ဖိတ်ခေါ်မှု
Vol. 22 Ch. 329
ခဏအကြာတွင် ဂိုဏ်းချုပ်များသည် လင်းရှန်တောင်တန်းပေါ်သို့ ပြန်ရောက်ရှိလာ၏။
သို့သော် သူတို့ထံတွင် မည်သည့် ဒေါသမျှ ရှိမနေတော့သည့် အလားပင်။ သူတို့သည် ယန်ကျီးဝေ့၏ စကားများကို စတင်ယုံကြည်လာပြီဖြစ်သည်။
လှေကားတစ်ထောင်ကို ဖြတ်သန်းခဲ့ရာတွင် ပထမအကြိမ်ကဲ့သို့ ဒေါသများ ပါမလာခဲ့တော့ချေ။
ရှည်လျားသည့် လှေကားထစ်များကြောင့် သူတို့၏ ဒေါသများကို ထိန်းချုပ်နိုင်ရန် အချိန်ယူခဲ့သည့်အလား ဖြစ်သွားခဲ့သည်။
ထို့နောက် ကျုံးလုဟယ်သည် စတင်စကားဦးသမ်းလိုက်၏။
“ရောင်းရင်း...၊ ဒီနေရာမှာ တကယ်ပဲ အခြေချဖို့ ဆုံးဖြတ်ပြီးသွားပြီလား...”
ဟွမ်းသည် ပြောင်းလဲသွားသည် ဂိုဏ်းချုပ်များကြောင့် တင်းမာစရာမလိုတော့ချေ။ သူသည် ခေါင်းညိတ်ကာ အတည်ပြုလိုက်၏။
“ဟုတ်တယ်...၊ ဒီတောင်တန်းက ဟွမ်းရှန့်နန်းတော်ရဲ့ ပိုင်နက်ပဲ...”
“ရောင်းရင်းက...၊ လျှပ်စီးနယ်မြေက ကျင့်ကြံသူမို့ ကျုပ်တို့က ဆက်ပြီး ပြသနာ ရှာမှာမဟုတ်တော့ဘူး...”
ယင်ထျယ်ဟုန်သည် စိတ်လျော့ပြီးကြောင်း ပြောဆိုလိုက်သည်။ သူတို့သည် ထူးဆန်းသည့် နည်းလမ်းနှင့် တောင်တန်းပေါ်မှ ပစ်ချခံခဲ့ရ၏။
သူတို့ကဲ့သို့ နယ်မြေသခင်များကိုပင် လှန်လိုလှန် မှောက်လိုမှောက် ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။ စွမ်းအားအရာတွင် ကန့်ကွက်စရာမလိုတော့ချေ။
ထို့နောက် အတည်ပြုလိုသည့် ကိစ္စကို ဆက်လက်ပြောဆိုလိုက်၏။
“ဒါပေမဲ့...၊ လျှပ်စီးနယ်မြေကိုပဲ ကိုယ်စားပြုပေးပါမယ်လို့ ကတိပြုနိုင်လား...”
ဟွမ်းသည် ရှုးယင်ဂိုဏ်းချုပ်၏ စကားကို အနည်းငယ်တွေးတောလိုက်သည်။
ဟွားရှီးချန်၏ စကား အရ သူသည် ကောင်းကင်ကျားနယ်မြေဘက်မှ ရပ်တည်သွားမည်ကို စိုးရိမ်နေကြပုံပင်။
ထို့နောက် သူသည် ခေါင်းညိတ်ကာ ကတိပေးလိုက်၏။
“ကောင်းပြီ...၊ ကျုပ်ကတိပေးမယ်..”
ဟွမ်းသည် ထိုအရာအတွက် နိမ့်ကျသည်ဟု မခံစားမိပေ။ ထိုသူများသည် လျှပ်စီးနယ်မြေမှ နယ်ခံကျင့်ကြံသူများ ဖြစ်ကြသည်။
သူ့အနေနှင့် နေရာတစ်ခု ရွေးချယ်ထားပါက ထိုနေရာနှင့် ပတ်သတ်သည့် ကိစ္စရပ်များကို တာဝန်ယူနိုင်ရပေမည်။
“ဒါဆိုရင် ကျုပ်တို့ စိတ်အေးသွားပါပြီ...”
ကျုံးလုဟယ်သည် သက်ပြင်းချကာ ပြောဆိုလိုက်၏။ ထိုသူသည် စွမ်းအားကောင်းလွန်းသည်။ ကောင်းကင်ကျားနယ်မြေနှင့် ပူးပေါင်းသွားပါက သူတို့သည် ဖိနှိပ်ခံရမှုများစွာ ကြုံလာရတော့ပေမည်။
ထို့ကြောင့် အတည်ပြုရန်လိုအပ်ခြင်းပင်။
ဂိုဏ်းချုပ်များသည် ဟွမ်းရှန့်နန်းတော်၏ တည်ရှိမှုကို လက်ခံပေးလိုက်ကြသည်။
“ရောင်းရင်း...၊ ခင်ဗျားရဲ့ နန်းတော်ထဲ ဖိတ်ခေါ်ဖို့ ဆန္ဒမရှိဘူးလား...”
ယင်ထျယ်ဟုန်သည် တောင်တန်းပေါ်တွင် မုခ်ဝမှလွဲ၍ ပြောင်တလင်းခါနေသောကြောင့် သိလိုစိတ်နှင့် ခွင့်တောင်းလိုက်၏။
“ဟွမ်းရှန့်နန်းတော်ကို တရားဝင် ထုတ်ဖော်တဲ့အခမ်းအနားကျရင် ခင်ဗျားတို့ကို ဖိတ်ကြားပါမယ်...”
ဟွမ်းသည် ဝင်ခွင့် မပေးလိုခြင်းကြောင့်မဟုတ်ပေ။ ဟွမ်းရှန့်နန်းတော်သည် စနစ်တကျ မွမ်းမံခြင်း မပြုရသေးသောကြောင့်ပင်။
ယင်ထျယ်ဟုန်သည် အနည်းငယ်စိတ်ပျက်သွားရသည်။ သို့သော် တမင်ဝင်ခွင့် မပေးခြင်း မဟုတ်ကြောင်း သိရှိသောကြောင့် လက်ခံလိုက်၏။
“ကျုပ်တို့ ဖိတ်ခေါ်ချက်ကို စောင့်နေပါ့မယ်...”
ဂိုဏ်းချုပ်များသည် သံပြိုင်ပြောဆိုလိုက်၏။
ထို့နောက် ယင်ထျယ်ဟုန်သည် သူ၏ ဂိုဏ်းသို့ ဖိတ်ခေါ်လိုက်သည်။
“ဒီလိုဆို နောက်လမှာ ကျင်းပမဲ့ ကျုပ်တို့ဂိုဏ်းရဲ့ ဂိုဏ်းတွင်း ပြိုင်ပွဲကို လာရောက်ကြည့်ရှု့ဖို့ ဖိတ်ခေါ်ချင်တယ်...”
“ဂိုဏ်းတွင်းပြိုင်ပွဲလား..”
ဟွမ်းသည် သံယောင်လိုက်ကာရေရွတ်လိုက်၏။
ရှုးယင်ဂိုဏ်းသည် နှစ်စဉ်နှစ်တိုင်း ဂိုဏ်းတပည့်များ၏ ခွန်အားတိုးတက်မှုကို စမ်းသပ်ကာ ပြိုင်ပွဲကျင်းပပေးလေ့ရှိသည်။
ထိုသို့ ပြုလုပ်တိုင်း ဂိုဏ်းကြီးများကိုလည်း ဖိတ်ကြားတက်၏။ အကြောင်းမှာ သူတို့၏ တပည့်အင်အားသည် အခြားဂိုဏ်းများထက် သာလွန်သောကြောင့်ပင်။
“ကောင်းပြီ..”
ဟွမ်းသည် ဖိတ်ကြားချက်ကို လက်ခံလိုက်၏။ သူသည် ဂိုဏ်းကြီးများ၏ လည်ပတ်ပုံကို စူးစမ်းလိုသည်။
“လင်းရှန်တောင်တန်းနဲ့ အနီးအနားမှာ မြို့တစ်ခုခု ရှိလား...”
ဟွမ်းသည် ဂိုဏ်းချုပ်လေးဦးကို မေးမြန်းလိုက်သည်။
သူတို့သည် တောင်ပေါ်တွင်သာ နေထိုင်နေ၍ မရချေ။ ပြင်ပလောနှင့်လည်း ချိတ်ဆက်ထားဖို့လို၏။
ထို့အပြင် ဟွမ်းရှန့်နန်းတော် ချောမွေ့စွာ လည်ပတ်နိုင်ရန် လိုအပ်သေးသည်။
“ဒီလိုဆိုရင်တော့ ဒီအမျိုးသမီးက ကူညီပေးနိုင်လိမ့်မယ်...”
ဟွားရှီးယင်သည် စိတ်အားထက်သန်စွာဆိုလိုက်၏။ သူမ၏ မျက်နှာထက်တွင် ရွှင်မြူးသည့် အမူအယာများပေါ်ထွက်လာသည်။
သို့သော် အခြားဂိုဏ်းချုပ်များသည် မျက်နှာပျက်သွား၏။
“ဂိုဏ်းချုပ်ဟွား..”
ယန်ကျီးဝေ့သည် သတိပေးလိုသည့် အလားဆိုလိုက်၏။
ဟွားရှီးယင်သည် ပြန်လည်တုန့်ပြန်လိုက်သည်။
“လင်းရှန်တောင်နဲ့ အနီးဆုံးက ယွီလျန်မြို့တော်ပဲလေ...၊ ကျွန်မပြောတာမှားလို့လား...”
ယန်ကျီးဝေ့သည် ဆက်လက်ပြောဆိုချင်သော်လည်း ဟွားရှီးယင်၏ စကားကို ပြန်လည်ချေပ၍ မရဖြစ်နေသည်။
အကြောင်းမှာ ယွီလျန်မြို့တော်သည် လျှပ်စီးမြို့တော်နှင့် ယှဉ်လျင်နိမ့်ကျသော်လည်း လျှပ်စီးနယ်မြေတွင် အစည်ကားဆုံး မြို့တစ်မြို့ဖြစ်၏။
ယွီလျန်မြို့တော်တွင် အလွှာပေါင်းစုံမှ ကျင့်ကြံသူများနှင့် လှုပ်ရှားသက်ဝင်လျက်ရှိသည်။ လျှပ်စီးမြို့တော်သည် တင်းကြပ်သည့် စစ်ဆေးမှုများကြောင့် ကျင့်ကြံသူများ၏ ဝင်ရောက်နိုင်စွမ်းသည် အကန့်အသတ်သာ ရှိသည်။
သို့သော် ယွီလျန်မြို့တော်သည် မည်သည် စည်းမျဉ်းများနှင့်မှ ထိန်းချုပ်ထားခြင်း မရှိချေ။
လွပ်လပ်စွာဝင်ရောက် နိုင်ကြသည်။
သို့သော် ဂိုဏ်းချုပ်များ စိတ်ပူသည်အကြောင်းအရင်းမှာ ယွီလျန်မြို့တော်ကို ကျောက်စိမ်းပန်းဂိုဏ်းနှင့် ဆက်နွယ် နေသောကြောင့်ပင်။
“ကျောက်စိမ်းပန်းဂိုဏ်းက...”
ယန်ကျီးဝေ့သည် ဟွမ်းကို သတိပေးချင်သော်လည်း ဟွားရှီးယင်၏ ဓားသွားအလား စူးရှသည့် မျက်ဝန်းနှင့် ဆုံတွေ့မိသွားသည်။ ထို့ကြောင့် သူ၏ စကားသည် ရပ်တန့်သွားရ၏။
ဟွမ်းသည် ဂိုဏ်းချုပ်များ၏ မျက်နှာ အမူအယာကြောင့် အနည်းငယ်တွေးရခက်သွား၏။
သို့သော် များစွာတွေးတောမနေချေ။ မြို့တစ်ခုနှင့် ချိတ်ဆက်ထားရန်လိုအပ်နေသည်။
ထို့နောက် ဂိုဏ်းချုပ်များသည် ရောက်ရှိလာသည့် အကြောင်းအရင်းသည် ပြီးဆုံးသွားပြီဖြစ်သောကြောင့် အသီးသီး ပြန်လည်ထွက်ခွာသွားတော့၏။
သို့သော် ဟွားရှီးယင်သည် ဟွမ်းကို ယွီလျန်မြို့သို့ လမ်းပြပေးရန် စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက် ဟွမ်းသည် လုရှင်းယန်တို့ သုံးဦးကို ခေါ်ဆောင်လာကာ ဟွားရှီးယင်နှင့် လိုက်ပါသွား၏။
သူမသည် ပန်းပွင့်သဏ္ဌာန် ရေးဆွဲထားသည့် ယာဉ်ပျံတစ်စင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် လေဟုန်ခွင်းကာ ယွီလျန်မြို့တော်သို့ ဦးတည်သွားတော့၏။
‘ယာဉ်ပျံတစ်စင်းလောက် ဝယ်ဖို့ လိုအပ်မယ်ထင်တယ်...’
ဟွမ်းသည် အခြားသူများ၏ ယာဉ်ပျံတွင် လိုက်လံစီးနင်းနေရခြင်းက သူ့အတွက် အဆင်မပြေလှချေ။
ထို့အတွက် ဟွားရှီးယင်သည် စိတ်ထဲထားဟန်မရချေ။
သို့သော် သူသည် လိုအပ်သည့်အရာများကိုတော့ ဝယ်ယူရပေမည်။ မဟုတ်ပါက တည်နေရာတစ်ခုခုသို့တပည့်များနှင့် သွားရောက်ပါက အခက်တွေ့ပေမည်။
ဟွားရှီးယင်သည် ဟွမ်း၏ တည်ငြိမ်သည့် အမူအယာကို တိတ်တဆိတ် အကဲခတ်မိနေ၏။ သူမသည် အနေခက်ဟန်မရချေ။
ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည့် အမျိုးသားသည် အလွန်ဆွဲဆောင်မှု ရှိသည်ဟု တွေးမိသွားသည်။
သို့သော် သူမ၏ ကြည့်ရှု့နေမှုကို ဟွမ်းသည် သတိထားမိဟန် မရချေ။ ထို့ကြောင့် ပျင်းစရာကောင်းသည်ဟု ကောက်ချက်ချလိုက်သော်လည်း ထိုအရာက ပို၍ ဆွဲဆောင်မှုရှိပေသည်။
ယွီလျန်မြို့တော်သည် လင်းရှန်တောင်တန်းနှင့် မဝေးလွန်းသည့် အနေအထားကြောင့် တစ်ခဏအတွင်း ဟွားရှီးယင်၏ ယာဉ်ပျံသည် ယွီလျန်မြို့ ပေါ်သို့ သက်ဆင်းလာ၏။
“ဂိုဏ်းချုပ်ဟွား...၊ ကျုပ် ဒီကြင်နာမှုအတွက် ကျိန်းသေမှတ်သားထားပါ့မယ်..”
ဟွမ်းသည် လေးနက်သည့် အသံနှင့် ဆိုလိုက်၏။
“ကျွန်မတို့က မိတ်ဆွေတွေပဲ...၊ အဲ့ဒီလောက် လေးနက်ဖို့မလိုပါဘူး...၊ ယွီလျန်မြို့ထဲ လည်ပတ်လို့ပြီးရင် ကျွန်မရဲ့ ဂိုဏ်းထဲ အနားယူလို့ရတယ်နော်...”
ဟွားရှီးချန်သည် ဆွဲဆောင်လိုသည့် လေသံနှင့် ဆိုလိုက်၏။ ထို့နောက် သူမသည် ကျောက်စိမ်းပန်းဂိုဏ်းရှိရာ တည်နေရာကို ညွှန်ပြလိုက်သည်။
ဟွမ်းသည် အသိမှတ်ပြုဟန်နှင့်သာ ခေါင်းညိတ်လိုက်၏။ သို့သော် အံ့ဩသွားလေသည်။ သူမညွှန်ပြသည့် တည်နေရာသည် ယွီလျန်မြို့တော်ထဲတွင်သာ တည်ရှိနေသောကြောင့်ပင်။
“ရှင့်အတွေးမမှားဘူး...၊ ကျွန်မတို့ဂိုဏ်းက ယွီလင်မြို့တော်ထဲမှာပဲ...”
ဟွားရှီးယင်သည် အတည်ပြုစကားဆိုပြီးနောက် သူမ၏ ဂိုဏ်းသို့ ဦးတည်သွားတော့သည်။
ထို့နောက် လျှပ်စီးမျိုးနွယ်သည်လည်း မြို့တော်နှင့် တစ်နေရာတည်းဖြစ်နေခြင်းကြောင့် ရှည်ရှည်ဝေးဝေး မတွေးနေတော့ချေ။
တပည့်များနှင့်အတူ မြို့တော်ကို စတင်လေ့လာကြလေတော့သည်။