ရွှမ်းလင်သေဆုံးခြင်း
Vol. 22 Ch. 318
“ခင်ဗျားတို့ ဘာကိုဆိုလိုတာလဲ...”
ဟွမ်းသည် အနည်းငယ်ရှုပ်ထွေးဟန်နှင့် မေးလိုက်၏။ ထိုဂိုဏ်းချုပ်များသည် သူ့ကို ကူညီသည့် အသွင်ပေါက်နေသော်လည်း မီးစာမြှင့်နေကြသည်။
သို့သော် ထိုအရာများကို ဂရုမစိုက်ချေ။ သူသည် အကြောင်းအရင်းကို သိရန်သာ လိုအပ်ပေသည်။
သူ၏ ရွှမ်းလင်ကိုတွေ့ချင်ရသည့် ရည်ရွယ်ချက်သည် သူမ၏ သွေးဝိညာဉ်ကို ပြန်လည်ပေးအပ်ကာ ကမ္ဘာငယ်မှ ကျင့်ကြံသူများ အတွက် ဖြေရှင်းချက်တောင်းလိုခြင်းပင်။
“ရွှမ်းဝူကျန်းက မျိုးနွယ်ခေါင်းဆောင်နဲ့ အဖုအထစ်တစ်ချို့ ရှိတယ်...၊ သူတို့က အရင်ကတည်းက ဆက်ဆံရေးမကောင်းပေမဲ့...၊ မျိုးနွယ်ခေါင်းဆောင်ကို ကြောက်ရွံ့ကြရတယ်...”
“ဒီလို အဖြစ်အပျက်ကြီး ဖြစ်နေတာတောင် မျိုးနွယ်ခေါင်းဆောင်က ထွက်မလာဘူးလေ...၊ ရှင်ရော ထူးဆန်းတယ်လို့ မထင်မိဘူးလား...”
ဟွားရှီးယင်သည် လေးနက်သည့် အသွင်နှင့် ရှင်းပြဟန်ပြုလိုက်၏။
ဟွမ်း၏ အကြည့် ရွှမ်းဝူကျန်းအပေါ် ကျရောက်သွားသည်။ ရွှမ်းလင်သည် သူမ၏ အဘိုးဖြစ်သူက မျိုးနွယ်ခေါင်းဆောင်ဖြစ်သူဟု ဆိုဖူး၏။
“ဟား...ဟား...”
ရွှမ်းဝူကျန်းသည် ဟက်ဟက်ပက်ပက် ရယ်မောကာ ဂရုမစိုက်ဟန်နှင့် ဆိုလိုက်၏။
“ဒါက ငါတို့လျှပ်စီး မျိုးနွယ်ရဲ့ ကိစ္စပဲ...၊ ခင်ဗျားတို့ ထပ်ပြီး ပါဝင်ပတ်သက်နေဦးမယ်ဆိုရင် လျှပ်စီးမျိုးနွယ်ရဲ့ ရန်သူလို့ သတ်မှတ်မယ်...”
ရွှမ်းဝူကျန်းသည် ဂိုဏ်းချုပ်နှစ်ဦးကို ဘေးထွက်နေရန် ဆိုလိုက်၏။
သူ၏ ခန္ဓာကိုယ်တွင် လျှပ်စီးစွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းအောင် လည်ပတ်လာခဲ့သည်။
ဂိုဏ်းချုပ်နှစ်ဦးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားရ၏။ ထပ်မံစွက်ဖက်ပါက ရွှမ်းဝူကျန်းသည် သူတို့ပါ တိုက်ခိုက်တော့မည် ဖြစ်သည်။
သူတို့သည် အဆင့်တူကျင့်ကြံသူများဖြစ်သော်လည်း လျှပ်စီးမျိုးနွယ်တွင် သူတို့နှင့် တူညီသည့် ကျင့်ကြံသူများ ရှိနေသေး၏။
သူတို့နှစ်ဦးတွေဝေနေစဉ် အနက်ရောင်အလင်းတန်းသည် ရွှမ်းဝူကျန်းထံ တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။
ဟွမ်းသည် စိတ်မရှည်တော့ပေ။ စတင်တိုက်ခိုက်လိုက်သည်။
ရွှမ်းဝူကျန်းသည် ချက်ချင်း သတိကပ်သွားပြီး သူ၏ လျှပ်စီးဓားနှင့် ရိုက်ချလိုက်၏။
“ဝုန်း..”
သို့သော် အနက်ရောင်အလင်းတန်းတွင် ပါဝင်နေသည့် စွမ်းအင်များသည် ကြမ်းတမ်းလွန်းသည်။ သူသည် တားဆီးလိုက်နိုင်သော်လည်း ၎င်းသည် သူ၏ ခန္ဓာကိုယ်တွက်း ဖြတ်ဝင်သွား၏။
“အဟွတ်...”
ရွှမ်းဝူကျန်းသည် သွေးအန်လိုက်ရ၏။
“ဘယ်လို ဖြစ်နိုင်မှာလဲ...”
“ဘုန်း...”
သူသည် တွေဝေနေစဉ် ဟွမ်း၏ လက်သီးသည် သူ၏ ဝမ်းဗိုက်ပေါ် ကျရောက်လာသည်။
ပြင်ဆင်ထားခြင်း မရှိသည့် ရွှမ်းဝူကျန်းသည် ရုတ်ချည်းဖြစ်ပျက်မှုကြောင့် မတုန့်ပြန်နိုင်ခဲ့ချေ။
“ဝုန်း...”
သူ၏ ခန္ဓာကိုယ်သည် တဟုန်တိုး လွင့်စင်သွားတော့သည်။
သူသည် နယ်မြေသခင်ဖြစ်လာပြီးကတည်းက ဤမျှဆိုးဆိုးဝါးဝါး ရိုက်နှက်ခြင်း မခံရဖူးချေ။
ဟွမ်း၏ ရိုက်ချက်ကြောင့်ပင် သူ၏ ကိုယ်တွင်း စွမ်းအင်များသည် တည်ငြိမ်မှု ပျက်ပြားသွား၏။
“ဘယ်လို...”
ဂိုဏ်းချုပ်နှစ်ဦးပင် ထိတ်လန့်သွားကြ၏။ နယ်မြေသခင်တစ်ဦးသည် ဤမျှအထိ ရုပ်ပျက်ဆင်းပျက် တိုက်ခိုက်ခံရမည်ဟု မထင်ထားခဲ့ပေ။
အခြားအကြီးအကဲနှစ်ဦးသည် ရွှမ်းဝူကျန်း၏ အဖြစ်အပျက်ကြောင့် တွေဝေခြင်း မရှိ ဟွမ်းကို တိုက်ခိုက်လိုက်သည်။
သို့သော် သူတို့နှစ်ဦးသည်လည်း ဟွမ်း၏ ကြမ်းတမ်းသည့် ရိုက်ချက်များကို ခံနိုင်ရည် မရှိခဲ့ချေ။
ဂိုဏ်းချုပ်နှစ်ဦးသည် အိမ်မက်အလား ခံစားနေရ၏။ ဖြစ်ပျက်နေသည့်အရာများကို ယုံပင် မယုံနိုင်ချေ။
ဟွမ်းသည် တဖြည်းဖြည်းနှင့် ရွှမ်းဝူကျန်းထံ ချည်းကပ်လာကာ စတင်မေးခွန်းထုတ်လိုက်သည်။
“အဖြစ်အပျက်တွေကို ဒီလောက်ဆို ထုတ်ဖော်လို့ရပြီလား...”
သူ၏ လေသံ တည်ငြိမ်နေ၏။ ထိုသူရောက်ရှိလာစဉ် ကတည်းက ရိုက်နှက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
သူ၏ အတွေ့အကြုံအရ ရိုက်နှက်မှုပြုလိုက်မှသာ စကားကောင်းကောင်း ပြောဆို၍ ရခဲ့ခြင်းပင်။
ရွှမ်းဝူကျန်းသည် သူ၏ ဖရိုဖရဲစွမ်းအင်များကို တည်ငြိမ်စေရန် ထိန်းချုပ်လိုက်၏။ ထို့နောက် ဟွမ်းကို ဒေါသတကြီး ပြောဆိုရန် ကြိုးစားလိုက်သည်။
“မင်း...”
“ဘန်း..ဘန်း..”
ရွှမ်းဝူကျန်းသည် စကားဆုံးအောင် ပြောခွင့် မရလိုက်ချေ။ သူ၏ မျက်နှာ အရိုက်ခံလိုက်ရသည်။
ဟွမ်းသည် စိမ်းစိမ်းဝါးဝါးကြည့်ကာဆိုလိုက်၏။
“ခင်ဗျားရဲ့ လေသံကို မကြိုက်ဘူး...”
ဂိုဏ်းချုပ်နှစ်ဦး “...”
‘တစ်ဖက်က လျှပ်စီးနယ်မြေရဲ့ ထိပ်သီးတစ်ဦးကွ...၊ လမ်းဘေး တောင်းစားနေတဲ့ကောင်မဟုတ်ဘူး...’
သူတို့နှစ်ဦးသည် ရွှမ်းဝူကျန်းကို မနှစ်သက်ဟု ဆိုသော်လည်း ထိုသို့ မဆက်ဆံရဲချေ။
ရွှမ်းဝူကျန်းသည် သွေးအန်လိုက်ရပြန်၏။ သူ၏ လှုပ်ရှားနိုင်စွမ်းသည် ကန့်သတ်ခံလိုက်ရသည့် အလားပင်။
ဟွမ်းသည် စိတ်မရှည်နိုင်တော့ပေ။ ဖြေရှင်းချက်မှလွဲ၍ အခြားစကားများကို နားထောင်ရန် အချိန်မပေးနိုင်ချေ။
ထိုအချိန်တွင် အိုမင်းဟန် ရှိနေသည့် အသံသည် ကောင်းကင်ထက်မှ ပျံ့လွင့်လာ၏။
“တကယ်ကို...မင်းပဲ...”
ဟွမ်းသည် အသံလာရာသို့ ကြည့်လိုက်၏။
“မျိုးနွယ်ခေါင်းဆောင်...”
ဂိုဏ်းချုပ်နှစ်ဦးသည် ထိုအသံကြောင့်တုန်လှုပ်သွား၏။ ထိုအသံပိုင်ရှင်သည် လျှပ်စီးမျိုးနွယ် ခေါင်းဆောင်ပင်။ သူတို့နှစ်ဦးသည် ရွှမ်းဝူကျန်းကို မနှစ်မြို့ကြသော်လည်း မျိုးနွယ်ခေါင်းဆောင်ဖြစ်သူကို လေးစားကြ၏။
အိုမင်းဟန်ရသည့် လူအိုကြီးသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ သို့သော် သူ၏ အသွင်သည် တစ်စုံတစ်ရာလွဲမှားနေဟန်ရှိ၏။
“မျိုးနွယ်ခေါင်းဆောင် ဘယ်လိုဖြစ်တာလဲ...”
ဂိုဏ်းချုပ်နှစ်ဦးသည် စိုးရိမ်ဟန်နှင့် ဦးစွာမေးမြန်းလိုက်သည်။
မျိုးနွယ်ခေါင်းဆောင်၏ အရှိန်အဝါများသည် လျော့ရဲနေပြီး စွမ်းအင် တည်ငြိမ်မှုသည် ပျက်ပြားနေ၏။ သူသည် သေဆုံးခါနီး လူအိုကြီးတစ်ယောက်အလားပင်။
“သစ္စာဖောက်ကောင်...”
မျိုးနွယ်ခေါင်းဆောင်သည် ရွှမ်းဝူကျန်းကို ကြည့်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။
“ခင်ဗျား ဘယ်လို လွတ်လာတာလဲ...”
ရွှမ်းဝူကျန်းသည် အနည်းငယ် တုန်ယင်သွား၏။ သူ၏ ကိုယ်တွင်းဒဏ်ရာများသည် ပို၍နာကျင်လာသည့်အလား မျက်နှာသည် ရှုံ့မဲ့သွားသည်။
ရွှမ်းဝူကျန်း၏ စကားကြောင့် ဂိုဏ်းချုပ်နှစ်ဦးသည် သူတို့၏ ယူဆချက်များ မှန်ကန်နေသည်ဟု ခံစားမိသွားသည်။ သို့သော် အဘယ်အကြောင်းအရင်းကြောင့်မှန်း မသိရချေ။
မျိုးနွယ်ခေါင်းဆောင်သည် တည်ငြိမ်သည့် အသွင်ဆောင်ထားသော်လည်း ပြင်းထန်သည့် နာကျင်မှု ခံစားနေရဟန်ရှိသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်မှ ဒေါသအဟုန်ပေါ်ထွက်နေသည်ကို ခံစားမိကြရ၏။
သူသည် ရွှမ်းဝူကျန်းကို သတ်ဖြတ်ချင်နေဟန်ရှိသည်။ သို့သော် သူသည် စွမ်းအင်များကို ဖော်ထုတ်နိုင်ဟန် မရချေ။
“ခင်ဗျားက...၊ ရွှမ်းလင်ရဲ့ အဘိုးလား..”
ဟွမ်းသည် အေးစက်သည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။
မျိုးနွယ်ခေါင်းဆောင်သည် ညိုးငယ်တိုးလျသည့် လေသံနှင့် ဖြေလိုက်သည်။
“ဟုတ်တယ်...”
“သူမ ဘယ်မှာလဲ...”
“သေသွားပြီ...”
ဟွမ်း၏ မေးခွန်းကို တိုတောင်းသည့် အဖြေနှင့်သာ တုန့်ပြန်လိုက်၏။
“ဘယ်လို...”
ထိုစကားကြောင့် ဂိုဏ်းချုပ်နှစ်ဦးပင် မယုံနိုင်ဖြစ်သွားရသည်။ လျှပ်စီးမျိုးနွယ်၏ မင်းသမီးဟု ယူဆ၍ရသည့် မိန်းကလေးသည် သေဆုံးသွားသည် ဆိုသည်မှာ မယုံနိုင်ဖွယ်ပင်။
ဟွမ်း၏ စိတ်သည် တည်ငြိမ်မှု အနည်းငယ် ပျက်ပြားသွားရသည်။ သူသည် ရွှမ်းလင် အပေါ် မည်သည့် ခံစားချက်မျှ မရှိသော်လည်း အနည်းငယ်ရင်းနှီးမှုရှိခဲ့သည် ဟုဆိုနိုင်ပေမည်။
ထိုစကားကို သူကိုယ်တိုင်ပင် မယုံနိုင်ဖြစ်သည့်လေသံနှင့် မေးလိုက်၏။
“ဘယ်လိုဖြစ်တာလဲ...”
မျိုးနွယ်ခေါင်းဆောင်၏ အကြည့်သည် ရွှမ်းဝူကျန်းထံ ကျရောက်သွားသည်။
အားလုံးသည် မျက်မှောင်ကြုတ်သွားကြသည်။ ရွှမ်းဝူကျန်းသည် အဘယ်ကြောင့် မျိုးနွယ်အချင်းချင်းသတ်ဖြတ်ခဲ့ရသနည်း..။
“ကျုပ်...”
ရွှမ်းဝူကျန်းသည် သူထံ အကြည့်များစွာ ကျရောက်လာသောကြောင့် နေရခက်သွားသည်။ သူသည် ဤနေရာမှ ပြေးထွက်ကာ တိုက်ခိုက်ချင်သော်လည်း ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်ပေ။
“ရွှမ်းလင်ရဲ့ သွေးဝိညာဉ်က မင်းဆီမှာလား...”
မျိုးနွယ်ခေါင်းဆောင်သည် ဟွမ်းကို မေးခွန်းထုတ်လိုက်၏။
“ဟုတ်တယ်...”
ဟွမ်းသည် ငြင်းဆန်ခြင်း မရှိ ခေါင်းညိတ်လိုက်သည်။
“မိုက်မဲတဲ့ ကလေးမ...၊ ကမ္ဘာငယ်ကို ထွက်သွားတုန်းက သူမရဲ့ သွေးဝိညာဉ်ကိုပါ ယူဆောင်သွားခဲ့တယ်...”
မျိုးနွယ်ခေါင်းဆောင်သည် စတင်ပြောဆိုလိုက်၏။ သူ၏ မျက်နှာသည် ယူကြုံးမရဖြစ်ကာ နှလုံးသားသည် ကြေမွပျက်စီးနေသည့် အလားပင်။
ထိုစဉ်က သူမ၏ ဝိညာဉ်ခန္ဓာကိုယ်နှင့် အတူ သူမ၏ သွေးဝိညာဉ်ကို ယူဆောင်သွားခဲ့သည်။
သို့သော် သူမလျှပ်စီးမျိုးနွယ်သို့ ပြန်ရောက်လာချိန်တွင် သူမသည် မျိုးနွယ်ဝင်များကို ရှောင်တိမ်းလာခဲ့၏။
ထို့အပြင် ပြင်ပလောကသို့ လုံးဝ မထွက်တော့ပေ။
ထို့အပြင် သူမ၏ အစေခံများမှ တဆင့် ကမ္ဘာငယ်မှ ကျင့်ကြံသူများကို ကာကွယ်ပေးထားပြန်သည်။
“အဲ့ဒီနောက်မှာ ဆိုးရွားတဲ့ ဖြစ်ရပ်က စတင်လာတယ်...”
မျိုးနွယ်ခေါင်းဆောင်သည် ကိုယ့်ကိုယ်ကို အပြစ်တင်ဟန်နှင့် ဆက်ပြောလိုက်၏။