နောက်ဆုံးကြယ်
Vol. 157 Ch. 2231
ဤတစ်ကြိမ်၌ ရီဖူရှင်းက မဟာလမ်းစဥ် စွမ်းအားကို ဖုံးကွယ်မထားခဲ့ပေ။ သူသည် မဟာအင်ပါယာ၏ ပုံရိပ်ထံသို့ သွားနေစဥ် စွမ်းအားများကို အဆုံးစွန်ထိ ထုတ်လွှတ်ထားခဲ့သည်။ မကြာခင်၌ မဟာအင်ပါယာ၏ ခပ်ဝါးဝါးပုံရိပ်က တဖြေးဖြေး ရှင်းလင်းလာပေသည်။ သို့သော် ၎င်းက မတည်ငြိမ်သော လေထုအလွှာများနှင့် ဝန်းရံထားသည်။ ရီဖူရှင်း၏ နှလုံးသားက တစ်ချက် အခုန်မြန်သွားသည်။
၎င်းက အမှန်တကယ်ပင်.....
ရီဖူရှင်းက အံ့အားသင့်သွားခဲ့သည်။ သူက ဤတစ်ကြိမ်၌ လွှမ်းမိုးနိုင်သော နတ်ဆိုးချီကို အာရုံခံမိနေသည်လား။
စီဝေ့မဟာအင်ပါယာ လက်အောက်၌ အမှုထမ်းနေသည့် မဟာအင်ပါယာရှစ်ပါးထဲတွင် နတ်ဆိုးအင်ပါယာတစ်ပါး ရှိသလား။
သူက ဆက်လက် ရှာဖွေနေခဲ့သည်။ မဟာအင်ပါယာ၏ ပုံရိပ်က ပို၍ ရှင်းလင်းလာသည်။ ထင်ထားသလိုပင် မဟာအင်ပါယာက လူသားပုံစံဖြစ်သော်လည်း နတ်ဆိုးအငွေ့အသက်တို့ လွှမ်းခြုံနေသည်။ အကြည့်တစ်ချက်နှင့်ပင် ထိုမဟာအင်ပါယာက လူသားအင်ပါယာတစ်ယောက် မဟုတ်သည်ကို ပြောနိုင်ပေသည်။ နတ်ဆိုးချီက လှည့်ပတ်နေပြီး ရီဖူရှင်းသည် နတ်ဆိုးချီ၏ ပြင်းထန်သော မုန်တိုင်းကို ဝိုးတဝါး ခံစားမိပေသည်။ ပဟေဠိဆန်သော ကြယ်တစ်ပွင့်က လင်းလက်လာသည်။
ရုတ်တရက် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားက ရီဖူရှင်းကို လွှမ်းခြုံလာသည်။ သူ၏ မျက်လုံးရှေ့၌ မရေတွက်နိုင်သော နတ်ဆိုးများ ပေါ်ပေါက်လာသလို ထင်မှတ်ရသည်။ ချက်ချင်းပင် သူ၏ စိတ်အာရုံက ပျက်စီးသွားပြီး သူ့ခန္ဓာကိုယ်က ထိုစွမ်းအားကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
"ဒီလောက် လွှမ်းမိုးနိုင်တဲ့ စွမ်းအား။" ရီဖူရှင်းက မျက်လုံးများကို မှေးကျဥ်းရင်း ရေရွတ်လိုက်သည်။ သူက မျက်လုံးများကို ဖွင့်ရင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူ၏ အကြည့်များက အလွန် ထက်ရှနေသည်။ သူက ထိုကြယ်နှင့် ဆက်သွယ်ရန် မကြိုးစားတော့ပေ။ ထို့အစား သူက ပြန်လှည့်ကာ တစ်နေရာသို့ ကြည့်လိုက်သည်။ ထိုနေရာ၌ သူနှင့်အတူ ပါလာသော ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများ ရပ်နေကြသည်။
"တတိယအစ်ကို၊ လုံချန်၊ ကျွင့်၊ စီဖုန်း ဒီကိုလာခဲ့ပါ။" ရီဖူရှင်းက ခေါ်လိုက်သည်။ သူတို့က ချက်ချင်းပင် ထူးဆန်းသည့် အကြည့်တို့ ဖော်ပြလာသည်။ သို့သော် သူတို့က ချက်ချင်း ရီဖူရှင်းထံ ရောက်လာကြသည်။
"ဒီအင်ပါယာကြယ်က နတ်ဆိုးကြယ်တစ်ခုပဲ။ ကျုပ် တွေ့ကြုံခဲ့သမျှ အတွေ့အကြုံ အားလုံးကို ခင်ဗျားတို့ဆီ လွှဲပေးမယ်။ အာရုံခံကြည့်ဖို့ ကြိုးစားပြီး အင်ပါယာကြယ်နဲ့ အရင် ဆက်သွယ်ကြည့်ပါ။ ခင်ဗျားတို့ အဲဒီလိုလုပ်ရင် အင်ပါယာကြယ်ကနေ စွမ်းအားရဲ့ ကောင်းချီးကို လက်ခံရရှိနိုင်တယ်။" ရီဖူရှင်းက ညွှန်ကြားလိုက်သည်။ သူသည်လည်း အသင့်တော်ဆုံး ရွေးချယ်ခံက မည်သူဖြစ်မည်ကို မသိပေ။ သူသည် မည်သူက အရင်ဆုံး အာရုံခံမိနိုင်မည်ကို မြင်ရရန် အတူတကွ ကြိုးစားရန် ခွင့်ပြုရုံသာ တတ်နိုင်ပေသည်။
ရီဖူရှင်း ထိုသို့ လုပ်ပြီးနောက် အခြားလူများက ၎င်းကို အာရုံခံနိုင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သော်လည်း ရှာတွေ့ရန် ကျန်နေသေးသည့် အင်ပါယာကြယ်က တစ်ခုသာ ရှိတော့သည်။ သူက ထိုအင်ပါယာကြယ်ကို အရင်ဆုံး ရှာဖွေတွေ့ရှိရန် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ သူက အချိန်ရခဲ့လျှင် ထိုအင်ပါယာကြယ်များ၏ စွမ်းအားကို ဆက်ခံကာ စွမ်းအား၏ကောင်းချီးကို လက်ခံရယူပေလိမ့်မည်။
"ဂျူနီယာညီလေး မင်းကိုယ်တိုင်ကရော။" ဂူတုံးလျှိုက မေးလိုက်သည်။
"တတိယအစ်ကို အခုထိ ရှာမတွေ့သေးတဲ့ အင်ပါယာကြယ်တစ်ခု ရှိနေတုန်းပဲလေ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ဂူတုံးလျှိုက သူ့ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကောင်းပြီ။ ငါတို့ ကြိုးစားကြည့်လိုက်မယ်။ မင်းက နောက်ဆုံးကျန်တဲ့ အင်ပါယာကြယ်ကို သွားရှာလိုက်ပါ။"
"အင်း။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူက အာရုံခံမိခဲ့သမျှ အတွေ့အကြုံများကို ထိုသူများအား လက်ဆင့်ကမ်းပေးလိုက်သည်။ မည်သူက အင်ပါယာကြယ်ကို အရင်ဆုံး အာရုံခံနိုင်မည်မှာ သူတို့၏ ကံကြမ္မာပေါ်တွင် မူတည်ပေသည်။ သို့သော် သူတို့က အချိန်သာ လုံလုံလောက်လောက် ရခဲ့လျှင် ထိုသို့လုပ်ဆောင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်ပေသည်။
စီဝေ့အင်ပါယာနန်းတော်က သူတို့ကို အချိန်မည်မျှ ပေးမည်အား မသိပေ။
ပြောရလျှင် သူတို့က ဤလေဟာနယ်အတွင်း အချိန် အတော်ကြာကြာ နေခဲ့ပြီး ဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်က အတော်လေး သဘောထားကြီးကာ သူတို့အား အင်ပါယာကြယ်၏ စွမ်းအားကို နားလည်သဘောပေါက်ရန် အမှန်တကယ် ခွင့်ပြုပေးခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ ထိုသည်မှာ ပြဿနာဟုတ်ပုံမရပေ။ အင်ပါယာကြယ်များ၏ စွမ်းအားက ထာဝရ တည်ရှိနေမည် ဖြစ်သည်။ သူတို့က အင်ပါယာကြယ်များကို ဤလေဟာနယ်အတွင်းမှ အဝေးသို့ ယူဆောင်သွား၍ မရနိုင်ပေ။
သူတို့က အင်ပါယာကြယ်၏ စွမ်းအားမှ ကောင်းချီးကို ရယူနိုင်လျှင်ပင် စီဝေ့အင်ပါယာနန်းတော်ကို သက်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက ညွှန်ကြားချက်များ ပေးပြီးနောက် နေရာမှ ထွက်ခွာသွားခဲ့သည်။ ဂူတုံးလျှိုနှင့် အခြားလူများက ထိုနေရာ၌ ထိုင်ကာ နားလည်သဘောပေါက်ရန် ကြိုးစားလိုက်ကြသည်။ ကြယ်ကောင်းကင်အတွင်း ၎င်းမြင်ကွင်းကို မြင်သည့်အခါ မနာလိုအားကျနေကြပေသည်။ ရီဖူရှင်းနှင့် ရင်းနှီးသော သူများသာလျှင် ထိုသို့သော အခွင့်အရေးကို ရရှိနိုင်ပေသည်။ သူတို့သည် ရီဖူရှင်းက နောက်ထပ် အင်ပါယာကြယ်၏ တည်ရှိမှုကို အာရုံခံမိပြီး ဖြစ်သည်ကို ရှင်းလင်းစွာ သိရှိကြပေသည်။ သို့သော် သူက ၎င်းစွမ်းအားကို သူကိုယ်တိုင် နားလည်သဘောပေါက်အောင် လုပ်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ယခင်ကကဲ့သို့ပင် သူက ဤအခွင့်အရေးကို အခြားလူများထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ဤအင်ပါယာကြယ်ကို ရှာဖွေတွေ့ရှိပြီးဖြစ်လေရာ ရှာဖွေတွေ့ရှိရန် နောက်ဆုံးကြယ်တစ်ခုသာ ကျန်တော့ပုံရသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက နောက်ဆုံး အင်ပါယာကြယ်၏ နေရာကို ရှာဖွေရန် စီစဥ်ပြီး ဖြစ်ပုံရသည်။
ထင်ထားသလိုပင် ရီဖူရှင်း၏ ပုံရိပ်က နောက်တစ်နေရာ၌ ပေါ်ပေါက်လာသည်။ သူက ကောင်းကင်ရှိ ကြယ်များစွာကို ဆက်လက်လေ့လာရန် လုပ်ဆောင်နေသည်။ အင်ပါယာကြယ် ရှစ်ခုလုံး ရှာဖွေတွေ့ရှိခဲ့လျှင် စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်လိမ့်မည်လား။
အဆုံးမဲ့ ကြယ်ကောင်းကင်တွင် ကြယ်များက တောက်ပလင်းလက်နေသည်။ ရီဖူရှင်း၏ စိတ်အာရုံက ကြယ်ကောင်းကင်၌ လှည့်ပတ်သွားလာနေသည်။ သူ၏ ယခင် အတွေ့အကြုံများအရ မဟာအင်ပါယာ၏ ပုံရိပ်အတွင်း သေးငယ်သော ကြယ်အပိုင်းအစလေးတစ်ခု ရှိနေတတ်ပြီး သူက ၎င်းကို ရှာဖွေတွေ့ရှိနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
သူ၏ စိတ်အာရုံက သူ့ခန္ဓာမှ ထွက်ခွာကာ ကျယ်ပြောသော ကောင်းကင်တစ်ခွင်၌ မျောလွင့်နေသည်။ သူက မရေတွက်နိုင်သော ကြယ်များကို ဖြတ်သန်းသွားလာခဲ့ပြီး ဂရုတစိုက် ရှာဖွေနေသည်။ ယခု ရီဖူရှင်းက သူ၏ ရှာဖွေမှုအတွင်း အပြည့်အဝ နစ်မြုပ်နေသည်။ အပြင်ဘက်လောကရှိ အရာအားလုံးက သူနှင့် မသက်ဆိုင်သလို ထင်မှတ်ရသည်။
လူအများ၏ အကြည့်များက ရီဖူရှင်း ပုံရိပ်ပေါ်တွင် မြဲမြံစွာ ကျရောက်နေခဲ့သည်။ ကြည့်ရသည်မှာအင်အားစုများမှ ပါရမီရှင်ပုဂ္ဂိုလ်များက သူ့အပေါ် မြင့်မားသော မျှော်လင့်ချက်တို့ ထားရှိပုံရသည်။ သူတို့မဟုတ်လျှင်ပင် ရီဖူရှင်းက နောက်ဆုံး အင်ပါယာကြယ်၏ တည်နေရာကို ရှာဖွေနိုင်သရွေ့ သူတို့အားလုံးအတွက် အောင်မြင်မှုဟု သတ်မှတ်နိုင်ပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများသည်လည်း ရီဖူရှင်းအပေါ် မြင့်မားသော မျှော်လင့်ချက် ထားရှိကြသည်။ သူတို့သည် ရီဖူရှင်းက နောက်ဆုံးအင်ပါယာကြယ်အား ရှာဖွေတွေ့ရှိနိုင်ခြင်းရှိမရှိကို သိချင်နေသည်။
အချိန်က တဖြေးဖြေး ကုန်ဆုံးသွားခဲ့သည်။ ရီဖူရှင်း တစ်ယောက်တည်းသာ နောက်ဆုံး အင်ပါယာကြယ်ကို ရှာဖွေနေသည် မဟုတ်ပေ။ အခြားကျင့်ကြံသူများသည်လည်း ထိုသို့ လုပ်ဆောင်နေကြပေသည်။ သို့သော် မည်သူမှ ရှာမတွေ့ခဲ့ကြသေးပါချေ။
ရီဖူရှင်းရှိနေသည့် ကြယ်ကောင်းကင်၌ အချိန်များ ရပ်တန့်နေသလို ထင်မှတ်ရပေသည်။ သူက ထိုနေရာ၌ လှုပ်ရှားခြင်း မရှိဘဲ ထိုင်နေခဲ့သည်။
ထိုအတိုင်းပင် အချိန်များစွာ ကုန်ဆုံးသွားခဲ့သည်။ ရီဖူရှင်းက သူ၏ စိတ်အာရုံ ပြန်ရုတ်သိမ်းလိုက်ကာ မျက်လုံးများ ဖွင့်လိုက်သည်။ သူက ပင်ပန်းနေသလို သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပေသည်။ သူကဲ့သို့ ကျင့်ကြံဆင့်မှ လူများသည် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လိမ့်မည် မဟုတ်ပေ။ သို့သော် ဤလုပ်ဆောင်ချက်အတွင်း၌ သူ၏ စိတ်ပိုင်းဆိုင်ရာက ပင်ပမ်းနွယ်နယ်သွားခဲ့ရပေသည်။ ဤကျယ်ပြောလှသည့် အင်ပါယာကြယ်၏ တည်ရှိမှုကို ရှာဖွေရသည်မှာ စိတ်ပိုင်းဆိုင်ရာ အလွန် ပင်ပန်းလှသည်။
သူက အနီးရှိ နေရာတစ်ခုကို ကြည့်လိုက်သည်။ သူ၏ တတိယအစ်ကို ဂူတုံးလျှိုနှင့် အခြားလူများက အင်ပါယာကြယ်ကို လေ့လာနေကြသည်။ သို့သော် သူတို့က အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။ ရီဖူရှင်းသည် သူတို့ထဲမှ တစ်စုံတစ်ယောက်က နားလည်သဘောပေါက်နိုင်ပါစေဟု မျှော်လင့်မိပေသည်။
အချိန်တခဏ အနားယူပြီးနောက် ရီဖူရှင်းက ဆက်လက် အာရုံခံခဲ့သည်။ ကောင်းကင်တွင် ကြယ်များက အဆုံးမဲ့ ရှိနေသည်။ သူက အင်ပါယာကြယ်ကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့သည်ကို စိတ်ပျက်မနေခဲ့ပေ။
အရာအားလုံးက တူညီစွာပင် ကျန်ရှိနေသည်။ သူသည်လည်း စျာန်ဝင်စားခြင်းအခြေအနေတွင် ဆက်လက်ရှိနေခဲ့သည်။ ထိုကဲ့သို့ပင် တစ်ရက်က ကုန်ဆုံးသွားခဲ့၏။ ယနေ့တွင် တောက်ပသည့် ကြယ်အလင်းများက ဂူတုံးလျှိုနှင့် အခြားလူများပေါ်သို့ ဖြာကျနေခဲ့သည်။ ကြယ်အလင်းက ဂူတုံးလျှို၏ ပုံရိပ်ပေါ် ကျဆင်းနေသည်။ ထို့နောက် ကြောက်မက်ဖွယ် နတ်ဆိုးချီများက သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေခဲ့ပြီး ဂူတုံးလျှို၏ ချောမောသော မျက်နှာအား နတ်ဆိုးဆန်နေစေသည်။
လုံချန်၊ ကျွင့်နှင့် အခြားလူများက သူတို့၏ ခေါင်းကို ယမ်းကာ ခါးသက်စွာ ပြုံးလိုက်သည်။ သူတို့က နတ်ဆိုးသားရဲများ ဖြစ်သော်လည်း နတ်ဆိုးမဟာအင်ပါယာ၏ အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်ရန် အမှန်တကယ် ကျဆုံးခဲ့သည်။ ထို့အစား ဂူတုံးလျှိုက လုပ်ဆောင်နိုင်ခဲ့ပေသည်။
သို့သော် ယခင် နေ့ရက်များတွင် ဂူတုံးလျှိုက နတ်ဆိုးဘုံ၌ ကြီးမားသည့် ကံကြမ္မာအခွင့်အလမ်းကို ရရှိခဲ့သည်။ သူက နတ်ဆိုးအင်ပါယာတစ်ပါး၏ သင်ကြားပြသပေးမှုကို ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် သူက ယခု ကြယ်နှင့် ဆက်သွယ်နိုင်သည်မှာ မထူးဆန်းပေ။
ကြယ်ကောင်းကင်အတွင်းရှိ အခြားကျင့်ကြံသူများက ဤမြင်ကွင်းကို မြင်သည့်အခါ ဝမ်းနည်းသွားခဲ့သည်။ ရီဖူရှင်းက နောက်ထပ် သူ၏ မိတ်ဆွေများကို ကူညီပေးခဲ့ပြန်ပြီ ဖြစ်သည်။ ယခု နောက်ဆုံး အင်ပါယာကြယ်တစ်ခုသာ ကျန်ရှိပေသည်။
နတ်မိမယ်ထိုက်ဟွာကလည်း ထိုနေရာသို့ ကြည့်လိုက်ကြသည်။ သူမ၏ မျက်လုံးများထဲ၌ ရှုပ်ထွေးသောအကြည့်တို့ ရှိနေခဲ့သည်။ ရီဖူရှင်း၏ အကူအညီနှင့် သူမသည် တေးသွားလမ်းစဥ် ပါဝင်သော အင်ပါယာကြယ်နှင့် ဆက်သွယ်ရန် အခွင့်အလမ်းက အလွန် မြင့်မားခဲ့ရသည်။
သို့သော် ယခု သူမအတွက် ရီဖူရှင်း၏ အကူအညီကို မေးရန်မှာ မဖြစ်နိုင်တော့ပေ။ ဖြစ်ပြီးသွားသည့်အရာက ဖြစ်ပြီးသွားပြီသာ ဖြစ်၏။သူမက ယခုမှ သူ့အကူအညီကို မေးရန် မသွားနိုင်ပေ။ သူမက ထိုသို့လုပ်ခဲ့လျှင်ပင် ရီဖူရှင်းက သဘောတူလိမ့်မည် မဟုတ်ပါချေ။
"နောက်ဆုံးကြယ်တစ်ပွင့်ပဲ ကျန်တော့တယ်။" သူတို့က ကြယ်ကောင်းကင်ကို ကြည့်နေခဲ့ပြီး တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
"အဲဒါမှန်တယ်။ တစ်ခုပဲ ကျန်တော့တာ။ သူက တစ်ရက်လုံး လေ့လာစစ်ဆေးနေခဲ့ပြီးပြီမလား။ သူ မကြာခင် ရှာတွေ့နိုင်တော့မလား သိချင်မိတယ်။" ကျင့်ကြံသူတစ်ယောက်က ကြယ်ကောင်းကင်ကို မော့ကြည့်ရင်း ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်နေသော ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ ရီဖူရှင်းက စျာန်ဝင်စားခြင်းအခြေအနေ၌ နစ်မြုပ်နေခဲ့သည်။ သူက နောက်ဆုံး အင်ပါယာကြယ်ကို ရှာဖွေတွေ့ရှိသင့်သည် မဟုတ်ပါလား။
သူက ၎င်းတို့ထဲမှ သုံးခုကို ရှာဖွေဎွ့ရှိခဲ့ပြီး ဖြစ်သည်။
အချိန်က ဖြေးညင်းစွာ ကုန်ဆုံးသွားခဲ့သည်။ လူတိုင်းက စောင့်ဆိုင်းနေခဲ့သည်။ အချို့လူများက အင်ပါယာကြယ်အား သူတို့ကိုယ်တိုင် ရှာဖွေရန် ကြိုးစားကြည့်ခဲ့ကြသော်လည်း နောက်ဆုံး အင်ပါယာကြယ်က ပေါ်ထွက်လာခြင်း မရှိသေးပေ။ ရီဖူရှင်းသည်ပင် ရှာမတွေ့သေးပေ။
သုံးရက်ကြာပြီးနောက် ရီဖူရှင်းက သူ၏ စိတ်အာရုံကို တစ်ဖန် ပြန်ဆုတ်ခွာခဲ့သည်။ သူက နှလုံးသားထဲ၌ မုန်တိုင်းထန်နေသည်ကို ခံစားရပေသည်။ သူ့အကြည့်များက ယခင်ကလောက် တည်ငြိမ်မှုနှင့် ယုံကြည်ချက်ရှိမနေတော့ပေ။ သူက အကြိမ်မည်မျှ ကျဆုံးနေမည်နည်း။
ယခင်အင်ပါယာကြယ်များအတွက် သူက ထိုမျှ အချိန်မယူခဲ့ရပေ။ သို့သော် ယခုတစ်ကြိမ် သူက အချိန်အကြာကြီး ယူပြီးနောက်၌ပင် မည်သည့်အရာကိုမှ ရှာမတွေ့သေးပေ။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။" ရီဖူရှင်းက စိုးရိမ်ပူပန်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ စိတ်အာရုံက ကြယ်များစွာကို လွှမ်းခြုံသွားခဲ့သော်လည်း သူက အခုထိ ရှာဖွေတွေ့ရှိနိုင်စွမ်းမရှိသေးပေ။
ဤအင်ပါယာကြယ်က လေဟာနယ်အတွင်း နက်ရှိုင်းစွာ ပုန်းကွယ်နေပုံရသည်။
သူသာလျှင်မဟုတ်ဘဲ အခြားသူများသည်လည်း ၎င်းကို ရှာဖွေရန် မတတ်နိုင်ခဲ့ပေ။ ကြည့်ရသည်မှာ နောက်ဆုံးအင်ပါယာကြယ်က ရှာဖွေရန် အခက်ခဲဆုံးပင် ဖြစ်သည်။
***