← Chapters

ဟွမ်းကိုအနိုင်ယူခဲ့သည့်အရာ

Vol. 22 Ch. 326

ဟွမ်းကိုအနိုင်ယူခဲ့သည့်အရာ

Vol. 22 Ch. 326

ဟွမ်းသည် ရွှမ်းလင်၏ ဝိညာဉ်ကို နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်သို့ ခေါ်ဆောင်လာခဲ့သည်။

ရွှမ်းလင်၏ ဝိညာဉ်သည် နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်တွင် အဆင်ပြေပါ့မလားဟု တွေးမိခဲ့သော် ဗိမာန်အတွင်းရှိ ဆန်းကြယ်သည့်စွမ်းအင်အငွေ့အသက်များသည် သူမနှင့် ပဏာသင့်ဟန်ရ၏။

“ရွှမ်းလင်ဝိညာဥ်က ဆန်းကြယ်အငွေ့အသက်တွေကို စုပ်ယူနိုင်တာလား..”

ဟွမ်းသည် အနည်းငယ် အံ့အားသင့်သွားရ၏။ ထင်ထင်ရှားရှား မဟုတ်သော်လည်း ရွှမ်းလင်သည် ဆန်းကြယ်သည့် စွမ်းအင်များကို စုပ်ယူနေသည်။

ထို့အပြင် ကျို့ယင်တို့ကဲ့သို့ ချုပ်နှောင်ထားခြင်း မဟုတ်သောကြောင့် သူမ၏ ဝိညာဉ်သည် လွပ်လပ်စွာ တည်ရှိနေသည်။

ဟွမ်းသည် မှေးမိန်နေသည့် ရွှမ်းလင်၏ ဝိညာဉ်ကိုကြည့်ရင်း သက်ပျင်းချမိလိုက်၏။

ထိုမိန်းကလေးသည် တကယ်ပင် ဆိုးရွားသည့် ကံကြမ္မာနှင့် ဆုံတွေ့ခဲ့ရသည်။ အဆိုးဆုံးက ပြင်ပရန်သူထက် မျိုးနွယ်တွင်းမှ ရန်သူများပင်။

ပြင်ပမှ ရန်သူသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း အတွင်းရန်နှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပေ။

ထို့နောက် ဟွမ်းသည် လျှပ်စီးမျိုးနွယ်ခေါင်းဆောင် ပြောဆိုခဲ့သည့် အရာကို တွေးမိနေ၏။

“ပုံရိပ်တစ်ခုလား...အဲ့ဒီပုံရိပ်က ဘယ်လိုတည်ရှိမှုမျိုးလဲ...”

သို့သော် သူသည် စဉ်းစားမရနိုင်သောကြောင့် ဗိမာန်အတွင်းမှ ထွက်လာခဲ့သည်။

သူသည် တပည့်တသိုက်နှင့် ထျန်းဟုန်တို့ စုရုံးနေသည်ကို တွေ့လိုက်ရ၏။

လူငယ်များသည် ထျန်းဟုန်နှင့် ဟွမ်း၏ စတင်တွေ့ဆုံပုံကို စပ်စုနေကြသည်။

“အတိတ်က ဂုဏ်ပုဒ်တွေ ခေါ်ဖို့မလိုတော့ဘူး..၊ ဦးလေးထျန်းလို့ပဲ ခေါ်ကြ...”

ထျန်းဟုန်သည် လုရှင်းယန်တို့အပြင် ကျီးဟူကျိတို့ကိုပါ ဖော်ရွေစွာ ဆက်ဆံနေ၏။

သူသည် လင်းထျန်းဘုံသို့ ရောက်ရှိပြီးနောက်တွင် ယခင်ကဂုဏ်ပုဒ်သည် သိမ်နုတ်သွားစေသည်။

ထို့ကြောင့် မခံယူရဲတော့ချေ။

“ဦးလေးထျန်း...၊ အစ်မကြီးဝူယောင်ရဲ့ ဖခင်က ဘာလို့ အကြီးဆုံးအစ်ကို ဖြစ်ခဲ့တာလဲ...”

လုရှင်းယန်သည် မရှင်းလင်းသောကြောင့် မေးမြန်းလိုက်သည်။ ထိုသုံးဦးတွင် သူတို့၏ ဆရာသည် အစွမ်းထက်ဆုံးပင်။ သို့သော် အငယ်ဆုံးအဖြစ် သတ်မှတ်ခံထားရ၏။

“ဒါက ရာဇဝင်ရှိတယ်ကွ..”

ထျန်းဟုန်သည် နှစ်ထောင်းအားရသည့် လေသံနှင့် ဆိုလိုက်၏။

ယွဲ့ဝူယောင်ပင် ထျန်းဟုန်၏ ပြောဆိုမှုများကို နားထောင်နေသည်။

“အဲ့ဒီအချိန်တုန်းက ငါက ကောင်းကင်ဧကရာဇ်ရာထူးကို မယူရသေးဘူး...၊ ဖုန်းချန်ကလဲ ခရမ်းလမျိုးနွယ်ရဲ့ ခေါင်းဆောင် မဖြစ်သေးတဲ့ အချိန်တွေကပေါ့ကွာ...”

ထိုစဉ်က ယွဲ့လင်းရှန်၏ ခေါ်ဆောင်လာမှုကြောင့် ဟွမ်းသည် ခရမ်းလမျိုးနွယ်တွင် နေထိုင်ခဲ့သည်။

သို့သော် ဟွမ်းသည် ထိုစဉ်က သံမဏိအလား မာကျောသည့် နှလုံးသားကြောင့် ယွဲ့ဖုန်းချန်အတွက် မလွယ်ကူခဲ့ချေ။

ယွဲ့ဖုန်းချန်သည် နွေးနွေးထွေးထွေးဆက်ဆံတက်သော်လည်း ဟွမ်း၏ တုန့်ပြန်မှုသည် အေးစက်လှ၏။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဟွမ်းသည် နေသားကျလာပြီး ယွဲ့ဖုန်းချန်နှင့် စတင်ရင်းနှီးလာခဲ့သည်။

နောက်ပိုင်းတွင် ယွဲ့ဖုန်းချန်သည် သွေးသောက်ညီအစ်ကိုအဖြစ် သတ်မှတ်ရန် ပြောဆိုခဲ့၏။

သို့သော် ဟွမ်းသည် လက်မခံခဲ့ချေ။

ထို့နောက် ယွဲ့ဖုန်းချန်သည် အကြံရပြီးနောက် သူ၏ သွေးစက်ကို ဖောက်ထုတ်ကာ ဟွမ်းကို ညီအစ်ကို အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။

သို့မှသာ ဟွမ်းသည် ခရမ်းလမျိုးနွယ်၏ သွေးနှင့် ရောယှက်သွားမည်ဖြစ်ကာ ခရမ်းလမျိုးနွယ်ဝင်ဟု သတ်မှတ်နိုင်မည်ဟု ပြောဆိုခဲ့၏။

ဟွမ်းသည် ငြင်းဆန်စမြဲပင်။

ယွဲ့ဖုန်းချန်သည် မည်သည်အတွက်ကြောင့် ဤသို့ စိတ်အားထက်သန်နေသည်မှန်း နားမလည်နိုင်ခဲ့ချေ။

အကြိမ်တစ်ရာမကာ ပြောဆိုပြီးနောက်တွင် ဟွမ်းသည် နားပူမခံနိုင်တော့သည့် အတွက်ကြောင့် လက်ခံခဲ့သည်။

နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် နတ်ဘုရားနယ်မြေတွင် လှည့်လည်သွားလာခဲ့ကြ၏။

ထို့နောက်မှ ဟွမ်းနှင့် ထျန်းဟုန်သည် စတင်ဆုံတွေ့ခဲ့လေသည်။

ထိုစဉ်က ယွဲ့ဖုန်းချန်နှင့် ထျန်းဟုန်သည် တစ်ခေတ်ထဲမွေးဖွားလာသည့် သဘာဝပြိုင်ဘက်များပင်။

သို့သော်သူတို့သည် သာမန်ပြိုင်ဆိုင်ရုံမျှသာ...။ ကြီးမားသည့် ရန်ငြိုးရန်စ မရှိပေ။

အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသော်လည်း အနိုင်အရှုံးမသဲကွဲခဲ့ချေ။

သို့သော် သူတို့နှစ်ဦးတိုက်ခိုက်တိုင်း ယွဲ့ဖုန်းချန်သည် ဟွမ်းကို ခေါ်လာတက်၏။

ဟွမ်းသည် အမြဲလိုလို တိုက်ခိုက်နေသည့် သူတို့နှစ်ဦးကြောင့် စိတ်မရှည်တော့ပေ။ အကြောင်းအရင်းမရှိ တိုက်ခိုက်နေကြ၏။ သူသည် ငြီးငွေ့လာသည်။

ထို့ကြောင့် နှစ်ယောက်လုံးကို ရိုက်နှက်လိုက်၏။

ဟွမ်း၏ ခွန်အားအောက်တွင် နှစ်ဦးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်တောင် အနိုင်မယူနိုင်ခဲ့ပေ။

ထို့နောက်ပိုင်းတွင် သူတို့သည် ပို၍ ရင်းနှီးလာပြီးနောက် ညီအစ်ကို သုံးဦးဖွဲ့မည်ဟု ယွဲ့ဖုန်းချန်သည် စတင်အကြံပြုလိုက်သည်။

သို့သော် ပြသနာက ဟွမ်းကို အနိုင်မယူနိုင်ကြပေ။ ထို့ကြောင့် အစ်ကိုကြီးနေရာကို အခြားနည်းလမ်းနှင့် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

“ဘယ်လို နည်းလမ်းမျိုးလဲ ဦးလေးထျန်း..”

ပိုင်ကျန့်ယွီသည် စိတ်ဝင်တစားနှင့် မေးလိုက်၏။

“သာမန်ပြိုင်ပွဲတစ်ခုပါပဲ...၊ အဲ့ဒါက သေရည်သောက်ပြိုင်တာပဲ...”

ထျန်းဟုန်သည် လူငယ်များကို ရှင်းပြလိုက်သည်။

လျှိုမင်ယွမ်တို့သည် အံ့အားသင့်သွားကြလေသည်။ အကြောင်းမှာ သူတို့ဆရာ သေရည်သောက်သည်ကို တစ်ကြိမ်မျှ မတွေ့ဆုံဖူးသောကြောင့်ပင်။

သူသည် အံ့ဩလွန်းသည့် လေသံနှင့် မေးလိုက်၏။

“အဲ့ဒီပြိုင်ပွဲက ဘယ်လိုပြီးသွားတာလဲ..”

“ရိုးရှင်းပါတယ်...၊ နောက်ဆုံးကျန်တဲ့သူက အစ်ကိုကြီးလုပ်ရမယ်ပေါ့...၊ အဲ့ဒီမှာ ဖုန်းချန်က နိုင်သွားတာပဲ...၊ ငါကတော့ ဒုတိယနေရာမှာပဲ မှောက်သွားတာလေ...”

ထျန်းဟုန်သည် အတိတ်ကို ပြန်အောက်မေ့ကာ ပြောဆိုလိုက်၏။ ထိုနေ့ရက်များကို ပြန်လည်မရရှိနိုင်တော့ပေ။

ထို့နောက် သူ၏ မျက်နှာတွင် အပြုံးများထွက်ပေါ်လာကာ လူငယ်များကို မေးလိုက်သည်။

“မင်းတို့ဆရာ ဘယ်လိုရှုံးသွားလဲ သိလား..”

တပည့်များသည် အရမ်းသိချင်သွား၏။ ယနေ့ထက်တိုင် သူတို့ဆရာကို အနိုင်ယူနိုင်သည့်အရာ မတွေ့ဖူးသေးချေ။

သူတို့သည် ကြက်ကလေးအစာကောက်သကဲ့သို့ ခေါင်းများကို တဆက်ဆက်ညိတ်လိုက်ကြ၏။

“သေရည်ခွက်ကို ပါးစပ်နဲ့တေ့ပြီး..၊ စက္ကန့်ပိုင်းအတွင်း မှောက်သွားတာကွ...၊ ဟားဟား...”

ထျန်းဟုန်သည် ပြောရင်းဆိုရင် အူလှိုက်သဲလှိုက် ရယ်မောလေသည်။ သူ၏ ရယ်ချင်စိတ်ကို ထိန်းမရတော့ချေ။ သို့သော် သူ၏ စကားပြောလည်း မပြတ်ပေ။

“မင်းတို့သိလား...၊ သေရည်ခွက်ကို တေ့ရုံပဲ တေ့ရသေးတယ်...၊ တစ်ပတ်လောက် ထမလာနိုင်ဘူးကွ...၊ ဟားဟား...”

ထျန်းဟုန်၏ ရယ်မောမှုသည် တပည့်များထံ စတင်ကူးစက်လာကာ ရယ်မောလိုက်ကြတော့၏။

အစွမ်းထက်သော်လည်း အရက်မသောက်နိုင်သူ...။

“ဒါကြောင့် ဆရာသေရည်သောက်တာကို မမြင်ဖူးတာကိုးကွ...ဟားဟား..”

သူတို့သည် ထိုအကြောင်းအရာကို ခေါင်းထဲ စွဲထင်လာကာ ပို၍ပင် ရယ်မောလိုက်ကြ၏။

မိန်းကလေးတပည့်များသည် ရယ်မောချင်ကြသော်လည်း သူမတို့သည် ထိန်းသိမ်းထားကြသည်။ သို့သော် သူမတို့၏ နှုတ်ခမ်းများက သစ္စာဖောက်နေ၏။

တည်တည်ငြိမ်ငြိမ်သာ နေထိုင်တက်ကြသည့် မော့ရွှယ်အာနှင့် ယွဲ့ဝူယောင်ပင် သူမတို့၏ နှုတ်ခမ်းများကို ထိန်းမထားနိုင်ချေ။

ထိုသို့ ဖြစ်ရပ်သည် အလွန်အံ့အားသင့်စရာကောင်း၏။

“ဆရာရဲ့ အဲ့ဒီပုံစံကို ထပ်မြင်ရရင် စိတ်ချမ်းသာစရာကောင်းလောက်မယ်...ဟားဟား...”

ပိုင်ကျန့်ယွီသည် ဗိုက်ကို နှိပ်ကာ ရယ်မောခြင်းကို မရပ်တန့်နိုင်တော့ပေ။

လုရှင်းယန်နှင့် လျှိုမင်ယွမ်လည်း အလားတူပင်။ ထိုအုပ်စုတွင် ကျီးဟူကျိနှင့် ထျန်းယပင် ပါဝင်၏။

ထိုစဉ်သည် အေးစက်သည့် လေသံသည် လေထုကို ဖျတ်ဆီးလိုက်သည်။

“ပျော်ပွဲရွှင်ပွဲ ကျင်းပနေပုံပဲ...”

အားလုံး၏ ရယ်သံများသည် ရေအေးနှင့်လောင်းချခံလိုက်ရသည့်အလား ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။

သူတို့၏ အမူအယာများသည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ တည်ငြိမ်မှုထိန်းလိုက်ကြ၏။ သို့သော် တုန်ယင်နေမှုကို ခံစားနိုင်သည်။

‘ဆရာ မကြားသွားလောက်ဘူးမလား...’

ပိုင်ကျန့်ယွီသည် အခြားသူများကို အသံပို့လွှတ်ကာ မေးလိုက်၏။

သို့သော် မည်သူမျှပြန်၍ မတုန့်ပြန်ကြပေ။ ရယ်မောသည့် အသံများထဲတွင် သူ၏ အသံသည် အကျယ်လောင်ဆုံးပင်။

‘ငါတော့သေပြီထင်တယ်...’

“ကြည့်ရတာ မင်းတို့ ပျင်းနေတဲ့ပုံပဲ...၊ ဒါ့ကြောင့် ဆရာက မင်းတို့စိတ်ချမ်းသာအောင် စီစဉ်ထားပေးမယ်...”

ဟွမ်းသည် အပြုံးမပျက်သည့် လေသံနှင့် တပည့်များကို ဆိုလိုက်၏။

လုရှင်းယန်တို့၏ မျက်ဝန်းများသည် လင်းလက်သွားသည်။ အားလုံးသည် အလားတူပင်။

‘ဆရာက ငါတို့ရယ်တာကို စိတ်ဆိုးပုံမပေါ်ဘူး..’

‘ဒီလောက်သဘောထားပြည့်ဝတဲ့ ဆရာက စိတ်ဆိုးပါ့မလားကွ..’

သူတို့သည် တီးတိုးဆွေးနွေးလိုက်ကြ၏။ ကြည့်ရသည်မှာ သူတို့၏ ဆရာသည် စိတ်ကောင်းဝင်နေဟန်ရှိသည်။

ပိုင်ကျန့်ယွီသည် ရွှင်မြူးသည့် အသွင်နှင့် ဆိုလိုက်၏။

‘ဆရာက သေရည်သောက်ပြမယ်ထင်တယ်...’

All Chapters