်းသပ်ကျောင်းများထဲ ပါဝင်ရသည်က သာမန်ကိစ္စတစ်ခု မဟုတ်။ တစ်နိုင်ငံလုံးက အလယ်တန်းကျောင်းအများကြီးထဲမှ သူတို့ကသာ ပထမဆုံးရွေးချယ်ခံရသည့် ကျောင်းများထဲ ပါခြင်းဖြစ်သည်။

ဒါ့အပြင် အရင်က လက်တွေ့စမ်းသပ်မှုအတန်းများ မတက်ခဲ့ဖူးသော်လည်း နောင်တွင်တက်စရာမလိုတော့ဘူးဆိုသည့် သဘောမဟုတ်ပေ။ ကျောင်းတွင် ဓာတ်ခွဲခန်းဆောက်ပြီးသွားသည်နှင့် လူတိုင်းက လက်တွေ့စမ်းသပ်မှုအတန်းများ တက်ရန် အခွင့်အရေး ရရှိကြမည်ဖြစ်သည်။

လက်ခုပ်သံများက စကားပြောနေသူကို လွှမ်းသွားသောကြောင့် ကျောင်းအုပ်ကြီးကျန်းလည်း ခဏရပ်လိုက်ရပြီး လူစုငြိမ်သွားမှသာဆက်ပြောနိုင်ခဲ့သည်။

ရှေ့ပြေးစမ်းသပ်ကျောင်းအနေနှင့် ပထမဆုံး ခွင့်ပြုချက်ရသည်က ဓာတုဗေဒဓာတ်ခွဲခန်းအတွက် ဖြစ်သည်။ လင်းချောင်က ဓာတုဗေဒဆရာမဖြစ်ပြီး ဒီကျောင်းတွင် အလုပ်လုပ်နေသောကြောင့်ဖြစ်နိုင်၏။ သူတို့၏ နှိုင်းယှဉ်ချက်အရ သေးငယ်သည့်ကျောင်းလေးသည် လင်းချောင်၏ အကြံပြုချက်ကြောင့်သာ ရှေ့ပြေးစမ်းသပ်ကျောင်းဖြစ်လာခဲ့သည်ဟုလည်း ဆိုနိုင်၏။ ဒါက ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ယန်ဒူရှိ ပိုကြီးပြီး ပိုကောင်းသည့်ကျောင်းအချို့တောင် ဒီတစ်ခါတွင် ရှေ့ပြေးစမ်းသပ်ကျောင်း မဖြစ်ခဲ့ကြပေ။

ဒီသတင်းကို ကြေညာပြီးနောက်မှာတော့ ကျောင်းအုပ်ကြီးကျန်းက ပုံမှန်အတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။ ကျောင်းသားများအနေနှင့် ရရှိလာသည့်ရှားပါးသင်ယူမှုအခွင့်အရေးကို တန်ဖိုးထားပြီး ကြိုးစားသင်ယူရန်နှင့် တိုးတက်မှုရအောင်လုပ်ရန် တိုက်တွန်းခဲ့သည်။

တကယ်တော့ ကျောင်းသားများ၏စိတ်က တခြားနေရာကို ရောက်နေကြပြီဖြစ်သည်။ အထူးသဖြင့် လင်းချောင်စာသင်သည့်အတန်းနှစ်တန်းက ပိုလို့ဆိုး၏။ မနက်ခင်းအတန်းချိန်ပြီးသည်နှင့် သူတို့က လင်းချောင်အနီး ဝိုင်းပြီး အော်ဟစ်အားပေးကြတော့သည်။

လင်းချောင်ကို မိန်းကလေးအချို့က ဖက်ပင်ဖက်လိုက်ကြသောကြောင့် သူမက ရယ်လိုက်၊ ဝမ်းနည်းလာလိုက်ဖြစ်ပြီး ပြောလိုက်သည်။

"ဒီနေရာမှာ လမ်းပိတ်မနေကြနဲ့။ ကျောင်းအုပ်က စည်းကမ်းပျက်လို့ဆိုပြီး ငါ့ကို ဝေဖန်လိမ့်မယ်။"

သူမ စကားဆုံးသည်နှင့် အနောက်မှ အသံတစ်သံထွက်လာ၏။

"ကျောင်းအုပ်ကြီးကျန်းလာပြီ။"

သူမကို ဝိုင်းထားသည့်ကျောင်းသားများက ချက်ချင်းပဲ လူစုကွဲထွက်သွားကြ၏။

ဒီလိုဖြစ်သွားသောကြောင့် ကျောင်းအုပ်ကြီးကျန်းက သူ့ကိုယ်သူ ဘေးအန္တရာယ်ဒဏ်တစ်ခုခု ဒါမှမဟုတ် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရပြီး ခြေလှမ်းများရပ်တန့်သွားကာ အကူအညီမဲ့သလို ခံစားလိုက်ရသည်။

လင်းချောင်က ကျောင်းသားများကြား ဘယ်လောက်တောင် လူကြိုက်များနေသလဲဆိုသည်ကို သူကိုယ်တိုင် တွေ့လိုက်ရ၏။ အရင်တစ်ခါ လက်တွေ့စမ်းသပ်မှုအတန်းများ ရပ်လိုက်ရချိန်က သူ၏စာတိုက်ပုံးထဲကို သူမဘက်က ရှင်းပြသည့်စာများ အများကြီး ရလာခဲ့သည်က မဆန်းပေ။

သိပ်မလှမ်းမကမ်းတွင်ရှိသော ပထမနှစ် သိပ္ပံအတန်းအနောက်ဘက်တွင် မကြာသေးခင်ကမှ သင်ကြားရေးအတွေ့အကြုံစတင်ယူနေသည့် စုန့်ကျင်းက ဒီမြင်ကွင်းကို မြင်လိုက်ရတော့ စိတ်ခံစားချက်များရှုပ်ထွေးသွားခဲ့သည်။

လွန်ခဲ့သည့်အချိန်က လင်းချောင်ကို သူမတွေ့ဖူးခဲ့ချိန်က စမ်းသပ်သင်ကြားရေးအချိန်တွင် ကျောင်းသားများက သူမကို လှောင်ပြောင်ခဲ့ကြသည်။ အခုတော့ ထိုကျောင်းသားအဖွဲ့ကပဲ သူမကို ဒီလောက်တောင် နှစ်သက်နေကြလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။

စုန့်ကျင်းက ကိုယ့်ကိုယ်ကို ဆရာမကောင်းတစ်ယောက်ဟုသတ်မှတ်ထားသော်လည်း ဒီလိုရလဒ်မျိုးရအောင်တော့ အာမခံနိုင်လောက်သည့် ယုံကြည်မှုမျိုး သူမတွင်မရှိခဲ့ပေ။

လင်းချောင်က အမြဲတမ်းလိုလို မျှော်လင့်ထားသည်ထက် ပိုနေသောကြောင့် လူအများက သူမကို ပိုလို့အားကျနေကြသည်။ အရင်က တောသူမလေးတစ်ယောက်ဆိုသည်ကို အခုဘယ်သူကများ ပြန်တွဲပြီး စဉ်းစားမိနိုင်တော့မည်လဲ။

ဒီလိုလူတစ်ယောက်ကို ကိုယ်တိုင် တွန်းထုတ်ခဲ့မိသည့်အတွက် အဒေါ်ယဲ့သာသိခဲ့လျှင် နောင်တရမိလေမလားဟုလည်း သူမ တွေးမိခဲ့သည်။ အဒေါ်ယဲ့ နောင်တမရလျှင်တောင် ကျိဇယ်ကတော့ နောင်တရလောက်မည်လား။

လင်းချောင်လိုလူမျိုးသာ ရှေ့တွင်ရှိနေလျှင် ကိုယ်ဘယ်လောက်ပဲတော်နေပါစေ သူမနှင့်အမြဲတမ်း နှိုင်းယှဉ်ခံနေရလိမ့်မည်။

စုန့်ကျင်းက အရင်ကတည်းက စိတ်ပါဝင်စားမှုမရှိခဲ့သော်လည်း အခုတော့ သူမအမေ၏ အစီအစဉ်များ အောင်မြင်ပါ့မလားဆိုသည်ကို ပိုပြီးသံသယဖြစ်လာတော့သည်။ အဝေးမှနေ၍ လင်းချောင်ကို ကြည့်နေရင်း သူမကိုယ်တိုင်တောင် မနာလိုစိတ် အနည်းငယ် ဝင်လာမိသည်။

ဒီကိစ္စများအကြောင်း လင်းချောင်ကတော့ ဘာမှမသိခဲ့။ သူမ အတန်းလေးထဲသို့ ဝင်ဝင်ချင်းမှာပဲ လက်ခုပ်သံများက သူမကိုထပ်ပြီး ဖုံးလွှမ်းသွားပြန်၏။

ကျွင်းဇီက ထရပ်ပြီး ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ သူရဲကောင်းဖြစ်တဲ့ ဆရာမလင်းကို စကားအနည်းငယ်လောက် ပြောကြားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်ခင်ဗျ။"

"ဟုတ်တယ်၊ စကားနည်းနည်းလောက် ပြောပေးပါ။"

အခြားဆိုးသွမ်းသည့်ကျောင်းသားများကလည်း ထောက်ခံပြောဆိုကြပြီး တချို့ကတော့ အလွန်စိတ်လှုပ်ရှားနေသောကြောင့် လေချွန်သံတောင် ထွက်လာခဲ့သည်။

"တကယ်ပဲ ငါ့ကိုပြောစေချင်တာလား။"

လင်းချောင်က ပြုံးပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"ပြောပါ!"

"ပြောပါ!"

အားပေးသံများက ပိုပြီး အားတက်သရော ဖြစ်လာတော့သည်။

လင်းချောင်က သူမ လက်နှစ်ဖက်ကို စင်ပေါ်တင်လိုက်ပြီး ပြောခဲ့၏။

"ဒီစာသင်နှစ်မှာ ငါမင်းတို့အတန်းကို စတာဝန်ယူရချိန်တုန်းက မင်းတို့ရဲ့ တခြားဘာသာရပ်တွေက ရမှတ်တွေကို မြင်တွေ့ခဲ့ရတာ ငါတကယ် ကံကောင်းတယ်။"

ဒီအဖွင့်စကားက အနည်းငယ်တော့ ထူးဆန်းနေသလိုပင်။

သူမအပေါ် အာရုံစိုက်နေကြဆဲဖြစ်သော်လည်း ကျောင်းသားများက စတင်၍ အတွေးလွန်လာကြ၏။

ဟုတ်သည်။ လင်းချောင်က အဓိပ္ပာယ်ရှိရှိ ပြုံးလိုက်ပြီး ပြောလိုက်ပြန်၏။

"အမှန်ပြောရရင် တိုးတက်ဖို့အတွက် နေရာအများကြီးရှိနေပါသေးတယ်။"

ဒီလို ရင်းနှီးပြီးသားပုံစံ၊ ရင်းနှီးပြီးသားအရသာတစ်ခု...

ကျောင်းသားအချို့၏ မျက်နှာမှ အပြုံးများ မှိန်ဖျော့သွားသော်လည်း လင်းချောင်ကတော့ ဆက်ပြောလိုက်၏။

"ကျောင်းမှာ ဓာတ်ခွဲခန်းဆောက်တော့မှာဆိုတော့ ခေတ်နဲ့အညီ လိုက်ပြီးဖွံ့ဖြိုးတိုးတက်အောင်လည်း လုပ်ဖို့လိုတယ်လေ၊ ဟုတ်တယ်မလား။ ပထမဆုံးအနေနဲ့ ရည်မှန်းချက်သေးသေးလေးတစ်ခုနဲ့ စလိုက်ရအောင်..."

သူမက အောက်ဘက်မှ ကျောင်းသားများကို ကြည့်လိုက်ပြီး တွေးတောဟန်ဆောင်ကာ ပြောလိုက်၏။

"ဥပမာအနေနဲ့ ဘာသာရပ်အားလုံးရဲ့ ပျမ်းမျှရမှတ်ကို နှစ်မှတ်လောက် တိုးတက်အောင် လုပ်ကြည့်မယ်ဆိုရင်ရော။ ဒါကို အောင်မြင်အောင်လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိကြလား။"

"ရှိပါတယ်..."

တုံ့ပြန်သံက ခပ်တိုးတိုးနှင့်ဝန်လေးနေပြီး မသေချာမှုများနှင့် ပြည့်နှက်နေခဲ့သည်။

လင်းချောင်က သတိထားမိသွားပြီး အပြုံးကို ထိန်းလိုက်ကာ ပြောလိုက်ပြန်သည်။

"မင်းတို့က ဓာတုဗေဒဘာသာရပ်မှာတောင် တတိယအဆင့်ရနိုင်ပြီး တခြားဘာသာရပ်တွေမှာ မကောင်းနိုင်ဘူးလား။ စိတ်ဓာတ်လေးတွေကို နည်းနည်း ထုတ်ပြလိုက်ကြပါဦး။"

သို့သော်လည်း ဆရာမလင်းက တခြားဘာသာရပ်များကို မသင်ပေ။ ဒီစကားကိုတော့ ကျောင်းသားများက ထုတ်မပြောခဲ့သော်လည်း လင်းချောင် ထွက်သွားပြီးနောက်မှာတော့ သူတို့အချင်းချင်း တီးတိုးပြောခဲ့ကြသည်။

နောက်ဆုံးတန်းမှ ဆိုးသွမ်းသည့် ကျောင်းသားများက ပိုပြီး တွန့်ဆုတ်နေကြ၏။

"ကျောင်းရဲ့ဓာတ်ခွဲခန်းကို ဘယ်တော့ ဆောက်မှာလဲ။ စစ်မှုထမ်းဖို့ လူခေါ်တာက စတော့မှာဆိုတော့ ငါတို့ လွဲချော်သွားနိုင်တယ်။"

ဓာတ်ခွဲခန်းကိုသာ အချိန်မီ မဆောက်ရသေးဘဲ သူတို့က စစ်တပ်ထဲဝင်သွားရတော့မည်ဆိုရင်တော့ ဒါက နာကျင်ရမည့်ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။

ကျွင်းဇီက ပိုပြီးစိတ်ပူနေခဲ့၏။

"မင်းတို့ မသိပါဘူး။ မနေ့က ချီဟွိုင်ဝမ် ပြန်လာတယ်။ ဒါကြောင့် ငါလည်း ငါ့မိသားစုကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောပြလိုက်တယ်။"

"မင်း တကယ်ပြောလိုက်တာလား။"

တခြားသူများက အံ့ဩသွားပြီး ပြောလိုက်သည်။

"မင်းက ဆရာမလင်းကို အရမ်းသဘောကျတာဆိုတော့ သူမသာ ငါတို့ကိုစာသင်ပေးရင် မင်းထွက်မသွားတော့ဘူးလို့ ငါတို့ ထင်ထားခဲ့တာ။"

"ဆရာမလင်းကိုတော့ ငါကြိုက်ပါတယ်။ ဒါပေမဲ့ တခြားဘာသာရပ်တွေကို ငါအာရုံမစိုက်နိုင်ဘူးလေ။ စာသင်ခန်းထဲမှာ ထိုင်ရတာကို သည်းမခံနိုင်ဘူး။ ငါ့အမှတ်တွေနဲ့ဆို နောက်ထပ် တစ်နှစ်လောက် စာဆက်သင်လည်း စစ်တက္ကသိုလ်ကိုတက်နိုင်မှာမဟုတ်ဘူး။ ဒီမှာ အချိန်ဖြုန်းနေမဲ့အစား စစ်တပ်ထဲကို စောစောဝင်လိုက်တာက ပိုကောင်းတယ်။ ပြီးတော့ ဆရာမလင်းကလည်း ငါတို့အိမ်ဘေးမှာပဲနေတာလေ။"

ဒီစကားက အနည်းငယ် ကြွားလုံးထုတ်သလို ဖြစ်နေသောကြောင့် အနီးအနားရှိကျောင်းသားများက သူ့ကို မျက်စောင်းထိုး၍ ကြည့်လိုက်ကြသည်။

ရှင်းရှင်းလင်းလင်းပြောရလျှင် ကျွင်းဇီ စိတ်ရှုပ်ထွေးနေသည်ကို လင်းချောင် တွေ့ခဲ့သော်လည်း သူမအဝေးကြီးမရောက်ခင်တွင် ဝူဟိုင်ယန်နှင့် ဆုံတွေ့ခဲ့ရသည်။ သူ့ကိုတွေ့လိုက်ရတော့ လင်းချောင်၏ စိတ်ခံစားချက်များက အနည်းငယ်ရှုပ်ထွေးသွားတော့၏။

ဝူဟိုင်ယန်က သူမနှင့်သီးသန့် စကားပြောချင်ကြောင်းပြောတော့ လင်းချောင်က သူ့ခြေထောက်ကို သတိထားမိပြီး လှေကားအနားတွင်သာတွေ့ရန် ပြောခဲ့သည်။ ကျောင်းခေါင်းလောင်းထိုးပြီးနောက်တော့ သူတို့နှစ်ယောက်စကားပြောခဲ့ကြ၏။ ဝူဟိုင်ယန်က ပြောလိုက်သည်။

"ကျောင်းသားတွေရဲ့ အခြေအနေက ရပ်သွားပါပြီ။ ဆရာမလင်း အားထုတ်ပေးလို့ထင်ပါတယ်။ ကျေးဇူးပါပဲဗျာ။"

"ကျွန်မ ဘာမှ အားမစိုက်ခဲ့ပါဘူး။ ကျွန်မလည်း ကျောင်းသားတွေရဲ့ စာရိတ္တပိုင်းကို စိတ်ပူလို့ပါ။"

ဝူဟိုင်ယန်က ချီဟွိုင်ဝမ်ရန် အတန်းပြန်တက်ရန် လင်းချောင်ကိုပြောပြီး ဒုကျောင်းအုပ်ချီ ဆေးရုံမှဆင်းလျှင် သူလည်း ကျောင်းပြောင်းတော့မည်ဟု ပြောခဲ့သည်။

ဒီစကားကြောင့် လင်းချောင် အံ့ဩသွား၏။ သူက သူမကို ဒီစကားပြောရန် တွေ့ချင်ခြင်းလား။

"ကျွန်တော်က ရူပဗေဒကို သင်ယူခဲ့ပြီး ဆရာကြီးချီ စာသင်ခဲ့တဲ့ စာသင်စင်မြင့်ပေါ်မှာ ရပ်ချင်ခဲ့တာပါ။"

ဆရာကြီးချီက ယခုဒုကျောင်းအုပ် ဆိုသော်လည်း ဝူဟိုင်ယန်ကတော့ သူ့ကိုဆရာကြီးဟုပဲ ခေါ်သည်။ သူက စာသင်ခန်းကို ကြည့်ပြီးပြောလိုက်သည်။

"ဆရာမကတော့ မသိလောက်ပါဘူး။ ကျွန်တော် မျှော်လင့်ချက်တွေကုန်ပြီး စာအုပ်အားလုံးကို ဆွဲဖြဲခဲ့ပြီး အိမ်သားသုံးစက္ကူလုပ်ခဲ့တာ။ ဆရာကြီးချီကပဲ ကျွန်တော့်ကို အသစ်ဝယ်ပေးပြီး မျှော်လင့်ချက် မမဲ့သွားဖို့ လာပြောခဲ့တဲ့သူပါ။"

ဆရာကြီးချီက အခြားတစ်ဖက်ခြမ်းတွင် ဘယ်လိုပဲ ဖြစ်နေပါစေ သူ့အတွက်ကတော့ ကယ်တင်ရှင်ဖြစ်သည်။

ဆရာကြီးချီသာမရှိခဲ့လျှင် သူသည် အလှောင်အပြောင်ခံရသည့် ကောင်လေးတစ်ယောက်အဖြစ်နှင့် ကျောင်းစာကိုစွန့်လွှတ်ပြီး ဘယ်တော့မှလည်း ယခုလို အခြေအနေဖြစ်အောင် ကြိုးစားနိုင်မည်မဟုတ်ကြောင်း သူက ရှင်းပြခဲ့သည်။

ဒီရက်များတွင်ဖြစ်နေသော ဆရာကြီးချီနှင့် သူ့သား၏ ပြဿနာသည် သူ့ကြောင့်ဖြစ်ပုံရသည်ဟု သူကြားထားသည်။ သူကိုယ်တိုင် ဘာမှမလုပ်ခဲ့သော်လည်း ဆရာကြီးချီက သူ့အပေါ် အချိန်နှင့်အားစိုက်ထုတ်မှုများစွာ ပေးခဲ့သောကြောင့် သူနှင့်လုံးဝမပတ်သက်ဘူးဟုတော့ မပြောနိုင်။ ဒါကြောင့် သူတို့သားအဖ အနေဝေးပြီး ဆရာကြီးချီအတွက် အဆင်မပြေဖြစ်မည့်အစား သူထွက်သွားလိုက်သည်က ပိုကောင်းသည်ဟု သူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဝူဟိုင်ယန်က ပြောလိုက်သည်။

"ကျွန်တော် အရင်က အမြင်ကျဥ်းခဲ့ပါတယ်။ ဘယ်နေရာဖြစ်ဖြစ် ကျောင်းသားတွေက ကျောင်းသားပဲဖြစ်ပြီး ကျွန်တော်ကလည်း ဆရာတစ်ယောက်အနေနဲ့ ဘယ်နေရာမှာဖြစ်ဖြစ် အသိပညာတွေကို ဖြန့်ဝေပေးနေသင့်တာပါ။"

"ချီဟွိုင်ဝမ်ကို ပြန်လာခိုင်းလိုက်ပါ။ သူလည်းကျောင်းသားတစ်ယောက်ပါပဲ၊ ကျောင်းသားအားလုံးက တောက်ပပြီး လှပတဲ့အနာဂတ်ကို ပိုင်ဆိုင်ဖို့ထိုက်တန်ပါတယ်။"

ဒီအချိန်အတွင်းမှာတော့ စစ်တပ်စခန်းတွင်ရှိနေသည့် ကျိသော်က ရက်အနည်းငယ်အတွင်း စုပြုံနေသည့် အလုပ်များကို ကိုင်တွယ်နေတုန်း ဖုန်းဝင်လာခဲ့သည်။

"ဦးလေး?"

တစ်ဖက်ကစကားသံသည် သတိကြီးကြီးနှင့်စခဲ့ပြီး မကြာခင်မှာပဲ အံ့ဩသွားသည့် လေသံဖြစ်သွား၏။

"ဦးလေး၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။ ကျွန်တော်ရက်အတော်ကြာအောင် ဖုန်းခေါ်ခဲ့ပေမဲ့ မရခဲ့ဘူး။"

ကျိသော်ကတော့ အချိန်ဖြုန်းမနေဘဲ ပြောလိုက်၏။ "ဘာဖြစ်တာလဲ? ပြော။"

"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော် ဦးလေးကိုဖုန်းခေါ်တော့ အဒေါ်က လာဖြေတယ်။ ကျွန်တော့်ရဲ့ကိစ္စနဲ့ပတ်သက်ပြီး သတိလက်လွတ်ပြောမိတော့မလိုပဲ။ အဒေါ်က ဦးလေးကို အဲ့ဒီအကြောင်းမမေးဘူးလား။"

ကျိသော် တူဖြစ်သူ၏ စကားကိုကြားလိုက်ရတော့ အံ့အားသင့်သွား၏။ လင်းချောင်က တကယ်ပဲ ဘာအကြောင်းကိုမှ မမေးခဲ့ပေ။ သူ့တူက ဖုန်းဆက်ပြီး ထိုအကြောင်းများကို ဆက်ပြောပြနေ၏။

ကျိသော်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"တခြားပြောစရာမရှိရင် ဖုန်းချလိုက်တော့မယ်။"

"ခဏလေးပါ ဦးလေး! ကျွန်တော် အဒေါ့်ကို လူကူရှာပေးခဲ့တဲ့အတွက်ကြောင့် ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်။"

ကျိသော်၏ ဖုန်းချမည့်လက်က ခဏရပ်သွားပြီး မေးလိုက်၏။

"မင်းကိုယ်တိုင် ရှာခဲ့တာလား။"

"ဟုတ်ကဲ့။"

ကျိဇယ်က သူ ဖုန်းမချသေးဘူးဆိုသည်ကို သိလိုက်သောကြောင့် ဆက်ပြောလိုက်၏။

"အဒေါ်က ဦးလေးစူးကျန့်ကို ရှာခိုင်းတာ။ ဒါပေမဲ့ ကျွန်တော့်မှာ အရောင်းသမားတွေရှိတယ်လေ၊ သူတို့က လမ်းတွေပေါ်မှာ နေ့တိုင်းသွားလာနေကြတော့ ဦးလေးစူးကျန့်ထက် ပိုသိနိုင်တယ်လို့ ကျွန်တော်တွေးမိလိုက်တာ။ အဲ့ဒါနဲ့ ကျွန်တော်ကူညီပြီး ရှာပေးလိုက်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တွေ့ခဲ့တယ်လေ။"

ကျိသော်က ပြန်မေးလိုက်၏။

"ဆောက်လုပ်ရေး လုပ်ငန်းခွင်လား။"

"ဟုတ်တယ်။ စိတ်မပူပါနဲ့။ ကျွန်တော် အဒေါ့်ကို ဂရုစိုက်ခဲ့ပါတယ်။ ပူလို့ဆိုပြီး ဆိုဒါတစ်ပုလင်းတောင် ဝယ်ပေးခဲ့သေးတယ်။"

ဒီစကားကြောင့် ဖုန်းတစ်ဖက်က တိတ်ဆိတ်သွား၏။ ဒါကြောင့် ကျိဇယ် စိတ်မသက်မသာဖြစ်သွားခဲ့သည်။ ရုတ်တရက် ကျိသော်က ပြန်မေးလာ၏။

"ဆိုဒါ ဆိုတာက ဘာလဲ။"

ကျိဇယ် ဒီမေးခွန်းကြောင့် အံ့ဩသွားပြီး ပြန်ဖြေလိုက်၏။

"ဆိုဒါဆိုတာက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက နာမည်ကြီးလာတဲ့အချိုရည်ပါ။ လမ်းတွေပေါ်မှာရော ရုပ်ရှင်ရုံတွေမှာရော ရောင်းပါတယ်။"

ဖုန်းတစ်ဖက်မှ ပြန်ပြီးတိတ်ဆိတ်သွားပြန်တော့ ကျိဇယ်က သတိထားပြီး မေးလိုက်သည်။

"ဦးလေး အဒေါ့်ကို ဈေးလိုက်ဝယ်ပေးတာ၊ ရုပ်ရှင်ကြည့်တာမျိုးတွေ တစ်ခါမှ မလုပ်ပေးဖူးဘူးလား။"

ကျိသော် တကယ်ကိုမလုပ်ဖူးပေ။

တကယ်တော့ သူတို့မလက်ထပ်ခင်က လင်းချောင်ကို မေးကြည့်ခဲ့ဖူးသော်လည်း သူမက စိတ်မဝင်စားသည့်ပုံပေါက်နေသောကြောင့် ထပ်ပြီးမပြောဖြစ်တော့ခြင်းဖြစ်သည်။ အခုပြန်တွေးကြည့်လိုက်တော့ ဘယ်စုံတွဲကများ ရုပ်ရှင်မကြည့်ဖူးလို့လဲ။

လင်းချောင်တွင် ဒီအိမ်ထောင်ရေးအတွက် အစကတည်းက မျှော်လင့်ချက်မရှိနေခဲ့ဘူးဟု သူတွေးမိလာသည်။ သူတို့မိသားစုက အိမ်ထောင်ဖက်ကိုတောင် ပြောင်းလဲခဲ့သည်ဆိုတော့ သူကလည်း သူမကို ဒီအိမ်ထောင်ရေးအပေါ် မျှော်လင့်ချက်များထားရန် အတင်းမလုပ်ယူနိုင်ပေ။

ကျိသော်က ဖိုင်ကိုချပြီး နားထင်ကိုပွတ်ကာ ပြောလိုက်သည်။

"ဆိုဒါအပြင် တခြားဘာတွေများ ဝယ်ပေးခဲ့သေးလဲ။"

"ဟင်။"

"ဆိုဒါအပြင် တခြားဘာတွေ ဝယ်ပေးခဲ့သေးလဲ။"

"ဘာမှမဝယ်ပေးခဲ့ပါဘူး။ ပေါ့ပေါ့ပါးပါး ဆိုဒါပဲ ဝယ်ပေးလိုက်တာပါ။"

ကျိဇယ်က ဒီအကြောင်းအရာသည် အဆင်မပြေဘူးဟုခံစားလာရပြီး စုန့်ကျင်းအကြောင်းကို အမြန်စပြောလိုက်သည်။

ကျိသော်က နားထောင်နေရင်းနှင့် ဖိုင်ကို ဆက်ကြည့်နေသည်။

"သူ မင်းကိုလာတွေ့သေးလား။"

"မတွေ့ပါဘူး။"

"သူ မင်းကိုရှာဖို့ စစ်တပ်စခန်းကို ဖုန်းဆက်သေးလား။"

"မဆက်ပါဘူး။"

ကျိဇယ်ကဖြေပြီးမှ ရုတ်တရက် သတိရသွားခဲ့သည်။

"ဟုတ်သားပဲ။ ကျွန်တော့်အမေက ကျွန်တော့်ကိုစောင့်ကြည့်ဖို့ သူမကိုခိုင်းချင်ပေမဲ့ သူမက သဘောတူချင်မှတူမှာပါ။"

သူက စုန့်ကျင်းကို သူ့အမေက သူ့ကို စောင့်ကြည့်ရန် လွှတ်လိုက်သည်ဟု ထင်နေ၏။ ကျိသော်ကတော့ ဘာမှမပြောခဲ့ပေ။

တစ်ဖက်က တိတ်ဆိတ်သွားသည်ကို ကြားလိုက်ရတော့ ကျိဇယ်က အမြန်ဖုန်းချလိုက်သည်။

"ဦးလေး အလုပ်များနေတယ်ဆိုရင် အနှောင့်အယှက်မပေးတော့ပါဘူး။"

ကျိသော်ကတော့ နေ့လယ်အထိ အလုပ်များနေခဲ့၏။

နေ့လယ်စာစားရန် အလုပ်ဆင်းချိန်တွင် လောင်ကျိုးက ဖြတ်သွားရင်းနှင့် သူ့ကို မေးလိုက်သည်။

"အိမ်ပြန်ပြီး နေ့လယ်စာမစားဘူးလား။"

"စားတော့မှာပါ။"

ကျိသော်က သူ့ပစ္စည်းများကို အမြန်ထည့်ပြီး စားပွဲအံဆွဲထဲမှ သော့များကိုယူလိုက်၏။

ကျိသော်က တံခါးကို သော့ခတ်နေရင်း ရုတ်တရက် မေးလိုက်၏။

"ခင်ဗျား ခင်ဗျားမိန်းမအတွက် ဆိုဒါ ဝယ်ပေးဖူးလား။"

"ဝယ်ပေးဖူးတာပေါ့။"

လောင်ကျိုးက ပြန်ဖြေလိုက်သည်။

"အသစ်ထွက်တုန်းက သူ့အတွက် ကျွန်တော်ဝယ်ပေးခဲ့တယ်လေ။ သူမကတော့ ဒါက သကြားရေပဲ၊ ပိုက်ဆံအလကားဖြုန်းနေတယ်လို့ ပြောခဲ့တယ်။"

လောင်ကျိုး၏ မိန်းမက သူမ၏ ပွင့်လင်းမှုကြောင့် နာမည်ကြီးသည်။ သူ ကဗျာရေးသောအခါတွင်တောင် သူ့ကို ထွက်သွားရန် ပြောခဲ့သေးသည်။

ကျိသော်က သော့ကို ထည့်ပြီး လောင်ကျိုးနှင့်အတူ လမ်းလျှောက်လာရင်း ပြောလိုက်၏။

"ခင်ဗျားမိန်းမ ခင်ဗျားကို နားမလည်တာက ခင်ဗျားကို စိတ်မရှုပ်စေဘူးလား။"

"ဘယ်လိုလုပ် စိတ်မရှုပ်ဘဲ နေနိုင်မှာလဲ။ ကျွန်တော်က အရည်အချင်းအပြည့်ရှိတယ်၊ ဒါပေမဲ့ အဲ့ဒါတွေကို မျှဝေပေးဖို့ ဘယ်သူမှမရှိဘူး။"

သူက သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်တို့က လက်ထပ်ထားတာပဲလေ။ ဒါကို လက်ခံရမယ်။ ဒါ့အပြင် ကျွန်တော့်မိန်းမက အချစ်ရေးကို နားမလည်ပေမဲ့ အိမ်ကိစ္စကိုတော့ ကောင်းကောင်းစီမံခန့်ခွဲနိုင်ပါတယ်။ ဒီလောက်ပါပဲ၊ ဒါက စုံတွဲတစ်တွဲရဲ့ပုံစံပဲလေ။"

လူအများစုက အိမ်ထောင်ရေးကို ဒီလိုပဲတွေးကြတာလား။

ကျိသော် မျက်မှောင်ကြုတ်လိုက်သည်။ လောင်ကျိုးကတော့ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။

"ဘာလို့ ရုတ်တရက် ဒီလိုမေးတာလဲ။ ခင်ဗျားတို့ နှစ်ယောက် ရန်ဖြစ်ခဲ့ကြတာလား။"

"မဟုတ်ပါဘူး။"

All Chapters