တားဆီးခဲ့သည့် ပုံရိပ်
Vol. 22 Ch. 319
ရွှမ်းလင်၏ လုပ်ရပ်များကို ရွှမ်းဝူကျန်းသည် စတင် သံသရဝင်လာစေသည်။ သို့သော် ကမ္ဘာငယ်မှ ကျင့်ကြံသူများကို သူမ၏ ကျွန်များ လုပ်လိုခြင်းဟု အကြောင်းပြချက်ပေးခဲ့၏။
ရွှမ်းဝူကျန်းသည် နှစ်ပေါင်းများစွာ ကြာလာပြီးနောက်တွင် သံသရများသည် ပို၍ ကြီးထွားလာသည်။
အကြောင်းမှာ ရွှမ်းလင်သည် သူအပ့အဝင် အကြီးအကဲများစွာနှင့် မတွေ့ဆုံအောင် ရှောင်တိမ်းနေခြင်းပင်။
ထို့ကြောင့် သူမကို အတင်းအကြပ် စစ်ဆေးလိုက်ချိန်တွင် သူမ၏ ဝိညာဉ်သည် အခြားသူနှင့် ပေါင်းစပ်ခံထားရသည်ကို ရွှမ်းဝူကျန်းသည် သိရှိသွား၏။
သူမသည် နယ်မြေဘုရင်၏ ကိုယ်လုပ်တော်ဖြစ်ရမည့်သူပင်။
သို့သော် အခြားသူနှင့် ဝိညာဉ်ပေါင်းစည်းထားခြင်းသည် နယ်မြေဘုရင်ကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်။
ထိုအချင်းအရာသာ နယ်မြေဘုရင် သိရှိသွားပါက လျှပ်စီးမျိုးနွယ်သည် ပျောက်ကွယ်သွားနိုင်ပေမည်။
ထို့ကြောင့် ရွှမ်းဝူကျန်းသည် ရွှမ်းလင်နှင့် ဝိညာဉ်ပေါင်းစပ်ထားသူကို သိလိုကာ စစ်ဆေးမေးမြန်းခဲ့၏။
သို့သော် ရွှမ်းဝူကျန်း၏ စစ်ဆေးမှုများသည် ကြမ်းကြုတ်လွန်းသည်။
ထို့ကြောင့် မျိုးနွယ်ခေါင်းဆောင်သည် ရွှမ်းဝူကျန်း၏ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ကာ တားဆီးခဲ့၏။
မျိုးနွယ်၏ ပျက်သုန်းကိန်းစိုက်မည် ဖြစ်သော်လည်း သူ၏ မြေးမလေးကို ကာကွယ်ပေးရပေမည်။ ထို့အပြင် သူ၏ မြေးတစ်ဦးသည် ဆုံးရှုံးပြီးခဲ့ပြီး ဖြစ်သည်။
ကျန်ရှိနေသည့် ရွှမ်းလင်ကို အဆုံးရှုံး မခံနိုင်တော့ချေ။
“ရွှမ်းဝူကျန်းရဲ့ စိတ်ထားမကောင်းတာ သိပေမဲ့ ဒီလောက်ထိ ဆိုးယုတ်ခဲ့မယ်လို့ မထင်ထားခဲ့ဘူး...”
မျိုးနွယ်ခေါင်းဆောင်သည် စိတ်ပျက်အားလျော့စွာ ပြောဆိုလိုက်၏။
“အဟွတ်...”
သူသည် ရှင်းပြနေရင်း သွေးများ အန်ကျလာသည်။
“မျိုးနွယ်ခေါင်းဆောင်...၊ ခင်ဗျားရဲ့ အသက်စွမ်းအင်က...”
ယန်ကျီးဝေ့သည် အလျင်အမြန်နှုန်းနှင့် မျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ထိန်းပေးလိုက်ကာ စိုးရိမ်တကြီးပြော၏။
မျိုးနွယ်ခေါင်းဆောင်သည် အဆင်ပြေကြောင်း လက်အမူအယာပြလိုက်သည်။ သို့သော် အစစ်အမှန် အဆင်ပြေဟန်မရချေ။
ထို့နောက် သူ၏ စကားဆက်လိုက်သည်။
ရွှမ်းဝူကျန်းသည် တစ်ခဏတာ လက်လျော့သွားပြီးနောက်တွင် လျှပ်စီးမျိုးနွယ်၏ အကြီးအကဲများကို တိတ်တဆိတ် စည်းရုံးခဲ့သည်။
မျိုးနွယ်အကြီးအကဲများသည် ရွှမ်းဝူကျန်းနောက်မှ ထောက်ခံချက်ပြုခဲ့ကြသည်။
အကြောင်းမှာ နယ်မြေဘုရင်၏ ဒေါသကို ခံယူနိုင်ခြင်း မရှိသောကြောင့်ပင်။
ထို့ကြောင့် မျိုးနွယ်ခေါင်းဆောင်ကို စုပေါင်း၍ ဖြုတ်ချခဲ့ကာ ထိန်းသိမ်းလိုက်ကြ၏။ ထို့နောက် ရွှမ်းလင်ကို အတင်းအကြပ် ဖမ်းဆီးခဲ့သည်။
ထို့သို့ နှစ်ဦးသားသည် ရွှမ်းဝူကျန်း၏ လက်အောက် ကျရောက်သွားချိန်တွင် ကမ္ဘာငယ်မှ ကျင့်ကြံသူများသည် အကာအကွယ်မဲ့သွားလေ၏။
ရွှမ်းဝူကျန်းသည် ရွှမ်းလင်ကို များစွာသည့် နှိပ်စက်မှုများပြုကာ မည်သူနှင့် ဝိညာဉ်ပေါင်းစပ်ခဲ့သည်ကို စစ်ဆေးခဲ့သည်။
သို့သော် ရွှမ်းလင်သည် ခေါင်းမာလွန်း၏။ မည်သည့် နည်းလမ်းအသုံးပြုပါစေ သူမသည် ထုတ်ဖော် မပြောကြားခဲ့ပေ။
ရွှမ်းဝူကျန်းသည် သူ၏ မျိုးနွယ်ဝင်တစ်ဦးအပေါ် ဤမျှအထိ လုပ်ရပ်မည်ဟု မည်သူမှ မတွေးထင်ထားပေ။
ရွှမ်းလင်သည် ကမ္ဘာငယ်တွင် ဝိညာဉ်ခန္ဓာကိုယ် ပျက်စီးခဲ့သောကြောင့် သူမ၏ မူလခန္ဓာကိုယ်သည် များစွာ ထိခိုက်ထားရပြီး ဖြစ်သည်။
ထို့ကြောင့် ရွှမ်းဝူကျန်း၏ ပြင်းထန်သည့် နှိပ်စက်မှုများကို မခံစားနိုင်တော့ပဲ သေလုမြောပါး ဖြစ်သွားရ၏။
သို့သော် ရွှမ်းဝူကျန်းသည် ထိုအရေးကို ဂရုမစိုက်နိုင်ပဲ နယ်မြေဘုရင်ထံမှ အမျက်မရှစေရန်သာ ကြိုးပမ်းခဲ့သည်။
“ငါက နှိပ်စက်တယ်ဆိုပေမဲ့ ရွှမ်းလင်ကို မသတ်ခဲ့ဘူးကွ...”
ရွှမ်းဝူကျန်းသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် ရွှမ်းလင် ဒဏ်ရာအပြင်း အထန်ရရှိချိန်တွင် နှိပ်စက်မှုများကို ရပ်တန့်ခဲ့သည်။
သူသည် ရွှမ်းလင်ကို ချုပ်နှောင်ထားဆဲ ဖြစ်သော်လည်း မသေသေးမှန်း သိရှိထားပြီးဖြစ်၏။ ထို့ကြောင့် မျိုးနွယ်ခေါင်းဆောင်၏ စကားကို မယုံနိုင်ပေ။
ထိုအချိန်တွင် မျိုးနွယ်ခေါင်းဆောင်သည် စက်လုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏ လက်သည် တုန်ယီနေ၏။
“ဒါက...”
အားလုံးသည် မယုံနိုင်မှုများနှင့် မှင်သက်သွားကြ၏။ ရွှမ်းဝူကျန်းပင် ပါဝင်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ...”
ထိုစက်လုံးနှင့် ရွှမ်းလင်၏ ဝိညာဉ်သန္ဓေသားကို ထိန်းသိမ်းထားရခြင်းပင်။
ဟွမ်း၏ အမူအယာပင် တုန်လှုပ်နေသည်။
“ငါသာ အချုပ်အနှောင်က အသက်ကို ရင်းပြီး ထွက်မလာနိုင်ခဲ့ရင် လင်အာ သေဆုံးနေရတာကို သိရမှာ မဟုတ်ဘူး..”
မျိုးနွယ်ခေါင်းဆောင်သည် အံကြိတ်ကာ ပြောဆိုလိုက်၏။ သူ၏ နှုတ်ခမ်းမှ သွေးများပင် ယိုစီးလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တွင်လည်း သေဆုံးခြင်း အငွေ့အသက်များ ဝန်းရံလို့လာ၏။
သို့မှသာ ဟွမ်းသည် ရွှမ်းလင်၏ သွေးဝိညာဉ်နှင့် ဆက်သွယ်ချက်သည် အားနည်းနေသည်ကို နားလည်မိသွားသည်။
ဝိညာဉ်သန္ဓေသား မပြယ်လွင့်သေးသောကြောင့်သာ သူမနှင့် ဆက်သွယ်ချက် မပျက်စီးရခြင်းပင်။
“မဖြစ်နိုင်ဘူး...၊ သူမ သေဆုံးရတဲ့အထိ ငါမလုပ်ခဲ့ဘူး...”
ရွှမ်းဝူကျန်းသည် တုန်လှုပ်သည့် လေသံနှင့် ဆိုလိုက်၏။
“အဲ့ဒီစက်လုံး ငါ့ကိုပေး...၊ နယ်မြေဘုရင်ဆီ ဆက်သပြီး ခွင့်လွှတ်မှု တောင်းခံရမယ်...”
ရွှမ်းဝူကျန်းသည် အသည်းအသန် ရုန်းကန်ကာ မျိုးနွယ်ခေါင်းဆောင်ထံမှ ရွှမ်းလင်၏ ဝိညာဉ်သန္ဓေသားကို လုယူရန် ကြံရွယ်လိုက်သည်။
“ဘန်း....”
ဟွမ်းသည် ပြင်းထန်လွန်းသည် ခွန်အားနှင့် ရွှမ်းဝူကျန်းကို ရိုက်ချလိုက်၏။ သူသည် ရွှမ်းလင်နှင့် ထူးကဲသည့် ပတ်သက်မှုမျိုး မဟုတ်သော်လည်း သူမ၏ သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရသည်။
သို့သော် ယခုလိုအချိန်မှာပင် ရွှမ်းဝူကျန်းသည် မျက်နှာသာရရန် အတွေးသာရှိနေ၏။ ထိုသို့ လူမဆန်သည့် လုပ်ရပ်မျိုးကို သည်းမခံနိုင်တော့ချေ။
“အဟွတ်...”
ဟွမ်း၏ ရိုက်ချက် ကြမ်းတမ်းလှ၏။ ရွှမ်းဝူကျန်း သွေးများ အဆက်မပြတ်အန်ထုတ်နေရကာ ထပင် မထနိုင်တော့ချေ။
မျိုးနွယ်ခေါင်းဆောင်သည် အလွန်ပင် စိတ်ပျက်အားငယ်သွား၏။ မျိုးနွယ်တွင် ထိုသို့ အမှိုက်များ ရှိနေသည်ကို လက်ခံရန် ခက်ခဲနေသည်။
“သူမဆီ ငါရောက်တဲ့ အချိန်က နောက်ကျသွားခဲ့ပြီ...၊ ငါနောက်ဆုတက်နိုင်ခဲ့တဲ့အရာက သူမရဲ့ ဝိညာဉ်သန္ဓေသားကို ထိန်းသိမ်းပေးခဲ့တာပဲ..”
မျိုးနွယ်ခေါင်းဆောင်သည် တုန်တုန်ယင်ယင်နှင့် ဟွမ်းကို ကြည့်ကာ ဆိုလိုက်၏။ သူ၏ စိတ်တွင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။
“ငါ့အမှားတွေပဲ...၊ သူမကို ကမ္ဘာငယ်လေးဆီ မပို့ခဲ့သင့်ဘူး...”
မျိုးနွယ်ခေါင်းဆောင်သည် သူ့ကိုယ်သူ အပြစ်တင်ဟန်ရှိနေ၏။
“ခင်ဗျား...၊ ကျုပ်ကို ဘာလို့ သိနေတာလဲ...”
ဟွမ်းသည် ထိုအရာကို မရှင်းလင်းသောကြောင့် မေးခွန်းထုတ်လိုက်သည်။ ကြည့်ရသည်မှာ မျိုးနွယ်ခေါင်းဆောင်သည် သူ့ကို သိရှိနေပြီး ရွှမ်းလင်ကို ကမ္ဘာငယ်ထံ ပို့ဆောင်ခဲ့ဟန်ရှိ၏။
“မင်းကို ငါ့ရဲ့ ငယ်ရွှယ်စဉ်တုန်းက တစ်ကြိမ် တွေ့ဖူးတယ်...”
မျိုးနွယ်ခေါင်းဆောင်သည် သက်ပြင်းချကာ ဆိုလိုက်၏။
ထိုစဉ်က သူသည် ကမ္ဘာငယ်များမှ ကျင့်ကြံသူများ၏ အဆင့်တက်ခြင်း၊ မိစ္ဆာဆန်သည့် ဝိသေသများနှင့် မွေးဖွားလာသူများကို ဖယ်ရှားခြင်း စသည်တို့ကို လုပ်ဆောင်ရန် လျှပ်စီးအစီအရင်တွင် တာဝန်ကျခဲ့သည်။
ထိုစဉ်က သူသည် ဟွမ်း၏ ဖြစ်တည်မှုကို သတိထားမိကာ လျှပ်စီး အစီအရင်သည် အသက်ဝင်လာခဲ့၏။ ထို့ကြောင့် အပြစ်ပေးရန် ထိန်းချုပ်ခဲ့သည်။
သူသည် အပြစ်ပေးခံရသူကို ကြည့်မိလိုက်ချိန်တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို တွေ့မြင်လိုက်ရ၏။
ထူးဆန်းသည်မှာ သူ၏ အမြင်နှင့်ပင် ထိုလူငယ်ထံမှ ဆိုးရွားသည့် ဝိသေသကို မတွေ့ရှိခဲ့ချေ။
သို့သော် သူသည် တာဝန်ကို ဖောက်ဖျက်နိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူသည် အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို အပြစ်ပေးရန် ကြိုးစားခဲ့သည်။
“ဒါပေမဲ့...၊ အဲ့ဒီအချိန်မှာ...နက်နဲတဲ့ စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားတဲ့ ပုံရိပ်တစ်ခုက တားဆီးခဲ့တယ်...”
“သူက အပြစ်ပေးလို့မရတဲ့ တည်ရှိမှုဆိုပြီး အစီအရင်ကို ရပ်တန့်စေခဲ့တယ်...”
ဟွမ်းသည် အတွေးနက်သွား၏။ ထိုစဉ်က သူစတင်နိုးထသည့် အချိန်ဖြစ်နိုင်၏။ လာရောက်တားမြစ်သူသည် သူ၏ အကြောင်းကို သိရှိပြီးသူ ဖြစ်ရပေမည်။
“အဲ့ဒီသူက ဘယ်သူလဲ...”
“ကျုပ် မသိဘူး...၊ သူ့ရဲ့ ပုံရိပ်ကို သေချာမြင်နိုင်စွမ်း မရှိခဲ့ဘူး...”
မျိုးနွယ်ခေါင်းဆောင်သည် ထိုပုံရိပ်ကြောင့် သူ၏ တာဝန်ကို ရပ်ဆိုင်းခဲ့ရသည်။ သို့သော် ထိုပုံရိပ်၏ ဇာစ်မြစ်ကို မသိရှိခဲ့ချေ။ သူထံမှ ထွက်ပေါ်လာသည့် စွမ်းအင်များသည် ကြမ်းတမ်းခြင်း မရှိသော်လည်း ကြောက်မက်ဖွယ်အတိပင်။
ဟွမ်းသည် မှတ်သားလိုက်၏။ ထို့နောက် ဆက်လက်မေးခွန်းထုတ်လိုက်သည်။
“အဲ့ဒါကြောင့် ရွှမ်းလင်ကို ကျုပ်ဆီ ပို့လိုက်တာလား...”
“လင်အာက မင်းနဲ့ တိုက်ခိုက်ပြီးနောက်ပိုင်းမှာ...ငါက ဘာကြောင့် တားမြစ်ခဲ့လဲဆိုတာကို ခဏတိုင်း မေးခဲ့တယ်...၊ ဒါပေမဲ့ ငါထုတ်ဖော်မပြောနိုင်တဲ့အတွက် သူမကို အဖြေမပေးနိုင်ခဲ့ဘူး...”