တောင်းပန်ပါတယ်၊ ငါမှားသွားတယ် ...
Vol. 1 Ch. 14
စာသင်ခန်းအတွင်းသို့ ဝင်လိုက်သည့်အခါ ပါရမီရှင်များစွာ၏ အကြည့်များက အန်လင်းထံ ရောက်ရှိလာသည်။
ထိုသို့ ဖြစ်ရခြင်းမှာ သူအရမ်း ခန့်ညားနေခြင်းကြောင့် မဟုတ်ဘဲ သူ့ဘယ်ဘက် မျက်နှာတစ်ခြမ်းလုံးမှာ ဝက်တစ်ကောင်ကဲ့သို့ ဖူးရောင်နေခြင်း ကြောင့်ပင်။
“အန်လင်း ... မင်းကို ဘယ်သူရိုက်တာလဲ ... မင်းရဲ့ အတန်းခေါင်းဆောင်ကို ပြောစမ်းပါ ... ဒီအတန်းခေါင်းဆောင်က မင်းအတွက် တရားမျှတမှု ပြန်ယူပေးမယ် ...”
ဝမ်းနည်းနေသည့် အန်လင်းပုံသဏ္ဌာန်ကို မြင်လိုက်ရသဖြင့် ရွှမ်ယွမ်ချန်သည် မခံမရပ် နိုင်သည့် အမူအရာ ပေါ်လာခဲ့သည်။
ထိုသည်ကို ကြားလိုက်ရတော့ အန်လင်းက ခေါင်းခါလိုက်ကာ “အတန်းခေါင်းဆောင် အဲလိုမျိုး မဟုတ်ပါဘူး ... ကျွန်တော့်ဘာသာ မတော်တဆ ခလုတ်တိုက်မိတာပါ ...”
ထိုသို့ ပြောပြီးနောက် စုရှောင်လန်အား ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
စုရှောင်လန်သည် အေးစက်စက် အမူအရာဖြင့် ဟွန့်ခနဲ အသံပြုလိုက်သည်။ အန်လင်းအား လျစ်လျူရှုကာ နေရာတစ်နေရာ ရှာပြီး တစ်ဦးတည်း ထိုင်နေသည်။
ရွှမ်ယွမ်ချန် မျက်လုံးများသည် ဖြစ်ပျက်ခဲ့သည်များကို သတိပြုမိပြီးနောက် နားလည်မှု အပြည့်နှင့် ဖြစ်သည်။
အန်လင်း ပခုံးများကို ပုတ်လိုက်ပြီးနောက် နှစ်သိမ့်သည့် အနေဖြင့် “ဒါက ကျောင်းတွင်း အကြမ်းဖက်မှု တစ်ခုပဲ ... မင်းအတွက်တော့ လွယ်ကူမှာ မဟုတ်ဘူး ... အဲဒါက ... ... ... ...”
“အစ်ကိုကြီးချန် ... ကျွန်တော် ဘယ်လောက်တောင် သနားဖို့ကောင်းသလဲ မြင်တာတောင်မှ အနာဖေးကို ခွာဖို့ ကြိုးစားနေတုန်းလားဗျာ ...”
ထိုစကားများကို ပြောနေစဉ် အန်လင်းမျက်နှာမှာ ဆိုးဝါးစွာ နာကျင်နေသည်။
ရွှမ်ယွမ်ချန်နှင့် စကားပြောနေစဉ် သူ့မျက်နှာသည့် နာကျင်လွန်းသဖြင့် ရှုံ့မဲ့နေသည်။
“အဲလိုလား ... ဒီလိုဆို ကျောင်းသားအန်လင်းက ပိုပြီးတော့ စိတ်အား ထက်ထက်သန်သန်နဲ့ လေ့ကျင့်ရမယ် ... ဒါဆိုရင် သိပ်မကြာခင် ကာလမှာ စုရှောင်လန်ကို ကျော်ဖြတ်နိုင်လိမ့်မယ် ... အဲဒါမှ အခုလို ရန်ရှာမခံရတော့မှာ ...” ရွှမ်ယွမ်ချန်က အန်လင်းအား နွေးထွေးစွာ နှစ်သိမ့်ပြီးနောက် နားလည်မှုရှိစွာ ကြည့်လိုက်သည်။
အန်လင်းက မျက်နှာမဲ့လိုက်ပြီး သက်ပြင်းချကာ ရှင်းပြဖို့အတွက် လက်လျှော့လိုက်သည်။
ရွှမ်ယွမ်ချန်အား ခေါင်းညိတ်ပြကာ ထွက်လာပြီးနောက် ထိုင်ဖို့နေရာ ရှာလိုက်သည်။
“အန်လင်း ... ဒါကိုယူလိုက် ...”
ရွှမ်ယွမ်ချန် အသံက သူ့အနောက်မှနေ ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။
အန်လင်း လှည့်ကြည့်လိုက်သည့်အခါ ရွှမ်ယွမ်ချန်မှ ဆေးပုလင်းတစ်ခု ပစ်ပေးလာသည်ကို မြင်လိုက်ရသည်။
“ဒါကို မင်းမျက်နှာမှာ လိမ်းလိုက် ... အရောင်ကျစေတယ် ...” ရွှမ်ယွမ်ချန်က ရှင်းပြသည်။
ဆေးပုလင်းကို ဖမ်းယူပြီးနောက်တွင် အန်လင်းက ခေတ္တမျှ တွေဝေသွားသည်။ အသိပြန်ဝင်လာသည့် နောက်တွင်တော့ စိတ်လှုပ်ရှားသဖြင့် မျက်ရည်များပင် ကျမိသည်။
ထိုခံစားချက်မှာ ဒဏ္ဍာရီလာ သတ္တဝါကြီးများ၏ နှိပ်စက်ခံရကာ ဒဏ်ရာဗရပွနှင့် တစ်ယောက်တည်း လျှောက်သွားနေစဉ် နတ်သမီးတစ်ပါး ရုတ်တရက် ပေါ်လာကာ “မစိုးရိမ်ပါနဲ့ ... မင်းမှာ ငါရှိပါတယ် ...” ဟု နူးညံ့စွာ ပြောနေသယောင်။
ဂရုစိုက်တတ်ပြီး စဉ်းစားတတ်လွန်းတယ်။
သူ့နေရာသို့ ရောက်ရှိပြီးသည့်နောက် အန်လင်းက မျက်နှာကို ဆေးလိမ်းလိုက်သည်။
ဆေးလိမ်းပြီးသည်နှင့် မျက်နှာတစ်ပြင် အေးမြလတ်ဆတ်သည့် အထိအတွေ့ကို ခံစားရရသည်။ မျက်နှာပြင်အနှံ့ နာကျင်မှုသည်လည်း လျော့ပါးသွားသည်။
“အာ ... ဒီဆေးက တော်တော်လေး ကောင်းတာပဲ ...” အန်လင်းက ခေါင်းညိတ်လိုက်သည်။ လိမ်းဆေးကို သေချာစွာ သိမ်းလိုက်သည်။ နောင်တစ်ကြိမ် ထပ်မလိုလာပါဟု မပြောနိုင်ပေ။
အာ ...
အခုအချိန်မှာတော့ အဆင့်မြှင့်တင်ဖို့ မဖြစ်နိုင်သေးဘူး။
အန်လင်းက အတော်လေး စိတ်ညစ်သွားသည်။ စနစ်သွင်ပြင်ကို ဖွင့်လိုက်ပြီးနောက် ကျင့်ကြံခြင်း အခြေခံ ကဏ္ဍကို ကြည့်လိုက်သည်။
အာ ... ဟုတ်သားပဲ ... ‘ကျင့်ကြံခြင်း နည်းစနစ်’ နှင့် ‘လှုပ်ရှားမှုများ’ ဆိုသည့် ကဏ္ဍများကို ဖွင့်ဖို့အတွက် တာအိုခန္ဓာ အဆင့် ၇ ကို ရောက်ဖို့ လိုအပ်တယ်မလား။
အန်လင်းကို ထိုသည်ကို တွေးမိသည်နှင့် ချက်ချင်းဆိုသလို “ကျင့်ကြံခြင်း နည်းစနစ်” ကဏ္ဍကို ဖွင့်လိုက်သည်။ ထိုကျင့်ကြံခြင်း နည်းစနစ် ကဏ္ဍကို အဓိက အမျိုးအစား ၁၀ မျိုး ခွဲခြားထားသည်။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ လေ၊ မိုးကြိုးလျှပ်စီး၊ ယင်၊ ယန် နှင့် နတ်ဘုရားတို့ ဖြစ်သည်။ လက်ရှိတွင် မိုးကြိုးလျှပ်စီး တစ်မျိုးတည်းသာ လင်းနေသေးသည်။
“မိုးကြိုးလျှပ်စီး အနှစ်သာရ ကျင့်ကြံခြင်း နည်းစနစ် အဆင့် ၁ - သတ်မှတ်ချက် : ကောင်းကင်နှင့် မြေကြီးမှ ဖြစ်ပေါ်လာသည့် သဘာဝလျှပ်စီး ဒဏ်ခံပါ ...”
အန်လင်း : “…”
သေလိုက်လေ ... ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား ...
ထိုစနစ်၏ သတ်မှတ်ချက်ကြောင့် အန်လင်းမှာ အံ့ဩလွန်း၍ ဘာမှကို မပြောနိုင်တော့ပေ။
လျှပ်စီးများသည် သဘာဝအလျှောက် ဖြစ်ပေါ်ခြင်းဖြစ်ကာ ဗို့အား တစ်သိန်းကျော်လောက်ရှိပြီး လျှပ်စီးကြောင်း အမြောက်အမြား ပါဝင်သည်။
သူက ထိုနေရာတွင်ရပ်ပြီး မိုးကြိုးပစ်ခြင်း ခံမည် ဆိုပါက အသက်ရှင်ဖို့ရာ ဖြစ်နိုင်ပါမည်လား။
အသက် ဒါမှမဟုတ် ခွန်အား ... ဘာက ပိုအရေးပါသလဲ။
ကျင့်ကြံခြင်း နည်းစနစ်ကို မေ့ထားသင့်တယ်လို့ ငါထင်တယ် ...။
အန်လင်းက ခေါင်းခါလိုက်ပြီးနာက် ‘လှုပ်ရှားမှုများ’ ကဏ္ဍသို့ အာရုံပြောင်းလိုက်သည်။
ထိုကဏ္ဍတွင်တော့ သင်္ကေတတစ်ခုမှလွဲ အခြားအရာများ ရှိမနေချေ။
“တောင်ခွင်းလက်သီး __ သတ်မှတ်ချက် : တောင်စိတ်အဆီအနှစ် ၁၀ ဂရမ် မျိုပါ ...”
တောင်စိတ်အဆီအနှစ်က ဘာကြီးလား။ အန်လင်းက အနည်းငယ် ရှုပ်ထွေးသွားသည်။
အဲဒါက ဘာပဲဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်နေမတဲ့တုန်း။ အနည်းဆုံးတာ့ ဒီသတ်မှတ်ချက်က ငါ့ကို နားလည်နိုင်စေတာကြောင့် မျှော်လင့်ချက် ရှိနေစေသေးတယ်လေ။
ကျောင်းဆင်းလို့ စုရှောင်လန်ကို မေးကြည့်ရင်ကော ...
အန်လင်းက စုရှောင်လန် ရှိနေသည့် အရှေ့ဘက်သို့ ကြည့်လိုက်သည်။ သူမက ထိုင်နေလျက်ရှိကာ မျက်နှာတွင် ဒေါသ အကြွင်းအကျန်များကို မြင်နေရသေးသည်။
သူက ခေါင်းပင် ကိုက်လာတော့သည်။ နင်က ငါ့ကို ရိုက်တယ်။ ဆူတယ်။ အခုထိလည်း အေးတိအေးစက် လုပ်နေတုန်းပဲလား။ ရှင်းရှင်းလင်းလင်း ပြောရရင် ငါကပိုပြီး နာကျင်ရတဲ့သူပါနော်။ ဟုတ်ပလား။
မနက်ပိုင်း အတန်းချိန်သည် မန္တန်အတန်းဖြစ်ပြီး သူတို့၏ အတန်းပိုင်ဆရာ ဓားအင်မော်တယ် လင်းရှောင်မှ သင်ကြားပေးသည်။
ခန့်ညားသည့် ဓားအင်မော်တယ် လင်းရှောင်သည် ယနေ့တွင် စိတ်အခြေအနေ သာယာလျက် ရှိသည်မှာ သိသာလွန်းနေပြီး အတိတ် ကာလများတွင် သူထမ်းဆောင်ခဲ့သည့် သူရဲကောင်းဆန်ဆန် အပြုအမူများကို စတင်ပြောဆို နေလေသည်။
ဓားအင်မော်တယ် လင်းရှောင်သည် ပုံပြော အင်မတန် ကောင်းမွန်သည်ကို ဝန်ခံရပေမည်။ သူပြုလုပ်ခဲ့သည်များကို အလွန်အမင်း ကြွားဝါ ပြောဆိုနေခြင်း ဖြစ်သည်။
ပုံပြင်ထဲတွင် နိမ့်ပါးခဲ့သည်များလည်း ရှိသည်။ ဥပမာဆိုရသော် ဂိုဏ်းတစ်ခုမှ ပါရမီရှင် တစ်ယောက်သည် သူငယ်ရွယ်စဉ် အခါက နှိမ့်ချစွာ ဆက်ဆံခဲ့ပြီး နည်းမျိုးစုံဖြင့် ထိခိုက်နစ်နာအောင် ပြုမူခဲ့သည် ဟူ၍ လည်းကောင်း။
အံ့ချီးဖွယ်ရာ အခိုက်အတန့်များလည်း ရှိသေးသည်။ ဥပမာအားဖြင့် ငါးနှစ်ကြာပြီး နောက်တွင် ဓားအင်မော်တယ် လင်းရှောင်က အင်အား ကြီးမားသူအဖြစ် ပြန်လည် ရောက်ရှိလာသည်ဟူ၍ လည်းကောင်း။
သူ့ဓားတစ်ချောင်းတည်းဖြင့် ဂိုဏ်းတစ်ခုလုံးကို အံ့အားသင့်စေကာ သူ့ကိုလှောင်ပြောင် ရယ်မောခဲ့သည့် ပါရမီရှင် ဆိုသူမှာလည်း ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲတွင် သေးများပင် ထွက်ကျခဲ့သည် ဟူ၍ လည်းကောင်း။
သူပြောနေသည့် အကြောင်းအရာများသည် ကြီးကျယ်လွန်းကာ အံ့အားသင့်ဖွယ် ဖြစ်သည်။ ကျောင်းသားများသည်လည်း အံ့ဩလွန်းသဖြင့် ထပ်ကာထပ်ကာ အော်ဟစ် အားပေးနေကြသည်။ အန်လင်းသည် ပင်လျှင် ကျင့်ကြံခြင်း ဝတ္ထုတစ်ပုဒ် နားထောင် နေရသကဲ့သို့ ခံစားရသည်။
ပုံပြင် အဆုံးသတ်သို့ ရောက်ကာနီးမှသာ အတန်းပိုင်ဆရာသည် ခေါင်းစဉ်နှင့် လွဲချော်နေပြီ ဖြစ်ကြောင်း အသိဝင်ပုံ ပေါ်လာသဖြင့် သူတို့၏ သင်ခန်းစာသို့ ပြန်လည် ဆွဲခေါ်ယူရသည်။ “ဒီပုံပြင်တွေကနေ ငါတို့ သိမြင်နိုင်တာက ကျင့်ကြံခြင်း ခရီးကြမ်းက ရှည်လျားပြီး မမျှော်မှန်း နိုင်တဲ့အရာ ဖြစ်ပြီး ခန့်ညားထည်ဝါမှု အပြည့်နဲ့ ဖြစ်တယ် ... ငါတို့က လွယ်လွယ်ကူကူနဲ့ စိတ်ပျက် အားလျော့တာမျိုး မလုပ်သင့်ဘူး ...”
ထို့နောက် ဓားအင်မော်တယ် လင်းရှောင်သည် စိတ်အား ထက်သန်စွာဖြင့် မန္တန်အစီအရင်များ နည်းစနစ်များ အကြောင်း စတင်ကာ အလေးအနက် ပြောတော့သည်။
စင်မြင့်အောက်မှနေ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကျောင်းသား အများစုသည်လည်း စိတ်ပျက်သည့်ပုံများ ပေါ်လာခဲ့သည်။
လူတိုင်းက အတန်းပိုင်ဆရာအား သင်ခန်းစာ ပို့ချခြင်းထက် ဇာတ်ကြောင်းများ ပြောပြဖို့ကိုသာ ပိုလိုလားကြသည်။
ထိုအချက်ကို သူ မသိလိုက်ခင် မှာပင် ကျောင်းဆင်းသွားပြီ ဖြစ်သည်။
ကျောင်းသားများသည် စာသင်ခန်းအတွင်းမှနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်။ အန်လင်းသည် စုရှောင်လန်အား တောင်းပန်တိုးလျှိုးရန် အတွက် ချဉ်းကပ်ဖို့ အခွင့်အရေး ဖမ်းဆုပ်နိုင်ပြီ ဖြစ်သည်။
“နတ်သမီးလေး လန်လန် ... ဒီနေ့က ငါ့အမှားပါ ... ငါတောင်းပန်ပါတယ် ...” အန်လင်းက ခခယယ တောင်းပန်လိုက်ပြီး သူ့မျက်နှာတွင် နောင်တတရား အထင်းသားဖြစ်သည်။
စုရှောင်လန်က မျက်ခုံးပင့်လိုက်ပြီး ဟွန့်ခနဲ အသံပြုကာ “ဒါပဲလား ...”
အန်လင်းက နင်သွားသည်။ စိတ်ထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နင်ကငါ့ကို ဒီထက်ပိုပြီး ဘာတွေလုပ်စေချင်နေတာတုန်း ...
သေချာတာပေါ့။ အန်လင်းက ထိုစကားများကို ထုတ်မပြောရဲပါ။
သူ့စိတ်ထဲတွင် တဝီဝီမြည်ကာ လည်နေပြီးနောက် သင့်တော်သည့် စကားလုံးများကို ရှာတွေ့ပြီ ဖြစ်သည်။
“နတ်သမီးလေး လန်လန် ... ငါက ကန်းနေရုံတင် မကဘူး ကိုးရိုးကားရားလည်း နိုင်ပါသေးတယ် ... ပြီးတော့ စကားလည်း သေချာ မပြောတတ်ပါဘူး ...”
“ဒီနေ့ကိစ္စမှာ ငါကပဲ မှားတဲ့သူပါ ... ငါကတကယ်ကို အသိစိတ် လွတ်သွားခဲ့ပြီး နင့်ရဲ့ အလှအပကို စော်ကား မိခဲ့ပါတယ် ...”
“ငါ့တစ်ဘဝလုံးမှာ အဲဒါက အကြီးဆုံး အမှားတစ်ခုပါ ... ငါက အမှား ပြုလုပ်ခဲ့မိပါတယ် ...”
“လာပါ ... ငါ့ညာဘက် မျက်နှာက အခုထိ အကောင်းအတိုင်း ရှိနေသေးတယ် ... ငါ့မျက်နှာ နှစ်ဖက်စလုံးကို ညီသွားအောင် လာရိုက်ပါ ...”
ထိုသို့ ပြောပြီးနောက် အန်လင်းက ဒဏ်ရာမရှိသည့် သူ့မျက်နှာ တစ်ဖက်ကို စုရှောင်လန်ဆီသို့ ထိုးပေးလိုက်ပြီး မျက်လုံးများ မှိတ်ထားလိုက်သည်။ သူမ စိတ်ကျေနပ်သည် အထိ ရိုက်ပါစေ။
အန်လင်း၏ အပြုအမူကို မြင်ရသည့်အခါ စုရှောင်လန်၏ ရေခဲရိုက် မျက်နှာသည် ပြုံးယောင် သန်းလာတော့သည်။
သို့ပေမဲ့လည်း အန်လင်းမျက်စိ ပြန်မဖွင့်ခင်မှာပင် သူမက အပြုံးကို ဖုံးကွယ်လိုက်ပြီး ရည်ရွယ်ချက် ရှိရှိဖြင့် တင်းမာသည့် အမူအရာ ပြုလိုက်ကာ “ကောင်းပြီ ... နင်က အရမ်းကို ရိုးရိုးသားသားနဲ့ တောင်းပန်နေတော့လည်း ငါက ခွင့်လွှတ်ရမှာပေါ့ ...” သူမက အေးစက်စွာ ပြောသည်။
ထိုသို့ ကြားလိုက်မှသာ အန်လင်းက စိတ်သက်သာရာ ရတော့သည်။
သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး စုရှောင်လန်၏ အမူအရာသည် အမှန်တကယ် သက်သာရာ ရပုံပေါ်သဖြင့် စိတ်ထဲမှနေ သက်ပြင်းချမိတော့သည်။
“တကယ်တော့ ငါ့မှာ နင့်ကိုမေးစရာ ရှိနေသေးတယ်ဟ ... တောင်စိတ်အဆီအနှစ်က ဘာလဲဆိုတာ နင်သိလား ...”
အန်လင်းက ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ မေးလာသည်။
“ဘာလို့ အဲဒါကို မေးတာလဲ ... တစ်ခုခု လုပ်ဦးမလို့လား ...” စုရှောင်လန်က သူမ ပါးနှစ်ဖက်ကို လက်ဖြင့်ထောက်ပြီး မေးသည်။
“အရမ်းကို ထူးခြားတဲ့ အခြေအနေကြောင့်ပါဟာ ... ငါက တောင်စိတ်အဆီအနှစ် ၁၀ ဂရမ် မျိုဖို့ လိုအပ်နေတယ် ...” စုရှောင်လန် တုံ့ပြန်ချက်ကို ကြားသိရသည့်အခါ အန်လင်းက မျှော်လင့်ချက် ရှိနေသည်ကို သိလိုက်ရသဖြင့် သူ့မျက်လုံးများသည် တလက်လက် တောက်ပလာသည်။
“မျိုရမယ် ...” စုရှောင်လန်က တွေဝေသွားသည်။ သူက အန်လင်းကို ပါးစပ် အဟောင်းသားဖြင့် စိုက်ကြည့်လိုက်သည်။
စုရှောင်လန် အမူအရာကို မြင်တွေ့သည့်အခါ အန်လင်းသည် ဆိုးဆိုးဝါးဝါး ခံစားရသည်။ “ဘာလို့လဲ ... ပြဿနာ ရှိလို့လား ...”
“မ ... မဟုတ်ဘူး ... ပြဿနာတော့ မရှိပါဘူး ... အဲဒါက ရှာဖို့ တော်တော်လေး ခက်တယ်ဟ ... ဒီလိုဆိုရင်ကော အဲဒါကိုရှာဖို့အတွက် လပြည့်ဝန်းတောင် ကို နင့်ကိုငါက ခေါ်သွားပေးမယ်လေ ...”
စုရှောင်လန် မျက်နှာတွင် နွေးထွေးသည့် အပြုံးလေး ပေါ်ပေါက်လာပြီး အန်လင်းအား အကြံပြုလိုက်သည်။
လပြည့်ဝန်းတောင်သည် သူတို့ကျောင်းဝန်း အတွင်း၌ အမြင့်ဆုံးသောတောင် ဖြစ်သည်။ ထိုတောင်ထိပ်တွင် လသာဆောင် တစ်ခုရှိသည်။
တောင်ထိပ်မြင်ကွင်းသည် ရင်သပ် ရှုမောရလောက်အောင် ဖြစ်ပြီး ပန်းမျိုးစုံနှင့် အပင်မျိုးစုံ ရှင်သန်ပေါက်ရောက် နေသည်။ ထို့အပြင် နှစ်သက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်သားရဲ အချို့လည်း ရှိနေသေးသည်။ ထို့ကြောင့် ထိုတောင်သည် အမျိုးသမီး ကျောင်းသူများ အများဆုံး အလည်အပတ် သွားသည့်နေရာ ဖြစ်လာခဲ့သည်။
တောင်စိတ်အဆီအနှစ်ကို လပြည့်ဝန်းတောင်တွင် ရှာတွေ့ဖို့ အခွင့်အရေး ရှိကြောင်း ကြားသည့်ရသည်နှင့် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာသည်။ သူနှင့် စုရှောင်လန်တို့သည် လပြည့်ဝန်းတောင်သို့ ထွက်ခွာရန် ဆုံးဖြတ်ချက် ချလိုက်သည်။
တောင်ခွင်းလက်သီး ... ငါကနောက်ဆုံးတော့ ငါ့ကျင့်ကြံခြင်း သက်တမ်းမှာ ပထမဆုံးသော အင်မော်တယ် မန္တန်ကို သင်ယူနိုင်ဖို့ အခွင့်အရေး ရလာပြီပေါ့ ...
အန်လင်းမျက်နှာတွင် အလွန်စိတ်အား ပြင်းထန်သည့် အမူအရာများ ပေါ်လာတော့သည်။
***