← Chapters

တောင်းဆိုမှု

Vol. 22 Ch. 320

တောင်းဆိုမှု

Vol. 22 Ch. 320

မော့ရွှယ်အာ၏ အဆင့်တက်မိုးကြိုးကြောင့် ဟွမ်းနှင့် ရွှမ်းလင်အချင်းများချိန်တွင် မျိုးနွယ်ခေါင်းဆောင်သည် တားဆီးခဲ့၏။ ထို့ကြောင့်သာ ရွှမ်းလင်သည် ဟွမ်း၏ ထူးခြားသည့် တည်ရှိမှုကို သိလာရသည်။

မျိုးနွယ်ခေါင်းဆောင်သည် အဖြစ်အပျက်များကို ပြောဆိုနေရင်း သူ၏ အသက်စွမ်းအင်သည် ပို၍ တိမ်းပါးလာ၏။

သို့သော် သူ၏ ရှင်းပြချက်များကို မရပ်တန့်ပေ။ ယခုတွင် မပြောပါက နောင်တွင် ပြောနိုင်မည်မဟုတ်ဟု တွေးမိထားသည့် အလားပင်။

သူ၏ စကားကို ဆက်လိုက်သည်။

“ကံတရားရဲ့ လှည့်ကွက်ကြောင့် နယ်မြေဘုရင်ဆီကနေ သူမကို ကိုယ်လုပ်တော် တင်မြောက်မဲ့ သဝဏ်လွှာက ထပ်မံ ရောက်လာခဲ့တယ်...”

ရွှမ်းလင်၏ အစ်မ ဖြစ်သူရှိစဉ်က ထိုအရာကို ရရှိဖူးသည်။ သို့သော် သူမသည် ကံဆိုးစွာနှင့် သေဆုံးခဲ့၏။

သို့သော် နယ်မြေဘုရင်ထံမှ တိကျသည့် ဖြေရှင်းချက် မထုတ်ပြန်ခဲ့ပေ။

နယ်မြေဘုရင်သည် ဆုံးရှုံးမှုအတွက် လျှပ်စီးမျိုးနွယ်ကို အရင်းအမြစ်အချို့ပေးအပ်ကာ နှစ်သိမ့်ခဲ့သည်။

ထိုအရာက အကြီးအကဲများ၏ ပါးစပ်ကို ပိတ်စေခဲ့၏။

မျိုးနွယ်ခေါင်းဆောင်သည် အမျက်ဒေါသ ထွက်ရသော်လည်း သူ အနိုင်ယူနိုင်သည့် တည်ရှိမှု မဟုတ်သောကြောင့် အံ့ကြိတ်ကာ ဖုံးကွယ်ခဲ့ရသည်။

သို့သော် ထပ်မံ၍ ထိုကံတရား ဆိုက်ရောက်လာပြန်၏။

ထို့ကြောင့် သူသည် ရွှမ်းလင်အတွက် လေ့ကျင့်ရန်အကြောင်းပြကာ အချိန်ဆွဲခဲ့သည်။ ပို၍ ယုတ္တိရှိစေရန် ကမ္ဘာငယ်သို့ စေလွှတ်ခဲ့၏။

သို့သော် ရွှမ်းလင်သည် သူမ၏ ဝိညာဉ်ကို အခြားသူနှင့် ပေါင်းစပ်ခဲ့သောကြောင့် သေဆုံးရသည် အထိဖြစ်ခဲ့ရလေသည်။

မျိုးနွယ်ခေါင်းဆောင်သည် သူမ၏ ရည်ရွယ်ချက် ထိုသို့ရှိနေသည်မှန်း မရိပ်မိခဲ့ချေ။ သူသိလိုက်ချိန်တွင်တော့ နောက်ကျသွားခဲ့လေပြီ..။

“ရွှမ်းဝူကျန်းက ဒီလောက်အထိ ရက်စက်ခဲ့မယ်လို့ မထင်ထားဘူး..”

မျိုးနွယ်ခေါင်းဆောင်သည် ခါးသက်သည့်လေသံနှင့် ဆိုလိုက်၏။

“လူငယ်လေး...၊ မင်းကို မျက်နှာပြောင်တိုက်ပြီး အကူအညီတောင်းချင်တယ်...”

“ငါ့ရဲ့ အချိန်က မကျန်ရှိတော့ဘူး...”

ဟွမ်းသည် အနည်းငယ် တွေးဆပြီးနောက် လက်ခံလိုက်သည်။

“အကြောင်းအရင်းကိုပြော...”

“လင်အာရဲ့ ဝိညာဉ်သန္ဓေသားကို ထိန်းသိမ်းပေးနိုင်မလား...၊ သူမ ပြန်လည်ရှင်သန်နိုင်မှာ မဟုတ်ပေမဲ့...၊ လောကကြီးကနေ ဒီအတိုင်း ပျောက်ကွယ် မသွားစေချင်ဘူး...”

မျိုးနွယ်ခေါင်းဆောင်သည် တောင်းဆိုလိုသည့် လေသံနှင့် ပြောလိုက်သည်။

ဟွမ်းသည် အနည်းငယ် တွေဝေသွား၏။ သို့သော် ရွှမ်းလင်သည် အတော်ပင် ကံမကောင်းရှာချေ။ သူမ၏ ဘဝကို ကောင်းမွန်စွာ မဖြတ်သန်းနိုင်ခဲ့ပေ။

ဟွမ်းသည် အနည်းငယ်စဉ်းစားပြီး နောက် သူ့အတွက် ခက်ခဲသည့် ကိစ္စမဟုတ်သောကြောင့် လက်ခံလိုက်သည်။

“ကောင်းပြီ...၊ ကျုပ်ထိန်းသိမ်းထားပေးမယ်...”

“ကျေးဇူးတင်ပါတယ်...”

မျိုးနွယ်ခေါင်းဆောင်သည် အရိုအသေပြုလိုက်၏။ ထို့နောက် သူသည်ရွှမ်းလင်၏ ဝိညာဉ်သန္ဓေသားကို ဝမ်းနည်းပန်းနည်းနှင့် အချိန်တစ်ခုကြာသည် အထိ စိုက်ကြည့်နေခဲ့သည်။

“လူငယ်လေးဆီ အပ်ပါတယ်...”

ထို့နောက် ဟွမ်း၏ လက်တွင်းသို့ အပ်နှင်းလိုက်၏။

ဟွမ်းသည် စက်လုံးငယ်ကို ကြည့်ရင်း အတွေးများ ရှုပ်ထွေးလာသည်။ သူမနှင့် တွေ့စဉ်က ဉာဏ်များသည့် အမျိုးသမီးဟု သမုတ်ခဲ့သော်လည်း သူမ၏ အဖြစ်အပျက်သည် ဝမ်းနည်းဖွယ်ကောင်း၏။

ဟွမ်း အတွေးနက်နေစဉ် မျိုးနွယ်ခေါင်းဆောင်ထံမှ အသံထပ်မံထွက်ပေါ်လာသည်။

“လူငယ်လေး...၊ ငါ့ရဲ့ လျှပ်စီးမျိုးနွယ်ဝင်တွေရဲ့ အသက်ကို ချမ်းသာပေးပါ...”

မျိုးနွယ်ခေါင်းဆောင်၏ ဒူးနှစ်ဖက်သည် မြေလွှာတွင် နစ်မြုပ်သွား၏။ ဟွမ်းသည် လျှပ်စီး မျိုးနွယ်များကို ရှင်းလင်းပစ်မည်မှာ အသေအချာပင်။ ထို့ကြောင့်ပင် သူတို့၏ အစား အသနား ခံခဲ့ခြင်းဖြစ်၏။

သူ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးထားသည့် ယန်ကျီးဝေ့ပင် တုန်လှုပ်သွားသည်။

လျှပ်စီးမျိုးနွယ်သည် သူတို့အပေါ် မကောင်းမှုများ လုပ်ခဲ့သော်လည်း ရွှမ်းဝူကျန်းတို့အစား တောင်းပန်မှု ပြုနေ၏။ ယန်ကျီးဝေ့သည် နားမလည်နိုင်ဖြစ်သွားရသည်။

“ကျုပ်မရှိတော့တဲ့နောက် လျှပ်စီးမျိုးနွယ် ပျက်သုန်းသွားရင် ကျုပ်ရဲ့ ဘိူဘေးတွေကို မျက်နှာ ပြနိုင်မှာမဟုတ်ဘူး...”

မျိုးနွယ်ခေါင်းဆောင်သည် ထပ်မံပြောဆိုလိုက်၏။

ရွှမ်းဝူကျန်း၏ ခန္ဓာကိုယ်သည် တဆက်ဆက် တုန်ယင်နေသည်။ သူသည် မျိုးနွယ်ခေါင်းဆောင် အပေါ် လွန်ကျုးခဲ့သော်လည်း သူတို့၏ အသက်အတွက် တောင်းပန်ပေးနေ၏။

ဟွမ်းသည် အလေးအနက် စဉ်းစားလိုက်သည်။ ထိုသူများကို သတ်ခြင်း၊ မသတ်ခြင်းသည် သူ၏လက်ကို လှန်ခြင်း၊ မှောက်ခြင်းကဲ့သို့ လွယ်ကူသည်။

ထို့အပြင် တုကုတင်းအပေါ်ကျုးလွန်ခဲ့သည့် ဆေးပညာရှင်ကို ဖမ်းဆီးထားပြီးဖြစ်၏။

“အနာဂတ်မှာ...၊ လျှပ်စီးမျိုးနွယ်က ကျုပ် အပေါ်တစ်ခုခု ကြံစည်တာနဲ့ လင်းထျန်းဘုံကနေ အပြီးတိုင်ကွယ်ပျောက်ရလိမ့်မယ်...”

ဟွမ်း၏ စကားသံသည် လျှပ်စီးမြို့တော် တစ်ခုလုံး ပျံ့နှံ့သွား၏။ ကျင့်ကြံသူအားလုံး၏ နားတွင် မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ ဝင်ရောက်သွားသည်။

ဂိုဏ်းချုပ်နှစ်ဦးပင် ဟွမ်း၏ စကားကြောင့် ကျက်သီးများထလာခဲ့၏။ အဖြစ်အပျက်များ သိရှိပြီးချိန်တွင် ထိုလူငယ်သည် ကမ္ဘာငယ်မှ တက်ရောက်လာသည်မှာ မကြာသေးဟု သိရှိလိုက်ရသည်။

သို့သော် ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေ၏။

“ကျေးဇူးတင်ပါတယ်...”

မျိုးနွယ်ခေါင်းဆောင်သည် စိတ်အေးသွားမိသည်။ ထပ်မံအရိုအသေပြုဟန်လုပ်လိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ရုတ်ချည်း ရပ်တန့်သွား၏။

ခန္ဓာကိုယ်မှ အသက်စွမ်းအင်အားလုံး ကွယ်ပျောက်သွားပြီဖြစ်သည်။

ဂိုဏ်းချုပ်နှစ်ဦးသည် ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။ သူတို့သည် လျှပ်စီးမျိုးနွယ်ကို မုန်းတီးသော်လည်း မျိုးနွယ်ခေါင်းဆောင်ကို မမုန်းတီးပေ။

ဂိုဏ်းများအပေါ် ရွှမ်းဝူကျန်း၏ ဖိနှိပ်မှု လွန်ကဲသော်လည်း မျိုးနွယ်ခေါင်းဆောင်သည် အမြဲထိန်းချုပ်ပေးထား၏။

မျိုးနွယ်ခေါင်းဆောင်ကြောင့် မဟုတ်ပါက သူတို့သည် လျှပ်စီးမျိုးနွယ်ကို ဖြုတ်ချတော့မည်မှာ ကျိန်းသေပင်။

ထို့ကြောင့်ပင် မျိုးနွယ်ခေါင်းဆောင်သည် ရွှမ်းဝူကျန်း၏ မုန်းတီးမှုကို ခံခဲ့ရခြင်းပင်။

မျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် အလင်းမှုန်များအဖြစ် ပြောင်းလဲကာ စတင်ကွယ်ပျောက်လာလေသည်။

ဟွမ်း၏ လေလံအိမ်တော် တိုက်ခိုက်မှုကြောင့် အကြီးအကဲများသည် သူ့အား ထိန်းချုပ်မှု လျော့နည်းသွားခဲ့၏။ ထိုအချိန်တွင် သူသည် စွမ်းအင်များကို အတင်းအကြပ် အသုံးပြုကာ အချုပ်အနှောင်မှ ရုန်းထွက်ခဲ့သည်။

ထို့ကြောင့် သူ၏ အသက်စွမ်းအင်များသည် ယိုစိမ့်လာပြီး သေဆုံးမည့် လမ်းစဖြစ်တည်လာ၏။

“မျိုးနွယ်ခေါင်းဆောင်...”

ယန်ကျီးဝေ့နှင့် ဟွားရှီးယင်တို့နှစ်ဦးသည် ဝမ်းနည်းစွာ တီးတိုးရေရွတ်မိလိုက်သည်။

ဤအဖြစ်အပျက်ကို ကြည့်ရှု့နေကြသည့် ကျင့်ကြံသူများသည် ရုတ်ချည်း ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များကြောင့် လိုက်မှီနိုင်ရန် မနည်းကြိုးစားနေကြရ၏။

ယနေ့တွင် လျှပ်စီးမျိုးနွယ်သည် ကြီးမားသည့် ရိုက်ခက်မှုကို ခံစားခဲ့ကြရပြီး ရွှမ်းဝူကျန်း၏ ဆိုးရွားသည့် လုပ်ရပ်များကို သိရှိလိုက်ကြရသည်။

“လျှပ်စီးမျိုးနွယ်က ထိပ်သီးဂိုဏ်းတွေကို မလွှမ်းမိုးနိုင်တော့မှာစိုးရိမ်မိတယ်...”

သူတို့သည် တီးတိုးဆွေးနွေးကာ ပြောဆိုနေကြ၏။ သို့သော် ပေါ်ပေါ်ထင်ထင် မပြုမူရဲသေးချေ။

လျှပ်စီးမျိုးနွယ်သည် ဆုံးရှုံးမှုများရရှိလိုက်သော်လည်း ရွှမ်းဝူကျန်း၊ ရွှမ်းဝူကျိနှင့် နယ်မြေသခင်နှစ်ဦးရှိနေသေး၏။ သို့သော် ထိုအင်အားသည် ထိပ်သီးဂိုဏ်းများအပေါ် လွှမ်းမိုးနိုင်မှုသည် လျော့ရဲလာပေတော့မည်။

ဟွမ်းသည် သူ၏ လက်တွင်းရှိ စက်လုံးကို ကြည့်မိလိုက်၏။ ရွှမ်းလင်၏ ဝိညာဉ်သန္ဓေသားသည် အလွန်အမင်း အားနည်းနေပြီးအိပ်မောကျနေဟန်ရှိသည်။

ဟွမ်းသည် သူမ၏ သွေးဝိညာဉ်ကို အာရုံပြုလိုက်ချိန်တွင် တည်ရှိမှုသည် မှိန်လျနေ၏။

ထို့နောက် သူသည် ဤနေရာတွင် ဆက်လက် နေထိုင်ရန် မလိုအပ်တော့ချေ။ လျှပ်စီးမျိုးနွယ်နှင့် ကိစ္စသည် ပြီးဆုံးသွားခဲ့လေပြီ။

သူသည် လျှပ်စီးမျိုးနွယ်ကို ရှင်းလင်းပစ်လိုသော်လည်း မျိုးနွယ်ခေါင်းဆောင်ကို ပေးအပ်လိုက်သည့် ကတိကြောင့် ထပ်မံ၍ ပြသနာရှာရန်မကြိုးစားတော့ပေ။ သူသည် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလိုက်သည်။

“ဟား...ဟား...”

ရွှမ်းဝူကျန်းသည် အပျက်အစီးပုံကြားတွင် ရူးသွပ်စွာ ရယ်မောလိုက်၏။ သူ၏ လျှပ်စီးမျိုးနွယ်သည် ကမ္ဘာငယ်မှ ကျင့်ကြံသူက စော်ကားမှု ပြုခဲ့သော်လည်း မည်သည့် တုန့်ပြန်မှုမျှ မပြုနိုင်ခဲ့ပေ။

ထို့အပြင် မျိုးနွယ်ခေါင်းဆောင်ကြောင့် မဟုတ်လျှင် သေဆုံးသွားရပြီး ဖြစ်သည်။

ထို့နောက် သူသည် လဲကျနေသည့် အကြီးအကဲများကို စစ်ဆေးကြည့်လိုက်၏။

အကြီးအကဲများသည် ဒဏ်ရာများရရှိထားသော်လည်း သေဆုံးနိုင်ခြေ အထိမရှိချေ။ ထို့ကြောင့် သက်ပြင်းချလိုက်သည်။

‘မင်းက နယ်မြေဘုရင်တစ်ဦးဆိုတိုင်း မင်းရဲ့လုပ်ရပ်က တရားမျှတတယ်ထင်နေလား...’

ရွှမ်းဝူကျန်း၏ စိတ်တွင်း အော်ဟစ်လိုက်၏။ သူ၏ မျက်ဝန်းများသည် ခန့်မှန်းရခက်သည့် အနေအထားသို့ ပြောင်းလဲသွားသည်။

သူ၏ အတွေးများကို သူကိုယ်တိုင်သာ သိပေတော့မည်။

All Chapters