← Chapters

တပည့်များ၏ ရပ်တည်ရေး

Vol. 22 Ch. 321

တပည့်များ၏ ရပ်တည်ရေး

Vol. 22 Ch. 321

ဟွမ်းသည် လေလံအိမ်တော်၏ တည်နေရာမှ ထွက်ခွာလာချိန်တွင် ပုံရိပ်သုံးခုသည် သူ၏ နောက်မှ လိုက်ပါလာခဲ့၏။ ထို့ကြောင့် ဟွမ်းသည် သူ၏ အရှိန်ကို လျော့ချလိုက်ကာ မြေပြင်သို့ ဆင်းသက်သွားသည်။

“ဘာကိစ္စလဲ...”

ဟွမ်းသည် ဂိုဏ်းချုပ်နှစ်ဦးအား သာမန်ဆန်သည့် လေသံနှင့်သာ မေးလိုက်၏။

ကျန်းချီချီသည် ဟွမ်း၏ လေသံကြောင့် သက်ပြင်းချလိုက်မိသည်။ ထိုသူသည် အပြောအဆို မတက်ပေ။

ဂိုဏ်းချုပ်နှစ်ဦး၏ မျက်ဝန်းများ လှုပ်ရှားသွားရ၏။

‘ဒီလူက ပေါင်းရ သင်းရ ခက်တဲ့ပုံပဲ..’

ဂိုဏ်းချုပ်နှစ်ဦးသည် စိတ်ကူးထဲတွင် မှတ်ချက်ပေးလိုက်၏။

ထို့နောက် ယန်ကျီးဝေ့သည် ဖော်ရွေသည့် မျက်နှာထားနှင့် စတင်ပြောလိုက်သည်။

“ရောင်းရင်း...၊ လင်းထျန်းဘုံကို ရောက်ရှိတာ မကြာသေးဘူး မဟုတ်လား...”

“ရောင်းရင်း သွားစရာနေရာမရှိသေးရင်...၊ ကျုပ်... ယန်ကျီးဝေ့ရဲ့ နတ်မီးလျှံဂိုဏ်းမှာ ခေတ္တအနားယူနိုင်တယ်...”

ယန်ကျီးဝေ့သည် စကားတစ်ခွန်းနှင့် အကြောင်းအရာများစွာ ထည့်သွင်းပြောဆိုသွား၏။

“ရောင်းရင်း...၊ သူတို့ ဂိုဏ်းမှာ အပူချိန်များတယ်...၊ သက်တောင့်သက်သာရှိမဲ့ ကျွန်မရဲ့ ကျောက်စိမ်းပန်းဂိုဏ်းမှာ သက်တောင့်သက်သာနဲ့ အနားယူလို့ရတယ်...”

ဟွားရှီးယင်သည် ပျားစကာအလား ချိုသာသည့် အသံနှင့် ဆွဲဆောင်လိုက်၏။ နတ်မီးလျှံဂိုဏ်းသည် မီးစွမ်းအင်များကို အဓိကထားကျင့်ကြံကာ သူတို့၏ တည်နေရာတွင် မီးစွမ်းအင်များ ပေါကြွယ်ဝသည်။

ထို့ကြောင့် သူမ၏ ကျောက်စိမ်းပန်းဂိုဏ်းသို့ လိုက်ပါရန် ဖိတ်ခေါ်လိုက်ခြင်းပင်။

ယန်ကျီးဝေ့ “...”

‘ခင်ဗျားတို့ဂိုဏ်းက အမျိုးသမီးတွေပဲ လက်ခံတာမဟုတ်ဘူးလား...’

ကျန်းချီချီသည် ပြောဆိုလိုသည့်စကားများ ရှိသည့်အလား ဟွမ်းကို ကြည့်နေ၏။ သူမ၏ အမူအယာ ချည်တုန်ချတုန် ဖြစ်နေသည်။ သို့သော် ဂိုဏ်းချုပ်နှစ်ဦး၏ ပြောဆိုမှုကြောင့် သူမသည် တိတ်တဆိတ် နေလိုက်သည်။

ဂိုဏ်းချုပ်နှစ်ဦးသည် သူတို့၏ ဂိုဏ်းများကို လိုက်ပါရန် ဆွဲဆောင်နေကြ၏။ ဟွမ်း၏ သာလွန်သည့် ခွန်အားကို တွေ့မြင်ပြီးကြပြီး ဖြစ်သည်။

သူတို့၏ ဂိုဏ်းအတွင်း ဖိတ်ခေါ်နိုင်ပါက အချိန်တစ်ခုအကြာတွင် လျှပ်စီးနယ်မြေကို လွှမ်းမိုးလာနိုင်ပေမည်။

“ကျုပ်ဝင်ရောက်ထားတဲ့ အဖွဲ့အစည်း ရှိတာကြောင့် အချိန်တစ်ခုရောက်ရင်တော့ ရောင်းရင်းတို့ နှစ်ဦးရဲ့ ဂိုဏ်းကို လာရောက်လည်ပတ်ပါ့မယ်...”

ဟွမ်းသည် ရိုးရှင်းသည့် စကားလုံးများနှင့် ငြင်းဆန်လိုက်၏။

“နှင်းဓားဂိုဏ်းကြောင့် အခက်တွေ့နေတာလား...”

ဟွားရှီးယင်သည် နားမလည်နိုင်ဟန်နှင့် မေးလိုက်၏။ နှင်းဓားဂိုဏ်းတွင် အတည်တကျ ဝင်ရောက်ထားခြင်း မဟုတ်ဟု ကျန်းချီချီထံမှ ကြားသိရပြီး ဖြစ်သည်။

“ကျုပ်ရဲ့ တပည့်တွေအတွက် နန်းတော် တစ်ခုတည်ထောင်ထားလို့ပါ...”

ဟွမ်းသည် အကြောင်းအရင်းကို တိတိကျကျ ထုတ်ဖော်လိုက်၏။

“ရောင်းရင်းမှာ တပည့်တွေရှိပြီးသားလား...”

ယန်ကျီးဝေ့သည် အံ့ဩဟန်နှင့် မေးမြန်းလိုက်၏။

ဟွမ်းသည် အနည်းငယ်တွေးဆပြီးနောက် သူ၏ တပည့်များကို ခေါ်ထုတ်လိုက်သည်။

“ဒါ...”

ဂိုဏ်းချုပ်နှစ်ဦးသည် အလွန်မှင်သက်သွားရလေ၏။

‘အဆင့်မြင့် လေဟာနယ် သိုလှောင်ရေးရာ ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာလား..’

‘ပိုပြီး အံ့အားသင့်ရတာက သက်ရှိတွေကို ထည့်သွင်းထားနိုင်တာလား...’

သူတို့သည် နယ်မြေတစ်ခုပိုင်ဆိုင်ထားသည်ဟု မတွေးမိပေ။ အကြောင်းမှာ လင်းထျန်းဘုံတွင် လေဟာနယ်အတွင်းသိုဝှက်ထားနိုင်သည့် နယ်မြေများ မရှိခြင်းကြောင့် မဟုတ်ပေ။

၎င်းနယ်မြေများသည် သယ်ဆောင်သွား၍ မရသောကြောင့်ပင်။

လင်းထျန်းဘုံမှ လေဟာနယ်အတွင်း တည်ဆောက်ထားသည့် နယ်မြေများသည် လေဟာနယ်၏ တည်နေရာကို အတိအကျ မှတ်သားထားရပြီး တည်ဆောက်ထားရသည်။

ထို့အပြင် ၎င်းနယ်မြေ ပြိုပျက်ခြင်း မရှိစေရန် ဆုံမှတ်တစ်ခုကို ထုတ်ဖော်ထားရပြီး ပြင်ပနယ်မြေမှ ထိန်းကျောင်းပေးထားရန်လည်းလိုအပ်၏။

ထို့ကြောင့် ရတနာတစ်ခုဟု သူတို့ ထင်မှတ်သွားခြင်းပင်။

“ဒါ..ကျုပ်တပည့်တွေ...”

ဟွမ်းသည် တပည့်ငါးဦးကို ဖော်ထုတ်ကာ မိတ်ဆက်ပေးလိုက်၏။

ထိုသို့ မလိုအပ်ဟု တွေးထားသော်လည်း သူသည် လင်းထျန်းဘုံတွင် အခြေချတော့မည်ဖြစ်သည်။

ထို့အပြင် သူ၏ ရှေ့မှ ကျင့်ကြံသူနှစ်ဦးသည် ဤနယ်မြေ၏ ထိပ်သီးဂိုဏ်းများမှ ဖြစ်၏။ ထို့ကြောင့် တပည့်များကို ထုတ်ဖော်ကာ လင်းထျန်းဘုံ၏ အကြောင်းအရာများနှင့် စတင်ရင်းနှီးစေရန် စဉ်းစားလိုက်ခြင်းပင်။

ဂိုဏ်းချုပ်နှစ်ဦးသည် မှင်သက်ရပြန်သည်။ တပည့်များ၏ ခွန်အားသည် သူတို့အတွက် နိမ့်ကျသေးသော်လည်း သူတို့၏ ခန္ဓာကိုယ်မှ ပေါ်ထွက်နေသည့် စွမ်းအင်များသည် ထက်ရှလွန်းနေ၏။

“အကြီးအကဲတို့...”

ယွဲ့ဝူယောင်တို့သည် လက်နှစ်ဖက်ယှက်ကာ လေးစားသမှုနှင့် နှုတ်ဆက်လိုက်၏။ သို့သော် အရိုအသေပြုခြင်းတော့မရှိချေ။ သူတို့၏ မိဘနှင့် ဆရာမှလွဲ၍ မည်သူ့ကိုမျှ အရိုအသေပြုမည်မဟုတ်ပေ။

“ဟွမ်း...၊ ရှင်... ဘယ်ကို ဦးတည်ပြီးသွားမှာလဲ...”

တိတ်ဆိတ်နေသည့် ကျန်းချီချီသည် မေးမြန်းလိုက်၏။

“ကျုပ်ရဲ့ ဟွမ်းရှန့်နန်းတော်ကို တည်ဆောက်ဖို့ နယ်မြေတစ်ခု ရှာမယ်...”

ဟွမ်းသည် တွေးဆကာ ဖြေလိုက်၏။

ထိုစကားကြောင့် ဟွားရှီးယင်၏ မျက်ဝန်းများသည် အရောင်လက်သွားသည်။ ထို့နောက် သူမသည် ဝင်ရောက်ပြောဆိုလိုက်၏။

“ရောင်းရင်း...၊ အဲ့ဒါဆိုရင် ကျွန်မက နေရာတစ်ခုကို အကြံပေးနိုင်တယ်...”

“အစ်မရှီးယင်...၊ အဲ့ဒီနေရာဆိုရင်တော့ မဖြစ်ဘူးနော်...”

ကျန်းချီချီသည် ထိုအရာကို တွေးမိဟန်နှင့် တားမြစ်လိုက်၏။ သူမတို့နှစ်ဦးသည် ယခင်အချိန်များကတည်းက ရင်းနှီးကြသည့် သူများဖြစ်သည်။

ထို့အပြင် ဟွားရှီးယင်သည် ကျန်းချီချီကို ကျောက်စိမ်းပန်းဂိုဏ်းသို့ ဝင်ရောက်ရန် နှင်းဓားဂိုဏ်းချုပ်ကို ဖိအားပေးလေ့ရှိ၏။

သို့သော် ကျန်းချီချီသည် ဆန္ဒမရှိသောကြောင့်သာ လက်လျော့လိုက်ခြင်းပင်။

“ဘာတွေစိုးရိမ်နေတာလဲ...၊ အဲ့ဒီနေရာက ပိုင်ရှင်မဲ့နေရာတစ်ခုလေ...၊ ရုတ်တရက် အဖွဲ့အစည်း တစ်ခု ပေါ်ထွက်လာရင် စိတ်ဝင်စားစရာ မကောင်းဘူးလား...”

ဟွားရှီးယင်သည် လှပသည့် အပြုံးနှင့် ဆိုလိုက်၏။

“ဂိုဏ်းချုပ်ဟွား...၊ ဒီကရောင်းရင်းကို ပြသနာတွေကြား တွန်းပို့ဖို့ မကြိုးစားသင့်ဘူး...”

ယန်ကျီးဝေ့သည် ခေါင်းခါယမ်းကာဆိုလိုက်၏။ ထိုအမျိုးသမီးသည် ပြသနာများကို ဖိတ်ခေါ်ရာတွင် စိတ်အားထက်သန်လွန်းသည်။

“ပျင်းစရာကောင်းလိုက်တာ...”

ဟွားရှီးယင်သည် မျက်လုံးလှန်ကာ ဆိုလိုက်၏။

“ဘယ်နေရာလဲ...”

ဟွမ်းသည် ပိုင်ရှင်မဲ့နေရာဟု ဆိုသောကြောင့် စိတ်ဝင်စားသွားသည်။ သူ၏ အတွေ့အကြုံအရ ပိုင်ရှင် ရှိပြီးသည့် နယ်မြေများသည် အလွန်အမင်း ရှုပ်ထွေးလှ၏။ တိတ်ဆိတ်သည့် နယ်မြေတစ်ခုကိုသာ စိတ်ဝင်စားလေသည်။

“ရောင်းရင်း...ထင်သလို အေးချမ်းတာမျိုးတော့မဟုတ်ဘူး...၊ ပိုင်ရှင်မဲ့ ဖြစ်နေရတဲ့ အကြောင်းက ထိပ်သီးဂိုဏ်းကြီးတွေရဲ့ ပိုင်နက်နဲ့ ထိစပ်ထားတဲ့ တောင်တန်းတစ်ခုဖြစ်လို့...”

ယန်ကျီးဝေ့သည် ရှင်းပြပြောဆိုလိုက်သည်။ ဟွမ်းသည် အံ့ဩစွာနှင့် မေးလိုက်၏။

“ထိပ်သီးဂိုဏ်းတွေက ထပ်ပြီး ရှိသေးတာလား...”

“လျှပ်စီးမျိုးနွယ်ရဲ့ လွှမ်းမိုးမှုကို မသက်ရောက်တဲ့ ထိပ်သီးဂိုဏ်းအချို့ရှိတယ်...၊ အဲ့ဒီဂိုဏ်းတွေက လျှပ်စီးမျိုးနွယ်နီးပါး အစွမ်းထက်ကျင့်ကြံသူတွေအများကြီးရှိတယ်...”

ယန်ကျီးဝေ့သည် ရှင်းပြပေးလေ၏။

ဟွမ်းသည် စဉ်းစားနေ၏။ လျှပ်စီးမျိုးနွယ်သည် သူရင်ဆိုင်ပြီးချိန်တွင် ထင်သလောက်အားမကောင်းချေ။

သူသည် ပိုင်ရှင်မဲ့ တောင်တန်းတွင် နေရာယူလိုက်ပါက ဖြစ်လာနိုင်မည့် အကျိုးဆက်များကို တွက်ချက်လိုက်၏။

ထို့နောက် သူ၏ ချစ်လှစွာသော တပည့်ငါးဦးကို ကြည့်ရှု့လိုက်သည်။

သူသည် တပည့်များကို တစ်သက်လုံး အထိအခိုက်မရှိ စောင့်ရှောက်ထားနိုင်သော်လည်း သူတို့ကိုယ်တိုင် ရပ်တည်နိုင်ရန် လိုအပ်သေး၏။

ဓားတစ်ချောင်းဆိုလျင်တောင် ဓားသွေးကျောက်နှင့် အမြဲတစေ သွေးနေရပေမည်။ မဟုတ်လျင် တုံးတိသွားနိုင်သည်။

လူငယ်များသည်လည်း ထို့နည်းတူပင်။ သို့မှသာ တပည့်များသည် လင်းထျန်းဘုံတွင် သူ၏ အကူအညီ မပါပဲ ရပ်တည်နေနိုင်မည်ဖြစ်သည်။

ထို့နောက် ဆုံးဖြတ်ပြီးဟန်နှင့် ဆိုလိုက်၏။

“ကျုပ်ကို အဲ့ဒီတောင်တန်းကို ညွှန်ပြပေးပါ...”

သူ မသိသည်မှာ လျှပ်စီးမျိုးနွယ်သည် သူ၏ စွမ်းအားနှင့် တိုင်းတာလိုက်သောကြောင့်သာ အားနည်းသည်ဟုထင်ရခြင်းဖြစ်သည်။

သို့သော် လင်းထျန်းဘုံ၏ အခြားကျင့်ကြံသူများအတွက် လျှပ်စီးမျိုးနွယ်သည် စော်ကား၍ မရနိုင်သည့် တည်ရှိမှုမျိုးပင်။

“ဟွမ်း...၊ သေချာစဉ်းစားပါဦး...”

ကျန်းချီချီသည် စိုးရိမ်ဟန်နှင့် ဆိုလိုက်၏။

“မိန်းကလေးကျန်း...၊ ကျုပ်ဆုံးဖြတ်လိုက်ပြီ...”

ဟွမ်းသည် ပြတ်သားသည့် လေသံနှင့် ဆိုလိုက်၏။ သူသည် ဆုံးဖြတ်ချက် ချပြီးပြီဖြစ်သည်။

ဟွားရှီးယင်သည် အလိုကျသွားသည့် အလား တောက်ပစွာ ပြုံးလိုက်မိ၏။ ထို့နောက် တီးတိုးရေရွတ်လိုက်သည်။

“အနာဂတ်က ပိုပြီးစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေမှာ ကျိန်းသေပဲ...”

ယန်ကျီးဝေ့ “...”

‘နတ်ဆိုးမိန်းမ...’

All Chapters