မိစ္ဆာလူငယ်
Vol. 22 Ch. 325
“ဘာကွ...”
ကျင့်ကြံသူများသည် ဟွမ်း၏ စကားကြောင့် အလွန်အမင်း ဒေါသထွက်ကုန်ကြ၏။
“မင်းကိုမင်း ဘာကောင်ထင်နေလဲ...”
“မင်းရဲ့ စကားကို မင်း တာဝန်ယူနိုင်လားကွ..”
“ထိပ်သီးဂိုဏ်းတွေကိုယ်စား ဆုံးမပေးရမယ်...”
သူတို့သည် လက်သီး လက်မောင်းတန်းကာ တစ်ယောက်တစ်ပေါက်နှင့် အော်ဟစ်လိုက်ကြသည်။
“ဘုန်း...”
သို့သော် ထိပ်ဆုံးမှ စတင်အော်ဟစ်သူသည် ဦးစွာ ရိုက်နှက်ခံလိုက်ရ၏။
“ဘုန်း..”
“ဘုန်း..”
အချိန်များစွာပင် မကြာလိုက်..။ ဒေါသထုတ်ဖော်ကြသည့် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ထက်မှ တလှိမ့်ခေါက်ကွေး ကျဆင်းသွားရ၏။
“ဘာဖြစ်တာလဲ...”
ရိုက်နှက်ခြင်းမခံရသေးသည့် ကျင့်ကြံသူများသည် ထိတ်လန့်ကုန်၏။ ဖြစ်ပျက်သွားသည့် အရာများသည် သူတို့၏ အမြင်အာရုံနှင့် လိုက်မမှီနိုင်ချေ။
သူတို့သည် လူငယ်လေးဦး၏ တည်နေရာကို ကြည့်လိုက်ချိန်တွင် အဖြူရောင်ဝတ်ရုံနှင့် လူငယ်ကို မတွေ့ရတော့ပေ။
သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်လာသည်။ သူတို့သည် စဦးအလွှာနှင့် အလယ်လတ်အလွှာတွင်သာ ရှိသေးကြသည့် ကျင့်ကြံသူများပင်။
သို့သော် ကျင့်ကြံသူနှစ်ဆယ်ဝန်းကျင်ခန့်သည် မျက်စိတမှိတ်အတွင်း ရိုက်နှက်ခံလိုက်ရလေသည်။
“ရှင့်ကို အော်တဲ့အထဲ ကျွန်မ မပါဘူး...”
အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် အထိတ်ထိတ်အလန့်လန့်နှင့် ငြင်းဆန်လိုက်သည်။
“ဘုန်း..”
သို့သော် သူမ၏ ဝမ်းဗိုက်ကို စွမ်းအင်လှိုင်းတစ်ခုက ရိုက်ခတ်သွား၏။
အမျိုးသမီးကျင့်ကြံသူ “...”
‘အမျိုးသမီးတွေကို ညှာတာရကောင်းမှန်း မသိဘူးလား...’
ဟွမ်းသည် လူတန်းစားမခွဲခြားချေ။ အမျိုးသမီးများဆိုသော်လည်း ကျင့်ကြံသူများသာဖြစ်၏။ သူမတို့သည် အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင်သူများပင်။
ထို့ကြောင့် တန်းတူဆက်ဆံရပေမည်။
မဟုတ်လျှင် အမျိုးသမီးများကို နိမ့်ချကာ အမျိုးသားများကဲ့သို့ တန်းတူအခွင့်အရေးမပေးဟု အထင်ခံရနိုင်ပေမည်။
“အား...”
လင်းရှန်တောင်တန်းတွင် ‘တဘုန်းဘုန်း’ ရိုက်နှက်သံနှင့် ‘တအားအား’ အော်ဟစ်သံတို့သည် မိနစ်အနည်းငယ်ကြာသည် အထိလွှမ်းမိုးထားပေသည်။
မိနစ်အချို့ကြာပြီးနောက်တွင် လင်းရှန်တောင်တန်း၏ ကောင်းကင်ထက်တွင် မည်သည့် ကျင့်ကြံသူမျှ ရှိမနေတော့ချေ။
ပုံစံအမျိုးမျိုးနှင့် တောင်ခြေတွင် ခွေလဲကျနေကြ၏။
“ဘယ်လို မိစ္ဆာကိုမှ စော်ကားမိလိုက်တာလဲ...”
ကျင့်ကြံသူများသည် ငိုချင်နေသော်လည်း မျက်ရည်ကျမလာချေ။
“ဆက်ပြီး နေချင်ကြသေးလား...”
ဟွမ်းသည် ထိုသူများကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
ထိုအချိန်တွင် ကျင့်ကြံသူတစ်ဦးသည် ခဲရာခဲစစ်အသံ ထုတ်ဖော်လိုက်သည်။
“မင်းကို ထိပ်သီးဂိုဏ်းတွေ....”
“ဘုန်း...”
သူ၏ စကားဆုံးအောင် ပြောခွင့် မရလိုက်ချေ။ ကြမ်းတမ်းလှသည့် လှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းဝင်ရောက်သွားသောကြောင့် မေ့မြောသွားလေသည်။
လဲကျနေသည့် ကျင့်ကြံသူများသည် တံတွေးကို အသံထွက်သည်အထိ ခက်ရာခဲဆစ် မြိုချလိုက်ကြရ၏။ သူတို့သည် အလယ်လတ်ဂိုဏ်းများနှင့် အဆင့်နိမ့်ဂိုဏ်းများမှ ကျင့်ကြံသူများဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းကြီးများကို ထုတ်ဖော်ကာ ရပ်တန်စေချင်၏။ သို့သော် ဤလူငယ်သည် ထိုသို့ အခွင့်အရေးမပေးချေ။
“ထပ်ပြောချင်တဲ့ စကားလုံးတွေရှိသေးလား...”
ဟွမ်းသည် ပြန်လည်တည်ငြိမ်သွားသည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။
ကျင့်ကြံသူများ “...”
‘ငါတို့ပြောရင် မင်းက ထပ်ရိုက်တော့မှာမလား...’
ကျင့်ကြံသူများသည် ခေါင်းကို တသွင်သွင် ခါယမ်းလိုက်သည်။
တော်ပြီလေ...။ ရှေ့တွင် နမူရှိသွားပြီဖြစ်၏။ သူတို့သည် ‘လူငယ်များသည် ဖြေရှင်းရန် မခက်ခဲ’ ဟုတွေးမိကာ ကမူးရှုးတိုး လုပ်ခဲ့သော်လည်း မိုက်မဲသူများ မဟုတ်ချေ။
တစ်ဖက်က အသက်ရှုခွင့်ပေးလျင် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ နောက်ဆုတ်သင့်လျင် ဆုတ်ရပေမည်။
ဟွမ်းသည် ထိုကျင့်ကြံသူများ၏ တုန့်ပြန်ချက်ကြောင့် ခေါင်းအသာညိတ်လိုက်၏။
ထို့နောက် အားလုံးကို ရည်ညွှန်းကာ မောင်းထုတ်လိုက်သည်။
“ထွက်သွားကြစမ်း...”
ကျင့်ကြံသူများသည် အလျင်အမြန် ပြေးလွှားကာ သုတ်ခြေတင် ထွက်ခွာသွားတော့၏။ မေ့မြောသွားသည့် ကျင့်ကြံသူတစ်ဦးကိုလည်း သူ၏ အပေါင်းအဖော်သည် ချီပိုးကာ ပြေးထွက်သွားတော့သည်။
ထိုသူသည် ခွန်အား အတန်သင့် ကောင်းကာ လွှမ်းမိုးနိုင်စွမ်းရှိ၏။ သူတို့ရင်ဆိုင်နိုင်သည့် အနေအထား မဟုတ်တော့ပေ။
ဤနေရာတွင် ဆက်လက် ခေါင်းမာပါက အသက်ပင် ပြန်ဆယ်ရန် ခက်ခဲသွားနိုင်သည်။
လင်းရှန်တောင်တန်းတွင် အပြေးပြိုင်ပွဲ ကျင်းပနေသည့်အလားပင်။ သူ့ထက်ငါ အမြန်နှုန်းတိုးကာ ထွက်ခွာသွားကြသည်။
မိနစ်ပိုင်းမျှ အချိန်သာကြာလိုက်၏။ လင်းရှန်တောင်တန်းသည် တစ်ခဏအတွင်း ပြန်လည် ငြိမ်သက်သွားတော့သည်။
တပည့်သုံးဦးသည် ဆရာဖြစ်သူထံမှ အမူအယာများကို လေ့လာမှတ်သားနေကြ၏။ နောင်တစ်ချိန်တွင် ဆရာဖြစ်သူ၏ မျက်နှာကို ဖျတ်ဆီးမိမှာ စိုးရိမ်ကြသည်။
ထို့နောက် ဆရာတပည့်လေးဦးသည် မုခ်ဝအတွက် အကြံထုတ်နေကြ၏။
“ဆရာ...၊ တောင်ခြေမှာ ကြီးမားတဲ့ ဂူတစ်ခုဖောက်ပြီး မုခ်ဝထားမယ်ဆိုရင်ရော...”
လုရှင်းယန်သည် အကြံပေးလိုက်၏။ သူ၏ စိတ်ကူးသည် ဂူအတွင်းဝင်ရောက်ပြီးလျှင် ဟွမ်းရှန့်နန်းတော်ကို ဝင်ရောက်လာမည်ဖြစ်သည်။
ဟွမ်းသည် ခေါင်းညိတ်လိုက်၏။ သို့သော် သဘောတူခြင်း မရှိသေးပဲ သူ၏ အကြံကို ညွှန်ကြားလိုက်လေသည်။
“တောင်ခြေကနေ တောင်းခါးပန်းအထိ လှေကား ဆောက်မယ်...၊ လှေကား ထိပ်မှာ မုခ်ဝကို ထားမယ်...”
ဟွမ်း၏ စိတ်ကူးကြောင့် တပည့်များသည် မှင်သက်သွားကြ၏။
“ဆရာကတော့ ဆရာပါပဲ...”
လုရှင်းယန်၏ အကြံသည် ကောင်းမွန်သော်လည်း အခန့်မသင့်လျှင် ဂူအဝကို ရှာဖွေနေရမည်မှာ အလုပ်တစ်ခုပင်။
ထို့ကြောင့် နန်းတော်၏ ဝင်ပေါက်ကို ထင်ရှားစေရန် ရှည်လျားသည့် လှေကားထစ်များ ပြုလုပ်မည်ဖြစ်သည်။
တပည့်သုံးဦးသည် ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ကာ ကျောက်စိုက်ကျောက်သားများကို စွမ်းအင်များနှင့် ထွင်းထုလိုက်၏။
“ဆရာ လှေကားထစ် တစ်ထောင်က မများ လွန်းဘူးလား...”
ပိုင်ကျန့်ယွီသည် မောဟိုက်နေသည့် လေသံနှင့် စောတက တက်လိုက်၏။
လှေကားသည် အလွန်ရှည်လျားနေသည်။
လင်းရှန်တောင်၏ အပေါ်ပိုင်းသည် လေဟာနယ်တွင် ပျောက်ကွယ်နေသော်လည်း ကျန်ရှိနေသေးသည့် တောင်ခါးပန်းသည် မြင့်မားနေဆဲပင်။
ဟွမ်းသည် လှေကားထစ်တစ်ရာသာ ပြုလုပ် ရန် စိတ်ကူးသော်လည်း မြင့်မား လှသည့် လင်းရှန်တောင်တန်းကြောင့် လှေကားထစ်များသည် မြင်သာ ထင်သာ မရှိချေ။
ထို့ကြောင့် အရေအတွက် တိုးမြင့်ကာ လှေကားတစ်ထောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။
ဆရာတူ ညီအစ်ကို သုံးဦးသည် တက်ညီလက်ညီနှင့် လှုပ်ရှားလိုက်ရာ သုံးရက်မြောက်နေ့တွင် ပြီးလုနီးနီးဖြသွားခဲ့သည်။
“လင်းရှု့ တောင်တန်း တစ်ခုလုံးကို ဖိအားဖော်ထုတ်ထားလိုက်...”
ဟွမ်းသည် သူ၏ လှေကားထစ်များ အလဟသမဖြစ်စေရန် ပျံသန်းခွင့် တားမြစ်ခိုင်းလိုက်သည်။
မဟုတ်ပါက သူ၏ လှေကားထစ်များ အသုံး မပြုကြပဲ တိုက်ရိုက်ပျံသန်းကြလိမ့်မည်။ ထိုသို့ အရာမျိုး လက်မခံနိုင်ချေ။
တပည့်သုံးဦး “...”
‘တောင်အောက် ဆင်းရမဲ့ ကိစ္စဆို ရှောင်ရမယ်...’
ထို့နောက် ကြီးမားသည့် မုခ်ဝတစ်ခု တည်ဆောက်ပြီး ထည်ဝါသည့် ‘ဟွမ်းရှန့်နန်းတော်’ ဟုရေးထွင်းထားသည့် ဆိုင်းဘုတ်ကို တင်မြှောက်ထား၏။
ထို့နောက် လေဟာနယ်မုခ်ဝကို နေရာချထားလိုက်တော့သည်။
ဟွမ်းရှန့်နန်းတော်ဟူသည့် မုခ်ဝသည် လင်းရှန်တောင်တန်းတွင် ထည်ဝါစွာပေါ်ထွက်လာတော့၏။
ဟွမ်းသည် ထိုအခြေအနေကို သဘောတကျကျနှင့် ကြည့်ရှု့နေသည်။ ထို့နောက် တပည့်များနှင့် ဟွမ်းရှန့်နန်းတော် အတွင်း ပြန်လည်ဝင်ရောက်သွားကြသည်။ လင်းရှန်တောင်တန်းျလူသည် တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
သို့သော် လျှပ်စီးနယ်မြေမှ အလယ်လတ်ဂိုဏ်းများနှင့် အဆင့်နိမ့်ဂိုဏ်းများသည် မငြိမ်မသက်ဖြစ်နေကြတော့သည်။
လျှပ်စီးနယ်မြေ၏ နယ်စပ်တွင် ရှိနေသည့် တောင်တန်းသည် လူငယ်ကျင့်ကြံသူတစ်ဦး၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရချေပြီ။
ထို့အပြင် ဂိုဏ်းပေါင်းများစွာမှ ကျင့်ကြံသူများသည် ရိုက်နှက်ခံခဲ့ရသည်။ ထိုမျှနှင့်မကသေး ၎င်းတောင်တန်းသည် ဖြတ်တောက်ခံလိုက်ရ၏။
သို့သော် အချို့ကျင့်ကြံသူများသည် လိုအပ်သည်ထက် အကြောင်းအရာများကို လျှောက်ဖြည့်ပြောဆိုရင်း မိစ္ဆာတစ်ဦး၏ အသွင်သို့ ပြောင်းလဲသွားတော့သည်။
စသည့် အကြောင်းအရင်းများသည် ဂိုဏ်းများစွာထံမှ ထွက်ပေါ်လာကာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။
ထို့ကြောင့် သူတို့သည် အလျင်အမြန်နှင့် ထိပ်သီးဂိုဏ်းများထံ တင်ပြလိုက်ကြတော့သည်။
လျှပ်စီးနယ်မြေတွင် လှိုင်းဂယက်များဖြစ်ပွားနေသော်လည်း ဟွမ်းရှန့်နန်းတော်သည် ငြိမ်သက်နေ၏။
ဟွမ်းသည် နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်တွင် ရောက်ရှိနေ၏။
သူသည် ရွှမ်းလင်၏ ဝိညာဉ်သန္ဓေသားကို သယ်ဆောင်လာခဲ့သည်။
သူမ၏ ဝိညာဉ်ကို မည်သည့်နေရာတွင် ထားရှိရမည်ကို စဉ်းစားရကြပ်ခဲ့၏။
ထို့နောက် သူသည် နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်အတွင်းသို့ နေရာချရန် အတွေးပေါ်သွားခဲ့သည်။
“အဆင်ပြေပါ့မလား...၊ စမ်းကြည့်ရမယ်...”