လင်းရှန်တောင်တန်း
Vol. 22 Ch. 324
“ငါတို့ ရောက်နေတဲ့ နေရာက မှားယွင်းနေတာလား...”
“မမှားဘူးကွ ပိုင်ရှင်မဲ့ တောင်တန်းက ဒီနေရာပဲ ကျိန်းသေရှိခဲ့တာ...”
“ဒါဆို တောင်တန်းကြီး ဘယ်ကောင် ပိုင်းဖြတ်ပြီး ယူသွားတာလဲကွ...”
“…”
ကျင့်ကြံသူများသည် သူတို့၏ အမြင်လွှာကို မယုံနိုင်ဖြစ်နေရသည်။
အကြောင်းမှာ ဤနေရာတွင် ရှိနေရမည့် တောင်တန်းကြီးသည်ခါးတစ်ဝက်သာ ရှိနေတော့၏။
တောင်တန်းကြီးအား တိတိရိရိ ပိုင်းဖြတ်ခံထားရသည့်အလား တောင်တန်း၏ အောက်ခြေမျှသာ ရှိနေသည်။
သူတို့သည် ဤနေရာမှ ရွှေရောင်အလင်းတန်းများကို တွေ့မြင်လိုက်ရသောကြောင့် အလျင်အမြန်ရောက်ရှိလာကြကာ စစ်ဆေးကြခြင်းဖြစ်၏။
သို့သော် ရွှေရောင်အလင်းတန်းများ တည်ငြိမ်သွားပြီးနောက်တွင် တောင်တန်းကြီး၏ ထိပ်ပိုင်းသည် ပျောက်ကွယ်သွားသည်။
“ငါတို့ အိမ်မက်မက်နေတာလား...”
ကျင့်ကြံသူများသည် ပျောက်ကွယ်သွားသည့် တောင်တန်းနေရာသို့ သွားရောက်ကာ စစ်ဆေးလိုက်ကြသည်။
သို့သော် လေဟာနယ်သည် ပိတ်ဆို့တားဆီး ခံထားရသည့်အလားပင်။
သူတို့သည် တောင်တန်းပေါ်သို့ ခြေမချနိုင်ပေ။ ထို့အပြင် မမြင်နိုင်သည့် အလွှာတစ်ခုသည် သူတို့အား တားမြစ်ထားသည့် အလားပင်။
“ဂိုဏ်းကို သတင်းပို့ကြ...”
ကျင့်ကြံသူတစ်ချို့သည် ထူးဆန်းသည့် ဖြစ်ရပ်ကြောင့် သူတို့၏ ဂိုဏ်းများထံ သတင်းပို့ရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့သည် ပဟေဠိဖြစ်ကုန်ကြ၏။ ကြီးမားလှသည့် တောင်တန်းတစ်ခုလုံးပျောက်ကွယ်သွားခြင်းဖြစ်သည်။
သူတို့၏ စွမ်းအားနှင့် နားလည်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အကူအညီတောင်းခံလိုက်ခြင်းပင်။
အချို့ကျင့်ကြံသူများသည် ဤနေရာမှ အဖြစ်အပျက်များကို ပူးပေါင်းကာ စောင့်ကြည့်ရန် နေရစ်ခဲ့ကြ၏။
ထူးဆန်းမှုကို ကျင့်ကြံသူများအပြင် အလွှာ၏ အတွင်းတွင် ရှိနေကြသူများလည်း အံ့ဩနေကြသည်။
လင်းရှု့သည် နယ်မြေကိုတောင်တန်းနှင့် ပေါင်းစည်းရုံသာမက တောင်တန်းကြီးကိုပင် လေဟာနယ်အတွင်း ဖုံးကွယ်ပစ်လိုက်၏။
“လင်းရှု့...မင်း...”
ဟွမ်းသည် လင်းရှု့၏ အသွင်ကြောင့် အံ့ဩသွားလေသည်။
ရွှေရောင်သစ်ပင်ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်သည် ဝိညာဉ်အသွင် ဖြစ်ပေါ်သွား၏။
သူမ၏ မူလအသွင်နှင့် ဝိညာဉ်အသွင်ကို ခွဲခြားလိုက်ခြင်းပင်။
“ဒီလို လုပ်လိုက်တာ...မင်းရဲ့...၊ ခန္ဓာကိုယ်ကို မထိခိုက်ဘူးလား...”
ဟွမ်းသည် စိုးရိမ်ကြီးစွာနှင့် မေးလိုက်၏။ သူသည် လင်းရှု့ထိခိုက် သွားရမည်ဆိုလျင် ဤသို့ အရာမျိုးမလိုလားပေ။
သို့သော် လင်းရှု့သည် သူမ၏ သေးငယ်သည့် လက်နှစ်ဘက်ကို နောက်သို့ပစ်ကာ မြင့်မြတ်သည့် ပုဂ္ဂိုလ်တစ်ဦးအသွင်ဆောင်လိုက်၏။
ထို့နောက် သူမ၏ ခေါင်းလေးကို ညင်သာစွာ ခါယမ်းလိုက်သည်။ သူမသည် မည်သည့် ပြသနာမျှ မရှိကြောင်း ပြောလိုက်၏။
သူမ၏ အမူအယာသည် မာနကြီးသည့် မိန်းမငယ်လေးအသွင်ပင်။
ဟွမ်းသည် ရွှေရောင်သစ်ပင်နှင့် သူမ၏ အသွင်ကို စေ့စေ့စပ်စပ် လေ့လာပြီးနောက်တွင် အဆင်ပြေကြောင်းတွေ့ရှိလိုက်သည်။
ရွှေရောင်သစ်ပင်ဖြစ်သည့် သူမ၏ ခန္ဓာကိုယ်သည် တောင်တန်းမှ စွမ်းအင်များကို စုပ်ယူနေပြီး ပြန်လည်သန့်စင်နေ၏။ ထို့အပြင် သူမသည် ပြန်လည်မွေးဖွားလာသည့် အသွင် ဖြစ်သောကြောင့် မူလအသွင်နှင့် သူမ၏ဝိညာဉ်သည် တစ်ထပ်တည်းကျနေသည်။
“လင်းရှု့...၊ တပည့်တွေ ဒီတောင်တန်းက ထွက်ခွာချင်ရင် ဘယ်လို လုပ်ရမလဲ...”
ဟွမ်းသည် သူကိုယ်တိုင် ထွက်ခွာရန် အတွေးတစ်ချက်သာလိုအပ်၏။ သူသည် လင်းရှု့၏ ဝိညာဉ်နှင့် ချိတ်ဆက်နေခြင်းကြောင့်ပင်။
သို့သော် နယ်မြေအတွင်းမှ လူငယ်များသည်တော့ မတူညီပေ။ သူတို့ ဝင်ချိန်ထွက်ချိန်တိုင်း ဟွမ်းသည် ပို့ဆောင်နေရလျှင် အဆင်မပြေချေ။
လင်းရှု့သည် မည်သို့ ရှင်းပြရမည်ကို မသိဖြစ်သွားသည်။ ထို့နောက် သူမသည် အတွေးပေါက်သွားပြီးနောက် ဟွမ်း၏ နဖူးကို တို့ထိလိုက်၏။
ထိုအချိန်တွင် ဟွမ်း၏ စိတ်အာရုံတွင် လင်းရှု့ပြောပြလိုသည့် အကြောင်းအရာများ ဝင်ရောက်လာသည်။
ထို့နောက် သူမသည် လေဟာနယ်မုခ်ဝတစ်ခုကို ဖန်တီးလိုက်၏။
ဟွမ်းသည် နားလည်သွားလေသည်။
သူမသည် အခြားလေဟာနယ်မုခ်ဝတစ်ခုကို တောင်တန်း၏ အောက်ခြေတွင် ဖန်တီးမည်ဖြစ်၏။ ထို့အပြင် တပည့်များ ဝင်နိုင်ထွက်နိုင်ရန် သူမ၏ စွမ်းအင်ထည့်သွင်းထားသည့် တံဆိပ်ပြားများ ပြုလုပ်ပေးမည်ဖြစ်သည်။
“ဆရာ...၊ ဒါဆို တပည့်တို့ရဲ့ ဟွမ်းရှန့်နန်းတော်ကို ပြင်ပလောက ကနေ မမြင်နိုင်တော့ဘူးပေါ့...”
လုရှင်းယန်သည် အံ့ဩမှင်သက်နေသည့် လေသံနှင့် ဆိုလိုက်၏။ သူတို့သည် လင်းရှု့ ဖန်တီးထားသည့် တံဆိပ်ပြားကို ကြည့်ရှု့နေကြသည်။
၎င်းသည် ရွှေရောင်တံဆိပ်ပြားလေးဖြစ်ပြီး လင်းရှု့၏ စွမ်းအင်များ စီးဆင်းနေ၏။
“ဟုတ်တယ်...၊ မင်းတို့တွေ အေးအေးချမ်းချမ်းကျင့်ကြံလို့ရပြီ...”
ဟွမ်းသည် လုရှင်းယန်တို့ကို ပြောဆိုပြီးနောက် ဤတောင်တန်းကို ပိုင်ရှင်မဲ့ တောင်အဖြစ်မှ လင်းရှန်တောင်တန်းအဖြစ် သတ်မှတ်လိုက်သည်။ ထို့နောက် သူ၏ စကားကို ဆက်လိုက်၏။
“တောင်အောက်မှာ ကျင့်ကြံသူတွေ စူးစမ်းနေကြတယ်...”
ဟွမ်းသည် တောင်အောက်တွင် ရှိသည့် ကျင့်ကြံသူများကို ခံစားမိသည်။ သူတို့သည် တောင်၏ ပတ်လည်တွင် နေရာချကာ စောင့်ဆိုင်းနေကြ၏။
ထို့ကြောင့် သူသည် တပည့်သုံးဦးကို ခေါ်ဆောင်ကာ တောင်အောက်သို့ သက်ဆင်းလိုက်သည်။
တောင်အောက်တွင် နေရာယူထားကြသည့် ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။
လေဟာနယ်အတွင်းမှ ပုံရိပ်လေးခုထွက်လာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
သူတို့သည် တစ်ဦးချင်း၏ ပုံပန်းအသွင်များကို ကြည့်ရှု့လိုက်မိသည်။
ထိပ်ဆုံးမှ ဦးဆောင်လာသည့် လူငယ်သည် တုနှိုင်းမဲ့ အသွင်မျိုးနှင့် ဖြစ်တည်နေပြီး သူ၏ တည်ငြိမ်သည့် အသွင်ကြောင့် ထူးခြားသည့် ခံစားချက်များဖြစ်ပေါ်စေသည်။
သူ၏ နောက်အနီစင်းများ ရောယှက်ထားသည့် ဝတ်ရုံနက်နှင့် လူငယ်လေး၏ မျက်ဝန်းများသည် နွေးထွေးမှုများ ပေးစွမ်းနေပြီး သာမာန်ထက်သာလွန်သည့် အသွင်ဆောင်နေ၏။
ထို့အပြင် အားလုံး၏ အကြည့်သည် သာလွန်သည်ထက်ပို၍ ချောမောလှသည့် လူငယ်လေးထံ ကျရောက်သွားသည်။
အနက်ဝတ်လူငယ်လေးသည် ပြိုင်ဘက်ကင်းသည့် ရုပ်ရည်မျိုးကြောင့် အမျိုးသမီး ကျင့်ကြံသူများ၏ အကြည့်ကို ဖမ်းစားသွားသည်။
သို့သော် သူတို့၏ အကြည့်သည် စူးရှသည့် မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားသည့် လူငယ်ထံသို့ ကျရောက်သွားချိန်တွင် နှာခေါင်းများ ရှုံ့မိသွားကြသည်။
“…”
သို့သော် ထိုလူငယ်၏ မျက်ဝန်းများကို ရဲရဲမကြည့်ရဲကြချေ။ သူ၏မျက်ဝန်းများမှ စိတ်ဝိညာဉ်ကို ထိုးစိုက်သည့် ဓားတစ်လက်ကဲ့သို့ စူးရှသည့် ခံစားချက်များထွက်ပေါ်နေသည်။
“ဘာကိစ္စလဲ...”
သူတို့သည် ငေးငိုင်နေခိုက်တွင် အေးစက်သည့် အသံလှိုင်းတစ်ခု ထွက်ပေါ်လာ၏။
ထိုအသံကြောင့် ကျင့်ကြံသူများသည် အိမ်မက်မှ ရုတ်ချည်း နိုးထလာသည့်နှယ် ထိတ်လန့်သွားကြသည်။
သူတို့၏ သတိများ ကပ်လာချိန်တွင် ကျင့်ကြံသူတစ်ဦးသည် မေးခွန်း ထုတ်လိုက်၏။
“မင်းတို့ ဘယ်ကလဲ...၊ ပိုင်ရှင်မဲ့တောင်ကိုဘာလုပ်လိုက်တာလဲ...”
“ဒီနေ့ကစပြီး...ဒီတောင်တန်းကို လင်းရှန်တောင်တန်းလို့ ခေါ်ဝေါ်ပြီး ဟွမ်းရှန့်နန်းတော်ရဲ့ ပိုင်နက်အဖြစ် သတ်မှတ်လိုက်ပြီ...”
ဟွမ်းသည် သာမန်လေသံနှင့်သာ ပြောဆိုလိုက်၏။ သူသည် လင်းရှန်တောင်တန်းတွင် အခြေချတော့မည်ကို တစ်ခါတည်းကြေညာချက်ထုတ်လိုက်ခြင်းဖြစ်သည်။
သို့သော် တောင်တန်း တစ်ခုလုံးရှိကျင့်ကြံသူများ၏ အကြားအာရုံတွင် စွဲထင်စေသည်အထိ ကြားလိုက်ရသည်။
“ဘာကွ...၊ မင်းတို့ ပိုင်နက်အဖြစ်သတ်မှတ်ရအောင် ဒီတောင်တန်းက မင်းတို့ အပိုင်မဟုတ်ဘူးကွ...”
ကျင့်ကြံသူတစ်ဦးသည် ဟိန်းဟောက် ပြောဆိုလိုက်၏။ ဟွမ်းသည် ထိုကျင့်ကြံသူကို စူးစိုက်ကြည့်သည်။
ဟွမ်း၏ အကြည့်နှင့် ဆုံတွေ့ခိုက်တွင် သူသည် အို့တို့အန်းတမ်းဖြစ်သွား၏။ အဘယ်ကြောင့်ဆိုသည်ကို တိတိကျကျ မသိသော်လည်း သူ၏ ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်သွားရသည်။
ဟွမ်းသည် ထိုသူ၏ အမူအယာကို လျစ်လျုရှု့ကာ မေးခွန်းထုတ်လိုက်သည်။
“ဒီတောင်တန်းက မင်းပိုင်တာလား...”
“ဒါက...”
ထိုသူသည် ဖြေရခက်သွား၏။ ဤတောင်တန်းသည် သူပိုင်ဆိုင်သည့် တောင်တန်းမဟုတ်ချေ။ ထို့အပြင် အမှန်တကယ်ပင် ပိုင်ရှင်မရှိချေ။
“ထိပ်သီးဂိုဏ်းတွေရဲ့ သဘောတူညီချက်အရ အားလုံးပိုင်ဆိုင်ခွင့် ရှိတယ်...”
နောက်ထပ် ကျင့်ကြံသူတစ်ဦးသည် ဝင်ရောက်ပြောဆိုလေသည်။ ဤနေရာသည် မည်သူမျှ ပိုင်ဆိုင်ထားခြင်းမရှိသလို မည်မျှလည်း သိမ်းပိုက်ခွင့် ရှိမည်မဟုတ်ချေ။
“ငါ...မင်းတို့ဆီက ခွင့်ပြုချက်တောင်းနေတယ်ထင်လား...”
ဟွမ်းသည် သူ၏ စိတ်အာရုံကို လွှမ်းခြုံကာ ဆိုလိုက်၏။ ထို့နောက် သူ၏ စကားသည် မရပ်တန့်ချေ။ သာမန်ထက် တင်းမာသည့် လေသံနှင့် ဆိုလိုက်၏။
“ဆက်ပြီး နှောက်ယှက်မှု ပြုနေမယ်ဆိုရင်...”
သူ၏ စကားကို ခေတ္တရပ်နားလိုက်ကာ ကျင့်ကြံသူများ၏ အမူအယာကို ကြည့်ရှုလိုက်၏။ ထို့နောက် ရေခဲတမျှ အေးစက်သည့် လေသံနှင့် ဆိုလိုက်သည်။
“မင်းတို့ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ချန်ထားခဲ့ရလိမ့်မယ်...”