အခန်း (၇၂)
Vol. 6 Ch. 72
ကျိသော် ကားထဲသို့ တိတ်ဆိတ်စွာ ဝင်လိုက်သည်။ ရှောင်ဖန်းလည်း တိတ်ဆိတ်စွာ ကားမောင်းနေ၏။ လင်းချောင်မရှိတော့ ကားထဲရှိလေထုက တိတ်ဆိတ်ပြီး တစ်မျိုးကြီးဖြစ်နေသည်။ ဆိုင်တစ်ဆိုင်ကို ဖြတ်သွားသောအခါ ကျိသော်က ရုတ်တရက် ရပ်ခိုင်းလိုက်ပြီး ကားပေါ်မှဆင်းကာ ဆိုင်ပိုင်ရှင်အား မေးလိုက်သည်။
"ဆိုဒါရှိလား။"
နေ့လယ်ခင်း အိမ်ပြန်ရောက်သောအခါ လင်းချောင်က ဆိုဖာဘေးတွင် ဆိုဒါတစ်ဖာကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက မီးဖိုချောင်တွင် လက်ဆေးနေသော ကျိသော်အား မေးလိုက်၏။
"ဒါတွေက ရှောင်ဇယ် ယူလာတာလား။"
ကျိသော် ခေတ္တရပ်သွားသည်။ ထို့နောက် သူမကိုကြည့်လိုက်ပြီး ရေပိုက်ခေါင်းကိုပိတ်လိုက်၏။
"ဘာလို့ သူဝယ်လာတယ်လို့ ထင်တာလဲ။"
"မဟုတ်ဘူးလား။"
လင်းချောင် အံ့ဩသွား၏။
အရင်လိုဆိုလျှင် ကျိသော်က ဒီမေးခွန်းကို ဆက်မမေးတော့ပေ။ သို့သော်လည်း ဒီတစ်ခါတော့ သူက လက်ကို ပဝါနှင့်သုတ်ရင်း ထပ်မေးလိုက်၏။
"ဘာလို့ ရှောင်ဇယ်ဝယ်လာတယ်လို့ ထင်တာလဲ။"
သူက ထိုသို့ မေးလာတော့ လင်းချောင်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။
"ရှင်က ဒီလိုမျိုးတွေကို စိတ်ဝင်စားပုံမရလို့ပါ။"
လွန်ခဲ့သည့်အချိန် သူမ ဆပ်ပြာရည်လုပ်တုန်းက သူက ယန်ဒူတွင် ရနိုင်မရနိုင်ကို မသိခဲ့ပေ။ သူမ ရေခဲမုန့်ဝယ်ပြီး ရေခဲသေတ္တာထဲထည့်ခဲ့သော်လည်း သူက တစ်ခါမှ မစားခဲ့ပေ။ ဒီလူက ပင်လယ်စာ မစားသည်မှလွဲပြီး အစားအသောက်အတွက် အခြား တောင်းဆိုမှုမရှိပေ။ သူ့နေ့စဉ်ဘဝကလည်း စစ်တပ်ထဲတွင်သာ အမြဲရှိနေခဲ့သောကြောင့် ကြမ်းတမ်းသည်။
ဒါဆို ဒီဆိုဒါတစ်ဖာကို သူ တကယ်ပဲဝယ်ခဲ့သည်လား။ နေက အနောက်အရပ်က ထွက်တာပြီလား။
လင်းချောင်က အံ့ဩသွားပြီး ကျိသော်ကတော့ တိတ်ဆိတ်သွားသည်။ ထို့နောက် လက်သုတ်ပဝါကို ချိတ်တွင် ချိတ်လိုက်သည်။
"မင်း သောက်ချင်လား။"
"အင်း။ ဝယ်ပြီးပြီဆိုတော့ မသောက်လို့ ဘယ်ရမလဲ။"
လင်းချောင်က ပုလင်းတစ်လုံးယူပြီး ပုလင်းဖောက်တံကို ရှာလိုက်သည်။
ကံမကောင်းစွာဖြင့် သူတို့က အိမ်တွင် မကြာခဏ အစားအသောက် မစားကြသလို ကျိသော်ကလည်း ဘီယာမသောက်သောကြောင့် သူတို့တွင် ပုလင်းဖောက်တံမရှိပေ။
"ကိုယ့်ကို ပေး။"
ကျိသော်က မီးဖိုချောင်ထဲမှ တူတစ်ချောင်းကို ယူလိုက်သည်။
သူ၏လက်မောင်းကြွက်သားများက အားကောင်းသောကြောင့် အားအနည်းငယ်သုံးရုံဖြင့် ဆိုဒါပုလင်းကို အလွယ်တကူဖွင့်လိုက်နိုင်သည်။
"စစ်တပ်လေ့ကျင့်မှုက တကယ်အကျိုးရှိတာပဲ။"
လင်းချောင်က ပုလင်းကိုယူရင်း ချီးကျူးလိုက်သည်။
ကျိသော်၏ မျက်နှာထားက မပြောင်းလဲပေ။ သူက သူမကိုကြည့်လိုက်ပြီး ပုလင်းဖုံးကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် တူကို ရေဆေးပြီး ထည့်စရာထဲ ပြန်ထည့်လိုက်သည်။
လင်းချောင်သည် ဆိုဒါကိုယူပြီး နေ့လယ်စာစားရန် ထမင်းစားခန်းသို့ သွားနေစဉ် လျိုကွေ့ရင်းနှင့် တွေ့လိုက်ရ၏။
လင်းချောင်ကိုတွေ့သည်နှင့် လျိုကွေ့ရင်းက စိုးရိမ်သောမျက်နှာနှင့် ချဉ်းကပ်လာသည်။
"ဆရာမလင်၊ ကျွင်းဇီက အထက်တန်း ဒုတိယနှစ်ကို ဆက်မတက်ချင်တော့ဘူးဆိုတာ ဆရာမသိလား။"
လင်ချောင်သိသည်။ သို့သော် ကျောင်းသား၏ လျှို့ဝှက်ချက်ကိုတော့ လျိုကွေ့ရင်းကို သူမ မပြောပြနိုင်ပေ။ ထို့ကြောင့် သူမက ပြန်မေးလိုက်၏။
"ကျွင်းဇီက မတက်ချင်ဘူးလို့ ပြောတာလား။"
"ဟုတ်တယ်၊ မနေ့ညက သူ့အဖေကို သွားပြောတော့ သူ့အဖေက ဒေါသထွက်ပြီး ရိုက်လိုက်တယ်။"
ကျွင်းဇီက အတော်လေး စိတ်ဓာတ်ကြံ့ခိုင်ပုံရသည်။ လင်းချောင် သူ့ကို ဒီမနက် ကျောင်းမှာ တွေ့ခဲ့တုန်းက သူက တက်ကြွနေ၏။ အရိုက်ခံထားရသည့် လက္ခဏာလည်း မတွေ့ရပေ။
"ဒီနေ့ နေ့လယ်မှာ သူပြန်လာပြီး ကျောင်းက ဓာတ်ခွဲခန်း ဆောက်တော့မယ်၊ ဆရာမနဲ့ ဆိုင်တယ်လို့ ပြောတယ်။ သူ အတော်လေးလည်း ပျော်နေပုံရတယ်။ ဒါနဲ့ ကျွန်မက သူ့ကို အထက်တန်း ဒုတိယနှစ်ကို ကြိုးစားပြီး ပြီးအောင်တက်ဖို့ ပြောလိုက်တယ်။ ဒါပေမဲ့ ခဏလောက် တိတ်ဆိတ်နေပြီးတော့ သူက ဒီနှစ် စစ်တပ်ထဲဝင်ချင်တယ်လို့ပဲ ပြောနေတယ်။"
လျိုကွေ့ရင်း ညည်းညူလိုက်တော့သည်။
"ဒီအရွယ်နဲ့ ဘာလို့များ စစ်တပ်ဝင်ချင်ရတာလဲ။ တခြားသူတွေက အသက်ပြည့်လို့ ဝင်ကြတာ။ သူက မပြည့်သေးဘူး။ ဒါ့အပြင် သူ့အဖေက အခု စစ်တပ်မှာ ရာထူးတက်ဖို့က ပိုခက်တယ်၊ စစ်တက္ကသိုလ်တက်နိုင်ဖို့လိုတယ်လို့ ပြောတယ်။ သူက မစဉ်းစားတတ်ဘူးလား။"
လင်းချောင်က စစ်တပ်မှ လူမဟုတ်သောကြောင့် ဤအချက်ကို မသိပေ။ သူမ၏ ဇာတိမြို့တွင် စစ်တပ်ထဲသို့ဝင်ခြင်းသည် နောက်ပိုင်းတွင် အလုပ်ရရှိရန်အတွက် ဖြစ်သည်။
သူမက ကျိသော်ကို ကြည့်လိုက်သောအခါ သူက ခေါင်းညိတ်ပြသည်။
"ရာထူးတက်ဖို့က အရင်လို မလွယ်တော့ဘူး။"
"ဟုတ်တယ်။"
လျိုကွေ့ရင်းက အမြန်ဆက်ပြောလိုက်သည်။
"ကျွန်မ တကယ်ကို စိတ်ကုန်နေပြီ။ ဒါကြောင့် ဆရာမနဲ့ စကားပြောဖို့ စဉ်းစားမိတာပါ။ အခွင့်အရေးရရင် ဆရာမ သူ့ကို ကူညီပြီး ဆွဲဆောင်ပေးနိုင်မလား။"
"ကြိုးစားကြည့်လိုက်ပါ့မယ်။"
လင်းချောင်က ကတိမပေးဘဲ ပြန်ဖြေလိုက်သည်။
လျိုကွေ့ရင်းကလည်း ကတိပေးပါဟု မတောင်းဆိုပေ။
"ကြိုးစားကြည့်ပေးပါဦး။ အနည်းဆုံးတော့ ဆရာမက ပညာတတ်သေးတယ်။ ကျွန်မလို မဟုတ်ဘူး။ ဘယ်လို စကားပြောရမယ်ဆိုတာတောင် မသိဘူး။"
သူမက လင်းချောင်နှင့် ခဏကြာ စကားပြောပြီးမှ ရုတ်တရက် သတိရသွား၏။
"ထမင်းစားသွားကြတော့မှာလား။"
"ဟုတ်ပါတယ်။"
"ဒါဆို သွားကြတော့။ ကျွန်မ မတားတော့ပါဘူး။ အိမ်က သားအဖလည်း စားလို့ပြီးလောက်ပြီထင်တယ်၊ ကျွန်မပြန်ပြီး စားပွဲရှင်းရဦးမယ်။"
လျိုကွေ့ရင်း အိမ်သို့ အမြန်ပြန်သွားခဲ့သည်။ လင်းချောင်နှင့် ကျိသော်တို့က ထမင်းစားဆောင်သို့ ဆက်လျှောက်သွားကြသည်။ လင်းချောင်က အခြေအနေ အနည်းငယ် ရှုပ်ထွေးနေပြီဟု ခံစားရသည်။
လျိုကွေ့ရင်းကို ငြင်းရခက်သောကြောင့် မဟုတ်ဘဲ သူမကိုယ်တိုင်က စစ်တပ်အကြောင်းကို တကယ်မသိသောကြောင့် ဖြစ်သည်။ ကျွင်းဇီကို ဆွဲဆောင်ချင်လျှင်တောင် ဘယ်ကနေ စရမည်ဆိုသည်ကို သူမ မသိနေပေ။
"မင်းတို့ ကျောင်းက ဓာတ်ခွဲခန်း ဆောက်တော့မှာလား။"
တိတ်ဆိတ်နေခဲ့သော ကျိသော်က ရုတ်တရက် မေးလိုက်သည်။
လင်းချောင်ကတော့ အတွေးထဲတွင် နစ်မြုပ်နေတုန်းပင်။ ခဏကြာမှ သူမက ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်။ ဓာတ်ခွဲခန်း ဆောက်တော့မှာ။ ဒါက ပထမဆုံး အမျိုးသားပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။"
သူမက သူနှင့် အစောပိုင်းက တွေ့ခဲ့ပြီးပြီဖြစ်သော်လည်း ဒါက ကိစ္စသေးသေးလေး တစ်ခုဖြစ်သကဲ့သို့ သူ့ကို မပြောပြခဲ့ပေ။ ပြန်တွေးကြည့်လိုက်သောအခါ သူမ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ခံရသည်ဖြစ်စေ၊ နောက်ပိုင်းတွင် ကျွင်းဇီကို စာသင်ပေးရသည်ဖြစ်စေ၊ သူမက အိမ်သို့အမြန်ပြန်ပြီး ဝေမျှပြောဆိုရန်အတွက် စိတ်အားထက်သန်မှု လုံးဝရှိမနေပေ။
ကျိသော် မျက်မှောင်ကြုတ်မိလိုက်သည်။ သို့သော် လင်းချောင်ကို သူ စတွေ့သည်ကတည်းက ဤကဲ့သို့ပင် ဖြစ်ခဲ့သည်။ သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် တစ်ညတည်းနှင့် ပုံဖော်ထားခြင်းမျိုး မဟုတ်ပေ။
ကျိသော်က သူမ၏ မိသားစုအကြောင်း တွေးမိသွားပြန်ပြီး ၎င်းက သူ့ကို ပို၍ပင် မျက်မှောင်ကြုတ်စေသည်။ သူမ အတွေးထဲတွင် နစ်မြုပ်နေသေးသည်ကို သူတွေ့သောအခါ သူက ပြောလိုက်၏။
"ကိုယ် သူ့ကို စကားပြောပေးရမလား။"
"ရှင်က သူ့ကို စကားပြောပေးမယ် ဟုတ်လား။"
လင်းချောင် အံ့ဩသွားပြီး သူမ၏ မျက်နှာထားသည်လည်း အနည်းငယ် ထူးဆန်းသွား၏။
ဤတုံ့ပြန်မှုက ကျိသော်ကို စိတ်မကျေမနပ် ဖြစ်စေခဲ့သည်။ သူမက သူမ၏ကိစ္စများတွင် သူပါဝင်လာခြင်းကို ငြင်းဆန်နေသကဲ့သို့ပင်။ သူ့မျက်လုံးများ မဲမှောင်သွား၏။
"အဆင်မပြေဘူးလား။"
လင်ချောင်က ပြောလိုက်၏။
"မဟုတ်ပါဘူး။ ရှင့်ရဲ့မျက်နှာအမူအရာက အရမ်းလေးနက်နေလို့ သူ ကြောက်သွားမှာစိုးလို့ပါ။"
"ဒီလောက်ဖိအားကိုမှ မခံနိုင်ရင် သူဘယ်လိုလုပ်ပြီး စစ်သားဖြစ်နိုင်မှာလဲ။"
လင်ချောင် ဘာမှပြန်မပြောနိုင်တော့ပေ။
"ရှင် အားတဲ့အချိန်ကိုပြောပါ။ ကျွန်မ သူ့ကို ပြောထားလိုက်မယ်။"
"ရက်နည်းနည်း ကြာရင်ပေါ့။ ကိုယ် လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်ဦးမယ်။"
ကျိသော်က ပြင်ဆင်မှုမရှိဘဲ ဘယ်တိုက်ပွဲကိုမှ မတိုက်ဖူးပေ။
စစ်ရေးကိစ္စကို သူ့ထက် ဘယ်သူမှ ပိုမသိနိုင်။ သူ ကိုင်တွယ်မည်ဆိုတော့ လင်းချောင် စိတ်အေးသွားပြီး နေ့လယ်စာစားရန်အတွက် စားသောက်ဆိုင်သို့ သွားလိုက်သည်။
ကျောင်းအုပ်ကြီးကျန်းက သတိကြီးသော်လည်း လုပ်ဆောင်ချက်များကတော့ မနှေးကွေးပေ။ ရက်အနည်းငယ်အတွင်း ဓာတ်ခွဲခန်းအသစ်အတွက် မြေနေရာရွေးချယ်မှုကို စတင်ခဲ့သည်။
၁၉၈၀ ခုနှစ်များက နိုင်ငံတစ်ဝန်းလုံး၌ ကျောင်းသားအများဆုံးနှစ်များဖြစ်သည်။ ကျောင်းတွင် အခန်းလွတ်များလည်းမရှိပေ။ နောက်ဆုံးတွင် ကျောင်းမှ စာသင်ခန်းအသစ်၊ နှစ်ထပ်အဆောက်အအုံငယ်လေးတစ်ခုကိုသာ ဓာတ်ခွဲခန်းအဖြစ် ဆောက်ရန် ဆုံးဖြတ်လိုက်သည်။
အဆောက်အအုံကို တိုင်းတာပြီး ပုံစံထုတ်နေသည့်နေ့တွင် ဒုကျောင်းအုပ်ကြီးချီ ဆေးရုံမှ ဆင်းလာသည်။ သူ့ရောဂါသည် စိတ်ပိုင်းဆိုင်ရာနှင့် အဓိကသက်ဆိုင်ပြီး ချီဟွိုင်ဝမ်ကို တွေ့ရှိသည်နှင့် အမြန်သက်သာလာခဲ့သည်။
ကျောင်းမှထွက်ခွာမည့် ဝူဟိုင်ယန်က သူ့နှင့်ကိုယ်တိုင် စကားပြောခဲ့ပုံရသည်။ သူက စကားအများကြီးမပြောဘဲ တိတ်တဆိတ်ဖြင့် သူ၏တာဝန်များကို သူ၏ အလားအလာအရှိဆုံး ကျောင်းသားလက်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။
နောက်ဆုံးတွင်တော့ သူသည် ဖခင်တစ်ယောက်အနေဖြင့် မအောင်မြင်ခဲ့ပေ။ အောင်မြင်သော ဆရာတစ်ယောက်လည်း ဖြစ်မည်မဟုတ်ပေ။ မဟုတ်လျှင် သူက သူ့သားနှင့် သူ့ကျောင်းသားကို ဤကဲ့သို့သော ရှုပ်ထွေးသည့်အခြေအနေသို့ ရောက်ရှိစေမည်မဟုတ်။
သို့သော်လည်း အတန်းလေးမှ ကျောင်းသားများတွင်တော့ ဤသို့ ရှုပ်ထွေးသော အတွေးများမရှိပေ။ သူတို့က ချီဟွိင်ဝမ်နှင့်သာ ရင်းနှီးပြီး ချီဟွိုင်ဝမ် ပြန်လာသည်က သူတို့အတွက် အကောင်းဆုံးပင်။
ကျောင်းတွင် လှုပ်ရှားမှုများနှင့် စည်ကားနေ၏။ ရာသီဥတု မအေးခင် ဓာတ်ခွဲခန်းအဆောက်အအုံကို အပြီးသတ်ရန် ပြင်ဆင်နေသည်။ ထိုအချိန်တွင် ကျိသော်က သူလိုအပ်သော အချက်အလက်များကို ရရှိခဲ့သည်။ သို့သော် လင်းချောင်ကို ကျွင်းဇီနှင့် စကားပြောရန် မကူညီပေးနိုင်ခင်မှာပဲ ကျိဇယ်က လွန်ခဲ့သောတစ်လခွဲစာအတွက် စာရင်းရှင်းရန် ရောက်လာ၏။
"ကျွန်တော် ခြံပိုကြီးတဲ့နေရာကို ပြောင်းရွှေ့ခဲ့တယ်။ တစ်ထောင်ကျော်ဆံ့တဲ့ ထုတ်လုပ်မှုသုံး စည်လေးလုံးကိုလည်း ထပ်တိုးထားတယ်။ သူတို့က တော်တော်လေးဈေးကြီးတယ်၊ တစ်လုံးကို နှစ်ရာကျော်တယ်၊ ဒါကြောင့် ဒီလကုန်ကျစရိတ်က နည်းနည်းမြင့်နေတယ်။"
ကုန်ကျစရိတ်များ မြင့်နေသည်ဟု ပြောနေသေည်လည်း ကျိဇယ် ပေးလိုက်သည့် ပိုက်ဆံကတော့ အထပ်လိုက်ပင်။ ပုံမှန်လူတစ်ယောက်၏ တစ်နှစ် သို့မဟုတ် နှစ်နှစ်လစာနဲ့ ညီမျှ၏။
ဆပ်ပြာရည်က ထိုဒေသတွင် နာမည်ကြီးနေပြီး အရောင်းသွက်နေသည်။ သူ၏ အရောင်းသမားများသည် ဝယ်လိုအားကို မနိုင်မနင်းဖြစ်နေ၏။ စက်ဘီးများကသာ ဈေးမကြီးဘူးဆိုလျှင် သူက သူ့လူများကို ယုံကြည်သောကြောင့် သူတို့တစ်ယောက်ချင်းစီကို တစ်စီးစီပေးပြီး ပိုဝေးသည့်နေရာများတွင် သွားရောင်းစေချင်၏။
ကျိသော် ငွေကိုရေတွက်ပြီး စာရင်းစစ်လိုက်ပြီးနောက် ကျိဇယ်က မျက်လုံးတစ်ဖက်မှိတ်ပြပြီး ပြောလိုက်သည်။
"ဦးလေး၊ နောက်ထပ်သတင်းကောင်းတစ်ခုရှိသေးတယ်။"
ကျိဇယ်က ပုံမှန်ဆိုလျှင် လူအနည်းငယ်နှင့်သာ ဆက်ဆံလေ့ရှိပြီး သူ့ကို ဒီလောက် ပျော်ရွှင်အောင် လုပ်ပေးနိုင်သူက ပိုတောင်နည်းသေး၏။
ကျိသော် ခဏတာ စဉ်းစားပြီး စကားစပြောတော့မည်အလုပ် ကျိဇယ်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
"ရပြီ၊ ဦးလေး ခန့်မှန်းနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။"
သူ့ဦးလေးနှင့် ပဟေဠိကစားရသည်မှာ ဘယ်လိုခံစားချက်မှမရသောကြောင့် ကျိဇယ် တည့်တိုးပဲ ပြောလိုက်တော့၏။
"ဖော်မြူလာကို ခိုးသွားတဲ့လူကို ဖမ်းမိသွားပြီ။"
ဖော်မြူလာခိုးသူတင်မက ခိုင်းသူများကိုပါ အကုန်ဖမ်းမိသွားခြင်းဖြစ်သည်။
ကျင်းမိသားစုမှ သားအဖက ကံဆိုး၏။ သူတို့က မပြည့်စုံသည့် ဖော်မြူလာအတွက် ယွမ် ၂၅၀ သုံးလိုက်ရပြီး၊ တစ်လခွဲလောက်စောင့်သည့်တိုင် အဆင်မပြေခဲ့ပေ။ ထို့ပြင် ပိုတက်စီယမ် ဟိုက်ဒရောဆိုဒ်ကို ခွဲခြားသိရန်အတွက် ယွမ် ၁,၃၀၀ ကိုလည်း သုံးခဲ့ပြန်သည်။ ဒါနှင့် နောက်ဆုံး အဆင်ပြေပြီဟု ထင်ခဲ့သော်လည်း ဆယ်ရက်ကျော်ကြာသည်အထိ ဆပ်ပြာရေသာ ဖြစ်နေသေး၏။
ဘယ်သူက ဒါကို သည်းခံနိုင်မည်လဲ။ စုစုပေါင်း ယွမ် ၁,၅၅၀ ၊ တစ်နှစ်၏ ပထမတစ်ဝက်တွင် ရှာထားသည့် ပိုက်ဆံအားလုံးနီးပါး ဆုံးရှုံးသွားခဲ့ရသည်။
ကျင်းချွမ်က သူတို့သုံးသည့်ဇွန်းကို ရိုက်ချိုးလိုက်သောကြောင့် သူတို့၏ ပစ္စည်းဥစ္စာ စုစုပေါင်းက တစ်ခုထပ်လျော့သွား၏။ သူတို့သားအဖက ဒီဒေါသကို မျိုသိပ်လို့မရဘဲ ဒီရက်ပိုင်း ဖော်မြူလာကို ရောင်းခဲ့သူကို လိုက်ရှာနေခဲ့၏။ သူတို့က ရောင်းသည့်လူက သူတို့ကို လှည့်စားပြီး မှန်ကန်သည့် ဖော်မြူလာကိုမပေးဘဲ တမင်တကာ အတုရောင်းလိုက်သည်ဟု သံသယဝင်နေကြ၏။
ဖော်မြူလာရောင်းသူက မရောင်းခင်တွင် အကုန်လုံးကို စျေးအပြည့်အစုံ မတွက်ထုတ်နိုင်သေးပေ။ ယွမ် ၂၅၀ ပဲ တောင်းသည်ကလည်း သူက အမြင်မကျယ်သည့်သူဆိုသည်က်ို ပေါ်လွင်နေ၏။ သူကသာ ပိုပြီး စဉ်းစားတတ်သူဆိုလျှင် ကျိဇယ်၏ ဖော်မြူလာ နောက်ဆုံးအပိုင်းကို သိနိုင်ရန် အချိန်ပိုပေးခဲ့လိမ့်မည်။ သို့သော် သူကတာ့ အမြန်ငွေရှာချင်သည့်စိတ်သာ ရှိခဲ့၏။ ယွမ် ၂၅၀ ရပြီးသည်နှင့် အလုပ်ထပ်မရှာတော့ဘဲ အရက်ဆိုင် ဒါမှမဟုတ် လောင်းကစားဝိုင်းများတွင်သာ အချိန်ဖြုန်းနေခဲ့သည်။
နောက်ဆုံးမှာတော့ ကျင်းမိသားစု သားအဖက အတော်လေးကြိုးစားပြီး သူ့ကို လောင်းကစားဝိုင်းတစ်ခုတွင် တွေ့သွားခဲ့သည်။ သူတို့ သူ့ကို ရိုက်နှက်ဖို့ မလုပ်ခင်မှာပဲ တစ်စုံတစ်ယောက်က ဒီဖြစ်ရပ်ကို သတင်းပို့လိုက်၏။
အနီးနားက ရဲစခန်းမှ ရဲများရောက်လာချိန်တွင်လည်း အဖွဲ့လိုက်ရန်ဖြစ်နေကြဆဲပင်။ ကျင်းမိသားစု သားအဖက မျက်လုံးများနီရဲပြီး ဆဲဆိုရင်း ခိုက်ရန်ဖြစ်ပွားနေကြ၏။ ဒါကြောင့် လောင်းကစားပွဲကျင်းပသူအပါအဝင် အားလုံး ရဲစခန်းကို ရောက်သွားကြ၏။
ဖမ်းဆီးခံရပြီးသည့်အခါမှာတော့ ကျင်းမိသားစု သားအဖက စိတ်အေးသွားပြီး စကားမပြောတော့ပေ။ သူတို့က ပိုပြီးအပြစ်ရှိသည့် သတင်းအချက်အလက်များကို ထုတ်ဖော်မိမည်ကို ကြောက်သောကြောင့်ပင်။
သို့သော် ရဲများရောက်လာချိန်မှာ သူတို့က အသေးစိတ်အကြောင်းအရာအချို့ကို ကြားပြီးသားဖြစ်သောကြောင့် အခြေအနေက ရင်းနှီးနေသည်ဟု ယူဆခဲ့ကြသည်။ သူတို့က ပြန်ပြီး မှတ်တမ်းများကို စစ်ဆေးကြည့်ခဲ့ကြသည်။
သေချာ၏။ အရင်က တစ်စုံတစ်ယောက်က သူတို့၏ အလုပ်သမားတစ်ယောက် ပစ္စည်းတစ်ခု ခိုးသွားသည်ဟု တိုင်ကြားထားခြင်းရှိပြီး၊ ဖော်ပြချက်ကလည်း ရိုက်နှက်ခံရသည့်လူနှင့် ကိုက်ညီနေ၏။
ထိုလူက အလျှော့မပေးပေ။ ရဲများက သူ့ကို မေးမြန်းသည့်အခါ ကျင်းမိသားစုသားအဖ၏ ပါဝင်ပတ်သက်မှုကို ထုတ်ဖော်ပြောပြခဲ့သည်။ ကျိဇယ်ကတော့ အမှုပြီးဆုံးသွားပြီဟု အကြောင်းကြားစာရရှိသည့်အခါ အံ့အားသင့်သွားခဲ့၏။ သူက တဖက်လူကို လှည့်စားရန်အတွက်သာ ခိုးမှုဖြစ်စဉ်ကို တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ ခိုးသွားသည့်စ္စည်းများက တန်ဖိုးနည်းသောကြောင့် ရာဇ၀တ်မှု မှတ်တမ်းလည်း ထားခဲ့မည်မဟုတ်သည့်အတွက် သူခိုးမိ၊မမိကို ဂရုမစိုက်ခဲ့ပေ။ မမျှော်လင့်ဘဲ အဖွဲ့လိုက်ရန်ဖြစ်ကြခြင်းက သူတို့ကိုယ်တိုင်နှင့် ခိုးမှု၏ မူလတရားခံများကိုပါ ရဲစခန်းပို့ပေးသလို ဖြစ်သွားခဲ့သည်။
"သူတို့က ခွဲခြားသိဖို့အတွက်ကိုပဲ တစ်ထောင်ကျော် သုံးခဲ့ကြသေးတာလား။"
လင်းချောင်က ကျိသော်ထံမှ ဒီအကြောင်းကိုကြားရသည့်အခါ ရယ်မောမိလိုက်သည်။
"ဘယ်လောက်တောင် မိုက်ရူးရဲဆန်ကြတာလဲ။"
သူတို့ တစ်ပြားမှ မရှာရသေးခင်မှာပဲ ယွမ် ၁,၅၅၀ ကုန်ပြီးနေပြီဖြစ်သည်။ ဒါကြောင့်ပဲ ရဲများက သူတို့ကို ရှာမတွေ့ခင် သူတို့ကိုယ်တိုင်၏ မုန်းတီးစိတ်ကြောင့် သူခိုးကို ရှာဖွေမိခဲ့ကြသည်။ သူတို့က ရဲရင့်သလို တော်လည်းတော်သည်။ အရင်က ဆပ်ပြာလုပ်ဖူးသည့်အတွက် ဖော်မြူလာကို သေချာစစ်ဆေးစရာမလိုဘဲ တွက်ထုတ်နိုင်လိမ့်မည်ဟုထင်ပြီး ဒီလောက်အများကြီး ရင်းနှီးဖို့ သတ္တိရှိခဲ့ခြင်းဖြစ်သည်။
ဆိုဖာပေါ်ထိုင်နေရင်း လင်းချောင်က စာရင်းများကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။
“ဒီပမာဏက ရာဇဝတ်မှုမှတ်တမ်း ကျန်ဖို့အတွက် မလုံလောက်ဘူး မဟုတ်လား။”
“မလုံလောက်ပါဘူး။”
အခုမှ ဝင်လာပြီး ဆိုဖာ၏ တစ်ဖက်ခြမ်းတွင်ထိုင်ကာ ရေတစ်ခွက်သောက်နေသည့် ကျိသော်ကပြောလိုက်သည်။
“ဒါပေမဲ့ သူတို့ရဲ့ အုပ်စုလိုက်ရန်ပွဲကတော့ မှတ်တမ်းကျန်လောက်အောင်ကို ပြင်းထန်တယ်။”
လင်းချောင် ရယ်ချင်စိတ်ပေါက်သွား၏။
ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်လဲ၊ ဖော်မြူလာခိုးခြင်းကို မမိခဲ့ဘဲ သူတို့ အချင်းချင်း ရန်ဖြစ်ခြင်းကတော့ မိသွားကာ ရာဇဝတ်မှုမှတ်တမ်းပါ ကျန်နေခဲ့သည်။
သူတို့ ယွမ် ၁,၅၅၀ ကုန်သွားရုံမက အခု ဒဏ်ကြေးများနှင့် ဆေးရုံစရိတ်များကိုပါ ပေးရတော့မည်။ သူတို့သာ ကြိုသိခဲ့မည်ဆိုလျှင် အစကတည်းက ဒီလို ကောက်ကျစ်သည့်အတွေးမျိုးလည်း တွေးမိမည်မဟုတ်ပေ။