← Chapters

ထိပ်သီးဂိုဏ်းချုပ်များ

Vol. 22 Ch. 316

ထိပ်သီးဂိုဏ်းချုပ်များ

Vol. 22 Ch. 316

ဟွမ်းသည် တိုက်ခိုက်မှုအောက်တွင် ကောင်းကင်အလွှာ ကျင့်ကြံသူ သုံးဦးနှင့်အတူ လေလံအိမ်တော်သည် ပျက်စီးသွားခဲ့လေပြီ..။

သို့သော် ရွှမ်းဝူကျိနှင့် ဆေးပညာရှင်သည် မသေဆုံးသေးပေ။

ရွှမ်းဝူကျိသည် နယ်မြေသခင်တစ်ဦးဖြစ်သည့်အပြင် အသည်းအသန် ကာကွယ်နိုင်ခဲ့မှုကြောင့်ဟု ယူဆ၍ရသည်။

သို့သော် သူတို့သည် အဘယ်ကြောင့် ဤသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်ကို နားမလည်နိုင်သေးပေ။

တုကုတင်းသည် နယ်မြေကျွန်သာဖြစ်၏။ သူအတွက်နှင့် လေလံအိမ်တော်အား ဖျတ်စီးခြင်းသည် အဓိပ္ပါယ်မရှိသည့် လုပ်ရပ်ပင်။

သို့သော် ဟွမ်းသည် အကြောင်းအရင်းကို ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

တုကုတင်းကို သတ်ဖြတ်ခဲ့သူသည် ရွှမ်းဝူကျိတို့ ဖြစ်သည်ဟူသည့် အတည်ပြုချက်နှင့် လုံလောက်ပြီးဖြစ်သည်။

သူ့အနေနှင့် အကျိုးသင့် အကြောင်းသင့် ရှင်းပြနေရန် မလိုအပ်ပေ။

ဟွမ်းသည် ဆေးပညာရှင်ကိုလည်း မသတ်ခဲ့ပေ။ ဤနည်းနှင့် သေဆုံးသွားလျှင် သက်ညှာလွန်းသည်ဟု ယူဆခဲ့သည်။

ဆေးပညာရှင်၏ အသက်ရှုသံများသည် ပြင်းထန်လွန်းနေ၏။ သူ၏ ခန္ဓာကိုယ်နေရာအနှံ့ ရိုက်နှက်ခံထားရသည့်အလား နာကျင်မှုများနှင့် ပြည့်နှက်နေသည်။

သူသည် ဆေးမီးဖိုကို အမှီပြု ရပ်တည်နေရ၏။

ဟွမ်းသည် ထိုဆေးမီးဖိုကြောင့် အံ့အားသင့်သွားသည်။ သူ၏ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံကာ အပျက်အစီး မရှိခဲ့ပေ။

ဟွမ်းသည် ရုတ်ချည်း ဆေးပညာရှင်၏ အနားတွင် ပေါ်ထွက်လာ၏။

“သေလိုက်တော့..”

ဟွမ်းသည် သူ၏ လည်တိုင်ကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်သည်။

ဆေးပညာရှင်သည် ဟွမ်း၏ မြန်ဆန်လွန်းသည့် အရှိန်ကြောင့် တုန့်ပြန်ရန် မမှီလိုက်ချေ။ သူ ရုန်းကန်နေသော်လည်း ပြုတ်တူနှင့် ညှပ်ခံထားရသည့်အလား မြဲမြံနေသည်။

သူသည် အားနည်းနေသည်က တစ်ကြောင်း၊ ဟွမ်း၏ ခွန်အားကို မလွန်ဆန်နိုင်သည်က တစ်ကြောင်း တို့ကြောင့် စိတ်ပျက်အားလျော့မိသွားသည်။

“နယ်မြေကျွန်တစ်ယောက်အတွက် လျှပ်စီးမျိုးနွယ်နဲ့ ရန်သူ လုပ်တော့မှာလား..”

ရွှမ်းဝူကျိသည် အံကြိတ်ကာဆိုလိုက်၏။ သူသည် ဆေးလုံးအချို့ သောက်သုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များသည် ငြိမ်သက်လာသည်။

သို့သော် ဟွမ်းသည် ရွှမ်းဝူကျိကို ဂရုပင် မစိုက်ချေ။ ဆေးပညာရှင်၏ လည်တိုင်ကိုသာဆုပ်ကိုင်ထား၏။

ထိုအချိန်တွင် ဆေးပညာရှင်ထံမှ စိတ်စွမ်းအင်များ တဟုန်တိုး မြင့်မားလာသည်ကိုခံစားမိလိုက်သည်။ သူသည် ခက်ခဲသည့် လေသံနှင့် ထုတ်ဖော်ပြောကြားလေ၏။

“အတူတူ...သေကြတာပေါ့...”

ဆေးပညာရှင်၏ စိတ်စွမ်းအင်များသည် အလွန်အကြူး ပြန့်နှံ့လာပြီး ဝိညာဉ်သန္ဓေသားသည် တောင့်ခံနိုင်စွမ်း မရှိတော့ချေ။

သူသည် ဟွမ်း၏ လက်မှ ရုန်းမထွက်နိုင်တော့ပေ။ သေဆုံးရမည့် အတူတူ ဟွမ်းကို ထိခိုက်စေရန် ရည်ရွယ်၏။

“ဝုန်း..”

ပြင်းထန်လှသည့် ပေါက်ကွဲမှုသည် ဟွမ်းကို ဗဟိုပြုကာ ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် စွမ်းအင်ပေါက်ကွဲမှုကြောင့် ကောင်းကင်အလွှာ ကျင့်ကြံသူများပင် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။

သို့သော် လေလံအိမ်တော် ပျက်စီးပြီး ဖြစ်သည့်အတွက် ထပ်မံပျက်စီးစရာမရှိတော့ပေ။

၎င်း၏ ပြင်းအားကြောင့် လျှပ်စီးနယ်မြေသည် ထပ်မံတုန်ခါသွားရပြန်သည်။

ထိုအရာသည် ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းပင်။ ဆေးပညာရှင်တစ်ဦး၏ စိတ်စွမ်းအင်များသည် သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သည့် အနေအထားပင်။

“မဟုတ်ဘူး..”

ရွှမ်းဝူကျိသည် ထိတ်လန့်တကြား အော်ဟစ်မိလိုက်၏။ သူသည် ဆေးပညာရှင်၏ လုပ်ရပ်ကို မတားဆီးနိုင်ခဲ့ပေ။

ဆေးပညာရှင်သည် ကြံရာမရသည့်အဆုံး သူ့ကိုယ်သူ ဖောက်ခွဲကာ ဟွမ်းကို ဆွဲချလေခြင်းပင်။

သို့သော် စွမ်းအင်များ ငြိမ်သက်သွားပြီးနောက် ရွှမ်းဝူကျိ ပို၍ ထိတ်လန့်သွားရသည်။

“မဖြစ်နိုင်တာ..”

ရွှမ်းဝူကျိသည် စိတ်နှင့်ကိုယ် မကပ်သည့်အလား ရေရွတ်မိသွား၏။

အဖြူရောင်ဝတ်ရုံနှင့် လူငယ်သည် အဝတ်အစားပင် ပျက်စီးဟန်မရချေ။ တည်ငြိမ်စွာနှင့် ရပ်တည်နေသည်။

ထို့အပြင် ဟွမ်း၏ ရုတ်ချည်း လှုပ်ရှားသည့် အမူအယာကြောင့် မျက်မှောင်ကြုတ်သွားရ၏။

“မင်း..လွတ်မယ်ထင်နေလား..”

ဟွမ်းသည် ကောင်းကင်ထက်တွင် အလျှင် အမြန် ပျံသန်းသွားပြီးနောက် လေထုကို ရိုက်ချလိုက်သည့် အသွင်ပြုလုပ်လိုက်သည်။

“ဘုန်း..”

ထိုအချိန်တွင် လေထုနှင့် တစ်သားတည်း ဖြစ်တည်နေသည့် ဆေးပညာရှင်၏ ဝိညာဉ်သည် ပြုတ်ကျသွားတော့၏။

ဆေးပညာရှင်များ၏ စိတ်စွမ်းအင်သည် ထူးကဲ များပြားလှသည်။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်ဖောက်ခွဲသည့် အယောင်ပြကာ သူ၏ စိတ်ဝိညာဉ်တစ်ချို့ကို ခွဲထုတ်ခဲ့ခြင်းပင်။

ထို့နောက် လေထုတွင် ပုန်းအောင်းနေခဲ့သည်။ သို့သော် ဟွမ်း၏ အာရုံမှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိပေ။ ထိုသူသည် ဉာဏ်ကောင်းသော်လည်း အကြွင်းမဲ့ ခွန်အား အောက်တွင် အသုံးမဝင်ဖြစ်ခဲ့ရသည်။

“ဘယ်လိုသိသွားတာလဲ..”

ဆေးပညာရှင်သည် တုန်ယီနေ၏။

သူသည် ရှင်သန်နိုင်ရေးအတွက် အသည်းအသန် ကြိုးစားခဲ့သော်လည်း ဤတစ်ကြိမ်တွင်တော့ ဆေးပညာရှင်သည် လွတ်မြောက်နိုင်သည့် လမ်းစမရှိတော့ပေ။

ဟွမ်းသည် ဆေးပညာရှင်၏ မေးခွန်းကို လျစ်လျုရှု့ကာ သူ၏ ဝိညာဉ်ကို သိမ်းဆည်းလိုက်၏။

“မင်း..၊ နယ်မြေဘုရင်တစ်ဦးလား..”

ရွှမ်းဝူကျိသည် တံတွေးကို အတင်းမြိုချလိုက်ပြီးနောက် မေးခွန်းထုတ်လိုက်လေသည်။ သူ၏ စွမ်းအားသည် နယ်မြေသခင်၏ တိုက်ခိုက်မှုများကို ပင် ကျော်လွန်နေ၏။ သို့သော် လျှပ်စီးနယ်မြေတွင် နယ်မြေဘုရင်တစ်ဦးမျှ မရှိချေ။

ဟွမ်းသည် ရွှမ်းဝူကျိထံ ဦးတည်နေချိန်တွင် အစွမ်းထက် အရှိန်အဝါများစွာ ဤနေရာသို့ ဦးတည်လာနေသည်ဟု ခံစားမိလိုက်၏။

သူ၏ ခံစားချက် မမှားပေ။ တစ်ခဏအတွင်း ပုံရိပ်များစွာ ထွက်ပေါ်လာသည်။

“အကြီးအကဲချုပ်..”

ရွှမ်းဝူကျိ ယခုမှ သက်ပြင်း ချနိုင်တော့၏။ လျှပ်စီးမျိုးနွယ်၏ အကြီးအကဲများ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သူစိတ်အေးရလေပြီ။

“ဘာတွေ ဖြစ်ခဲ့တာလဲ...”

အကြီးအကဲချုပ် ရွှမ်းဝူကျန်းသည် မေးမြန်းလေ၏။ သူ၏ နောက်တွင် မျိုးနွယ်အကြီးအကဲ နှစ်ဦးလည်း လိုက်ပါလာသည်။ သူတို့ အမှတ်မမှားလျှင် ဤနေရာသည် လေလံအိမ်တော်ရှိရာ တည်နေရာပင်။

သို့သော် အဘယ့်ကြောင့် ကွင်းပြင်ကျယ် ဖြစ်နေရသနည်း။

ရွှမ်းဝူကျိသည် အစမှ အဆုံးတိုင်အောင် ရှင်းပြချက်ပေးလိုက်၏။ ဤလူငယ်သည် အကြောင်းအရင်း မရှိပဲ လေလံအိမ်တော်ကို တိုက်ခိုက်သည်ဖြစ်ပြီး ဘယ်သူဘယ်ဝါ ဆိုသည်ကို မသိရှိရချေ။

“လျှပ်စီးမျိုးနွယ်ရဲ့ ခွန်အားကို မေးခွန်း ထုတ်မဲ့သူ ပေါ်ထွက်လာပြီပဲ..”

သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူသည် အခြေအနေများကို ကြည့်ရှု့ရင်း တီးတိုးရေရွတ်လိုက်၏။ ထိုသူသည် ယန်ကျီးဝေ့ဖြစ်ပြီး နတ်မီးလျှံဂိုဏ်းချုပ်ဖြစ်သည်။ သူ၏ ရုပ်ရည်သည် ကြည့်ကောင်းပြီး ခန့်ညားသည့် အသွင်ဆောင်နေ၏။

“ဒီလို ရဲတင်းတဲ့ ကျင့်ကြံသူမျိုး မတွေ့ရတော့တာ ကြာပြီ...”

ယန်ကျီးဝေ့၏ ဘေးမှ ပျားသကာအလား ချိုမြိန်သည့် အမျိုးသမီး အသံထွက်ပေါ်လာသည်။ သူမသည် ကျောက်စိမ်းပန်းဂိုဏ်း၏ ဂိုဏ်းချုပ် ဟွားရှီးယင် ဖြစ်လေသည်။

သူမ၏ ခန္ဓာကိုယ်အချိုးအစားသည် ပြေပြစ်သွယ်လျပြီး မိန်းကလေးတစ်ဦး၏ ဂုဏ်ပုဒ်ကို ဖော်ကျုးနိုင်သည့် ပိုင်ဆိုင်မှုသည် ကြီးမားလွန်းနေသည်။

ထိုဂိုဏ်းနှစ်ခုသည် လျှပ်စီးနယ်မြေတွင် လျှပ်စီးမျိုးနွယ်နှင့် ယှဉ်ပြိုင်နိုင်သည့် ထိပ်သီးဂိုဏ်းနှစ်ခုဖြစ်၏။

သို့သော် ထိုကဲ့သို့ ထိပ်သီးဂိုဏ်းနှစ်ခုပင် လျှပ်စီးမျိုးနွယ်ကို စော်ကား၍ မရပေ။ လျှပ်စီးမျိုးနွယ်တွင် နယ်မြေသခင်များစွာ ရှိနေပြီး လျှပ်စီးနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားနိုင်သည်။

ထို့အပြင် သူတို့နှစ်ဦးအနားတွင် အလယ်လတ်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များလည်း ရောက်ရှိနေသည်။

သူတို့သည် လျှပ်စီးမျိုးနွယ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြ၏။ ထိုအချိန်တွင် နယ်မြေတစ်ခုလုံး တုန်ခါလှိုင်းများကို ခံစားမိသွားကြသည်။

ထို့ကြောင့် ဆွေးနွေးပွဲကို ရပ်တန့်ကာ အလျှင်အမြန်ရောက်ရှိလာကြခြင်းပင်။

သို့သော် မထင်မှတ်လောက်အောင် လေလံအိမ်တော်သည် ပြိုပျက်နေပြီး ကောင်းကင်အလွှာကျင့်ကြံသူများ သေဆုံးနေသည်ကို တွေ့လိုက်ရ၏။

ထိုအရာကို လူငယ်တစ်ဦးက ပြုလုပ်သည်ကို မယုံနိုင် ဖြစ်နေကြရသည်။

“ဟွမ်း..”

ကျန်းချီချီသည် စိုးရိမ်တကြီး ရေရွတ်မိသွား၏။ ယခုကဲ့သို့ ဖြစ်ပျက်သွားလိမ့်မည်ဟု မထင်မှတ်ထားပေ။

ဤအတိုင်းဆိုလျှင် လျှပ်စီးမျိုးနွယ်နှင့် ဆက်လက်ညှိနှိုင်း၍ မဖြစ်နိုင်တော့ပေ။

“ရှောင်ချီချီ..၊ ဒီလူနဲ့ သိနေတာလား..”

ဟွားရှီးယင်သည် ကျန်းချီချီကို မေးလေ၏။ ကျန်းချီချီ၏ တီးတိုးရေရွတ်မှုသည် သူမ၏ အကြားအာရုံမှ မလွတ်မြောက်ချေ။

“ကျွန်မ...”

ကျန်းချီချီသည် ဖြေရခက်သွား၏။ ထို့ကြောင့် ခေါင်းညိတ်ရုံမျှသာ ညိတ်ပြလိုက်သည်။

ဟွားရှီးယင်သည် ကျန်းချီချီ၏ အမူအယာကြောင့် ဆက်လက်မေးမြန်းချင်းမပြုတော့ချေ။ ကျန်းချီချီသည် ရိုးရိုးရှင်းရှင်းနှင့် လှပသည်ဟု ယူဆ၍ ရပြီး ဟွားရှီယင်သည် သူမနှင့် ဆန့်ကျင်ဘက် ညို့အားပြင်းသည့် အလှကို ပိုင်ဆိုင်ထားသည်။

All Chapters